Sunday, March 29, 2009

သီချင်းများနှင့် ဘလော့ဂါ ရန်ဖြစ်ကြသောအခါ

၁) သီချင်းများ
ဒီအကြောင်းကို ကိုကလိုစေးထူးလည်းရေးဖူး၏။ blog တွေ လိုက်ဖတ် လိုက်လည်တဲ့ အခါ ဖွင့်ဖွင့်ချင်း auto play ထားသော သီချင်းသံများ အကြောင်းဖြစ်ပါသည်။ ကျွန်တော်က သီချင်းကြိုက်တဲ့သူဆိုတော့ ကိုယ့်စက်က media player မှာ သီချင်းဖွင့်ထား၏။ ဘလော့တွေကိုလည်း tabs တွေနှင့် အခု ၂၀ လောက် တစ်ပြိုက်နက်ဖွင့်ထားသည် ဖြစ်ရာ သီချင်းသံတွေ ရောပြီး ခေါင်းကိုက်ကုန်၏။ ဘာကိုသွားသတိရသလဲဆိုတော့ စာရေးဆရာကြီးတစ်ယောက် (ဦးအောင်သင်းထင်တာပဲ)ပြောတာကို သွားသတိရ၏။ ရေဒီယိုလိုင်းမကြည်တဲ့ အကြောင်းဖြစ်သည်။ အားကစားလုပ်တဲ့လိုင်းနှင့် အချက်အပြုတ်လိုင်းရောနေတော့ ဘယ်လိုကြားရလဲ ဆိုတော့ "အသက်ကို နာနာရှိုက်သွင်းပြီးနောက် ကြက်ဥ ၂ လုံးကို ခွဲလိုက်ပါ၊ ဒူးနှစ်ဖက်ကို မြှောက်ပြီးနောက် ဆားထည့်ကာ မွှေပါ" ဆိုသလိုပဲ။ ဆရာကြီးကတော့ လူငယ်တွေရဲ့ ရည်မှန်းချက်အကြောင်း ပြောချင်တာဖြစ်မည်။ ကျွန်တော်ကတော့ မဆီမဆိုင် သွားသွားသတိရ၏။

၂)ဘလော့ဂါများ ရန်ဖြစ်ကြသောအခါ
"ဟဲ့ဘယ်သူနဲ့ ဘယ်သူ ဖြစ်နေလို့တုန်း" လာမမေးပါနှင့်။ သဘော ပြောပြတာပါ။ တစ်ချို့ ဘလော့တွေ သဘောထားချင်း မတိုက်ဆိုင်လို့ အပြန်အလှန်ရေးကြတဲ့အခါ လူရွှင်တော်တွေ ပြောတဲ့စကားလို ပြေရာပြေကြောင်း ၀င်ရောက်ဖြန်ဖြေချင်၏။ "ကျွန်တော်က ဟိုလူ့ဘက်က ပြောနေတာ ဟုတ်ဘူးနော် ခင်ဗျားဘက်က ပြောနေတာလည်း ဟုတ်ဘူး ၊ ကျွန်တော့်ဘာသာ ကျွန်တော် နေနေတာ" :P

၃)Cbox ပေါ်မှာ တင်ချင်တဲ့ စကား
အခုတင်ထားတဲ့ စာသားက "အမှတ်တရလေးများထားခဲ့ပါနော်" ဖြစ်သည်။ တင်ချင်တဲ့ စာသားက..
ဆရာမင်းလူရဲ့ ကဗျာလေးကို အားလုံးသိကြလိမ့်မည် ထင်ပါသည်။ "အချစ်လားဟေ့ ၀င် ခဲ့လေကွယ်"တဲ့။ လာရောက်သော ညီအစ်ကို မောင်နှမများကို စော်ကားလိုစိတ်မရှိပါ။ မေတ္တာချစ်စိတ်နဲ့ လာသူများဟု အသိအမှတ်ပြုကာ ခေါ်ချင်သောကြောင့်ဖြစ်သည်။
သို့သော်လည်း တကယ်တင်လိုက်ရင် နရင်းအုပ်သွားကာ နောက်ထပ်မလာတော့မှာ စိုးသောကြောင့် မတင်တော့ပါကြောင်း။

P.S
၁) ရင်ဖွင့်စကားပို့စ် မှာ ခင်မင်မှုဖြင့် မန့်သွားသော မိတ်ဆွေ သူငယ်ချင်းများကို ကျေးဇူးအထူး တင်ပါသည်။ အချိန်မရသော ၊ စိတ်သွားတိုင်း နက်မပါ (internet connection မကောင်း၍)၊ စိတ်သွားတိုင်း ဂူးမပါ (google ကြောင်နေတတ်၍) မန့်မသွားသော သူငယ်ချင်းမိတ်ဆွေများကိုလည်း ကျေးဇူးတင်ပါသည်။

၂) မျက်လုံးပုံလှလှလေးကို သီဟသစ်၏ အမျိုးသမီးပုံ ဟု၎င်း၊ ကလေးပုံ လှလှလေးကို သီဟသစ်၏ ကလေးပုံ ဟု၎င်းပြောဆိုသွားသော သူငယ်ချင်းမိတ်ဆွေများကို သီချင်းဆိုပြချင်၏။ "တို့များလည်း ရနိုင်ရင်တော့ လိုချင်သားကွယ်" ....

Thursday, March 26, 2009

သီချင်း Quiz : Work

အရင်ပို့စ်မှာ အလုပ်ရလို့ ၀မ်းသာတဲ့ အကြောင်းပြောသွားတဲ့ မမသီရိနဲ့ ညီလေး PM ကို ကျေးဇူးတင်ပါသည်။ တကယ်က အလုပ်ရတာက မနှစ်က မေလ ကတည်းက ဖြစ်ပါသည်။ ခုမှ ဘလော့စရေးတော့ ခုမှ ရေးဖြစ်တာ ဖြစ်ပါသည်။ Anyway Thanks.

Quiz လေး စလိုက်ကြရအောင်

၁) အရင်လူက ကိုယ့်ကိုလွှဲသွားတုန်းက ဒီ Project ကအေးဆေး၊ လုပ်စရာ ရှိသမျှ သူလုပ်ပြီးပြီ။ maintain လုပ်ရုံပဲတဲ့။ ကိုယ် တကယ်ကိုင်တော့မှ error တွေ တွေ့၊ Complaint တွေလာရင် ဆိုရမည့် သီချင်း (အာဇာနည် ဆိုထားတာ)
၂) Customer က ဒီလို လုပ်ချင်တယ် ဆိုလို့လည်း ပြင်ပေးပြီး ပြီ။ အဲဒါကို Complaint က လာနေတုန်းပဲ ဆိုရင် ဆိုရမည့် သီချင်း (မိုးမိုး ဆိုထားတာ)
၃) လက်ရှိ လုပ်နေတဲ့ အလုပ် ဘယ်တော့ ပြီးမှာ လဲ လို့ မန်နေဂျာက မေး လာရင် ဆိုပြရမည့်သီချင်း (ထူးအိမ်သင် ဆိုထားတာ)

လာဖတ်တဲ့ ညီအစ်ကို မောင်နှမတွေရော ဘာသီချင်းလေးတွေ အဲလို အချိန်မှာ ဘာသီချင်းတွေ ဆိုကြသလဲ ဆိုတာ ရေးခဲ့ပါဗျာ။

အဖြေကို အောက်မှာ White Color နဲ့ ထည့်ထားပါသည်။

လတ်တလော ခံစားချက်။ ။ ဘလော့က ဘယ်လောက်တောင် လွှမ်းမိုးသလဲ ဆိုရင် အလုပ်မှာ Program ရေးတဲ့ အခါ Description ရေးရင် By Thiha Thit တွေ သွားသွားရေးမိလို့ ပြန်ပြန်ဖျက်နေရလေသည်။


၁) နောက်ထပ် လာချင်လာပါ မထူးဆန်းတော့ပါ နှလုံးသားထဲမှာ ဒီဒဏ်ရာတွေဟာ ၀ဋ်ရှိလို့သာ ခံစားခဲ့ရတာ ဘယ်သူ့ကိုမှလဲ အပြစ်မတင် ရက်တော့ပါ။ (အပြစ်မတင်ရက်ပါ)
၂) ငါမှားလား မင်းမှန်လား နင်သာ ဖန်တီးဖျက်ဆီး ငါရူးသွပ်နေ့များ (ငါမှားလား မင်းမှန်လား)
၃)တစ်နေ့နေ့တော့ ဖြစ်လာလိမ့်မည်။ (နဂိုသီချင်းက တစ်နေ့နေ့တော့ ချစ်လာလိမ့်မည်ပါ)

Wednesday, March 25, 2009

Once upon a time, there was a lion (2)

စာနည်းနည်းရှည်ပါမည်။ အင်တာဗျူးကို စိတ်မ၀င်စားသူများ Bonus ကိုကျော်၍ ဖတ်နိုင်ပါသည်။

နောက် အင်တာဗျူးတစ်ခုက Ubi မှာ ဖြစ်သည်။ Test အသေးစား (Algorithm, Database Query) ဖြေခိုင်းသည်။ ဖြေပြီးတော့ အိန္ဒိယ ၂ ယောက်က ၂ နာရီခွဲလောက် ကြာအောင် nonstop မေးသည်။ တစ်ချို့မသိတာတွေကျတော့ မသိဘူးပဲဖြေလိုက်သည်။ ရွှီးနေရင် သိက္ခာပိုကျသည်။ သူတို့က Confidence ကိုစစ်တာမျိုးလည်းဖြစ်သည်။ Test နောက်တစ်ခု White Board မှာ ချရေးတော့ မှန်မမှန်သူတို့ကို ကြည့်မိတာ နည်းနည်း impression ဒေါင်းသွားသည်။ Yes Sir ဆိုပြီးထည့်ပြောမိတော့ သူတို့က အဲလိုပြောရင် စလုံး Customer နဲ့တွေ့ပါက အထင်သေးခံရနိုင်ကြောင်းပြောသည်။ အဲဒီကတည်းက Yes Sir ကို ယောင်လို့တောင် မပြောတော့။ အဲဒီက ပြန်လာတော့ Experience အပြင် Confidence ပါ အရေးကြီးကြောင်း သိသွားသည်။

နောက် interview တစ်ခု(Toa Payoh) သွားတော့ over confidence များဖြစ်သွားလေသလားမသိ။ Boss က စွတ်အထင်တွေကြီးနေသည်။ သူကိုယ်တိုင်က IT သမား မဟုတ်တာလည်း ပါလိမ့်မည်။ ကိုယ်ကတောင်ရှိသမျှ အကုန်လုံး လုပ်နိုင်မှာ မဟုတ်ကြောင်း လေသံလျှော့ပေးရသည်။ သူလုပ်ချင်တာတွေ ပြောပြသည်။ Facebook လို Friendstar လို Social website မျိုး စင်္ကာပူမှာ သူလုပ်ချင်သည်။ သူ့လက်ရှိ programmer ၃ ယောက်ကို သူမကြိုက်။ ကျွန်တော့ကို Recruitment ပိုင်းပါ တွဲကိုင်နိုင်မလား မေးသည်။ သူ့အလုပ်ကို နောက်တစ်ရက် တစ်နေကုန် လာလေ့လာပါ။ ကြိုက်ရင်လုပ်ပါဟု ပြောသည်။ သူ့ကုမ္ပဏီက IT မဟုတ် Investment နဲ့ Call Center တွဲကိုင်တာမျိုးဖြစ်မည် ထင်သည်။ ဖုန်းသံတွေ အမြဲဆူညံနေသည်။ သူ့အလုပ်ကို လာကြည့်မည့်ရက်ကို သတ်မှတ်လိုက်ပြီး ပြန်လာခဲ့သည်။

နောက်တစ်နေ့ အင်တာဗျူးသွားရတာက Eunos မှာဖြစ်သည်။ IT Company ဖြစ်သည်။ Test အသေးစားလေးလည်း ဖြေရသည်။ Project Manager နဲ့ HR manager က စဗျူးသည်။ သူတို့က CV ထဲမှာ ရေးထားတဲ့ နောက်ဆုံး အလုပ်က နောက်ဆုံး Project ကို အဓိက ထားမေးသည်။ (ထို့ကြောင့် အလုပ်လျှောက်လိုသူများ အနေဖြင့် ကိုယ် အပိုင်နိုင်ဆုံး Project ကို နောက်ဆုံး လုပ်ခဲ့တဲ့ Project အနေနဲ့ ထားသင့်သည်။) နောက်ထပ် Senior Programmer ဖိလစ်ပိုင် အမျိုးသမီးက ဗျူးသည်။ သူကလည်း နောက်ဆုံး Project ကိုပဲ အဓိက ထားမေးသည်။ ကံကောင်းတာက သူ့ယောက်ျားရဲ့ သူငယ်ချင်းက မြန်မာဖြစ်နေသည်။ နာမည်တောင်ပြောပြပြီး သိလား မေးသေးသည်။ so nice ဟုပြောသည်။ အဲဒီတော့ သူက မြန်မာဆိုခင်ပြီးသား ဖြစ်နေတာနဲ့ ပို အဆင်ပြေသွားသည်။ (တခြား လူမျိုးတွေကို ကောင်းကောင်း ဆက်ဆံဖို့ လိုသလို ကိုယ့်လူမျိုးချင်းလည်း ကောင်းကောင်း ဆက်ဆံဖို့လိုပါသည်။) ခဏနေတော့ Project Manager ထပ်ဝင်လာ လခဘာညာ ညှိပြီး contract စာချုပ်ပေးသည်။ Pass တင်ဖို့ စာရွက်စာတမ်းတွေ ပေးခဲ့ပြီး ပြန်လာခဲ့သည်။

Toa Payoh နားက အလုပ်ကိုတော့ မလာနိုင်တော့ကြောင်း Email ပို့လိုက်သည်။ ဒီကအလုပ်တွေ အထာမသိသေးပဲနှင့် လူကြီးနေရာက စမလုပ်ချင်သောကြောင့် ဖြစ်သည်။ သူများကို Manage လုပ်ဖို့ ဆိုတာကလည်း ကိုယ့်ဘာသာကိုယ်တောင် "ဟေ့ကောင် သီဟသစ်ရ ထပါဟ၊ လုပ်ပါဟ" မနည်းပြောနေရသောကြောင့် ဖြစ်သည်။

အင်တာဗျူး အကြောင်း ဤတွင်ပြီးပါပြီ။ ။

Bonus :
၁)Toa Payoh က အင်တာဗျူးသွားတော့ သီဟသစ်တို့ ထုံးစံ အတိုင်း အမှတ်တရ က ဖြစ်သေးသည်။ ရုံးအခန်းမှားဝင်သွားတာ ဖြစ်သည်။ လက်ဗွေ နဲ့ ၀င်ရတာလား ကဒ်နဲ့ ၀င်ရတာလား မသိ။ သီဟသစ်က ဇွတ်တွန်းဝင် သွားတော့ အထဲက စလုံးမ က Oh My God ထအော်တော့သည်။ ပြီးမှ ဆောရီး ဆိုပြီး ပြန်လစ်လာရသည်။

၂) သီဟသစ် ဒီမှာ အလုပ်ရတယ် ကြားတော့ ချူသစ်လေး ရဲ့ ညီမက မြန်မာပြည်ကနေ ဘာပြောလဲ ဆိုတော့ "တော်သေးတယ် ရုပ်ကြည့်မရွေးလို့" ဆိုပဲ။ သူပြောခါမှ Programmer အလုပ်လျှောက်တာ တစ်ကိုယ်လုံး ပေါင်းတင်ပြီးမှ သွားလျှောက်ရ မလိုဖြစ်နေသည်။

၃) Toa Payoh က ကုမ္ပဏီမှာ Facebook Friend star ကြောင်းပြောတော့ Thesis ကူရေးပေးတုန်းက အဖြစ်တွေ သတိရသည်။ ကျောင်းသူ တစ်ယောက် အတွက် Thesis ကို Search Engine လုပ်မယ်ပြောတော့ ကျောင်းက ဆရာမကြီးက Google ထက်သာအောင် လုပ်နိုင်မလား မေးသည်။ အဲဒီလောက်မှ တော်နေရင်လည်း သီဟသစ်တို့ Tootle တို့ Hoohle တို့ Search Engine ထောင်ပြီး ကြီးပွားနေလောက်ပြီ ဖြစ်သည်။

Monday, March 23, 2009

ဆိုဆိုဖွယ်ရာ ၀ါသနာကား

ညီမငယ် Chi Chi, ညီလေး Pနဲ့ ညီမလေး မိုးခါးတို့က တက်ဂ်လာတော့ ရေငတ်တုန်း Carlsberg တွင်းထဲကျ ဆိုသလို ရေးလိုက်ပါတယ်..

၁) သီချင်းနားထောင်/ဆိုခြင်း
ဒါကတော့ ၀ါသနာအပါဆုံးဖြစ်သည်။ ငယ်ငယ်ကတည်းက စာကျက်ရင် သီချင်းဖွင့်ကျက်သည်။ ခုကြီးလာတော့ အလုပ်လုပ်ရင် သီချင်းဖွင့်ထားသည်။ ပျော်စရာရှိလျှင်လည်း သီချင်းလေးနဲ့။ လွမ်းစရာ ရှိရင်တောင် လွမ်းတာကို ခဏ ဘရိတ်အုတ်ထားပြီး လွမ်းလို့ကောင်းတဲ့ သီချင်းလိုက်ရှာ၏။ ပြီးမှ အားရပါးရလွမ်း၏။ ကျောင်းမှာ Welcome ရှိတိုင်း သူငယ်ချင်းတွေကို အသံဖြင့် တက် နှိပ်စက်၏။

၂)PC ကစားခြင်း
ဖဲရိုက်ခြင်းလို့ရေးမလို့ဟာ မလှလို့ PC ကစားခြင်းရေးလိုက်တာပါ။ Software ပညာရှင်ဖြစ်လိုသူတိုင်း ဖဲ နှင့် အထိအတွေ့ရှိရမည် ဟု Software ဂုရုကြီး Rekoj ပြောခဲ့သည့် အားလျော်စွာ ကျောင်းတုန်းက ယောက်ျားလေးဆို ဖဲကစားတတ် မိန်းကလေးဆို ဖဲဗေဒင် ကြည့်တတ်ကြသည်။ ပထမနှစ်ရောက်မှ စကစားဖြစ်တာ ဖြစ်သည်။ ပထမနှစ် တွမ်တီဝမ်းရိုက်သည်။ အောင်စာရင်းထွက်တော့ ရိုးနံပါတ် တွမ်တီဝမ်း ရ၏။ ဒုတိယနှစ် ရှမ်းကိုးမီး အောင်စာရင်းမှာ ရိုး နိုင်း ၊ တတိယနှစ် ၂ ခဏန်း ၄ ခုပါရင် နိုင်တတ်သော ဟောင်ကောင်ရှိုး ၊ အောင်စာရင်းမှာ ၈။ ဤနေရာမှာ ၀ါသနာကို သစ္စာရှိဖို့လိုသည်ထင်၏။ ဂုဏ်ထူးတန်း ရောက်တော့ လူကြီးဖြစ်ပြီ ဟု သူများကပြောကြသဖြင့် ၀ါသနာကို စွန့်လွှတ်လိုက်ရကာ အောင်စာရင်းထွက်တော့ ရိုး ၂၀ ကျော်သွား၏။ (မှတ်ချက်။ ။ ကိုယ်လိုချင်ခဲ့တဲ့ roll no လေးတွေထည့်ရေးခြင်းသာ ဖြစ်၍ အထင်မကြီးကြစေလို)

၃)Dictionary လှန်ခြင်း
အချို့သူတွေ ကစားသလို page နံပါတ်မှတ်တာမျိုးမဟုတ်။ တစ်ခုခုလုပ်စရာရှိလျှင် Dictionary ကို Random လှန်ပြီး ပထမဆုံးကြည့်မိတဲ့ စာလုံးနဲ့ နမိတ်ယူတာမျိုးဖြစ်သည်။ ဥပမာ. ချူသစ်လေး ဆီသွားတော့မယ် ဆိုရင် happyလို စာလုံးမျိုး၊ အင်တာဗျူး ၀င်ရတော့မယ်ဆိုရင် success လိုစာလုံးမျိုး ။ စာလုံးကောင်း မတွေ့မချင်းလှန်တာ ဆိုတော့လည်း နမိတ်က မကောင်းစရာမရှိ။

ပုဇွန်တွေ ဂဏန်းတွေ ချစ်တတ်ခြင်းကား ၀ါသနာဟု ဆိုလို့ရမရ မသိသဖြင့် မထည့်တော့ပြီ။ ကိုယ် tag ချင်တဲ့သူတွေကား များလွန်းသဖြင့် Cbox မှတဆင့် လိုက်အော်ပါတော့မည်။

Thanks to Chi Chi, P and MK.

Saturday, March 21, 2009

Mr. Bean နှင့် အတွေးများ



Mr. Bean ဟာသလေး တစ်ခုကို လူတော်တော်များများ ဖတ်ဖူးလိမ့်မယ်ထင်ပါတယ်။ သူ့သူငယ်ချင်းက သူ့ကို ပြောတာ ငါ lift ထဲမှာ ပိတ်မိနေတာ ၃ နာရီလောက်ကြာတယ်တဲ့။ Mr Bean ကပြန်ပြောတယ်။ မင်းကတော်သေးတာပေါ့ ၊ ငါက escalator ထဲမှာ ပိတ်မိနေတာ ၃ နာရီလောက်ကြာတယ် တဲ့။

အဲဒါလေးကို ဖတ်မိပြီး ဆင့်ပွားခံစားမိတာက ကိုယ်ရောက်နေတာ ကိုယ်ပိတ်မိနေတယ်လို့ ထင်ရတာ ဘယ်နေရာလဲ။ escalator လိုနေရာမျိုးမှာ ဆိုရင်တော့ ဘယ်သူ့မှ စောင့်မနေပါနဲ့။ ကိုယ့်ဘာသာကိုယ်ရောက်အောင် သွားလိုက်ပါ။ ဓါတ်လှေခါးလို နေရာမျိုးဆိုရင်ရော ဘယ်တတ်နိုင်မလဲ။ အလျှော့ပေးဖို့ ပြောတာမဟုတ်ပါ။ ရတဲ့အခွင့်အရေးကို ရအောင်အသုံးချဖို့ ကြိုစားသင့်တယ် ဆိုတာ စဉ်းစားမိတာလေးပါ။

Thursday, March 19, 2009

Once upon a time, there was a lion

တစ်ခါကဖြစ်ပါသည်။
မနှစ်ကမေလ သီဟသစ် စင်္ကာပူ ရောက်ရောက်ခြင်း အားသိပ်မရှိပေ။ ဆွေမျိုးတွေ ဘာတွေ မရှိလို့လား ယောက်ျားလေးဖြစ်ပြီး အားငယ်တတ်လိုက်တာကွယ် မထင်ပါနှင့်။ စင်္ကာပူ မလာခင် တစ်ရက်အလို ရန်ကုန်က တည်းတဲ့ဆီမှာ ကျွဲရိုင်းသောက်လိုက်မိပြီး ပဋိက္ခရား မင်းသားရဲ့ ဓါတ်လုံးကိုငုံမိသူလိုဖြစ်သွားသောကြောင့်ဖြစ်သည်။ (အကြောင်းစုံကို Bonus တွင်ဖတ်ပါ)

ရောက်လာပြီး ၃ ရက်လောက် ရှိသော် ဖုန်းအင်တာဗျူးရသည်။ Bla Bla မေးပြီးတော့ လခမေးသည်။ သီဟသစ်ဖြေလိုက်သည် "သာတင်းသောင်ဇင်" ။ ဟိုလူဖျားသွားသည်။ တစ်နှစ်စာလား တစ်လစာလား မေးသည်။ ဘယ်ရမလဲ တစ်လစာပေါ့ကွ ဖြေလိုက်သည်။ သူဖုန်းချသွားသည်။ ပြီးမှ ပြန်စဉ်းစားကြည့်တာ ကိုယ်ပြောချင်တာ 3000 ထွက်သွားတာက သာတင်းသောင်ဇင် အေးရော။

နောက်တစ်ခုကျတော့ Suntec City မှာဖြစ်သည်။ ငါ့ကို မအဘူးများမှတ်နေလား ဟု ကြွေးကြော်လေ့ရှိသော သီဟသစ် City Hall MRT မှာ ကားလမ်းမပေါ်ထွက်ပြီး လမ်းလျှောက်သွားသည်။ လမ်းကပြောင်းပြန်ကြီးလျှောက်မိ အင်တာဗျူး ချိန်က နီးသဖြင့် ကားငှားလိုက်ရသည်။ ဟိုရောက်တော့ သွားရမှာက ၁၅ ထပ်လားမသိ။ ဓါတ်လှေခါးထဲ ၀င်တော့ ဓါတ်လှေခါးကတက်သာသွားသည်။ နံပါတ် ၁၅ ရှာမတွေ့။ အဲဒါနဲ့ ၃၄ ထပ်ထိတက်ပြီးပြန်ဆင်းလာသည်။ နားကိုအူရောပဲ။ နောက်မှ Reception သွားမေးရသည်။ တခြားဘက်မှာရှိနေသည်။ အပြန်ကျမှ မြေအောက်လမ်း City Hall ကိုရှိမှန်းသိလေသည်။ ငါလူလည်ကွ ဆိုပြီး အဲခါကျမှ ပြောနိုင်တော့သည်။ ကျန်တာတွေ နောက်တော့ဆက်ပါမည်။

Bonus:
ပဋိက္ခရား မင်းသားရဲ့ ဓါတ်လုံး ကိုငုံမိသူ
ရာဇ၀င်ထဲက ပဋိက္ခရား မင်းသားအကြောင်း အချို့ကြားဖူးကြပေလိမ့်မည်။ သူ့မှာပြဒါးရှင်လုံးရှိသည် ဆို၏။ (မမကွမ်းပို့စ်ထဲက Lords of the Rings ထဲက လက်စွပ်မျိုးနေမှာပေါ့လေ)။ သူသေသွားတော့ အဲဒါပျောက်နေသည်။ တစ်နေ့တော့ လူတစ်ယောက်ထင်းခွေသွားရင်း အဲဒီပြဒါးရှင်လုံးကို မတော်တဆ ကောက်ရသည်။ ၀န်ကြီးကို ယောက္ခမ တော်လိုက်ရသလို နေ့ခြင်းညခြင်းခိုင်သွားသည်။ သူကပျောက်သွားမှာစိုး၍ ပါးစပ်ထဲငုံထားသည်။ တစ်နေ့တော့ ယောင်ပြီး မျိုချလိုက်မိသည်။ သူကချက်ချင်းပြန်ကျလာစေရန် ၀မ်းနှုတ်ဆေးစားသည်။ သူပြန်စဉ်းစားမိသောအခါ မစင်ထဲက ပြဒါးရှင်လုံးကို ပြန်ပြီးငုံရမှာ ရွံစရာ။ ထို့ကြောင့် အန်တဲ့ဆေး စားသည်။ ထို့နောက် အထက်လှန် အောက်လျှောဖြစ်ကာ သေလေတော့သည်။

သီချင်း Quiz: Exam

သူများတွေလို ၀တ္ထူကောင်းကောင်းလေးလည်း မရေးတတ် ကဗျာ လှလှလေးတွေ လည်းမဖွဲ့တတ်တော့ လာလည်တဲ့ သူငယ်ချင်းမိတ်ဆွေတွေကို အားနာမိပါတယ်။

ကဲအားလုံး အပျင်းပြေ အောင်သီချင်းQuiz လေးဖြေကြည့်ပါ။

၁။ စာမေးပွဲ နီးခါနီးကျောင်းသားတွေ ဆိုလေ့ရှိတဲ့သီချင်း (စည်သူလွင် ဆိုထားတာ)
၂။ စာမေးပွဲ ဖြေနေတဲ့အချိန်ကျောင်းသား/သူ တွေ ဆိုကြတဲ့သီချင်း (တင်ဇာမော် ဆိုထားတာ)
၃။ ဆပ်ပလီ လာဖြေတဲ့ ကျောင်းသားကို ဆရာမ က ဆိုပြတဲ့သီချင်း (alex ဆိုထားတာ)

အဖြေတွေကို အဖြူရောင်နဲ့အောက်မှာရေးထားလို့ Select လုပ်ပြီးတိုက်ကြည့်ပါ။ ကိုယ့်ဘာသာကိုယ် စဉ်းစားမိတဲ့ တိုက်ဆိုင်တဲ့သီချင်းလေးတွေ ရှိခဲ့ရင် ကောမန့်မှာ ရေးပေးခဲ့ပါဗျာ။

၁။ မပိုင် ဘာတစ်ခုမှ ကို့မှာမပိုင် (စကားလေးတစ်ခွန်းပါတဲ့ မေ့သမီးက ပြောပြသွားပါတယ်)
၂။ဘ၀နဲ့ အချစ်နဲ့ ကျောင်းဖတ်စာကို သေချာ မကြေညက်ခဲ့တော့လည်း မှားပြန်တယ် (မှားပြန်တယ်)
၃။ဒီမေးခွန်းလေးပဲထပ်ဖြေလိုက်ပါ ချစ်သေးရဲ့လား (ချစ်သေးရဲ့လား)

Tuesday, March 17, 2009

Diary ထဲမှာ သီဟကို ထားရစ်ခဲ့



Credits to
http://www.cartoonstock.com/newscartoons/cartoonists/dbr/lowres/dbrn519l.jpg

Please also see
http://www.beno.be/blog/media/blogs/blog/blogCartoon.jpg

အဆောင်မှာ နေတုန်းက သူငယ်ချင်း အရင်း တစ်ယောက် အကြောင်း သတိရမိသည်။ သူက ဒိုင်ယာရီ ရေးကျင့်ရှိသည်။ သီဟသစ်တို့ စာကျက်ပြီး ခေါင်းပူရင် (ဦးနှောက် အညောင်းပြေ စေရန်၎င်း၊ program ရေးလျှင် logic ကောင်းရန်အတွက်၎င်း စကားလုံးကြီးများ သုံးပြီးသကာလ)PC ကစားလေ့ရှိသည်။ Personal Computer မဟုတ် Playing Cards ဖဲ ဖြစ်သည်။ သူက ဒိုင်ယာရီ ထဲမှာ ရေးသည်။ ဒီနေ့ သီဟသစ်တို့ နဲ့ ဖဲရိုက် နောက်နေ့ လာတော့လည်း ဒီနေ့ သီဟသစ်တို့ နဲ့ ဖဲရိုက် ကြာလာတော့ ဒီကောင် စိတ်တိုလာသည်။ တော်ပြီ ဒိုင်ယာရီထဲမှာ ဒါကို ထည့်မရေးတော့ဘူးတဲ့။

လတ်တလော ခံစားချက်များ
(၁) ရုံးမှာ ကိုယ့်ဘလော့ကိုယ် ပြန်ချောင်းရသည်မှာ လူပျိုပေါက်ဘ၀ ကိုယ်ကြိုက်တဲ့ ကောင်မလေးအိမ်နားသွားသလို ခံစားရသည်။ ချောင်းကြည့်ပြုံးပြန်ပဲ လုပ်နိုင်သည်။

(၂) တစ်ခါတစ်ရံ အိမ်ထဲက ကောင်မလေးလိုလည်း ခံစားရသည်။ ကိုယ့်ဆီလာသူကို ပြန်နှုတ်ဆက် ချင်သော်လည်း လူကြီးများ သိမှစိုး၍ မနှုတ်ဆက်ဝံ့သော ခံစားချက်ဖြစ်သည်။

တွဲဖက်ရန် အမှတ်တရလေးများ: ဘလော့ဂါ ဖတ်စာ
လတ်တလော ဆိုဖြစ်တဲ့သီချင်း
"လေယာဉ်သံလေးများ ကြားရင် အိမ်ပြန်ချင်တဲ့စိတ်ကလေး တားမရဘူး" ရုံးက Eunos မှာဖြစ်သောကြောင့် Changi နှင့် သိပ်မဝေး သဖြင့် လေယာဉ်သံ ခဏခဏ ကြားရလေသည်။

ဒါပါပဲကွယ်....

Sunday, March 15, 2009

ထိုတစ်ည၀ယ်


Credits to http://img.en.china.cn/0/0,0,280,3475,300,298,ebb79586.jpg

သီဟသစ်တို့ ကျောင်းသားဘ၀က သူငယ်ချင်းတွေ အဆောင် ဂစ်တာ လိုက်တီး သီချင်းဆိုကြသည်။ ပုံမှန်ကတော့ no response ပဲဖြစ်သည်။ (ဟယ် ညံ့လိုက်တာကွယ် မပြောပါနှင့်။ သီဟသစ်တို့ က ys လေးတွေ ရှိသောအဆောင်မှာ ဆိုလေ့မရှိသောကြောင့်ဖြစ်သည်)

တစ်ညတော့ ထူးထူးခြားခြား response တွေ ဆက်တိုက်ရသည်။ ခါတိုင်း အဆောင် ၀ရံတာ ခိုးမထွက်ရဲသော ချုသစ်လေးတို့ အဖွဲ့ ခိုးထွက်လာပြီး မီးရောင်နီလေးနှင့် အချက်ပြသည်။ သီဟသစ်တို့ အားတက်သွားသည်။ သီချင်းအားရပါးရဆိုသည်။

ပြီးတော့ နောက်ထပ် တစ်ဆောင်ထပ်ကူးသည်။ အဲဒီကို တစ်ခါမှ သွားမဆိုဘူးသေးပေ။ မီးကလည်း ပျက်နေသည်။ အရိပ်တွေ မြင်ရတော့ ပျော်သွားသည်။ အားပေးကြလိမ့်မည်ပေါ့။ ၂ ပုဒ်လောက်လည်းဆိုပြီးရော ကပ်ရပ် ၁ ဆောင်က ယောက်ျားလေးသံတွေနဲ့ သီချင်းပြန်ဆိုပြသည်။ သီဟသစ်တို့ မသိတာက သူငယ်ချင်းအဆောင် နှင့်ကပ်ရက်မှာ ယောက်ျားလေးဆောင်ရှိတယ်ဆိုတာပင်။ ကံကောင်း၍ ခဲနှင့် အပေါက်မခံရခြင်းဖြစ်သည်။

နောက်ထပ်တစ်ဆောင်သွားဆိုကြသည်။ ၃ ပုဒ်လောက်လည်းဆိုပြီးရော အဆောင်ခေါင်မိုးပေါ်ကို အုတ်ခဲတွေ တ၀ုန်းဝုန်းကျ၏။ သီဟသစ်တို့ ပြေးရပြန်သည်။ (နောက်နေ့မှ သူငယ်ချင်းတွေမေးကြည့်လို့ သိရတာက မီးနေသည် ရှိသောကြောင့် သူ့ယောက်ျားက ခဲနှင့်ပစ်တာတဲ့။ ကိုယ်တွေ အပေါ်တည့်တည့် မပစ်တာ ကံကောင်း)

နောက်ဆုံး သွားဆိုတဲ့ တစ်ဆောင်က လမ်းကျဉ်းလေးထဲမှာဖြစ်သည်။ သူငယ်ချင်းက သူ့အိမ်က ကားယူလာသောကြောင့် ခဲထိမှာ လန့်နေသည်။ ထိုအဆောင်မှာတော့ ထူးထူးခြားခြား မကြုံလိုက်ရ။

အဲဒီနောက်မှာတော့ သီဟသစ်တို့ တစ်ဖွဲ့လုံး ထိုတစ်ည အတွေ့အကြုံကြောင့် ဘယ်အဆောင်မှ ဂစ်တာလိုက်မတီးကြတော့ချေ။

ဝမ်းနည်းပါသည်။ (စာပေါလောကမှ အပိတ်စကားလေး ယူသုံးသည်)

Saturday, March 14, 2009

ဂျိမ်းစ်သွန်း

မှားရိုက်ထားတာ မထင်ပါနှင့်။ ဂျိမ်းစ်ဘွန်း + သီဟသစ် = ဂျိမ်းစ်သွန်း
တစ်ခါက ဖြစ်ပါသည်။ (ဒီစာကြောင်းလေး ရေးမိတိုင်း အရင်က ဂျာနယ်တွေမှာ ဒီခေါင်းစဉ် နဲ့ သူများ အတင်းတွေ ပြောတတ်တဲ့ လူကို သွားသွားတွေးမိသည်။ သီဟသစ် တို့ ကတော့ ကိုယ့် သတင်းကိုယ် ပြောမှာပါ။)

ကွန်ပြူတာ တက္ကသိုလ် ပထမ နှစ် တက်နေတဲ့ အချိန်က ဖြစ်ပါသည်။ သီဟသစ် တို့ စာသင်ခန်းထဲမှာ ကြိုးစားချင်ယောင်ဆောင်နေတုန်း သူငယ်ချင်းတစ်ယောက်က လာခေါ်သည်။ ကျောင်းနားက တောင်တွေ တက်ပြီး ထူးမဂူ သွားရအောင် ဆိုတော့ အေးပေါ့ လေ။ ဒါနဲ့ ဘယ်သူတွေပါတုန်း ဆိုတော့ မိန်းကလေး ၁၁ ယောက် နင် ၁ ယောက်တည်းတဲ့။ အေးပေါ့လေ။ မချော ၁၁ ယောက် ကို ၁ ယောက် ပေါ့လေ။ (စာရေးဆရာ ဆွေလှိုင်ဦး၏ ဘခက်ထက် ၁ ယောက်သာတယ်။)

ဒါနဲ့ တောင်တွေ ပေါ်သွားတက် ရောက်သွား ၊ ဘုန်းကြီးကျောင်းမှာ လှူ ၊ ပါလာတဲ့ ထမင်းဘူးတွေနဲ့ ဘုန်းဘုန်းစွန့်တဲ့ဟင်းတွေနဲ့စား။ အဲဒီအထိ ဘာ ပြဿနာမှ မရှိသေး။ အပြန်လည်းကျရော ဖိနပ်ပေါက်နေတဲ့ တစ်ယောက် ကို စောင့်ပေးနေရင်း ၆ ယောက် ကသတ်သတ် ၊ သီဟသစ် နဲ့ ၅ ယောက် ကသတ်သတ် ဖြစ်သွားသည်။ တောထဲမှာ လမ်းတွေပျောက်ပြီး မျက်စိတွေလည်ကုန်ကြသည်။ လမ်းသိတဲ့ ၁ ယောက်က ၆ ယောက် အုပ်စုထဲ ပါသွားသည်။ ညနေကလည်း မှောင်စပြုလာပြီဖြစ်သည်။ အဲဒီမှာ သီဟသစ်တို့ စဉ်းစားရသည်။

တကယ်လို့ ည အချိန်မီ ပြန်မရောက် ခဲ့လျှင် သီဟသစ်တို့နဲ့ သွားတာ ဆိုပြီး နာမည် တပ်ခံရတော့ တစ်ယောက်ယောက်တော့ တာဝန်ယူရရင် ခက်ရချေလိမ့် ဆိုပြီး ၅ ယောက်လုံးကို အဲဒီအခါမှ သေချာကြည့်မိသည်။ တစ်ယောက်မှ အထွက်တစ်(attractive) မဖြစ်ချေ။
အဲဒါနဲ့ မဖြစ်ချေဘူး။ လမ်းကို မတွေ့တွေ့ အောင်ရှာပြီး အဆောင်တွေပြန်ရောက်တော့ ည ၇ နာရီ ခန့်ရှိပြီ။ ဟူး အဲဒီအခါမှ သီဟသစ်တို့ အလုံးကြီးကျသွားသည်။ ဒါမှ မဟုတ်ရင် တောထဲကဘုန်းကြီးကျောင်းမှာ ကိုယ်တော်တစ်ပါးတိုးနေလောက်ပြီ ဖြစ်သည်။

Bonus:
ဗိုလ်ကြီး မသေဘူးဟေ့
ရှေ့တန်းတိုက်ပွဲ တစ်ခုတွင်ဖြစ်သည်။ ရန်သူ့စခန်းကို သိမ်းပိုက်မိသည့် အခါ တပ်ဖွဲ့တွင်လည်း ရိက္ခာပြတ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ရန်သူ့ စားဖိုဆောင်ထဲတွင် ရိက္ခာ အမြောက်အမြား တွေ့ရသော အခါ တပ်သားများ ပျော်သွားကြသည်။ သို့သော်လည်း သူတို့ တစ်ယောက်မှ မစားကြသေးပဲ ဗိုလ်ကြီးကို သာလေးစားသည့် အနေဖြင့် အရင်စားခိုင်းကြသည်။
ဗိုလ်ကြီးစားတာကို သူတို့ ထိုင်ကြည့်နေကြသည်။ စားပြီးတစ်နာရီကြာသည်အထိ ဘာမှ မဖြစ်တာ တွေ့ရမှ "ဗိုလ်ကြီး မသေဘူးဟေ့။ အဆိပ်တွေ မပါဘူး။ တို့လည်းစားလို့ရပြီ" ဟု ၀မ်းသာအားရပြောကာ စားကြလေသည်။

Wednesday, March 11, 2009

DMail

သူများတွေ နည်းပညာ အကြောင်းရေးကြသောအခါ မောင်သီဟသစ်ရေးချင်လာ၏။ DMail ဆိုသည်မှာ လွန်ခဲ့သော ၇ နှစ်ခန့်က ကျွန်တော်နှင့် ချူသစ်လေးတို့ သုံးခဲ့ကြခြင်းဖြစ်၏။ အင်တာနက်မလို မီးလာဖို့တော့ လိုလေသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက
ဝန်ဆောင်မှုပေး၏။ (ဟယ်တို့တောင် မသိပါလား။ ပြောပြမှာပေါ့ ဆက်ဖတ်ပါလေ။)

ဤနေရာ၌ ကျွန်တော် ဘာကြောင့် မြန်မာစာ ကောင်းကောင်းရိုက်တတ်သလဲ ဆိုတာ ပြောဖို့လိုလာသည်။ တရံရော အခါကပေါ့ကွယ်။ 2001 လောက်ကပေါ့။ တစ်ချို့သောသူတို့(for e.g Ko TZA, Ko PM) ကဲ့သို့ အဖျားရှူးဇာတ်လမ်းရေးမည် မထင်ပါနှင့်။ အဖျားရှူးတာ မကြိုက်လို့ A တောင် မဖြစ်သာမှ ရေး၏။

ကျောင်းကြီးပြီးသွားတော့ ချူသစ်လေးနှင့် အဆက်အသွယ် လုပ်ဖို့ခက်သွားလေသည်။ သူ့အိမ်က ကျွန်တော် အစွန်းအစ ရှိကြောင်း မသိသေးသောကြောင့် သဘောမတူသေးပေ။ (ကျွန်တော် အစွန်းအစ ရှိတာကတော့ ဒိုဘီသည်ပဲသိ၏။) ကျွန်တော်စာရေးပို့ရင် သူ့အိမ်က ဖောက်ဖတ်ပြီး လွှင့်ပစ်မှာ စိုးရသည်။ သူ့အိမ်တွင် ကွန်ပျူတာ တစ်လုံးရှိ၏။ သူတစ်ယောက်သာ သုံးတတ်သည်။

သီဟသစ်တို့ ကြိုးစားရလေပြီ။ ကွန်ပြူတာရှိသော သူငယ်ချင်း အိမ်သွား သူ့မိဘ တွေရှိရင် Programming တွေလုပ်၏။ မရှိရင် စာတွေရိုက်၍ Diskette မှာသိမ်းလေသည်။ ထို့နောက် စာတိုက်သွားကာ ပို့ရလေသည်။ ချူသစ်လေး မိဘတွေ ကတော့ သူ့သမီးကို ကျေးဇူးတင်ထိုက်၏။ စာလုပ်ဖို့ ၀ယ်ပေးထားတာ ရည်းစားစာပါ ဖတ်လို့ရတယ် ဟုပြလိုက်သောကြောင့်ပင်။

အဲဒီတော့ DMail ဆိုတာဘာလဲ သိလောက်ပေပြီ။ Diskette Mail ဖြစ်ပါသည်။



Credits to http://www.istockphoto.com/file_thumbview_approve/915853/2/istockphoto_915853_diskette_cartoon.jpg

မှတ်ချက်(၁)
မမိုးကောင်းသူ: အင်း ဒီမေး ဆိုတော့ ဒီကမေးပေါ့ နောက်မေးခွန်းက ho mail ဖြစ်မလားပဲ
Rita: နေမျိုးဆေးရဲ့ ဆိုင်တဆိုင် ဗိုလ်မင်းခေါင်လမ်းမှာ ရှိဖူးတယ်။ Cafe D လေ။ D for Dangerous တဲ့။ if so, Dangerous Mail
ခင်မာလာ: လာလည်သွားတယ် အစ်ကိုရေ ။ Dmail ဆိုတာဘာလဲဆိုတော့ မုန့် အရင်ဝယ်ကြွေးရမယ် ။။။။ ဟဲဟဲ (နောက်တာပါ) ။
နွေးနေခြည် : Dmail ဆိုတာ ဟိုမေး မဟုတ်တာပါး) အဟီးးးး
အန်တီချမ်း: DMail is an easy to install, high performance, reliable and scalable mail server. Anything from a small personal mail server to a 10 Million user ISP mail system. Flexible authentication modules allow

Cbox တွင် ဖြေသွားကြသော Rita, နွေးနေခြည် ခင်မာလာ အန်တီချမ်း မမိုးကောင်းသူ တို့ အား ဇွဲဆုပေးတဲ့ အနေဖြင့် မုန့်ကျွေးပါမည်။ ကြိုက်ရာမုန့် ပြောကြပါကုန်။ Email နှင့် မရောက်မချင်းပို့ပေးပါမည်။ အပြင်တွင် မပြောကောင်း မဆိုကောင်း တွေ့ခဲ့သည် ရှိသော် တကယ် မုန့်ကျွေးပါမည်။

မှတ်ချက်(၂)"ကျေးဇူးတင်ထိုက်သူများ အကြောင်း ရေးမိသော အခါ ကျွန်တော် ကျေးဇူးလို့ ပြောလိုက်ရင် နောက်သလိုကြီး ဖြစ်နေ၏။ လာလည်ကြသော မန့်ကြသော မိတ်ဆွေ အပေါင်းကို တကယ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါသည်။

မှတ်ချက်(၃)Ko TZA , Ko PM နာမည်သုံးခ အအေးတိုက်ပါမည်။

Monday, March 9, 2009

ကျေးဇူးတင်ထိုက်သူများ အကြောင်း

၁။ ကြာတော့ကြာပါပြီ။ လွန်ခဲ့တဲ့ ၁ လ လောက်ကပါ။ City Hall သွားတော့ MRT က အထွက်နားမှာ "မြန်မာတွေပေါလွန်းတယ်၊ စင်္ကာပူကို မလာတော့ဘူး" ဆိုသော မြန်မာသံ ပီပီသသကြီးကို အမျိုးသမီး တစ်ယောက်ထံမှ ကြားလိုက်ရ၏။ ထိုအမျိုးသမီးကား ကိုယ့်လူမျိုးတွေ ကိုယ့်နိုင်ငံမှာ အေးအေးချမ်းချမ်း ရာဘာစိုက် ဆီအုန်းစိုက် စားစေလိုသော စေတနာ ရှိပုံ ရလေသည်။ မည်မျှကျေးဇူးတင်ထိုက်သနည်း။

၂။ တနေ့သောအခါ ပင်နစူလာ အရောက် ဆိုင်ခန်းတစ်ခန်းရှေ့ အဖြတ်တွင် ခင်ဗျား ဒီကိုလာပြီး ဟိန်းသလို ဟောက်သလို လာမလုပ်နဲ့ ၊ ဒီမှာ လုပ်ပေးနေတာ မမြင်ဘူးလား၊ ဖြတ်ရိုက်ပလိုက်မယ် ဆိုသော အသံကိုကြားရ၏။ ထိုခဏ၌ှ ပြန်လာသူတိုင်း "အကျွန်တို့သည်ကား နိုင်ငံတော် တာဝန်ကျေခဲ့လေပြီ" ဟု ဂုဏ်ယူ(၀မ်းနည်း)စွာ ရွတ်ဆိုလေ့ရှိသော နေရာကြီးတစ်ခု ပင်နစူလာမှာ လာဖွင့်နေပြီလား ဟုထင်လိုက်မိသည်။ မဟုတ်သေးချေ။ အကယ်၍ မတော်တဆ လာဖွင့်ခဲ့ချေသော် နားခံနိုင်စေရန် ထိုသူက လေ့ကျင့်ပေးနေခြင်းသာတည်း။ မည်မျှကျေးဇူးတင်စရာ ကောင်းသနည်း။

၃။ တနေ့ စီးတီးဟောမှ အပြန် ရထားပေါ်တွင် အမျိုးသမီးတစ်ဦး ဖုန်းပြောနေသံကြားရ၏။ လည်မျိုတက်နင်းပလိုက်မယ် ဆိုသောစကား ကျယ်လောင်စွာ ခဏ ခဏကြားရ၏။ ကိုယ့်နိုင်ငံ နှင့်ဝေးနေခိုက် ကျန်တဲ့သူများကို ဘုရား တရား တ နိုင်စေရန် ကူညီပေးနေခြင်း ဖြစ်ရာ၏။ မည်မျှကျေးဇူးတင်ထိုက်ပါသနည်း။

ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်ခြင်းသည် မင်္ဂလာတစ်ပါး မဟုတ်ပါလား။

Sunday, March 8, 2009

မှတ်သားမိသော စကားများ

သူငယ်ချင်းတွေ ပြောပြတဲ့ တိုင်းရင်းသား လူမျိုးတွေ အကြောင်းပါ။
၁။ သူငယ်ချင်းတစ်ယောက် အင်းစိန် GTI မှာတက်တော့ သူနှင့် အတူတူ တက်တဲ့ သူငယ်ချင်းက ပြည်နယ်ဘက်ကပါ။ တနေ့ သူတို့ လိုင်းကား (ဒတ်ဆန်းကား) အတူတူ တွယ်စီးကြရင်း အဲဒီ တိုင်းရင်းသားလေးက စပယ်ယာကို ပြောပါတယ်။ "ကျွန်တော် ရှေ့မှတ်တိုင် ရောက်ရင်ကျမှာ"။ အဲဒီတော့ စပယ်ယာက "မကျဘူး သေချာ ကိုင်ထား" လို့ ပြောတာပေါ့။ သူက "မဟုတ်ဘူး။ ကျွန်တော် ကျမှာ"။ ကျမယ်၊ မကျဘူး ငြင်းနေတဲ့ အချိန် သူငယ်ချင်းက "သူဆင်းမှာကို ပြောတာနေမှာဗျ" ဆိုမှ ဇာတ်လမ်းပြီးသွားရော။ အဲဒီကောင်လေးက ဆရာကြီး ရုံးခန်းကို ဖြတ်သွားရရင် ရေခဲသေတ္တာ ဖွင့်ဖွင့်ကြည့်ဆိုပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဖွင့်လိုက်ရင် မီးလင်းလာတာ သဘောကျလို့ တဲ့။

၂။ တောင်ပေါ်မှာ လိုင်းကားမောင်းတဲ့ ဒရိုင်ဘာက ကားလမ်းမှာတွေ့တဲ့ အဒေါ်ကြီးတွေကို လိုက်မှာလား မေးသတဲ့။ အဒေါ်ကြီးတွေက "မလိုက်ရင်ကော" ဆိုတော့ မလိုက်ရင်နေပေါ့ဗျာ ဆိုပြီး ထွက်သွားရောတဲ့။ တကယ်က လိုက်မှာဆိုတဲ့ အဓိပ္ပါယ် နဲ့ပြောတာပါ။ (သူငယ်ချင်း ဘလော့ဂါ ကောင်မလေးများလဲ "မချစ်ရင်ကော" သွား မလုပ်နဲ့နော်၊ ထွက်သွားလိမ့်မယ်။)

၃။ နောက်တစ်ခုကတော့ အခေါ် အဝေါ်တွေ အကြောင်းပါ။ ကလေးလေးတွေကို ကျွန်တော်တို့ အညာ တစ်ချို့ ဒေသဘက်မှာ "အော်တာရဲ၊ နီတာရဲ" လို့ခေါ်ကြပါတယ်။ (အော်တာရဲ လွန်းလို့နေမှာပေါ့။ စလုံးမလေးတွေတော့ ဘယ်လိုခေါ်ရပါ့) ။ကချင်ပြည်နယ် ဘက်မှာကျတော့ "လှပူတူး" လို့ခေါ်ပါတယ်။

သူငယ်ချင်း မိတ်ဆွေ တို့တွေလည်း မှတ်မိတဲ့စကားလေးတွေ ဖြန့်ဝေ ပေးကြပါအုံးလို့။

Saturday, March 7, 2009

အာရုံရတဲ့ အခါ

အားလုံးပဲ ကြုံဖူးကြပါလိမ့်မယ်။ ကျွန်တော်တို့ တစ်ခုခုကို စိတ်ပါလက်ပါလေး လုပ်ဖြစ်တဲ့ အချိန်တွေ ရှိပါတယ်။ အဲဒီ အချိန်မှာ ဘာလုပ်လုပ်လျှောခနဲ လျှောခနဲ ပြီးသွားတာမျိုးလေ။ အဲဒါကို အာရုံရတယ်လို့ သုံးတတ်ကြပါတယ်။

ဟိုမှာ ကျွန်တော် ကွန်ပြူတာသင်တန်း ဖွင့်တုန်းက မဟာတန်း Thesis တွေကို ကူရေးပေးပါတယ်။ Thesis ရေးစားတယ်ပေါ့ဗျာ။ သူငယ်ချင်းတစ်ယောက်က သူ့အိမ်က ပွဲရုံဖွင့်ထားတော့ ကျွန်တော့်ကိုလည်း ဘယ်လောက်ရလဲမေးပြီး တွက်ပါတယ်။ Thesis တစ်ခုဘယ်လောက် တစ်လ ဘယ်လောက်၊ တစ်နှစ်ဘယ်လောက်ပေါ့လေ။ ကျွန်တော်က ပြန်ပြောပါတယ်။ အဲလိုပြီးဖို့မလွယ်ဘူးကွ။ အာရုံရမှရေးလို့ရတာ။ သူကပြန်ပြောတယ် မင်းအာရုံကလည်း ရမရနိုင်ဘူး။ မြန်မြန်ရေး များများရပြီးရောတဲ့။

အဲဒီမှာတုန်းက ကိုယ့်အထက်မှာ ဘယ်သူမှ မရှိဘူးဆိုတော့ အေးဆေးပေါ့လေ။ (ကိုယ့်အောက်မှာလည်း ဘယ်သူမှမရှိပါဘူး။ :-)) ခုဒီရောက်တော့ အာရုံရတဲ့ အချိန်မှ လုပ်ဆိုတာ မဖြစ်နိုင်တာမို့ အာရုံကို ဇွတ်မွေးရပါတယ်။ အလုပ်မှာ နေ့လည်စာ စားပြီး ပြန်လာရင် မျက်နှာသစ်၊ ညနေ ၃ နာရီဆို ကော်ဖီသောက်၊ ညနေ ၄ နာရီ ဆို ကော်ဖီသောက် အဲဒါမှ အာရုံက ရသလိုလေးရှိပါတယ်။ ကော်ဖီ မသောက်ရရင်လည်း အောက်က ကာတွန်းလေးလို ဖြစ်နေမှာ သေချာတယ်။

Credits to http://www.optimiced.com/wp-uploads/2007/07/broken_coffee_machine.jpg


ကော်ဖီဆိုတာလည်း ရယ်ဒီမိတ် ကော်ဖီမစ်တွေမို့ သောက်သာ သောက်ရတာ။ ခပ်လန့်လန့်ရယ်။ အဲဒီတော့ မိတ်ဆွေတွေကို မေးချင်တာက အာရုံတွေကို မွေးယူစရာမလိုဘဲ ပုံမှန်ရအောင် ဘာလုပ်ရမလဲ။ ပြောပြကြပါဗျို့။

Thursday, March 5, 2009

ရွှေနိုင်ငံ နှင့် ရွှေဘိဇနက်

ပါရဂူဆရာဝန်ကြီးတွေ အလယ်မှာစံ
ဘေးမှာရံရမှာ ဆရာဝန်လေးတွေနဲ့ နပ်စ်မများ
ဟိုတယ်ကြီးအလား ဖွင့်မှာက
အထူးကု ဆေးရုံ။
အဖြူတစ်ယောက် ရုပ်ပြထား
တရုတ်မများနဲ့ ဖွင့်ချင်တာ
International School။
သောက်သူသောက် သေသူသေ
သဗေသတ္တာသဘောထား
အပြောမကြွားပဲ ဖွင့်မှာက
Beer Station။
မြန်မာ့ လောင်းကစား
ကမ္ဘာကိုလွှမ်းစေဖို့
မြန်ပြည်တစ်ဝှမ်း ဖွင့်လိုက်မယ်
လောင်းကစားဒိုင်။
ရိုးသားမှု ကြိုးစားမှုတွေ အသာထား
အရင်းအနှီးမများရင်တော့
သတင်းကြီးသွားဖို့ မလွယ်ဘူးမောင်။
တော်, ပိုင်မှ အနော်ခိုင်မှာမို့
အပျော်ထိုင်မနေပဲ
တော်, ပိုင် မလိုတဲ့
ရွှေနိုင်ငံ အပြင်မှာ
ကြိုးစားနေကြောင်း။ ။

ဟိုမှာ နေတုန်းက မီးမလာတဲ့ အချိန်မှာ စိတ်ညစ်ညစ်နဲ့ လျှောက်ရေးထားတာပါ။ ခုမှ နည်းနည်းပြင်ပြီး တင်လိုက်တာ။ ကဗျာ မပီ စာမပီ မို့ ဖတ်လို့ မကောင်းရင် ပြင်ပေးကြပါလို့။

Tuesday, March 3, 2009

လေဟုန်ကိုဆန် အဝေးဆုံးကိုပျံ

ကျွန်တော့်ကို အားအင်တွေ ဖြစ်စေခဲ့တဲ့ စာစုလေးတွေ အကြောင်း ပြောပြချင်ပါတယ်။ ဆရာ ဖေမြင့် ရဲ့ နှလုံးသား အာဟာရ ထဲကပါ။
လူတစ်ယောက်ဟာ တောထဲသွားရင်း လင်းယုန်ငှက်သိုက်တွေ့တော့ ၀င်နှိုက်ပြီး အိမ်ကိုယူလာပါတယ်။ အိမ်ရောက်တော့ ကြက်မ ၀ပ်ကျင်းထဲမှာ ကြက်ဥလေးတွေနဲ့ ရောထားလိုက်ပါတယ်။ အချိန်တန်လို့ ဥတွေပေါက်လာတော့ လင်းယုန်လေးလဲ ပေါက်လာပါတယ်။ သူ့ကိုယ်သူ ကြက်လို့ပဲ ထင်ပြီး ကြက်လိုပဲ နေပါတယ်။ အစာရှာစားပါတယ်။ ပျံကြည့်ဖို့ မကြိုစားဘူးပေါ့လေ။
တနေ့ သူနဲ့ ကြက်ကလေးတွေ အစာရှာစားနေတုန်း ကောင်းကင်မှာ လင်းယုန်ငှက်တွေ ပျံနေတာတွေ့တော့ သူကမေးကြည့်ပါတယ်။ သူ့သူငယ်ချင်းတွေက "အဲဒါ လင်းယုန်ကွ၊ ဘယ်လောက်ကျက်သရေရှိလဲ ၊ တို့လို ကြက်တွေနဲ့ ဘာမှ မဆိုင်ဘူးကွ" လို့ ပြန်ပြောတယ်။ သူလည်း အဲဒါကိုလက်ခံပြီး ဒီအတိုင်းပဲ နေလိုက်တယ်တဲ့။
တကယ်ဆို သူက လင်းယုန်ပါ။ သူ့ကိုယ်သူကြက်ကလေးလို့ပဲ သဘောထားတော့ သူမကြိုးစားဘူးပေါ့လေ။

ဒီပုံပြင်နဲ့ ကျွန်တော်က ဘယ်လိုဆိုင်နေလဲဆိုတော့ ကျောင်းပြီးလို့ သူငယ်ချင်းတွေ အားလုံးနီးပါး အပြင်ကိုထွက်ကြတဲ့အချိန်မှာ ကျွန်တော်က မြန်မာပြည်မှာပဲ ကွန်ပြူတာသင်တန်းလေး ဖွင့်နေပါတယ်။ မြန်မာပြည်ရဲ့ ထုံးစံအတိုင်း မီးကမလာ၊ အဲဒီအခါက ဆီဈေးကလည်းကြီး၊ နှစ်စေ့လို့ အိမ်ရှင်လာရင် တစ်နှစ်လုံးစုထားသမျှပေးလိုက်ရပြန်ရော။ သူငယ်ချင်း လင်းယုန်လေးတွေကတော့ ပျံသန်းနေကြပြီပေါ့လေ။

အဲဒီအခါကျ ကိုယ့်ကိုယ်ကို ဘယ်လိုသဘောထားမလဲလို့ သေချာပြန်မေးပါတယ်။ ကြက်ကလေးလိုပဲ နေမလား၊ လင်းယုန်လေးဖြစ်အောင် ကြိုးစားမကြည့်ချင်ဘူးလား။ အဲဒါနဲ့ ပျံသန်းကြည့်မယ်ဆိုပြီး ရောက်လာ အလုပ်ရ ၊ တည်ငြိမ်အောင် ကြိုးစားနေပါကြောင်း။

မှတ်ချက်။ ။ ဒီရောက်ပြန်တော့လည်း ပျံနေသမျှငှက်အားလုံးဟာ လင်းယုန်တွေချည်း မဟုတ်ကြောင်း သိလိုက်ရပါသည်။

Sunday, March 1, 2009

ဒဏ္ဍာရီ

ချစ်သူ့နှုတ်ခမ်း
လွမ်း၍နမ်းသော်
နမ်းရာမထင်
လွမ်းရာထင်သည်
ရင်မှာငြိပြီ
ဒဏ္ဍာရီ။

ကျွန်တော်တို့ ငယ်ငယ်က တော်တော်ကြိုက်ခဲ့တဲ့ ဒဏ္ဍာရီ ဇာတ်ကားက ကဗျာလေးပါ။ အလွတ်ရနေတာကို ကြာရင်မေ့သွားမှာ စိုးလို့ ဘလော့ပေါ်မှာ သိမ်းထားတာပါ။
ဒီဇာတ်ကားထဲက ဇာတ်ဝင်သီချင်းတွေ နားထောင်ချင်ရင် ဒီနေရာမှာ ရှိပါတယ်။

မေမေရဲ့ အနမ်း



Photo Credits to http://www.flickr.com/photos/casualcamera/2498091055/
ကျွန်တော်တို့မှာက မောင်နှမ ၃ ယောက်ရှိပါတယ်။ အစ်မနှစ်ယောက်ကတော့ ငယ်ငယ်မူလတန်းတွေမှာ အတန်းတိုင်းလိုလိုဆုတွေရပါတယ်။ ကျွန်တော်ကတော့ မူလတန်းမှာတစ်ခါမှ မရခဲ့ပါဘူး။ အလယ်အလတ်လောက်ပဲ ဆိုပါစို့။ သူတို့ဆုပေးပွဲတွေ သွားရတော့ ထုံးစံအတိုင်း အိမ်က အ၀တ်အစားသစ်တွေ ၀ယ်ပေးတာပေါ့။ ကျွန်တော့်ကို အမေကဘာပြောလဲ ဆိုတော့ ငါ့သားလေး လိမ်မာတယ်။ မိဘပိုက်ဆံကုန်မှာ စိုးလို့ဆုရအောင်ကို မကြိုးစားဘူး လို့ ပြောပါတယ်။ ဒါနဲ့ကျွန်တော်လည်း မခံချင်ဖြစ်ပြီး ကြိုးစားလိုက်တာ ၆ တန်းနှစ်ရောက်မှ တတိယဆုစရပါတယ်။ ဆုရတယ်လို့ ဘေးအိမ်က ဆရာမက လာပြောတော့ အမေက ၀မ်းသာအားရနဲ့ ကျွန်တော့်ကို နမ်းပါတယ်။ ဂုဏ်ပြုအနမ်းပေါ့။

အမေကျွန်တော့်ကို အဲဒီအချိန်မတိုင်ခင်ကလည်း နမ်းခဲ့ဖူးမှာပါ။ ဒါပေမယ့် ကျွန်တော့ ဘ၀ထဲမှာ ခုနက အနမ်းကို အမြဲသတိရတယ်။ ကျွန်တော် အဲဒီအချိန်ကစပြီး စာကို ပိုပြီး ကြိုစားဖြစ်ခဲ့တယ်။

ခုလက်ရှိရောက်နေတဲ့ နေရာ၊အခြေအနေ တစ်ခုဟာ အဲဒီအနမ်းလေးက အစပြုခဲ့တာပါ။
ကျေးဇူးပါ ဖေဖေ နှင့် မေမေ