Sunday, September 20, 2009

L for Langkawi - 4 : Day 2

ဒုတိယနေ့ သွားကြတဲ့ ခရီးစဉ်ကတော့ Cable Car စီးကြဖို့ပါ။ လမ်းမှာ Harbor Park ဆိုတဲ့ နေရာလေးမှာ ခဏရပ်ပြီး ဓါတ်ပုံတွေ ရိုက်ကြပါတယ်။ ရွက်လှေလေးတွေ ရပ်ထားတာ ကဗျာဆန်ပါတယ်။





Cable Car အကြောင်း မပြောခင် သီဟသစ်ရဲ့ အရင်တုန်းက ရည်မှန်းချက်တစ်ခု ရှိခဲ့တဲ့ အကြောင်း ပြောပြချင်ပါတယ်။ ဟိုအရင် လွင်မိုးဇာတ်ကားတွေမှာ Pilot အဖြစ် သူသရုပ်ဆောင်တာ တော်တော် smart ကျပါတယ်။ ငါလည်း သူ့လိုဖြစ်အောင်လုပ်မယ်ပေါ့။ တကယ်တမ်းလည်းကျတော့ သူငယ်ချင်းကောင်မလေးတွေနဲ့ ချားရဟတ်သွားစီးတာ သူတို့က မလန့်ပဲ ကိုယ်ကလန့်အော်မိနေကတည်းက စိတ်လျှော့လိုက်တယ်။ အမြင့်နဲ့ ငါနဲ့ ဒီဘဝတော့ မဖြစ်နိုင်တော့ဘူး ဆိုပြီး။ (အမြင့် က ကောင်မလေးနာမည် မဟုတ်ပါ)


Cable Car စစီးတဲ့ အဆောက်အအုံ နားရှူခင်း (Credits to Ko Lin)

Cable Car ဆိုတာကလည်း Sentosa က ဟာလောက်ပဲ စီးဖူးတာ ဆိုတော့ အဲလောက်လို့ပဲ ထင်ထားတာ။ တကယ်ကြည့်ကြည့်တော့

Credits To http://www.flickr.com/photos/izzat3114/2075625693/sizes/o/

အဲဒီရူခင်းကို မြင်ကတည်းက သိလိုက်ပြီ။ သီဟသစ်နဲ့တော့ မိတ်ပျက်ပြီ ဆိုတာ။ ဒါပေမယ့်လည်း ရောက်မှရောက်တဲ့နောက်တော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး လိုက်သွားပါတယ်။ မျက်နှာငယ်ငယ် တန်းတွေ မလွှတ်တမ်းကိုင်ထားတဲ့ သီဟသစ်ရယ်၊ နောက်အကို တစ်ယောက်ရယ် ကြည့်ပြီး အမောင် Villager တို့ကတော့ တဟားဟားပေါ့။ မြင်ရတဲ့ ရူခင်းတွေကတော့ တော်တော်လှပါတယ်။ ဟိုးဝေးဝေးက ရေတံခွန်လေးကို လှမ်းမြင်နေရတယ်။ ပင်လယ်ပြင်ကြီးကိုလည်း အပေါ်စီးကနေမြင်ရတယ်။



ပထမဆုံး တောင်ထိပ်တစ်ခုကို ရောက်ပါတယ်။ သက်ပြင်းတွေ ချ၊ ခရီးပြီးသွားပြီ စိတ်အေးနေတုန်း၊ အပေါ်ကို ဆက်ကြည့်လိုက်တော့ မပြီးသေးပါဘူး။ နောက်တောင်ထိပ် တစ်ခုနဲ့ မိုးပျံတံတားရှိပါသေးတယ်။


ဒီလိုနဲ့ Cable Car ခရီးဆုံး တောင်ထိပ်ကိုရောက်သွားပြီး တံတားကြီးကို ငုံ့ကြည့်လိုက်တော့ အသည်းအေး စရာပါ။



အဲဒီတိုင်ကြီး တစ်တိုင်တည်းက ကြိုးတွေနဲ့ တံတားကို ထိန်းထားတာပါ။ တော်တော်ကို လှတဲ့ ရှုခင်းတွေ မြင်ရပါတယ်။ ချွေးစီးတွေပြန်၊ သက်ပြင်းတွေချ အဖော်တွေ အားပေးမှုနဲ့ တံတား ဟိုဘက်ကို ရောက်သွားပါတယ်။ မီတာ 700 ကျော်အမြင့်မှာမို့ ထင်ပါတယ်။ တံတားပေါ်မှာ မြူတွေဆိုင်းနေပါတယ်။ လမ်းလျှောက်ရင်း “ငါဟာ တိမ်တွေကိုပဲ လွင့်တော့မလို့၊ ဘယ်ဆီဘယ်ဝယ် မသေချာတော့ဘူးပေါ့” ဆိုတဲ့ သီချင်းလေးတောင် သတိရမိပါတယ်။


 

ဒုတိယခရီးစဉ်ဖြစ်တဲ့ Telega Tujuh (Seven Wells) ဆိုတဲ့ Cable Car ပေါ်က လှမ်းမြင်ရတဲ့ ရေတံခွန်လေးဆီကိုပါ။ အဲဒီကို မသွားခင် Kitta Seafood Restaurant ဆိုတဲ့ ဆိုင်လေးမှာ နေ့လည်စာ ဝင်စားကြပါတယ်။ ၇ ယောက်စာ ၂၀၀ ကျော်ကျပါတယ်။ စားပြီးသောက်ပြီးတော့ ရေတံခွန်ခရီးစဉ်လေးကို စတင်တက်ကြပါတယ်။ ထိပ်ဆုံးရေတံခွန်ကို အရင်တက်တာပါ။ အဲဒီနေရာက ရေကျတဲ့နေရာရဲ့ အပေါ်ကို ရောက်နေတဲ့ အတွက် သိပ်မလှပါဘူး။ ရှုခင်းမလှတာနောက်ထား ရေတွေ့ရင်လည်း မနေနိုင် ၊ မောလည်းမောတာမို့ အမောပြေ ရေဆင်းကစားကြပါတယ်။



အဲဒီကနေပြန်ဆင်းပြီး အလယ်ပိုင်းက waterfall ကို ဝင်ကြပါတယ်။ အဲဒီရေတံခွန်လေးက ရေကျတဲ့ နေရာကို မြင်ရတော့ ပိုပြီးသာယာပါတယ်။ ရေတံခွန်ကို သွားတဲ့လမ်းတွေက တောတွင်းဆိုတော့ စိမ့်ပြီး ခြင်ကိုက်ပါတယ်။ နောင်သွားချင်တဲ့လူတွေအနေနဲ့ ခြင်ကိုကာကွယ်တဲ့ အနေနဲ့ လိမ်းတဲ့ Spray ဘူးဆောင် သွားသင့်ပါတယ်။



တတိယသွားကြတဲ့ နေရာကတော့ Black Sand Beach (Pantai Pasir Hitam) ဆိုတဲ့နေရာပါ။ ကမ်းခြေက နာမည်အတိုင်းပဲ သဲတွေက အကုန်မည်းနေတာပါ။ နွံတွေ မဟုတ်ပါဘူး။ သဲမည်းတွေပေါ်မှာ သဲသဲမည်းမည်း လမ်းတွေ လျှောက်ပြီးသကာလ THT စာလုံးလေးတောင် သဲပေါ်မှာ အမှတ်တရ ရေးခဲ့ပါတယ်။


စတုတ္ထ ခရီးစဉ်လေးကတော့ Tanjung Rhu Beach ဆိုတဲ့ နေရာပါ။ ညနေပိုင်း ဒီရေ မတက်သေးချိန်မို့ ထင်ပါတယ်။ ရေလေးကကြည်ပြီး တော်တော်ခပ်ဝေးဝေးထိ ရေက ဒူးဆစ်ကျော်ကျော်ပဲ ရှိပါတယ်။ ရေတိမ်တဲ့ သူများတွေ လျှောက်နေတဲ့ သဲလမ်းလေးအတိုင်း လမ်းလျှောက်သွားကြပါတယ်။ ခရုကောက်နေတာ ဖြစ်ပုံရတဲ့ ဒေသခံတွေလည်း ခပ်လှမ်းလှမ်းရေထဲမှာ အလုပ်လုပ်နေကြတာ တွေ့ရပါတယ်။

 


ကမ်းခြေက သစ်ပင် အုပ်အုပ်လေးတွေရယ်၊ ရေထဲမှာ ဆင်းနေတဲ့ လူတွေရယ်ကို ကြည့်ပြီး အရင်တုန်းက တော်တော်ဆော့ခဲ့ဖူးတဲ့ Age of Empires Game ထဲက သစ်ပင်ခုတ်တာတို့၊ အလုပ်သမားတွေကို ငါးမျှားခိုင်းတာတို့ကို ဘာမဆိုင် ညာမဆိုင် သွားသတိရမိပါသေးတယ်။

နောက်နေ့ Mangrove and Eagle Feeding ခရီးစဉ် အတွက် လက်မှတ်ကို အဲဒီအနားမှာ ဝယ်ကြပါတယ်။ ရေဆင်းဆော့ချင်တဲ့ အတွက် Long Beach ဆိုတာ ပါတဲ့နေရာရွေးပါတယ်။ ပုံမှန်RM 200 ခရီးကို RM 250 ပေးရပါတယ် (အဲလိုရွေးမိတာ မတန်တဲ့ အကြောင်း နောက်မှ ရေးပါမယ်။) လက်မှတ်ရောင်းနေတာက ထိုင်းအမျိုးသမီးပါ။ အဖွဲ့ထဲပါတဲ့ အစ်မတစ်ယောက်က စက်လှေသွားမည့် လမ်းကြောင်းအကြောင်း အချင်းချင်း မြန်မာလို တိုက်ရိုက်သွားမှာမို့လား ဆိုတော့ သူက အင်း တဲ့။ သူ့ဟာနဲ့သူတော့ ဟုတ်နေတာပါပဲ။ ဈေးကလည်း ဆစ်နိုင်ကာမှ တော်ကာကျတာပါ။

Day 2 အတွက် နောက်ဆုံးခရီးစဉ်ကတော့ Eagle Square ကိုသွားဖို့ပါ။ Langkawi ဆိုတာ Lang ဆိုတာ Helang လင်းယုန်ဆိုတဲ့ စကားအတွက် အတိုကောက် စာလုံးပါ။ Kawi က Reddish Brown ပါ။ နီညိုရောင် လင်းယုန်က သူတို့ကျွန်း အတွက် သင်္ကေတပါ။ အဲဒီရင်ပြင်နားလေးမှာ လန်ကာဝီကနေ တခြားနေရာတွေ ဆီကို သွားတဲ့ Ferry ဆိပ်ကိုလဲ တွေ့ခဲ့ပါတယ်။

ညစာစားဖြစ်တဲ့ နေရာကတော့ ဟိုတယ်နဲ့ ကပ်ရက်က Hang Kok Kwan Korea B.B.Q Restaurant ပါ။ အဲဒီဆိုင်နဲ့ တွဲလျက် အဆောက်အအုံကြီးက ရေလွှာလျောစီးကွင်း လုပ်ခဲ့ဖူးတဲ့ နေရာပါ။ ကလေး နှစ်ယောက်လောက် မတော်တဆဖြစ်ပြီး ဆုံးသွားတဲ့နောက် ပိတ်ထားခဲ့တာလို့ဆိုပါတယ်။ ဆိုင်က လူမရှိပါဘူး။ Waiter တွေက မြန်မာတွေပါပဲ။ ကိုရီးယားစတိုင် ဘာဘီကျူးကို ကင်မ်ချီတွေ မျိုးစုံနဲ့ စားရတာပါ။ ဝက်သားလည်း ပါပါတယ်။ ၇ ယောက် ကို ၃၆၀ ကျော်ကျပါတယ်။ ခရီးစဉ်တစ်လျောက် စားဖြစ်တဲ့ ဆိုင်ထဲမှာ မတန်ဆုံး ဆိုင်ပါပဲ။

ဟိုတယ်ပြန်ရောက် ရေမိုးချိုးနားပြီးတဲ့နောက် ညလသာသာမှာ ကမ်းခြေကို ဆင်း လမ်းလျောက်ကြပါတယ်။ အနားမှာ အပ္ပနားတို့ လူစု မူးပြီး သီချင်းဆိုပြီး ကနေတဲ့ ဆူဆူညံညံကြားကပဲ နှင်းဆီဖြူနဲ့ သားလေးကို လွမ်းပါတယ်။ သွားခဲ့ဖူးတဲ့ ချောင်းသာကမ်းခြေက ညတွေကိုလည်း လွမ်းပါတယ်။

ခင်မင်စွာဖြင့်
သီဟသစ်

P.S
၁) နောက်တစ်ပို့စ်မှာ ဒီလန်ကာဝီခရီးကို အဆုံးသတ်ပါမယ်။
၂) သတိရသလောက် ဆောင်ရန် ရှောင်ရန်လေးတွေကိုလည်း ထည့်ရေးသွားပါမယ်။

Bonus:
၁)လှေနံဓါးထစ် အားပန်

အားပန်နဲ့ အားလော့တို့ နှစ်ယောက်သား လှေငှားပြီး ငါးမျှားသွားကြပါတယ်။ အဲဒီနေ့က ငါးအကောင် ၃၀ ကျော် သူတို့မိပါတယ်။ အားပန်က အားလော့ကို

“ဒီနေရာ မှတ်ထားကွာ။ နောက်နေ့ ထပ်လာပြီး မျှားရအောင်”

နောက်နေ့ လှေငှားဖို့လာကြတော့ အားပန်က အားလော့ကို

“မင်းမနေ့က နေရာမှတ်မိလား”
အားလော့က
“အေးကွ ငါ လှေရဲ့ အခြေမှာ X ဆိုပြီး ရေးထားခဲ့တယ်။“
ထိုအခါ အားပန် ဒေါသတကြီး တုံ့ပြန်လိုက်တာကတော့
“မင်းငတုံးပဲ။ လှေကို သူများငှားသွားရင် ဘယ်လိုလုပ်မလဲကွ”

၂) စမတ်ဖြစ်တဲ့ အားပန်

အားပန်ရဲ့ သူဌေး နဲ့ အားလော့ ရဲ့ သူဌေး ၂ ယောက်သား ကော်ဖီ အတူသောက်ရင်း သူတို့ တပည့်တွေ တုံးအတဲ့ အကြောင်းပြောနေကြတယ်။ အားပန်ရဲ့ သူဌေးက
”ငါ့တပည့်ဖြင့် တကယ်တုံးသကွာ။ မင်းမယုံရင် မင်းကို သက်သေပြမယ်”

ထို့နောက် အားပန်ကို လှမ်းခေါ်ပြီး ပြောလိုက်သည်။
“ဟေ့ အားပန်၊ ဒီမှာ ၁၀ ဒေါ်လာ၊ ငါ့အတွက် မာစီးဒီးစ် တစ်စီး သွားဝယ်ချေ”
”ကောင်းပါပြီး Boss”
အားပန်တစ်ယောက် ပိုက်ဆံယူပြီး ကားအရောင်းပြခန်းသို့ အမြန်ထွက်သွားသည်။

အားပန်ရဲ့ သူဌေးက အားလော့ရဲ့ သူဌေးကို
“ကျုပ်ပြောတာ ယုံပြီဟုတ်”

ထိုအခါ အားလော့ သူဌေးက 

“အဲလောက်မဟုတ်သေးပါဘူးဗျာ။ ကျုပ်တပည့် အားလော့ တုံးပုံ ပြအုံးမယ်။ ”

ထို့နော် အားလော့ကို ခေါ်ပြီး

“ဟေ့ အားလော့၊ အိမ်ပြန်ပြီး အိမ်မှာ ငါရှိမရှိ သွားကြည့်ချေစမ်း”
“ဟုတ်ကဲ့ပါ ဆရာ ”

အားလော့တစ်ယောက် ထွက်သွားပြန်သည်။

လမ်းတွင် အားပန်နှင့် အားလော့ ၂ ယောက် တွေ့ကြသည်။ အားပန်က
“ငါ့Boss က ငတုံးပဲကွ။ ငါ့ကို ပိုက်ဆံ ၁၀ ပေးပြီး မာစီးဒီးစ်ကားဝယ်ခိုင်းတယ်။ ဒီနေ့ တနင်္ဂနွေနေ့ ကားပြခန်းတွေ ပိတ်တာ သူသတိမရဘူး”

အားလော့က
“ငါ့သူဌေးလဲ ဘာထူးလဲ။ သူအိမ်မှာ ရှိနေမနေပြန်ကြည့်ခိုင်းတယ်လေ။ ဖုန်းပါရဲ့သားနဲ့ ဖုန်းဆက်မေးလိုက်ပြီးရော”

Thursday, September 17, 2009

Love Application Version 1.0.1500.528 Documentation


Software ရေးသူသီဟသစ်
User နှင်းဆီဖြူ
New User မောင်ချန်းချင်
Credits for Cartoon http://www.ihoii.com/images/simplelists/swbf.jpg

ဒီ ဆော့ဖ်ဝဲနဲ့ ပတ်သက်တဲ့ မှတ်တမ်း (Documentation) ကို စမရေးခင် လွန်ခဲ့တဲ့ ၉ နှစ်ကျော်က ကိုယ်ရေးမယ့် Love Application ကိုလက်ခံဖို့ ချစ်သူ့ဆီမှာ အဆိုပြုလွှာ (Project Proposal) တင်ခဲ့တဲ့ ကာလတွေကို သတိရမိတယ်။ ဘဝတစ်လျှောက် အာမခံ (Lifetime Warranty) ပေးပါ့မယ်၊ အမှား (Error) ကင်းစေရပါ့မယ်၊ အရည်အချင်း စစ်ဆေးမှု(Quality Assurance) ကိုလည်း Pass ဖြစ်စေရပါ့မယ် ဆိုတဲ့ အရာတွေကို ကိုယ် sign ထိုးခဲ့ရသေးတယ်လေ။

စစချင်းမှာတော့ ချစ်သူက ကိုယ့်ကို ခင်မင်မှု Feature အဓိက ပါဝင်တဲ့ Friends 1.0 version(Love 1.0.528) ကိုပဲ စရေး(develop) လုပ်ခွင့်ပေးခဲ့တယ်။ အဲဒီကနေ တဆင့် မေတ္တာ Feature ပါလာတဲ့ Lover 1.0 version(Love 1.0.1500) ကို ချစ်သူက စမ်သပ်အဆင့်(staging server) မှာ ရေးခွင့်ပေးခဲ့တယ်လေ။ အစပိုင်းမှာတုန်းက ချစ်သူ့ဘက်က Project Manager ဖြစ်တဲ့ ချစ်သူ့မာမားက ကိုယ်ရေးတဲ့ Love Application ရဲ့ ယုံကြည်စိတ်ချရမှု(Reliability) ကို မယုံကြည်ဖူးဆိုပြီး စမ်းသပ်အဆင့်(staging server) ပေါ်ကနေ ဖြုတ်ချ (uninstall) လုပ်ဖို့ကြိုးစားခဲ့သေးတယ်လေ။ နောက်ဆုံး Staging Server ကနေ အသုံးပြုသူက လက်ခံမခံ စစ်ဆေးမှု (User Acceptance Test) တွေ Pass ဖြစ်သွားပြီဆိုမှ ကိုယ့်ကို မေတ္တာ+ကြင်နာခြင်း+သံယောဇဉ် Feature တွေပါတဲ့ Family 1.0 version (Love 1.0.1500.528) ကို ရေးခွင့်ပေးခဲ့ကြတယ်။

ချစ်သူရေ ကိုယ့်ရဲ့ Software Run နေတဲ့ တလျှောက် ပျက်စီးရပ်တန့်ခြင်း(Crash) မဖြစ်အောင် ကိုယ်ရဲ့ အကြင်နာ module နဲ့ သံယောဇဉ် module တို့ကို အမြဲကောင်းအောင် (Enhance) ဖြစ်အောင် ကိုယ်ကြိုးစားနေပါတယ်။ ကိုယ်ရေးတဲ့ Love Application လေးရဲ့ မူပိုင်ရှင်က ချစ်သူ တစ်ဦးတည်းအတွက် မို့ ကိုယ့် Family မဟုတ်တဲ့ တခြားဘယ် user တွေကိုမှ ပေးသုံးမှာ မဟုတ်ပါဘူး။

ခုတော့ ချစ်သူနဲ့ကိုယ်တို့ရဲ့ user အသစ်လေးဖြစ်တဲ့ သားလေးချန်းချင်အတွက် Father 1.0 version ကို develop လုပ်နေပါတယ်။ user အသစ်လေးက ကိုယ်ရဲ့ System ကို အခုမှ စသုံးမှာဖြစ်တဲ့ အတွက်ကြောင့် သူမသုံးတတ်ရင် ချစ်သူ သေချာသင်ပေးလိုက်ပါ။ သူ့ကို စိတ်ရှည်ပါကွယ်။

ချစ်သူ စိတ်ပူနေတဲ့ ကိုယ်တို့ရဲ့ Lovely Family System ကြီးကို ရပ်တန့်ခြင်း(Crash) ဖြစ်စေနိုင်တဲ့ Girlfriend Module နဲ့ Beer and Liquor Module တို့ကို ကိုယ်လုံးဝ မရေး(develop မလုပ်) ပါဘူး။ ကိုယ် develop လုပ်နေတာက Blog Module ရယ်၊ Friends and Families Module ရယ်ပါ။ Grapes Module ကတော့ ကိုယ် develop မလုပ်ပါဘူး။ တခြား Programmer တွေ ဘယ်လို develop လုပ်နေကြတယ် ဆိုတာ ငေးကြည့်ရုံသက်သက်ပါ။

ချစ်သူကိုယ်ရေးတဲ့ Love Application လေးကို သုံးခဲ့တဲ့ ကာလတစ်လျှောက် အဆင်မပြေတာတွေ ရှိခဲ့တာကို သည်းခံပေးတဲ့ အတွက် ကျေးဇူးအထူးပါ။ ရှေ့လျောက် Error တွေ မတက်အောင် အမြဲ ဂရုစိုက်နေမှာပါ။ ကိုယ်ရေးတဲ့ Love Application ရဲ့ အခုအချိန်မှာ အဓိက Feature ဖြစ်တဲ့ သစ္စာရှိခြင်း နှင့် သံယောဇဉ် ကို အမြဲ support လုပ်နေမှာ ဖြစ်ကြောင်း ပြောကြားရင်းနဲ့ မှတ်တမ်းကို နိဂုံးချုပ်အပ်ပါတယ်။

ခင်မင်စွာဖြင့်
သီဟသစ်

P.S
၁) စိတ်ကူးထဲပေါ်လာတဲ့ ပေါက်ကရလေးတွေကို ချရေးလိုက်တာပါ။
၂) English စာလုံးတွေကြောင့် ဖတ်ရတာ မျက်စိရှုပ်ရင် ခွင့်လွှတ်ပါ။

Bonus:
၁) စင်္ကာပူသား စကားများသည်
ဘက်စ်ကား ဒရိုင်ဘာ၏ ခေါင်းတည့်တည့်တွင် ချိတ်ထားသော သတိပေးစာများ

ဂျာမဏီ  ။   ဒရိုင်ဘာနှင့်  လုံးဝ  စကားမပြောရ
အင်္ဂလန်  ။   ဒရိုင်ဘာနှင့်  စကားမပြောလျှင်ကောင်းမည်
အစ္စရေး  ။   ဒရိုင်ဘာနှင့်  စကားပြောချင်စိတ်ကို ချိုးနှိမ်ပါ
စင်္ကာပူ   ။   ဒရိုင်ဘာကို  စကားပြန်မပြောပါနှင့်

၂) နောက်ကျပြီ
အိပ်ရာမှ နိုးလာသည့် ကိုချူချာ သာမိုမီတာကို ကြည့်သည်။ သာမိုမီတာက ၁၅ ဒီဂရီကို ပြနေသည်။ နဖူးကို လက်နဲ့ရိုက်ပြီး ကိုချူချာ ကိုယ့်ကိုယ်ကို ပြောသည်။

“ဒုက္ခပါပဲ၊ ရုံးနောက်ကျပြီ၊ မနက် ၈ နာရီ အရောက် ငါ ရုံးသွားရမှာပဲ”

၃) နှင်းပါ

အက်စကီးမိုးတွေ သူတို့ရဲ့ သားသမီးတွေ လမ်းလျှောက်တတ်တာနဲ့ ဘာစသင်သလဲ
အဝါရောင် နှင်းဖတ်တွေကို မစားရဘူး၊ မစားနဲ့လို့ပြောတယ်

Wednesday, September 16, 2009

နှစ်ခုပဲရှိတယ်

In this life we live, there are two things involved, Its either you are a man or you are a woman,; If you are a woman, you are safe,...



ကြည့်ဖူးပြီသား ဖြစ်ရင်လည်းဖြစ်မှာပါ။ လန်ကာဝီပို့စ် အဆုံးမသတ်ရသေးခင် ကြားထဲမှာ ပညာပေး အပျင်းပြေလေး တင်ပေးလိုက်တာပါ..

ရွှင်လန်းချမ်းမြေ့ကြပါစေ..

ခင်မင်စွာဖြင့်
သီဟသစ်

Saturday, September 12, 2009

L for Langkawi - 3 : Island Hopping Second Part

တောင်ပံတွေမှာ အားသစ်တစ်ခု
လေဟုန်ကိုဆန်ကာ အမြင့်မှာပျံမယ်
တိမ်နံရံတွေ ထိုးဖောက်ထွက်
အာကာပြင်မှာ မင်းမူချင်တယ်..
(သီချင်းငှက်ရဲ့ ပျံသန်းမှု - ဆောင်းဦးလှိုင်)



Credits to Ko Lin


Lake of Pregnant Lady နေရာကနေ ပြန်လာပြီး နောက်တစ်နေရာကတော့ လင်းယုန်တွေ အစာကျွေးတဲ့ နေရာပါ။ Eagle Feeding ဆိုပြီး လင်းယုန်တွေကို အစာကျွေးတဲ့ နေရာ မဟုတ်သေးပါဘူး။ စက်လှေမှာပါလာတဲ့ အိန္ဒိယ စုံတွဲက အဲဒီနေရာက ငှက်တွေထက် ဒီငှက်တွေက အကောင်ပိုကြီးတယ်လို့ ပြောပါတယ်။ စက်လှေသမားက ငှက်တွေကို ဘာတွေချကျွေးလိုက်မှန်း သတိမထားလိုက်မိပါဘူး။ ငှက်တွေ တဝုန်းဝုန်းကို အားရပါးရကြည့်နေတာမို့ပါ။

အဲဒီနောက်မှာတော့ Beras Basah Island ဆိုတဲ့ ကျွန်းလေးကို လိုက်ပို့ပါတယ်။ သောင်ပြင်ဖွေးဖွေးနဲ့ ရေဆော့လို့ တော်တော်ကောင်းမယ့် နေရာပါ။ သီဟသစ်တို့က အဝတ်ပိုတွေ ယူမသွားလိုက်ရလို့ ရေမဆော့ခဲ့ရပါဘူး။



သွားလည်တဲ့ ကျွန်းတိုင်းလိုလို ဒီလို ဆိပ်ခံတံတားလေးတွေရှိပါတယ်

ဒီလိုနဲ့ သူများတွေ ရေဆော့တာကြည့် ဓါတ်ပုံတွေ ဟိုရိုက်ဒီရိုက် လုပ်ပြီးသကာလ Lankawiကို ပြန်လာကြပါတယ်။ စက်လှေဆိပ်က အပြန်လမ်းမှာ ကားဒရိုင်ဘာကို seafood ကောင်းတဲ့ဆိုင်ကို မေးကြည့်ပါတယ်။ သူက Orkid ဆိုတဲ့ ဆိုင်ကို ညွှန်းပါတယ်။ ဟိုတယ်ပြန်ရောက်၊ ကမ်းခြေသွားကြည့် ၊ ခဏနားပြီး သကာလ ရေကူးဖို့ လုပ်ပါတယ်။ ဟိုတယ်နားက ကမ်းခြေက ရေသိပ်မသန့်သလိုပါပဲ။ ဘယ်သူမှလည်း ရေဆော့တာမတွေ့တာနဲ့ ဟိုတယ်က ရေကူးကန်မှာပဲ ရေစိမ်လိုက်ပါတယ်။

ဟိုတယ်နား ကမ်းခြေက မြင်ရတဲ့မြင်ကွင်း၊ ဟိုးဝေးဝေးက တံတားလို နေရာလေးကို သွားလို့ရတယ် ထင်နေတာ မရဘူးတဲ့ဗျ။ ဆူနာမီ လှိုင်းတွေကို တားထားတာဆိုပဲ။

ဟိုတယ်က အဆင်မပြေတာ တစ်ခုက စားသောက်ဆိုင်တွေနဲ့ သိပ်မနီးတာပါ။ (ကိုမိုးစက်တို့ သွားတုန်းက တည်းတဲ့ CD motel က ဆိုင်တန်းတွေနဲ့ နီးတာ တွေ့ခဲ့တယ်။) အဲဒီတော့ ညစာထွက်စားဖို့ရာ နီးနီးနားနား လေဆိပ်နားက ဈေးဆိုင်တန်း တွေ့ခဲ့တယ်၊ သွားစားကြမယ် ဆို လမ်းလျှောက်သွားကြပါလေရော။ ဟိုရောက်တော့ ညနေတွေ့တုန်းက ကြိတ်ကြိတ်တိုးနေတဲ့ ဆိုင်ခန်းတွေက သိမ်းခါနီးပြီ။ သေချာမေးကြည့်မှ သူတို့တွေ ဥပုသ်ထွက်ထွက်ချင်း လာစားကြတဲ့ နေရာဆိုပဲ။ ကိုယ်တွေကလည်း seafood ဈေးတန်းမှတ်လို့လာတာဆိုတော့ Ctrl+Z ပြန်နှိပ်ပြီး လေယာဉ်ကွင်းဘက်ကို Taxi သွားငှားပြီး သကာလ Orkid ဆိုတဲ့ဆိုင်ကို ချီတက်ကြပါတယ်။

 

ဆိုင်ထဲကို ဝင်ပြီးထိုင်ထိုင်ချင်း အစ်ကိုတို့ ဘာများစားမလဲ ဆိုပြီး မြန်မာသံပီပီသသနဲ့ လာမေးလို့ အံ့သြသွားပါသေးတယ်။ နောက်မှ အဲညီလေးက သူတို့ဆိုင်မှာ မြန်မာ waiter ၅ ယောက်တောင်ရှိဆိုပဲ။ ကိုယ်တွေလည်း ဟင်းတွေမှာရပြုရတာ အဆင်ပြေသွားတာပေါ့ဗျာ။ ဂဏန်းမှာတော့ ဝိနည်းလွတ်ပေါ့ ငါတို့ မရွေးတော့ပါဘူးကွာ မင်းတို့ပဲကြိုက်တာ ရွေးလိုက်ပါ ဆိုပြီး လုပ်ပါတယ်။ ဈေးကလည်း မဆိုးပါဘူး။ အားလုံးပေါင်းမှ RM 178 ကျပါတယ်။

နောက်နေ့သွားလည်ဖို့ နေရာတွေကို သူတို့တွေနဲ့ မေးကြည့်ပါတယ်။ Waiter ညီလေးက သူသိတဲ့ မြန်မာTourist Guide အစ်ကိုကြီး တစ်ယောက်ရဲ့ ဖုန်းနံပါတ်ပေးပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ အဲဒီအစ်ကိုကြီးက ကိုမိုးစက်တို့ သွားတုန်းက တွေ့တဲ့လူပါပဲ။ (ကိုကျော်ဝင်း(Joe)၊ Ph 012-5333 961, 016-4553 451 အခမဲ့ ကြေငြာပေးလိုက်တာပါ။ ရုပ်တည်တည် ခပ်အေးအေး စကားနည်းတဲ့ လူတစ်ယောက်ပါတဲ့ အဖွဲ့က ညွှန်တာပါ လို့ပြောလိုက်ပါ။)ဖုန်းဆက်ပြီး လှမ်းမေးကြည့်တော့ နောက်နေ့ နေရာတွေ လည်ဖို့ရာ တစ်နေကုန်ကို RM 200 နဲ့ ဈေးတည့်သွားပါတယ်။

ကိုကျော်ဝင်းလည်း ခဏနေတော့ Orkid ကိုလာတွေ့ပါတယ်။ ဒူးရင်းသီးမြင်ရင် မနေနိုင်တဲ့ အမောင် Villager တစ်ယောက်ကြောင့် ဒူးရင်းသီးဆိုင်ကိုလဲ သွားခဲ့ပါသေးတယ်။ ဒူးရင်းသီး ၂ လုံးကို RM 24 တဲ့။ စင်္ကာပူနဲ့စာရင် တန်တယ်ဆိုပဲ။ သီဟသစ်ကတော့ စားနေကျ မဟုတ်လို့မသိ။


ဒုတိယနေ့ လည်ကြတဲ့ အကြောင်းကို ဆက်ပါဦးမည်။

ခင်မင်စွာဖြင့်
သီဟသစ်

P.S
၁) တစ်ချို့ရှူခင်းပုံတွေက သီဟသစ် ပုံထဲမှာမပါရင် တော်တော်ကြည့်ကောင်းမယ့်ပုံလေးတွေပါ။ မိတ်တွေပျက်ကုန်မှာစိုးလို့ မတင်တော့ပါဘူး။ :D (ကိုယ့်ပေါင်ကိုယ် လှန်ထောင်းထားတာ သက်သာ၏။)

၂) လန်ကာဝီသွားတာ ပြောမသွားလို့ သူတို့လည်း လိုက်ချင်တာ ဆိုပြီး ညီအစ်ကို မောင်နှမ တစ်ချို့က ပြောကြ၏။ နောက်တစ်ခါ ဖူးခက်၊ ဘာလီ သွားဖို့ စီစဉ်ရင် တွေ့တဲ့သူ လိုက်ခေါ်မည်။ မလိုက်ရင် လူပျိုကြီး အပျိုကြီးဖြစ်ပါစေ ကျိန်စာတိုက်မည်။

Bonus:
လွတ်သွားသော အခွင့်အရေး

နိုင်ငံခြားရှိ ပင်လယ်ကမ်းခြေ တစ်ခုခုတွင် ဇိမ်ခံအနားယူရန် ရုရှားအီဗန်ကြီး ဆုံးဖြတ်လိုက်သည်။ လိုသောငွေကို ကုတ်ကပ်စုသည်။ ပိုက်ဆံပြည့်သောအခါ ခရီးသွားဌာနတွင် လင်မယားနှစ်ယောက်အတွက် လေယာဉ်စရိတ်၊ သုံးပတ်စာ ဟိုတယ်နှင့် အစားအသောက်စားရိုက်တို့ကို ပေးချေကာ ခရီးထွက်သည်။ စိတ်ကြိုက်အနားယူသည်။ ရက်စေ့သောအခါ ဟိုတယ်မှ ထွက်မည်လုပ်သည်။ ဤတွင် ဟိုတယ်မန်နေဂျာရောက်လာပြီး ဒေါ်လာတစ်သောင်း ပေးချေရမည့် ဘောက်ချာလာပေးသည်။ အီဗန်ကြီး နားမလည်သဖြင့် ပြန်မေးသည်။

“ဘာအတွက် ပေးရမှာလဲဗျ”

မန်နေဂျာ ရှင်းပြသည်။

“ဟောဒီမှာ ကြည့်ပါ။ ဝိုင်အရက် မြည်းရန် ဝိုင်စိုက်ခင်းသို့ မော်တော်ယဉ်ဖြင့် ခရီးထွက်ခြင်း ဒေါ်လာ နှစ်ထောင်လို့ ရေးထားပါတယ်”

“ဟာမဟုတ်တာဘဲ။ ကျွန်တော်တို့ လင်မယား အဲဒီခရီးကို မလိုက်ခဲ့ပါဘူးဗျ”

“ဒါ... လူကြီးမင်းတို့ အပြစ်ပဲလေ။ ကျွန်တော်တို့ကတော့ ဒီခရီးစဉ်ရှိမယ် ဆိုတာ နေ့တိုင်းကြေငြာနေတာပဲဗျ။ ဟောဒီမှာ အထူးသင်္ဘောနှင့် ပင်လယ်ထဲ ငါးမျှားထွက်ခြင်း .. ဒေါ်လာ သုံးထောင်”

“အဓိပ္ပါယ် မရှိတာပဲ။ ကျုပ်တို့ တစ်ရက်မှ ငါးမမျှားခဲ့ဘူး။ ခင်ဗျားတို့ သင်္ဘောလည်း မစီးခဲ့ပါဘူးဗျာ”

“ဒါ လူကြီးမင်းတို့ အပြစ်ပဲလေ။ မနက်တိုင်း ဟိုတယ်ရှေ့ ဆိပ်ကမ်းကို သင်္ဘောလာဆိုက်တာပဲ။ ဂရုတစိုက်ကြည့်မှပေါ့။ ဟော.. ရဟတ်ယာဉ်ဖြင့် မြို့ကို လှည့်ပတ်ကြည့်ရှုခြင်း ဒေါ်လာ ငါးထောင်”

“ဘယ်ကနေ ... ဟယ်လီကော်ပတာ ပေါ်လာရပြန်တာလဲ”

“ကိုယ့်ဟာကိုယ် မစီးတာတော့ ကျွန်တော်တို့ မတတ်နိုင်ဘူး။ ရဟတ်ယာဉ်ကတော့ နေ့တိုင်း ဟိုတယ်ကို ပတ်ပြီး ပျံနေတာပဲ”

မန်နေဂျာကို ပြန်လည်ထိုးနှက်ရန် အီဗန် ဆုံးဖြတ်လိုက်သည်။

“ကောင်းပြီ .. ဒါဆို ကျုပ်ကလည်း ခင်ဗျားဆီက နစ်နာကြေး ဒေါ်လာ တစ်သောင်းခွဲ တောင်းဆိုရလိမ့်မယ်”

“ဘာအတွက်နစ်နာကြေးလဲ”

“ကျုပ်ရဲ့ မိန်းမကို မဟားဒရားလုပ်တဲ့အတွက်”

“ဟာမဖြစ်နိုင်တာ မပြောပါနဲ့ဗျ။ ခင်ဗျားရဲ့ မိန်းမအနားကို ကျွန်တော် လုံးဝ မကပ်ခဲ့ပါဘူးဗျ”

“ဒါ ... ခင်ဗျား အပြစ်နဲ့ ခင်ဗျားပဲလေ။ ပင်လယ်ကမ်းစပ်မှာ ကျုပ်မိန်းမ ဘီကီနီရေကူးဝတ်စုံလေးနဲ့ နေ့တိုင်းနေပူစာ လှုံနေခဲ့တာပဲ”

Wednesday, September 9, 2009

L for Langkawi - 2 : Island Hopping First Part


ခရီးသွားတဲ့ အကြောင်းလေး မရေးခင် Positive ions နဲ့ Negative ions တွေ အကြောင်း ပြောပြပါရစေ။ Positive ions တွေဟာ လူတွေကို စိတ်ဖိစီးမှု ပိုများစေပါတယ်။ Negative ions တွေကတော့ ဦးနှောက်ဆီကို အောက်ဆီဂျင် စီးဆင်းမှု ပိုများစေပြီး လူတွေကို စိတ်ရွှင်လန်းစေပါတယ်။ ကျန်းမာရေး ပိုကောင်းစေပါတယ်။

Positive ions တွေဟာ လေထုညစ်ညမ်းမှုများတဲ့ မြို့တော်တွေမှာ ပမာဏများများရှိပါတယ်။ ကားမီးခိုး၊ စက်ရုံက မီးခိုး၊ ဖုန်တွေ၊ ဆေးလိပ်မီးခိုးတွေ၊ ချက်ပြုတ်ခြင်း၊ အပူပေးခြင်း ရတဲ့ မီးခိုးတွေဟာ Positive ions တွေကို ဖြစ်ပေါ်စေပါတယ်။ Negative ions တွေက ရဖို့ အလွယ်ဆုံးနည်းလမ်းက အိမ်ကရေပန်းနဲ့ ရေချိုးခြင်းပါပဲ။ ပမာဏများများ ရချင်တယ်ဆိုရင်တော့ ပင်လယ်ကမ်းခြေတွေနဲ့ ရေတံခွန်တွေမှာ ရှိပါတယ်။ စင်္ကာပူက လူလုပ်ကမ်းခြေနဲ့ လူလုပ်ရေတံခွန်တို့တွင်တော့ Negative ions နည်းမည်ထင်၏။ နှင်းဆီဖြူလေးနဲ့ သားလေးတို့ ရောက်လာရင် ကိုယ်သွားထားဖူးတော့ လိုက်ပို့ရတာလည်း အဆင်ပြေ၏။ ဤသို့သော အကြောင်းများကြောင့် သီဟသစ် လန်ကာဝီသို့ သွားခြင်းတည်း။(Believe it or not)

ကုန်ကျစရိတ်ကို စပြောရရင် လေယာဉ်ခနဲ့ ဟိုတယ်က S$129၊ လန်ကာဝီမှာ လည်ပတ်စားသောက်တာက ရင်းဂစ် ၄၀၀ (S$ 162) ဆိုတော့ကာ အပြီးအစီး S$ 300 နဲ့လောက်ပါတယ်။ လေယာဉ်က www.airasia.com ကနေ ဝယ်ပါတယ်။ စင်္ကာပူ-လန်ကာဝီ တိုက်ရိုက်လေကြောင်းပါ။(S$ 61 ကျပါတယ်၊ 15 KG သယ်လို့ ရပါတယ်) ဟိုတယ်က ၃ ညအိပ် ၄ ရက် ကို 68 ကျပ်ပါ။ တစ်ခန်းကို တစ်ရက် S$ 53 ပါ။ တစ်ခန်းမှာ နှစ်ယောက်အိပ်ကုတင် Queen Size ၂ လုံးပါပါတယ်။ Buffet Breafast ပါပါတယ်။ ဟိုတယ်ကိုတော့ http://www.agoda.com/ ကနေ Booking လှမ်းလုပ်ထားတာပါ။ ဟိုတယ်ရဲ့နာမည်က Langkasuka Beach Resort ပါ။

ဒီလိုနဲ့ ၃၊၉၊၂၀၀၉ မှာ သီဟသစ်တို့ရဲ့ လန်ကာဝီ ခရီးစဉ်ကို AirAsia နဲ့ စတင်ထွက်ခဲ့ပါတယ်။ Budget Airline ပီသပါပေတယ်။ AirCon လည်းသိပ်မအေးပါဘူး။ ဘာမှလည်း မကျွေးပါဘူး။ တစ်ချို့ခရီးသည်တွေက online ကနေ အစားအသောက်ပါ ၀ယ်ထားသူတွေ အတွက်ကိုတော့ ဝေပေးပါတယ်။ ကျန်တဲ့သူတွေကိုတော့ လေယာဉ်ထုံးစံ တွန်းလှည်းလေးနဲ့ လိုက်ရောင်းတာတွေ့တော့ မဆီမဆိုင် မန္တလေး-မြစ်ကြီးနား ရထားကိုတောင် သွားသတိရမိသေးတယ်။ ၁ နာရီ မိနစ် ၂၀ ကြာ လေယာဉ်စီးပြီးနောက်မှာတော့ လန်ကာဝီကို ရောက်ပါပြီ။ လေယာဉ်ပေါ်က ဆင်းရတာ လှေခါးနဲ့ပါ။ အဲဒီတော့ ရတဲ့ အခွင့်အရေး လက်မလွှတ်ကြစေပဲ လေယာဉ်တွေနဲ့ ဓါတ်ပုံရိုက်ကြပါတယ်။

Immigration ၀င်တော့ အဖြူမိသားစု ၃ ယောက်ကို တွေ့ပါတယ်။ ကလေးက ချစ်စရာလေးပါ။ အဖေလုပ်သူက သားလေးကို ရင်ဘတ်မှာ မတ်တပ်လေး ဖြစ်အောင် လွယ်ထားပါတယ်။ သီဟသစ်တော့ သားလေးချန်းချင်ကို အဲလိုလွယ်နိုင်ပါ့မလားမသိ။ သူငယ်ချင်းတစ်ယောက်အလှည့်မှာ တော်တော်ကြာပါတယ်။ ဘာဖြစ်လို့လဲ မေးတော့ System ဒေါင်းသွားလို့ပါတဲ့။ နောက်ထပ် Computer တစ်လုံး သယ်လာပါတယ်။ PIII ခေတ်လောက်က အဟောင်းကြီးပါ။ သနားစရာ :D။

လေဆိပ်ကနေ ဟိုတယ် သွားဖို့ Taxi ငှားမယ်လုပ်တော့ ကားမငှားခင် Taxi ကောင်တာမှာ သွားမယ့်နေရာနဲ့ အရေအတွက်ကို ပြောပြီး တိုကင်ဝယ်ရပါတယ်။ 6 ယောက်ကို RM 18 ကျပါတယ်။ ဟိုတယ်ရောက်တော့ Online Booking ကို Print ထုတ်ထားတာပြပြီး အခန်းယူကြပါတယ်။ ဟိုတယ်က ကြယ် ၃ ပွင့် အဆင့်ပါ။ အထုပ်အပိုးတွေချပြီး ဟိုတယ်ထဲမှာပဲ နေ့လည်စာသွားစားပါတယ်။ မြန်မြန်ရအောင် ထမင်းကြော်မှာတာ တစ်ပွဲကို RM 20 ကျပါတယ်။ ပုံမှန်ပါပဲ။ တအားမကောင်းလှဘူး။

ပြီးတာနဲ့ ဟိုတယ်က ကောင်တာမှာ Island Hopping အတွက် လက်မှတ်သွားမေးပါတယ်။ Island Hopping ဆိုတာ ကျွန်းတစ်ဝိုက်ကို စက်လှေနဲ့ လိုက်ပြတာပါ။ တစ်ယောက်ကို RM 60 တောင်းပါတယ်။ ဈေးဆစ်လိုက်တော့ RM 50 နဲ့ ရပါတယ်။ ရွာမှာလုပ်တဲ့ အပေါက်အတိုင်းပါပဲ။ သီဟသစ်တို့ ၆ ယောက်အဖွဲ့ သီးသန့် စက်လှေပေးမယ် ပြောပေမယ့် တကယ်သွားတော့ သူများတွေနဲ့ အားလုံးပေါင်း ၁၁ ယောက်ပါ။ စက်လှေဆိပ်ကို သွားဖို့ရာ ကားလာခေါ်ပေးပါတယ်။ ကြိုပို့ခက RM 50 ထဲမှာ ပါပြီးသားပါ။

စက်လှေဆိပ်
စက်လှေဆိပ်က မြင်ရတဲ့ ရှုခင်းတွေ


စက်လှေသွားရာ လမ်းတစ်လျှောက် မြင်ရတဲ့ ရှုခင်းတွေ

စက်လှေပေါ်မှာ အသက်ကယ် အင်္ကျီတွေပေးပါတယ်။ သီဟသစ်ကတော့ ဒီပင်လယ်လောက်တော့ ပျင်းတောင် ပျင်းသေး၊ ကြောက်မနေဘူး ဆိုပြီး အရင်ဆုံး ယူဝတ်လိုက်ပါတယ်။ ပထမဆုံးစသွားတာက Tasik Dayang Bunting, Lake of Pregnant Lady ကိုယ်ဝန်ဆောင် အမျိုးသမီး လဲလျောင်းနေတဲ့ ပုံစံရှိတဲ့တောင်နေရာပါ။



အဲဒီတောင်ကို ပင်လယ်ထဲကနေ ပြပြီးတဲ့နောက်မှာ အဲဒီကျွန်းကိုသွားကြပါတယ်။ ကျွန်းထဲက ရေချိုကန်ဆီကိုပါ။ အဲဒီရေကန်ကရေကို သောက်ရင်ကလေးလိုချင်တဲ့သူတွေ ကလေးရတယ်လို့ဆိုပါတယ်။ အပြန်လေယာဉ်ပေါ် တက်မှပဲ ကလေးလိုချင်တဲ့ နာမည်ကြီး ကိုကိုဘလော့ဂါတစ်ယောက်နဲ့ နာမည်ကြီး ဘလော့ဂါ မမတစ်ယောက် အတွက် ရေမခပ်ခဲ့ရဘူးဆိုတာ သတိရသွားပါတယ်။

Lake of Pregnant Maiden ရေချိုကန်ရှိရာ ကျွန်း Dayang Bunting

Lake of Pregnant Maiden ရေချိုကန်ကို အပေါ်စီးကနေ ရိုက်ထားတာပါ

ရေကန်ကို သွားတဲ့လမ်းတစ်လျှောက်မှာ မျောက်ကလေးတွေလည်း တွေ့ရပါတယ်။ သူတို့တွေက အိတ်တွေ လိုက်ဆွဲကြတာမို့ ခြောက်ရပါသေးတယ်။ ဒါတောင်မှာ သီဟသစ်ဆီကနေ တစ်ရူးတွေထည့်ထားတဲ့ အိတ်ကို ရအောင်ယူသွားပါသေးတယ်။ နောက်မှ အစားအသောက်မဟုတ်မှန်းသိတာရယ် ၊ သီဟသစ်တို့က လှမ်းခြောက်တာရယ်ကြောင့် တစ်နေရာမှာ ချထားခဲ့ပါတယ်။

အဲဒီကျွန်းကနေ စပြီး သွားလည်တဲ့ နေရာတိုင်းလိုလိုမှာ တွေ့ရတဲ့ ဆိုင်းဘုတ်ကတော့ လာလည်တဲ့ သူတွေ တစ်ခုခု ထိခိုက်ဒဏ်ရာရလျှင် ပြည်နယ်အစိုးရတွင် တာဝန်မရှိပါ ဆိုတဲ့ ဟာတွေပါ။ တို့ဆီက ဆိုင်းဘုတ်နီနီတွေလို ပါပဲ။ ကိုယ်တွေကတော့ ကိုယ်ဖြစ်ကိုယ်ခံ နိုင်ငံက လာတာဆိုတော့ အဲဒီဆိုင်းဘုတ်တွေ တွေ့တော့ ရီတောင်ရီချင်ပါသေးတယ်။

ခုလိုကဗျာဆန်ဆန် ရှူခင်းလေးတွေလည်း အဲဒီကျွန်းမှာ ရှိပါတယ်။

ခင်မင်စွာဖြင့်
သီဟသစ်

P.S
အစက စိတ်ကူးထားတာ Island Hopping ကို ဒီတစ်ပုဒ်ထဲနဲ့ အပြီးရေးဖို့ပါ။ ပုံတွေ များများတင်ချင်တာရယ်၊ လူက အရမ်းအိပ်ချင်တာရယ်ကြောင့် နောက်ရက်မှာ Island Hopping ဒုတိယပိုင်းဆက်ရေးပါမယ်။

Sunday, September 6, 2009

L for Langkawi



"ငါသည် ငါ့အိမ်ထောင်ဖက်အပေါ် သစ္စာမပျက်၊ မဖောက်ပြန်ခဲ့သည်မှာ မှန်ကန်ခဲ့သည် ရှိသော် ဤလန်ကာဝီကျွန်းသည် ဆွေစဉ်မျိုးဆက် ၇ ဆက်တိုင် ငြိမ်းချမ်းကြွယ်ဝမှု ပျောက်ဆုံးပါစေသား"

(Photo Credits to http://www.gobalakrishnan.com/wp-content/uploads/2007/02/langkawi-mahsuri.jpg)
လွန်ခဲ့တဲ့ နှစ် ၂၀၀ ကျော်က မာစူရီ Mahsuri မင်းသမီးလေးရဲ့ ဆုတောင်းကျိန်စာလေးဟာ ဘာကြောင့်များ ပေါ်ထွက်လာခဲ့ပါလိမ့်။

လှပမှုတွေဟာ မနာလိုခံရခြင်း၊ သံသယဖြစ်ခံရခြင်း တို့ရဲ့ အကြောင်းအရင်းဖြစ်ခဲ့လေသလား မင်းသမီးလေးရေ။ ဆူလတန်ဘုရင်ရှား (၁၇၆၂-၁၈၀၀) လက်ထက်မှာ လူတစ်ယောက်ဟာ သူရဲ့ဘ၀ ရှေ့ရေးအတွက် လန်ကာဝီကို လာရောက် အခြေစိုက်ခဲ့ပါတယ်။ သူနဲ့သူ့ဇနီးတို့ကနေ မာစူရီ ဆိုတဲ့ လှပချောမောတဲ့ သမီးငယ်လေးကို မွေးဖွားခဲ့ပါတယ်။ အရွယ်ရောက်လာာနဲ့ အမျှ တစ်ကျွန်းလုံးမှာ အလှပဆုံးလို့ နာမည်ကျော်လာတဲ့ သူမကို လန်ကာဝီ အကြီးအကဲရဲ့ သားဖြစ်သူနဲ့ လက်ဆက်ပေးဖို့ ကမ်းလှမ်းခြင်းခံရပါတယ်။

ပျော်ရွှင်လှပတဲ့ ဘ၀လေး သူတို့တည်ဆောက်ခဲ့ကြပြီး သားငယ်လေး တစ်ယောက်ရခဲ့ပါတယ်။ တစ်နေ့မှာတော့ စစ်သူရဲကောင်းဖြစ်တဲ့ ခင်ပွန်းဖြစ်သူကို စစ်ချီဖို့အတွက် ဆင့်ခေါ်ခြင်းခံရပါတယ်။ ခင်ပွန်းသည် စစ်ထွက်နေတဲ့ အချိန်မှာ မာစူရီလေးဟာ နယ်လှည့်အနုပညာသမားလေးဖြစ်တဲ့ Deraman နဲ့ မိတ်ဆွေတွေ ဖြစ်သွားကြပါတယ်။

အဲဒီ အဖြစ်ဟာ သူမအတွက် အိပ်မက်ဆိုးတွေ သယ်ဆောင်လာခဲ့ပါတော့တယ်။ သူမရဲ့ လှပမှုတွေကို မနှစ်လိုဖြစ်တဲ့သူတွေ အတွက် လက်ညိုးထိုးစရာ တစ်ခုဖြစ်သွားပါတယ်။ အဓိကကတော့ သူမကို မနာလိုဖြစ်နေတဲ့ သူမရဲ့ယောက်ခမဖြစ်သူ Mahora ပေါ့။ မာစူရီနဲ့ အနုပညာသမားလေးတို့ဟာ ဖောက်ပြန်နေကြတယ်လို့ စွပ်စွဲခံရတဲ့ သတင်းဟာ သူ့ယောက်္ခထီးဖြစ်တဲ့ လန်ကာဝီအကြီးအကဲဆီ ရောက်သွားပါတော့တယ်။ သေချာစစ်ဆေးမေးမြန်ခြင်း မရှိဘဲ သူမကို သေဒဏ်ချမှတ်လိုက်ကြတယ်။

သူမကို လက်နက်အမျိုးမျိုးနဲ့ သေကြောင်းကြံခဲ့ပေမယ့် သတ်လို့မရခဲ့ပါ။ နောက်ဆုံးတော့ မာစူရီကိုယ်တိုင်က သူ့အိမ်မှာရှိတဲ့ လက်နက်တစ်မျိုးနဲ့သာ သူ့ကို အဆုံးစီရင်နိုင်ကြောင်းဖွင့်ပြောခဲ့တယ်။ ဖြူစင်ခြင်းရဲ့ သက်သေအဖြစ် ဒဏ်ရာတွေကနေ အနီရောင်သွေးတွေအစား အဖြူရောင်သွေးတွေ မြေခခဲ့ပါတယ်။ မသေခင် ပို့စ်ရဲ့အစမှာ ရေးသွားတဲ့ ကျိန်စာလေးကို သူမရွတ်သွားခဲ့တာပါ။

အဲဒီနောက်မှာတော့ လန်ကာဝီကျွန်းလေးဟာ စစ်မက်တွေ အကြိမ်ကြိမ်ကြုံ၊ ဖွံ့ဖြိုးမှုတွေ နှေးကွေး စသည်ဖြင့် ကြုံခဲ့ရပါတယ်။ မာစူရီရဲ့ ၇ ဆက်မြောက်ကျော်ပြီလို့ ယူဆရတဲ့ အချိန်၊ ဝန်ကြီးချုပ် မဟာသီယာမိုဟာမက် လက်ထက်အရောက်မှာ ကျွန်းကလေးကို ဖွံ့ဖြိုးတိုးတက်အောင် ပြုပြင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ မာစူရီရဲ့ မျိုးဆက်တွေက ဖူးခက်မှာရောက်နေကြတာမို့ သူတို့ကိုလည်း လန်ကာဝီကို ဖိတ်ခေါ်ပြီး ပညာသင်ဆုတွေပေး၊ နိုင်ငံသား ခံယူခွင့်ပေးဖို့ ကမ်းလှမ်းခြင်းများလည်း မလေးအစိုးရက ပြုလုပ်ပေးခဲ့ပါတယ်။
 
မာစူရီရဲ့ မျိုးဆက် ၇ ဆက်မြောက် Wan Aishah

ယနေ့လန်ကာဝီ
နောက်ပို့စ်တွေမှာတော့ လန်ကာဝီကို ဘယ်လိုသွားဖြစ်ခဲ့တယ်။ ဘယ်နေရာတွေ လည်ခဲ့ ဘာတွေစားခဲ့ ဘယ်လောက်ကုန်တယ် ဆိုတာလေးကို အသေးစိတ်ဆက်ရေးပါ့မယ်။ မာစူရီရဲ့ ပုံပြင်က version ၁၄ မျိုးထိ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအထဲကနေ ပြတိုက်က ကြည့်ခဲ့ရတာ အချို့နဲ့ http://www.langkawi-beaches.com/langkawi-folk-tales.html, http://uk.holidaysguide.yahoo.com/p-travelguide-130587-langkawi_history-i, http://www.langkawi-info.com/info/legends.htm တို့ကို ဘာသာပြန်ပြီးရေးထားတာပါ။ စာရေးကောင်းတဲ့သူတွေ ရေးရင်ပုံပြင်လေး ပိုကောင်းလာမယ်ထင်ပါတယ်။


ခင်မင်စွာဖြင့်
သီဟသစ်

တခြားဖတ်စေချင်သော လန်ကာဝီ ခရီးစဉ် အကြောင်းများ
သိမ်းငှက်ကျွန်းသို့ တခေါက် - စိတ်စမ်းရေ
Trip To Langkawi - Thinzar

Bonus
၁)နောက်ဆုံးဆန္ဒ

သေစားသေစေဟု အမိန့်ချမှတ်ခြင်း ခံရသည့် အကျဉ်းသားသည် လျှပ်စစ်ကုလားထိုင်ပေါ် ထိုင်နေသည်။ လျှပ်စစ်ဓါတ်အား မလွှတ်မီ ထောင်မှူးကြီးကမေးသည်။

"ကိုင်း၊ မောင်မင်းရဲ့ နောက်ဆုံး ဆန္ဒရှိရင်ပြော"

"ကျွန်တော့်လက်ကို ကိုင်ထားပါလားဗျာ၊ ဒါဆို ကျွန်တော်နည်းနည်းစိတ်အေးရတာပေါ့"

 ၂)မဆိုင်ဘူး

ပြင်သစ်ပြည် မြို့ကလေး တစ်မြို့၏ စားသောက်ဆိုင်ထဲသို့ လူ ၃ ဦး ဝင်လာပြီး အစားအသောက်မှာသည်။ ထို့နောက် မိမိတို့ အိတ်ထဲမှ အရက်ပုလင်းများကို ထုတ်လိုက်သည်။ ဤတွင် ဘေးစားပွဲမှ လူတစ်ဦးက ..

“အရက်သောက်လို့ နှစ်စဉ် ပြင်သစ်လူမျိုးထောင်နဲ့ချီပြီး သေကြတယ်ဆိုတာ မိတ်ဆွေတို့ မသိကြဘူး ထင်တယ်”
“သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ ကျွန်တော်တို့က ဒတ်ခ်ျလူမျိုးတွေ”

၃)မကြိုးစားနဲ့

အမြန်ပြေးရထားအိပ်ခန်းတွဲ တစ်ခုတွင် အမျိုးသမီးတစ်ဦး ဝင်ထိုင်နေသည်။ ထိုစဉ်လူငယ်တစ်ဦး ၀င်လာပြီး အမျိုးသမီးအနားတွင် ထိုင်လိုက်သည်။ ထို့နောက်ပီကေကို ထုတ်ကာ ပါးစပ်တလှုပ်လှုပ်နှင့် စားလေတော့သည်။ ဤတွင် အမျိုးသမီးက လူငယ်ဘက်လှည့်ပြီး ..

“ကျွန်မနဲ့ မိတ်ဆွေဖွဲ့ဖို့ ကြိုးစားလည်း အလကားပဲ၊ ကျွန်မက နားလုံးလုံးမကြားဘူးရှင့်” ဟုပြောလိုက်လေသည်။

Wednesday, September 2, 2009

Because of you

သီဟသစ်တို့ရုံးမှာက စနောက်ရင်း သုံးဖြစ်တဲ့ စကားလုံးလေးပါ။ ဥပမာ - သီဟသစ်နဲ့ ဂျွန်တို့ ရေးထားတဲ့ Application က Error တက်နေတဲ့ အကြောင်း ဆွေးနွေးနေရင်း ကိုယ့်အဖွဲ့နဲ့ မဆိုင်တဲ့ တခြား Team ထဲက သူငယ်ချင်းကို လှမ်းစချင်ရင် Because of you လို့ နောက်လိုက်တာမျိုးပါ။ သူနဲ့လည်း အဲဒီ Error က ဆိုင်တဲ့ အခါရှိသလို မဆိုင်တဲ့ အခါလည်းရှိပါတယ်။ ဒါပေမယ့် Application ကိုလက်ရှိ တာဝန်ယူတာ သီဟသစ်တို့ ဆိုတော့ ကိုယ်ကိုယ်တိုင်ပဲ ဖြေရှင်းရမှာပါ။

ဆက်စပ်ပြီးတွေးမိတာက သတင်းတွေ ဖတ်မိတဲ့ အခါပါ။ အရက်ဆိုင်/ အရက်သောက်သူတွေများလာ၊ တစ်လုံး နှစ်လုံး သုံးလုံး လောင်းကစားလုပ်သူများပြား. .. အဲလို အဲလိုဖြစ်နေခြင်းမှာ ကောက်ချက်ချလိုက်တော့ ဘယ်သူတွေ မကောင်းလို့ ဖြစ်ပါသည်ပေါ့။ ဘယ်သူတွေ မကောင်းကြဘူး ဆိုတာတော့ ပြောစရာမလိုလို့ မပြောတော့ပါ။ အဲလို လက်ညိုးညွှန်လိုက်ရုံက အဖြေတစ်ခု မဟုတ်ဟု ဆိုချင်ပါသည်။ အရက်သောက်၊ လောင်းကစားလုပ်တာ လုပ်တဲ့သူတွေ အသုံးမကျတာလည်း ပါပါသည် လို့လည်းပြောချင်ပါသည်။

လူငယ်ဘ၀ ဥပမာ ပေးရရင် ကောင်မလေးက ထားသွားလို့ ဆိုပြီး ဆိုးတေနေတဲ့ပုံစံမျိုး ဖြစ်နေသည်။ ဟိုတစ်ယောက်ကတော့ လှည့်မကြည့်ချင်လို့ နဂိုကတည်းက ထားသွားခဲ့ပြီ။ ကိုယ်က ဆိုးတေနေလေ သူက ပိုကြိုက်လေ ဖြစ်သည်။ အဲဒါကိုက သူဖြစ်စေချင်တဲ့ ပုံစံမျိုးကိုး။

အဲဒီတော့ ဘာဆက်လုပ်ကြမလဲ၊ သီဟသစ်မင်းပြော ဆိုတော့ အဲ့လူတွေ တရားထိုင်ကြပါ လို့ မပြောလိုပါ။ ကိုယ်ကိုယ်တိုင်မှ မလုပ်ဖြစ်သေး။ တခြားကောင်းရာမွန်ရာ လုပ်စရာတွေ မရှိကြတော့ဘူးလား ဟုမေးချင်ပါသည်။ အားလပ်ချိန်များကို စာဖတ်၊ အားကစားလုပ်၊ ကုသိုလ်ကောင်းမှု တစ်ခုခုလုပ်ခြင်းဖြင့် အချိန်တွေ ကုန်စေ့ချင်ပါသည်။

ဒီစာလေးကလဲ စိတ်ချဉ်ပေါက်နေတာ ကြာပြီဖြစ်နေလို့ ရေးလိုက်ခြင်းသာဖြစ်ပါသည်။ သူတို့တွေလည်း လာဖတ်ဖြစ်မည် မဟုတ်ပါ။ အဲဒီအတွေးလေး ဆက်မတွေးချင်တော့လို့ ရေးလိုက်ခြင်းသာ ဖြစ်ပါသည်။ ဖတ်ပေးတာ ကျေးဇူးတင်ပါသည်။

ခင်မင်စွာဖြင့်
သီဟသစ်

P.S
၁) သီဟသစ် ကိုယ်တိုင်လည်း သူတော်စင်ကြီး မဟုတ်ပါ။ ၀က်တုပ်ကွေး ကာကွယ်ရန် ကျား (Tiger) တစ်ခါတစ်လေ သောက်ပါသည်။ မှတ်ဥာဏ်ရွှင်ရန် ပိုကာတစ်ခါတစ်လေ ဒေါင်းပါသည်။ Because of me လို့ပဲ ပြောပါသည်။ :D (အဲ့လူတွေလည်း အဲလိုပြောလေသလားမသိ၊ သတင်းရေးတဲ့သူကပဲ ကောက်ချက်ချတာလည်း ဖြစ်နိုင်ပါသည်)

၂) ခုရက်ပိုင်း ခရီးတစ်ခု အလည်အပတ်သွားမှာမို့ နည်းနည်းပျောက်ပါမည်။ စာလာမဖတ်ဖြစ်၊ Cbox မအော်ဖြစ်ရင် ခွင့်လွှတ်ကြပါကုန်..:P

Bonus:
၁) မကျေနပ်ဘူး
ကိုဘမောင်က သူ၏ မိတ်ဆွေကို ပြောသည်။
"အခုခေတ်လူတွေ တော့်တော့်ကို ရိုင်းစိုင်းလာကြတယ်။"
"ဘာဖြစ်လို့လဲ ကိုယ့်လူရဲ့"

"ဘာဖြစ်ရမလဲ၊ မနေ့က အရက်ဘားက ကျွန်တော်ထွက်တော့ ဘယ်ကောင်လဲမသိဘူး၊ ကျွန်တော့်နားရွက်ကို တက်နင်းသွားတယ်"

၂)ကိုထိပ်ပြောင်
လူတစ်ယောက်တွင် ဆံပင်လေးချောင်းသာ ရှိတော့သည်။ နေ့တိုင်း ရုံးမသွားခင် မှန်ရှေ့ရပ်ပြီး ဆံပင် ၂ ချောင်းကို ဘယ်ဘက်၊ နောက် ၂ ချောင်းကို ညာဘက် ခွဲဖြီးသည်။ တစ်နေ့တွင် ဆံပင်တစ်ချောင်း ကျွတ်ကျသွားသည်။ သို့နှင့် နှစ်ချောင်းကို ညာဘက်၊ နောက်တစ်ချောင်းကို ဘယ်ဘက်ဖြီးပြီးသွားသည်။

နောက်မကြာမီ တစ်ချောင်းကျွတ်သွားပြန်သည်။ တစ်ချောင်းစီ ခွဲဖြီးပြီး ရုံးသွားသည်။ မကြာမီ နောက်ဆံပင်တစ်ချောင်း ကျွတ်သွားပြန်ရာ တစ်ချောင်းထဲသာ ကျန်တော့သော ဆံပင်ကို ကြည့်ပြီး ကိုယ့်ဘာသာကိုယ်ပြောသည်။

"မတတ်နိုင်ဘူး။ ဆံပင်မဖြီးပဲ ဖိုသီဖတ်သီ သွားရတော့မှာပဲ"

၃) တစ်ဆက်တည်း
ပါးစပ်အကျယ်ကြီး ဟပြီး သမ်းနေသော ယောက်ျားကို သူ့မိန်းမက ပြောသည်။

"ကိုမြ၊ ရှင့်ပါးစပ် ဟနေမှတော့ အိမ်ပြန်လာခဲ့တော့လို့ တစ်ဆက်တည်း ရှင့်သားငယ်ကို လှမ်းအော်လိုက်စမ်းပါ"