Thursday, April 30, 2009

ဂန္တ၀င်မြောက် ဆယ်လ်မွန်နဲ့ ကြိုးကြာ

မိုးဦးဝင်ရောက်လာတဲ့ အခါ
ရိုးမပေါ် ဖြတ်ပျံရင်..
မြောက်ဘက်ကို ဦးတည်လှည့်ကာ
သားပေါက်ရာ အရပ်ဆီ
မိုင်ထောင်ချီ ပြန်လေပြီ
ကြိုးကြာငှက်တို့ မိုင်ထောင်ချီ ခရီးစဉ်
(ကြိုးကြာငှက်တို့ အိမ်အပြန် - ခင်မောင်တိုး)

ရေလွှာလည်း ခင်းပြန့်ကြည်လင်စေ..
မိုးဦးလည်းလှပသာယာစေ..
ဘ၀စေရာ ကျေပွန်ဆောင်ရွက်ခဲ့သူတို့ ရေစုန်ကိုဆန်ကာပြန်ခဲ့ပြီ...
မိုးဦးရေဆန် မိုးဦးရေဆန်..
ဆယ်လ်မွန်ငါးတို့အပြန်.. (ဆယ်လ်မွန်ငါးတို့ အပြန် - ခင်ဝမ်း)..


ရာစ၀င်သစ် မနက်ဖြန်ကို
ခံစားပေးဆပ်ထားခဲ့ပြီးရင်
ကြင်သူလေးရှိရာဆီ ဒီခရီး..
....
ပြန်လာမယ့် လမ်းတွေဆီ
ကြိုနေတော့ ချစ်ဆုံးလေး..(ဂန္တ၀င်မြောက် အိမ်အပြန် - အငဲ)..

အဲဒီလို ပျော်စရာ သီချင်းလေးတွေကို ဆိုပြီးသကာလ ရွှေနိုင်ငံကို ခဏပြန်ကာ ဖေဖေ၊ မေမေ၊ နှင်းဆီဖြူလေးတို့နှင့်သွားတွေ့ပါမည်။
၁ ပတ် ၁၀ ရက်လောက်ပျောက်ပါမည်ဟု ခွင့်တိုင်ပါသည် ချစ်ညီအကို မောင်နှမ အပေါင်းတို့..


အညီအမျှချစ်တဲ့ သီဟသစ်ကို မေ့မသွားကြပါရန်...

Monday, April 27, 2009

သီချင်း Quiz : ဧည့်သည်

ယခင် Quiz များ
၁) သီချင်း Quiz: Exam
၂) သီချင်း Quiz : Work

Quiz လေးတွေ မတင်ဖြစ်တာ ကြာလို့ အသစ်လေးတင်လိုက်ပါတယ်ဗျာ..
၁) လကုန်ခါနီး ၂၄ ၂၅ လောက် လခကလည်း မ၀င်သေးဘူး၊ ပိုက်ဆံကလည်း လကုန်ထိပဲ ကွက်တိ ကျန်တဲ့ အချိန် လာလည်တဲ့ သူငယ်ချင်းကို ဆိုပြရမယ့်သီချင်း...
(စိုင်းထီးဆိုင် ဆိုထားတာ)

၂) သူငယ်ချင်းက အဲဒါကို မသိချင်ယောင်ဆောင်ပြီး ငါ့ကို Burger လိုက်ကျွေး (သို့) ဘီယာ လိုက်တိုက်ဆိုရင် ဆိုရမယ့် သီချင်း.....
(လေးဖြူဆိုထားတာ)

၃) သူငယ်ချင်းက သဘောပေါက်သွားပြီး ဘာမှ မကျွေးခိုင်းတော့ဘဲ စိတ်မဆိုးဘဲ ပြန်သွားရင် ဒီသီချင်းလေး ဆိုပြလိုက်..

အဖြေတွေကို White color နှင့်ရေးထားပါမည်။

Bonus:
တစ်နေ့ Orchard လမ်း တစ်နေရာဝယ် လမ်းလျှောက်နေစဉ် ၀င်းတစ်ဝင်းအတွင်းမှ အစပြုကာ ပလက်ဖောင်းပေါ်မှ ကျော်၍ ရေများ စီးနေသည်ကို သတိထားမိလေသည်။ ဟာ ဒီနေရာက ရှင်ကျာပူနဲ့ မတူသလိုပဲဟ ဆိုပြီး ရေများစစီးလာရာ နေရာကို ကြည့်လိုက်သောအခါ ..

ဒီနေရာ မှာ ဖတ်ဖူးတဲ့ဟာသလေးကို သတိရ၏။ ဂိုဘာချော့တို့ခေတ်ကဖြစ်သည်။ အမေရိကန်သမ္မတ ရှရှားကိုလာလည်သောအခါ ဒီမှာ အရက်သမားတွေ များတယ်ဆိုတာ ဟုတ်လား လို့မေးသည်။ ရုရှားသမ္မတက အရက်သမားတွေ တွေ့ရင် ပစ်ခဲ့လို့ ပြောပြီး ရုရှားလုပ် သေနတ်တစ်လက်ပေးလိုက်သည်။ အမေရိကန်သမ္မတက လမ်းပေါ်မှာ မူးနေသမျှလူ အားလုံးကို လိုက်ပစ်သည်။ ကြည်ဆံတွေသာ ကုန်သွားသည်။ လူကမကုန်သေး။ ရုရှားသမ္မတက အမေရိကန်ကိုပြန်လာလည်သည်။ အမေရိကန်သမ္မတက သေနတ်တစ်လက်ပေးလိုက်သည်။ အမူးသမားတွေ့ ပစ်ပေါ့။ ဂိုဘာချော့က လိုက်ရှာသည်။ တော်တော်နဲ့မတွေ့။ တစ်နေရာ အရောက်လူများ အရက်သောက်ပြီး ပါတီလုပ်နေသည် ကိုတွေ့ရသည်။ သူလည်း ကြည်ဆံရှိသမျှ အကုန်ပစ်ပြီးပြန်လာခဲ့သည်။ နောက်နေ့ သတင်းစာ ထဲတွင် နဖူးအမှတ်နဲ့ လူတစ်ယောက်က ရုရှားသံရုံးအတွင်းတွင် သေနတ်နဲ့ပစ်သွားခြင်းဆိုသော သတင်းပါလာ၏။



Figure of Mr. Gorbachev

ဒန်တန့်တန်.. ရေတွေစစီးနေတာ ဘယ်နေရာလဲပြောတော့ဘူးနော်။


၁) အနည်ထိုင်ချိန်မှာ မင်းရောက်လာတာ အင်မတန်မှဘဲ ၀မ်းနည်းစရာ..
၂) မင်းသိနိုင်ဖို့ ငါလေ ဖွင့်မပြောဘူး ကြိတ်မှိတ်နေလိုက်..
၃) အားနာလိုက်တာ အချစ်ရယ် ဟေဟေ့ အားနာလိုက်တာကွယ်..

Tuesday, April 21, 2009

တစ်သက်မှာ တစ်ခါ

ရေးချင်စိတ် ပေါ်လာတဲ့ အကြောင်းရင်း (၁)
ဟိုတလောက Gtalk မှာ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တော့ သူက အိမ်ထောင်ပြုတော့မယ့် အကြောင်းပြောတယ်။ ကျွန်တော်က မင်းသေချာ စဉ်းစားအုံးနော် ၊ လူပျိုဘ၀ ဆိုတာ တစ်သက်မှာ တစ်ခါပဲ ရတာ လို့ ပြန်ပြောတော့ သူငယ်ချင်းကတော့ လက်ခံပုံမပေါ်ပါဘူး။

ရေးချင်စိတ် ပေါ်လာတဲ့ အကြောင်းရင်း (၂)
Good Friday နေ့က ရုံးက အဖွဲ့တွေနဲ့ Team Building ဆိုပြီး MacRitchie ရေကန်ကြီးဘေးက လျှောက်လမ်းအတိုင်း တောလမ်းလေး လျှောက်ကြပါတယ်။ တော်တော်သာယာပါတယ် လမ်းလေးက။ အဲဒါကို ကြည်နူးမနေဘဲ ကျွန်တော်က ဘာကိုပဲ သွားသတိရနေလဲဆိုတော့ ကျောင်းသားဘ၀ တုန်းက ဓါတ်တော်ချိုင့် ရေတံခွန်ကို သွားလည်နေတာပဲ သတိရနေတယ်။ တစ်ခါက ရဖူးတဲ့ ကွန်ပြူတာ တက္ကသိုလ် ကျောင်းသားဘ၀ လေးပေါ့။

တကယ်ရေးဖြစ်တာက
နောက် စိတ်အေးလက်အေး ပြန်စဉ်းစားကြည့်လိုက်တော့ ကျွန်တော်တို့ဘ၀မှာ တစ်သက်မှာ တစ်ခါပဲ ရတဲ့ဟာ တွေ အများကြီးပါလားလို့ စဉ်းစားမိတယ်။ နံပါတ် ၁ ကတော့ မိဘ ပေါ့။ ညီအစ်ကို၊ မောင်နှမ၊ သူငယ်ချင်းတွေ၊ လေးစားစရာ ကောင်းတဲ့ ဆရာ ဆရာမတွေ... စသဖြင့် အများကြီး အများကြီးပါဘဲ။ ဒါ့အပြင် ပျော်စရာ ကောင်းတဲ့ အတွေ့အကြုံလေးတွေ၊ ခါးသက်စရာ ကောင်းတဲ့ အဖြစ်အပျက်တွေ အဲဒါတွေက တစ်သက်မှာ တစ်ခါ ရတဲ့အရာတွေပါပဲ။ ဒါမျိုးတွေ ထပ်ဖြစ်ရင် ဖြစ်မယ်၊ ပထမ တစ်ခါနဲ့တော့ ဘယ်လိုမှ မတူနိုင်ပါဘူး။

တစ်ချို့ အရာတွေကိုတော့ လွယ်လွယ်ကူကူမေ့ပစ်လိုက် ကြပါတယ်။ တစ်ချို့ဟာတွေတော့ တိုက်ဆိုင်တိုင်း သတိရတတ်ပါတယ်။ တသသ ဖြစ်နေတတ်ပါတယ်။ ဆရာမင်းလူ ရဲ့စာလေးကို သတိရပါတယ်။ လူတွေ အသက်ကြီးလာရင် အတိတ်အကြောင်းပဲ ဘာလို့ပြောကြတာလဲ ဆိုတော့ အတိတ်မှာ ပျော်ရွှင်ခဲ့ရတာ သေချာလို့တဲ့။

ကျွန်တော်ပြောချင်တာက တစ်ချို့အချိန်တွေမှာ ပျော်ရွှင်ခဲ့ဖူးတဲ့ အရာတွေကိုပဲ သတိရနေပြီး ပစ္စုပ္ပုန်ကို စိတ်ညစ်နေရင်တော့ မကောင်းဘူး ထင်တာပါဘဲ။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိအချိန်ဆိုတာလဲ တစ်သက်မှာ တစ်ခါ ရတဲ့ အရာမို့ပါပဲ။ ပျော်စရာကောင်းတဲ့ အချိန်လေးတွေ သတိရတာလည်းရ လက်ရှိအချိန်လေးကိုလည်း ပျော်ပျော်ကြီး ဖြတ်သန်းကြပါစို့။

P.S: ခုတစ်လော ရုံးမှာ Pressure များလွန်း၍ ထင်သည်။ အာရုံသိပ်မရွှင်ပါ။ ကိုယ်တင်ထားတဲ့ Post တွေ ကိုယ်ဘာသာကိုယ် မကြိုက်ဖြစ်နေပါသည်။ ဖတ်မကောင်းရင် သည်းခံပါရန်။

Bonus:
ကိစ္စမရှိဘူး
တစ်ခါတုန်းက ရွာတစ်ရွာနားက မြစ်ထဲမှာ ကူးတို့လိုက်ပို့တဲ့ တရုတ်ကြီး ရှိသတဲ့။ တစ်နေ့ကျတော့ တစ်ဖက်ကမ်းမှာ ပွဲတော်ရှိတော့ လိုက်ချင်တဲ့သူများနေတာပေါ့။ လူတွေက ပြုံတက်ကြတာပေါ့။ တစ်ချို့ကြောက်တဲ့သူတွေက "ဖြစ်ပါ့မလား တရုတ်ကြီး" ဆိုတော့ "ကိစ္စမီရှိဘူး၊ ကိစ္စမီရှိဘူး ၊ တက်သာတက်" တဲ့။ မြစ်လယ်လည်းရောက်တော့ လှိုင်းတွေနဲ့ လူတွေကများဆိုတော့ မနိုင်တော့ဘူး။ အဲဒီ အခါကျမှ တရုတ်ကြီးက "ကိစ္စ ရှိပြီ၊ ကိစ္စ ရှိပြီ" တဲ့။ အေးရောပေါ့ကွယ်..
(ကိစ္စမရှိဘူး ကိစ္စမရှိဘူး ပြောတတ်သူများအတွက် :D )

Saturday, April 18, 2009

မင်္ဂလာလက်ဆောင်

ဒီနေ့ အခန်းဖော် သူငယ်ချင်းစုံတွဲ Community Center မှာ မင်္ဂလာဆောင် ဖို့ လက်မှတ်ထိုးတာကို လိုက်သွားပါတယ်။ သူတို့ လက်မှတ်ထိုးခါနီး ကြည့်ရွတ်ရတဲ့စာသားလေးကို ဘလော့ဂါ (သို့) လာလည်သူ ညီငယ် ညီမငယ် တွေ ၊ သူငယ်ချင်း လူပျိုကြီး အပျိုကြီး တွေ အလှည့်ကျရင် ကြည့်ရွတ်စရာ မလိုဘဲ အလွတ်ရ အောင် တင်ပေးထားတာပါ..



ညီငယ်တွေ နောင်တော်တွေ ကတော့ အောက်ဆုံးမှာ ရေးထားတဲ့ procedure လေးကို အတိအကျ လိုက်နာကြမယ်လို့ ယုံကြည်ပါ၏။

P.S
၁)
အရင်ပို့စ်တွေမှာ Comment တွေ မပြန်ဖြစ်တာ တအားကြီး အချိန်မရလို့ပါ။ နောက်ပို့စ်တွေ အချိန်ရရင်ရသလို Comment တွေ ပြန်ပါတော့မည်။

၂)ကိုZT ရဲ့ ပန်းရောင် နဲ့ အပြာရောင် ပို့စ် ကိုဖတ်ပြီး ကြုံမိတာ တစ်ခု သတိရသေးတယ်။ တစ်နေ့ Taxi စီးလာတော့ ကားမောင်းတဲ့ Driver ကြီးက မြင်တာနဲ့ မြန်မာမှန်းသိပါတယ်။ သူက သင်္ဘောကျင်းမှာ လုပ်ဖူးပြီး မြန်မာသင်္ဘောတွေ လာပြင်တာနဲ့လည်း ကြုံဖူးတယ် ဆိုပါတယ်။ သူကနေ မင်း တို့ SG နိုင်ငံက နေ Citizen Status ပေးရင် ယူမလားလို့ မေးပါတယ်။ ကျွန်တော်က ပြန်ပြောတယ် မယူဘူးကွ။ ငါ့နိုင်ငံကို ငါချစ်တယ်။ ငါမကြိုက်တာက.... ပေါ့လေ အစရှိသဖြင့် ပြန်ပြောပါတယ်။ သူကတော့ သဘောကျသွားတာပေါ့လေ။ သူငယ်ချင်းတွေနဲ့ တွေ့တော့ ပြန်ပြောပြတဲ့အခါ သူတို့က အေးကွ ဟုတ်တော့ ဟုတ်တယ်။ ဒါပေမယ့် တို့နိုင်ငံကို ချစ်ရတာ တစ်ဖတ်သတ်အချစ်ကွ။ တို့နိုင်ငံက မချစ်လို့ တို့ အပြင်ရောက်နေတာပေါ့ တဲ့။ အင်း... "တစ်ဖက်သတ် အချစ်ဟာ ဆိုးပါသည်၊ အသက်မက ချစ်တာ ခက်လှသည်" လို့ ဆိုရမလိုပါပဲ။

Monday, April 13, 2009

Picture Quiz

ဘလော့ လာလည်ကြသော ညီအစ်ကို မောင်နှမ များရော၊ မအား၍ လာမလည် နိုင်သော ညီအစ်ကို မောင်နှမ များရော နှစ်သစ်မှာ လူသစ် စိတ်သစ် အချစ်သစ် (အိုရှုပ်ပါတယ် အားလုံး အားလုံးအသစ်) နှင့် ပျော်ရွှင်ချမ်းမြေ့ကြပါစေ..

နှစ်ဟောင်းက စိတ်ညစ်စရာ စိတ်လေစရာ ကိစ္စ အားလုံး သင်္ကြန်ရေ နဲ့ ဆေးကြော၍ တက်ကြွလန်းဆန်းသောစိတ်ကို အတာရေနှင့် အတူ ရရှိပါစေဗျာ..

Picture Quiz လေး စလိုက်ရအောင်၊ ဘာပုံလေးကို သီဟသစ်ဆွဲ ထားတယ်ဆိုတာ ကဗျာ သို့ စာလေးနဲ့ ဖြေပေးပါ။ အဖြေကို ဘလော့ တစ်နေရာတွင် ဖော်ပြထားပါမည်။



P.S:
၁) Cbox မှာ မြည်သံစွဲ လင်္ကာများနဲ့ ရေလောင်းသွားသော သူငယ်ချင်းများကို ကျေးဇူးတင်ပါသည်။ ဗွက်တောင် နည်းနည်းထသွား၏။

၂) ဒီမှာ အလုပ်လုပ်နေတဲ့သူ မြန်မာပြည်မှာ အခွန်ဆောင်လို့ ရတယ်ဆိုတာ ဟုတ်မဟုတ်

သူငယ်ချင်း တစ်ယောက်က ပြောသွား၏။ ဟိုမှာ အခွန်ဆောင်ရင် တစ်လ S$40 နဲ့ပဲ ဆောင်လို့ရတယ် လို့ဆိုပဲ။ တကယ်သာဆိုပါက ဒီမှာ ၁ နှစ်စာ ကို ဟိုမှာ ၃ နှစ်စာ ဆောင်လို့ရတာ ဆိုတော့ ပါးရိုက်ပြီး ဆောင်လို့ရ၏။ အဲဒီ သူငယ်ချင်းစကား ကလည်း "ငါ နဂါးကြီးတွေ့ ခဲ့တယ်ကွ" ဆိုပြီး သေချာမေးလိုက်ရင် နောက်ဆုံး "တီကောင်လောက်တော့ ရှိပါတယ်ကွ" ဆိုပြီး အဆုံးသတ်သွားလေ့ ရှိသောကြောင့် သိပ်တော့ မယုံရ။ သိနားလည်သူများ ဖတ်မိပါက ဟုတ်မဟုတ်ပြောသွားကြပါကုန်။
(မှတ်ချက်။ ။ ပါးရိုက်တယ် ဆိုတာ ဘယ်သူ့ပါးမှ မဟုတ်။ တန်တယ်ဟ တန်တယ်ဟ လို့ ဆိုပြီး ကိုယ့်ပါးကို ရိုက်ရန်သာ.. :P)

မူးမမူးတိုင်းတာနည်း (@Singapore)
ရွှေမြန်မာ တွေချည်း စုပြီး ဘီယာသောက်နေချိန် တစ်ယောက်ယောက်က English လို အဆက်မပြတ် ပြောလာပါက ထိုသူ မူးနေပြီ / ကောင်းနေပြီဟု သတ်မှတ်ပါလေ...။ မမူးပဲနဲ့ တစ်ခွန်းစ နှစ်ခွန်းစ မဟုတ်ဘဲ Nonstop ပြောနေပါက ...... ဟု သတ်မှတ်ပါလေ။

Friday, April 10, 2009

လွမ်းမိတဲ့ သင်္ကြန်

သင်္ကြန်ကို စတင် စွဲလမ်းမိတာက တော့ 4 တန်းနှစ်လောက်ရောက်မှပါ။ ပုံမှန်က နွေရာသီ သင်္ကြန်ရောက်ရင် ကျွန်တော်တို့ တစ်မိသားစုလုံး အဖေနဲ့ အမေတို့ အမျိုးတွေရှိတဲ့ နယ်ကို သွားလေ့ရှိတာပါ။ နယ်ဆိုတော့ သင်္ကြန်က သိပ်မသိသာဘူးပေါ့။ ၄ တန်းနှစ်လည်းသွားရော သီဟသစ်တစ်ယောက် အော်ငိုပါလေရော အတက်နေ့ကြီးမှာလေ။ သင်္ကြန်ပြန်ချင်တယ် ပြန်ချင်တယ်ဆိုတာနဲ့ နောက်နေ့ပြန်လာကြတာ။ သီဟသစ်တို့မြို့က နှစ်ဆန်းတစ်ရက်ရေပက်တော့ အဲဒီညနေတော့ မီလိုက်တာပေါ့။

သီဟသစ်တို့ အဖေနဲ့အမေက ၀န်ထမ်းတွေဆိုတော့ ရုံးက မဏ္ဌပ်ရှိတဲ့နေရာ သွားပက်တာပေါ့။ ရေပက်တဲ့ပိုက် အကြောင်းပြောပြရအုံးမယ်။ စိုက်ပျိုးရေးရုံးဆိုတော့ ပိုးသတ်ဆေးဖြန်းတဲ့ပိုက်တွေနဲ့ ပက်တာဗျ။ ခံရတဲ့သူတော့ မသက်သာဘူး။ ငယ်ငယ်ကဆိုရင် အစ်မတွေ ရေလာလောင်းတဲ့သူတွေကို အဲဒီပိုက်နဲ့ဗျင်းပြီးသားပဲ။ (အဲဒါနဲ့ အစ်မ ၂ ယောက်လည်း ခုထိကို အပျိုကြီးဖြစ်နေရော၊ အေးတာပဲ)။ အသက်ကြီးမှ နည်းနည်း ကိုယ်ချင်းစာတတ်သွားတယ်။ အဲဒီလူတွေကို။ သင်္ကြန်မှာ ရေပက်တာ ဘာထူးဆန်းလဲနော်။

သီဟသစ်တို့ မဏ္ဌပ်ရှိတဲ့ လမ်းက တော်တော်ကိုစည်တာဗျ။ လမ်းက သိပ်မရှည်ပဲနဲ့ကို မဏ္ဌပ်က 10 ခုကျော်တယ်။ ပျော်စရာကြီးပေါ့ဗျာ။ အရွယ်ရောက်လာတော့ သူငယ်ချင်းတွေနဲ့စုကားငှားပြီး အလည်ထွက်ကြတာပေါ့။ Body Spray ဘူးလေးတွေ ရေမွှေးဘူးလေးတွေနဲ့ ကောင်မလေးချောချောလေးတွေ လိုက်ဖြန်းတာပေါ့လေ။ အဲဒီအခါကျတော့ ငယ်ငယ်က၀ဋ်တွေ လည်ပြီလေ။ ခွက်စောင်းပြန်ခုတ်ခံရတော့တာပေါ့ (သူတို့ မောင်လေးတွေကလေ) :P..

ကျောင်းသားဘ၀ ရောက်တော့ မန်းလေး သင်္ကြန်ကို သူငယ်ချင်းတွေနဲ့လည်တယ်။ ကျုံးတစ်ပတ်ဆိုတာ ရောက်ဖို့မလွယ်ဘူး ကားတွေမှပြည့်နေတာ ဆိုတော့။ ကြာတော့ ရှေ့ကား နောက်ကားတွေ စရင်းနောက်ရင်းခင်ကုန်ကြတာပေါ့။ ရွှေပြည်နန်းတွေနဲ့ လိုက်တို့ကြသေးတယ်။ ကားကိုထားခဲ့ပြီး အဆိုတော်တွေဆိုတဲ့ မဏ္ဌပ်နားသွားကြည့်နေတုန်း သူများတွေ ရန်တွေဖြစ်ကြပါလေရော။ အဲဒါနဲ့ ကားမောင်းတဲ့ ဦးလေးကြီးက စိတ်ပူပြီး ငါ့ကောင်တွေ ဘယ်ရောက်ကုန်တုန်းဟ လှမ်းမေးတော့ အကုန်လုံး လန့်ဖျပ်ပြီး ကားပေါ်ပြန်ရောက်နေပြီ။ "ဇ" ကအဲလိုပဲပြင်းတာ၊ သီဟသစ်တို့က။

အသက်ကလေးရတာတော့ 25 ကျော်လာတော့ သင်္ကြန်ကို သိပ်အာရုံမရတော့ဘူး။ ကိုယ့်အရွယ်နဲ့ ကောင်မလေးတွေကို သွားရေလောင်းရမှာ နည်းနည်းရှက်လာပြီလေ။ ဒါနဲ့ သားလိမ္မာလေး လုပ်ပြီး အဖေ၊ အမေ တို့နဲ့ ဘုန်းကြီးကျောင်းသွားတာပေါ့ဗျာ။ ကျောင်းတွင်းဥပုသ်ပေါ့။ တကယ် ကြည်နူးစရာ ကောင်းတယ်ဗျ မိသားစုလိုက်သွားရတာ။ ခုတစ်နှစ်တော့ မသွားနိုင်တော့ဘူးပေါ့လေ။ ဒီကနေပဲ ဖုန်းဆက်ပြီး အဖော်လုပ်ရမှာပဲ။

သင်္ကြန်နဲ့အတူ ပိတောက်ပန်းလေးတွေလည်း လွမ်းမိတယ်ဗျာ။ ပိတောက်ပန်းလေးတွေ ကြွေနေတဲ့ သစ်ပင်အောက်ကို လျှောက်ရတာ တကယ့် Feel ပဲ။ ဒီကပိတောက်ပန်းတွေ ရှိတဲ့နေရာတော့ မလျှောက်ဖြစ်သေးဘူး။

P.S
၁) ဒီပို့စ်က ညီမလေး မိုးခါးတဂ်ထားတာရော ကိုယ်တိုင်ရေးချင်လို့ရော ရေးလိုက်တာပါ။
၂) အရင်ပို့စ်က Bonus မှာ သူများ ဘလော့တွေထဲ လိုက်လည်နှုတ်ဆက်တဲ့အခါက ဟာသအနေနဲ့ ရေးလိုက်တာပါဗျာ။ သီဟကို ကိုကိုသီဟ ခေါ်ခေါ်၊ မောင်မောင်သီဟ ခေါ်ခေါ် (အဲလေ ကိုသီဟခေါ်ခေါ် မောင်သီဟခေါ်ခေါ်ပြောတာပါ) စိတ်မဆိုးပါဘူးခင်ဗျာ.. :D

Bonus:
သင်္ကြန်နဲ့ ပတ်သက်လို့ သင်တန်းဆရာ တစ်ယောက်ပြောတာ သတိရသည်။ အဲဒီအခါက ဒွန်းရဲ့ ယောက်ဖရေ သီချင်းခေတ်စားနေချိန်ဖြစ်သည်။ အဲဒီဆရာကလည်း သင်္ကြန်ဆိုတော့ ကောင်းနေပြီး မဏ္ဌပ်တစ်ခုရှေ့မှာ တခြားလူတစ်ယောက်နဲ့တွဲပြီး ယောက်ဖရေ သီချင်းဆိုကာ တူတူကကြသည်။ နောက်ခဏနေတော့မှ ဟိုတစ်ယောက်က ယောက်ဖလည်းမဟုတ်ဘူး ဆရာကြီးဟ ဆိုတော့ ၂ ယောက်လုံးလစ်ကြပါလေရော...

Thursday, April 9, 2009

P for Philippino Food

ခုရက်ပိုင်း အလုပ်နည်းနည်းများနေလို့ စာအသစ်မရေးဖြစ်တာနဲ့ phyo ဆီက idea ယူပြီး အစားအသောက်ပုံပဲ တင်လိုက်ပါတယ်။

ဒီမှာ စားရတဲ့ အစားအသောက် တော်တော်များကို မကြိုက်ပါဘူး။ 2 meats 2 vegetables ဆိုင်တွေဆို ဟင်းချက်တော်တော်ညံ့ပါတယ်။ ကန်စွန်းရွက်ကြော်ဆို သီဟသစ်တို့ မျက်စိမှိတ်ကြော်တောင် ကောင်းသေးတယ်။ သူတို့က ဘယ်လိုကြော်မှန်းမသိ စားကိုမရဘူး။ မြန်မာဆိုင်တွေ သွားစားတော့လည်း မြန်မာစာ စစ်စစ်လို့ကို မခံစားရဘူး။ ကပြားစာ လို့ပဲ ခံစားရတယ်။ ပေါ့ရွှတ်ရွှတ်နဲ့။

ကဲပါလေ စကားရှည်နေတာနဲ့ လိုရင်း မရောက်တော့ဘူး။ ရုံးနားက Koufu မှာ နေ့တိုင်းစားဖြစ်တဲ့ဟင်းလေး တွေ တင်ပေးမယ် စိတ်ကူးပါတယ်။ Philipino တွေဖွင့်ထားတဲ့ Western Food ဆိုင်ပါ။ အဲဒီဆိုင်လေးကတော့ ဒီ SG မှာ သီဟသစ် စားလို့ အဆင်ပြေတဲ့ အထဲမှာ ပါတယ်။ သူတို့ဆိုင်မှာ Philippino Food တွေလည်း တစ်နေ့ကို တစ်မျိုးထည့်ရောင်းပါတယ်။ စားကြည့်တော့ မဆိုးဘူးဗျ။ တစ်ချို့ဟင်းတွေက မြန်မာ အစားအစာတွေနဲ့ တော်တော်ဆင်တယ်။ ဒီဟင်းနာမည်တော့ မေးထားပေမယ့် မေ့သွားလို့ နောက်နေ့မှ ထပ်ဖြည့်ပေးပါမယ်။ (ဖုန်းနဲ့ ရိုက်ထားတာမို့ သိပ်မကောင်းပါ)



ဆိုင်က Eunos Link နဲ့ Khaki Bukit Avenue 1 ထောင့်က Koufu ထဲမှာပါ။ နေ့လည် 1နာရီ ပတ်ဝန်းကျင်လောက် အဲဒီဆိုင်ရှေ့မှာ အသားဖြူဖြူ ခပ်ချောချော လူတစ်ယောက် ရပ်နေတာတွေ့ရင် သီဟသစ် လို့သာ လှမ်းခေါ်လိုက်ပါ။ ဟိုတစ်ယောက်က No lah လို့ပြန်ပြောပါလိမ့်မည်။

P.S : အရင်ပို့စ်မှာ ကူဆုတောင်းပေးသွားသော မန့်သွားသော သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါသည်။ ဆုတောင်း ၁ ကို တကယ်ကို ပြည့်ချင်နေပါသည်။

Bonus:
သူများဘလော့တွေထဲကို လိုက်လည် နူတ်ဆက်တဲ့အခါ
ဘလော့တွေကို လိုက်လည်ရင်း တစ်ချို့ဘလော့ဂါတွေကျ ယောက်ျားလေးမှန်း မိန်းကလေးမှန်းမသိတော့ မှားခေါ်မိရော။ တစ်ချို့ကျတော့ ကို့ထက် အသက်ကြီးမှန်း ငယ်မှန်းမသိတော့ ကိုတပ်ခေါ်လိုက်ရော။ ဘာကိုသွားသတိရလဲဆိုတော့ ဟိုအရင်ဖတ်ဖူးတဲ့စာလေး သတိရတယ်။ ရွာတစ်ရွာမှာ ဇာတ်လာကတော့ မင်းသားလေးကို နားတဲ့အချိန် ရွာက အမျိုးသမီးတွေက သွားနှုတ်ဆက်ကြတာပေါ့။ အစ်မကြီးအရွယ်တွေက မောင်လေးရေ မမပြန်ပြီဟေ့တဲ့။ အမေအရွယ်တွေက သားလေးရေ အမေတို့ပြန်တော့မယ်ဟေ့။ မင်းသာလေးကလည်း “ဟုတ်ကဲ့ မမ မေမေ နောက်လည်း လာလည်ပါခင်ဗျာ” ပေါ့။ အဲဒါကို ကြားကြားနေတဲ့ ဘကြီးတစ်ယောက်က သူလည်းနှုတ်ဆက်ချင်လာတယ်။ အဲဒီတော့ “ငါ့သားရေ အဘပြန်ပြီဟေ့”တဲ့။ အဲဒါကြားတော့ ဇာတ်မင်းသားလေးက “ခင်ဗျားကြီးဘာသာ ခင်ဗျားကြီး ပြန်ချင်ပြန် မပြန်ချင်နေ” တဲ့။ အဲလို သွားပြောမှတော့ အဲလို ပြန်ပြောခံရတာတောင်နည်းသေး :P

Monday, April 6, 2009

ဆုတောင်းခဲ့ဖူးတယ် မိငယ်

ဒီEnglish လို ကဗျာ လေးနဲ့ ဘာသာပြန်လေးက Miss Rita ဆီက ယူလာတာပါ။ ဘလော့တစ်ခွင်မှာ popular ဖြစ်နေတဲ့ အန်တီချမ်းက ဘာသာပြန်ထားတာလေးပါ။

Prayer

God grant me
the serenity to
accept the things
I cannot change,

courage to change
the things I can,
and wisdom
to know the difference.

- Anonymous –

အကျွန်ုပ် မပြောင်းလဲနိုင်သော
အရာများကိုလက်ခံနိုင်ရန်
တည်ငြိမ်ခြင်းပေးပါ
ဘုရားသခင်

အကျွန်ုပ် ပြောင်းလဲနိုင်သော
အရာများအတွက်လဲ
ပြောင်းလဲရန်လိုအပ်သော
သတ္တိများပေးပါ

ခြားနားမှုကိုနားလည်နိုင်စေသော
ပညာအသိအားလဲပေးသနားပါ ဘုရားသခင်

(Addy Chen)

ဖတ်ကြည့်ကြည့်တော့ ဘုရားသခင်ကို ကိုယ့်အတွက်ကိုယ် တောင်းဆိုတာ တွေ 3 ချက်ကြီးများတောင် တွေ့ရတယ်။ သီဟသစ်တို့ဆို အဲလိုလောဘ မကြီးဘူး။ ကိုယ့်အတွက်ကိုယ် တောင်းဆိုတာ နည်းနည်း အတ္တကြီး သလားလို့။ ကဲ သီဟသစ်ရဲ့ ဆုတောင်းလေး ဖတ်ကြည့်ပါအုံး။

ကျွန်တော် မပြောင်းလဲနိုင်သော
အရာများ(e.g software အမှားများ၊ အသစ်ထပ်ဖြည့်ခြင်းများ)
ကိုလက်ခံနိုင်ရန် တည်ငြိမ်ခြင်းကို
ရုံးမှ မန်နေဂျာများနဲ့ customer များကို
ပေးတော်မူပါ။

ပြောင်းလဲနိုင်သော
အရာများ (e.g လခတိုးခြင်း၊ bonus ပေးခြင်း)
စသည်တို့ အတွက် လိုအပ်သော
သတ္တိကို boss အား
ပေးလိုက်ပါ။

သူတို့တွေမှာ
အဲဒါတွေ ပြည့်စုံသွားရင်
ကျွန်တော်ကိုယ်တိုင် အတွက်
ဘာမှ မတောင်းဆိုလိုတော့ပါ။

ကဲဘယ်လောက် လောဘနည်းထားလဲကွယ်?

P.S: မိငယ်က ဘယ်သူမှ မဟုတ်ပါ။ ကိုထီးသီချင်းပါဗျာ။ (မိငယ်ပိုင်ရှင်က ဟောက်သွားသေးတယ်ဗျ) သတိရလို့ ယူသုံးထားတာပါ။ ကန့်ကွက်သူရှိရင် ပြောင်းပေးပါမယ်။

Thursday, April 2, 2009

ဝိုင်းဝိုင်းလည်

သီဟသစ်တို့များ ခုတလော ၀ိုင်းဝိုင်းကိုလည်နေ၏။ (ကောင်မလေးတွေ ၀ိုင်းနေတာဆိုရင် ဘယ်သူမှ ယုံမှ မဟုတ်တဲ့ အတူတူ မပြောတော့ပေ။) ဂျာဂျာက ၂ ယောက်၊ ကိုဆန်းတင့် ကတစ်ယောက် အလှည့်ကျ လာလာပြီး သူတို့project တွေပြီးပြီလား လာလာမေးကြ၏။ ဒီကြားထဲ ဦးဘောဂကလည်း လာလာချက်သေး၏။ ဂျပန်နဲ့ အမေရိကန် လှေလှော်ပြိုင်တဲ့ပုံပြင်ပဲ သတိရသေးတော့။

ဂျပန်နဲ့ အမေရိကန် လှေလှော်ပြိုင်တော့ လှေထိုးသား၁၀ ယောက် ကြီးကြပ် ၁ ယောက် ကိုယ်စီ ပါသောလှေချင်းပြိုင်ကြသည်။ အမေရိကန် ရှုံးသည်။ အမေရိကန်တို့ ဒါ management လိုနေတာ ဆိုပြီး လှေထိုးသား ၁ ယောက်လျှော့ ကြီးကြပ်တစ်ယောက်တိုး လှေထိုးသားတစ်ယောက်လျှော့ထပ်ပြိုင်သည်။ ရှုံးပြန်သည်။ ဒီလိုနဲ့ ကြီးကြပ်တွေ တိုးတိုးလာတာ လှေထိုးသား ၁ ယောက်ပဲ ကျန်တော့သည် အထိတဲ့။ အေးရော..။

သီဟသစ်ကမှ နည်းနည်းတော်သေးသည်။ 1 manager per 1 project မို့လို့။ သီဟသစ်တို့ ရုံးအဖွဲ့ထဲက (မြန်မာ) programmer အစ်မတစ်ယောက်က ပိုဆိုး၏။ 2 managers per 1 project ဖြစ်နေ၏။ ဘယ်သူ့ instruction ယူရမှန်းမသိ။ တစ်ယောက်ကပြင် တစ်ယောက်က မပြင်နဲ့အုံး နဲ့။ သူငယ်ချင်း ကွန်ပြူတာ ဆရာမ ပြောတာ သတိရသွားသည်။

သူတို့နယ်ဘက်မှာ တပ်ထဲက PowerPoint လုပ်ဖို့ အကူအညီတောင်းလို့ ကျောင်းသား ၁ ယောက် လွှတ်ပေး၏။ စစချင်း ကျောင်းသားလေးကို တစ်ယောက်က ဘယ်လိုလုပ် ပြောပြီးထွက်သွားသည်။ အဲဒီအတိုင်းလုပ်နေချိန် နောက်တစ်ယောက် ၀င်လာသည်။ ဟိုလိုလုပ်လို့ မှာသွားပြီး ထွက်သွားပြန်သည်။ ပထမတစ်ယောက်ဝင်လာတော့ ငါပြောတဲ့အတိုင်းမလုပ်ဘူးလား ဆိုပြီး ဟောက်သွားပြန်ရော။ နောက်တစ်ယောက်ပြန်ဝင်လာတော့လည်း အဲဒီအတိုင်းပေါ့လေ။ ကျောင်းသားလေးက power ဘယ်သူက သာလည်းကြည့်တယ် ၂ ယောက်လုံး ပခုံးမြင်းခွာ ကြယ်၂ပွင့် ကိုယ်စီနဲ့ တူတူဆိုပဲ။

ခက်ဆစ်။ ။
၁) ဂျာဂျာ (ဘာဘာ့အစ်မတွေ မဟုတ်) manager
၂) ကိုဆန်းတင့် consultant (irrawaddy magazine ထွေရာလေးပါးမှ ယူသုံးသည်)
၃) ဦးဘောဂ Boss

P.S
၁) ဒီနေ့ City Hall မှာ ငါးရံ့အူနဲ့ စားတာ ဓနုဖြူဒေါ်စောရီဆိုင်ကို တော်တော်သတိရ သွား၏။ တူလို့တော့ မဟုတ်။ တခြားစီမို့။

၂) ဒီနေ့ Client site သွားပြီး client site ကလည်း သူ့အရင်က လူက လွှဲသားလွှဲခဲ့တာ သေချာပြောပြမသွားကြောင်းပြောသည်။ ၂ ယောက်သား အာဇာနည် သီချင်း တူတူဆိုခဲ့ကြ၏။
(hints: သီချင်း quiz : work)