၁) ရွှေနိုင်ငံရဲ့ လေဆိပ်ရောက်တော့ လ၀က မရောက်ခင် လှေခါးအဆင်းမှာ ဗီဒီယို ကင်မရာ လို ဟာမျိုးနဲ့ ချိန်ရိုက်နေတာ တွေ့ရတော့ ဟာ သီဟသစ်တို့တော့ ရူပါသန့်လို့ ရိုက်ထားတာနေမှာ ဘယ်ဇာတ်ကားထဲများ ထည့်မယ်မသိ လို့တွေးလိုက်သေးတယ်။ နောက်မှ ဂျာနယ်ဝယ်ဖတ်လို့သိရတာ မျက်နှာကို scan လှမ်းဖတ်ပြီး ၀က်တုပ်ကွေး စစ်တာဆိုပဲ။ တို့နိုင်ငံကြီးကလဲ ခေတ်တွေမှီနေပြီ ဆိုပြီး ဂုဏ်ယူရပါ၏။
ဒါနဲ့ လ၀က အရောက် ရှေ့ ကမမ တစ်ယောက်က ၂၀၀၈ ထိပဲ အခွန်ဆောင်လာတယ်ဆိုတော့ ကောင်တာမရောက်ခင် တစ်လအတွင်းပြန်ထွက်မည့်သူတွေကို DForm လုပ်စရာ မလိုအောင် ဖြည့်ရတဲ့ Form ကို ၀တ်ဖြူစင်ကြယ်နဲ့ ကိုကိုလေးက မပေးဘူးတဲ့။ စစ်တဲ့နေရာရောက်မှ ကြည့်ပြောတဲ့။ အဲဒါနဲ့ သီဟသစ်လည်း မမရေ ဘာမှမပူနဲ့ စင်း10ပေးလိုက်လို့ လမ်းညွှန်လိုက်ရသေးတယ်။ ဒီလိုနဲ့ သူလည်းအိုကေသွားရော ဆိုပါတော့။
၂)ညနေရောက်တော့ ဟိုက်ဝေးကားနဲ့ မန္တလေး ခရီးဆက်တော့ ရန်ကုန်-နေပြည်တော် လမ်းသစ်ကြီးက သွားလိုက်တာ မဆိုးဘူး၊ ပိုမြန်တယ်။ မန်းလေးကို ခါတိုင်းထက် ၁ နာရီခွဲ ၂ နာရီလောက် စောရောက်တယ်။ လမ်းမှာ မှတ်ပုံတင်ပြတဲ့နေရာလည်း မဖြတ်ရဘူး။ ဆိုးတာက လမ်းမှာ ဘယ်မြို့ မှ မဖြတ်တော့ စားသောက်ဆိုင်တွေလည်းမရှိတော့ စားရသောက်ရတာ အဆင်မပြေဘူး။ ရွှေမန်းလေးရောက်တော့ ဆိုင်ကယ်တက်စီ ဆွဲတဲ့သူတွေများ ကားတခါးပေါက်ကိုပိတ်ရက်နေတာ ဘယ်လိုထွက်ရမှန်းတောင်မသိ။ သီဟသစ်လည်း ဇွတ်တွန်းပြီး ထွက်လာတာ ၃ ယောက်လောက် အနောက်လန်သွားမှ ထွက်လို့ရတော့တယ်။ မိန်းကလေးတွေများ ဘယ်လိုထွက်ကြတယ်မသိ။ သူတို့ကို အဲလိုမဖြစ်အောင် စောင့်ကြပ်ပေးတဲ့သူတွေရှိတယ် ပြောတယ်။ လူများ ကားများတော့လည်း မနိုင်ဘူးနေမှာ။
၃)ရွှေမန်းလေးရောက်တော့ အဖေ၊အမေ တို့ကလည်း သီဟသစ်တို့ဇာတိမြို့ကနေ ရောက်ခဲ့ပြီဆိုတော့ အထူးကုဆေးခန်းသွား ကလေးကြည့်ကြတာပေါ့ဗျာ။ လေယာဉ်စီးဖို့ရာ ဒီမှာစောစောထရတာနဲ့ တစ်ညလုံး ကားစီးခဲ့ရတာနဲ့ ဆိုတော့ သီဟသစ်တို့လည်း ကြာကြာမနေနိုင်ဘူး။ တည်းတဲ့နေရာ ပြန်လာကြပြီး အိပ်ကြရော ဆိုပါတော့။ ညနေလည်းရောက်လို့ ဆေးခန်းသွားပြီး ကလေးထပ်ကြည့်တော့ နှင်းဆီဖြူကလည်း ငိုထားတယ်။ ကလေးလေးကလည်း မနက်ကကြည့်တုန်းက လေးဖြူလောက်နီးနီးအသံနဲ့ Rock ဆန်ဆန်ငိုနေရာကနေ ညနေကျတော့ အာဇာနည် Pop သီချင်းဆိုသလောက်တောင် အသံမထွက်တော့ဘူး။
ဘာဖြစ်လို့လဲမေးကြည့်တော့ သီဟတို့ပြန်သွားပြီးနောက် ကလေးအထူးကုဆရာဝန်လာပြီး ကလေးကို အသည်းရောင် အသားဝါရှိမရှိ စစ်မယ်ဆိုပြီး သွေးကို ပင်နီဆလင် ပုလင်းနဲ့ တစ်ပုလင်းထုတ်သတဲ့။ မွေးခါစကလေးလေးမှာ သွေးဘယ်လောက်များများရှိမှာ မို့လဲ။ ကလေးကလည်း ရုန်းရင်းကန်ရင်း ငိုရင်းနဲ့တော်တော်မောသွားမှာပေါ့။
အဲဒါပြီးတော့ သွေးစစ်တဲ့ အဖြေမသိရသေးဘူး။ Special Nurse က ကလေးကို အသားဝါရှိတယ်၊ ဓါတ်ကင်မယ် ဆိုပြီး မီးချောင်းတွေနဲ့ မီးပြတဲ့ဟာ ယူလာပြီး ကလေးကို ထည့်ထားရောတဲ့။ ရာသီဥတုကလည်း တအားပူနေတဲ့ အချိန်ကြီးကို။ နှင်းဆီဖြူကနေ ကလေးကို ထုတ်ပေး၊ နို့တိုက်မယ် ဆိုတာကို ဆရာမက ထုတ်မပေးဘူးတဲ့။ အဲဒါနဲ့ သူလည်းငိုပြီး ကောင်တာလှမ်းဖုန်းဆက်တိုင်တော့မှ ထုတ်ပေးတာတဲ့။ ကလေးက မျော့မျော့လေးရှိတော့တာ။ အဲဒါကို သတိရအောင် ဆိုပြီး သူနာပြုဆရာမက ကလေးလေးကို ခြေထောက်တွေချိုး နားရင်းတွေအုပ်လုပ်သတဲ့။ နောက်မှ OG ဆရာဝန်မကြီး ရောက်လာမှပဲ ကလေးလေးကို အေးအေးလေးနေအောင် ထားလိုက်မှပဲ ကလေးက သတိရလာတာဆိုပဲ။
ဆက်ရန်.....
P.S အရင်ပို့စ်မှာ ကောမန့်ပေးပြီး Champ Champ လေးကို အားပေးကြသော ညီအစ်ကို မောင်နှမ အားလုံးကို ကျေးဇူးတင်ပါသည်။ ယောက္ခမဟု ခေါ်သော ညီအစ်မများ၊ သမီးလေးမမွေးလို့ စိတ်မကောင်းသော ညီအစ်ကို များကိုလည်း ကျေးဂျူးတင်ပါ၏။
Bonus:
၁) မြိုရခက်ကြီး
ထမင်းဝိုင်းအနားတွင် ရပ်လျက် အန်တီမြက ဧည့်သည်များကို ပြောသည်။
"စားကြပါနော်။ အားမနာပါနဲ့။ ဒါနဲ့ ဦးဘမောင် ကြက်သား တတိယတုံး ယူလိုက်ပါအုံး။ ဘယ်သူဘယ်နှစ်တုံး စားတယ်ဆိုတာ ကျွန်မ မမှတ်တတ်ပါဘူးရှင်"
၂)တစ်ယောက်မှ မရှိပါ
လူဆိုးများ လက်မှ လွတ်အောင် ကိုချူချာပြေးရင်း ရေတွင်းထဲ ဆင်းပုန်းသည်။ လူဆိုးဂိုဏ်းခေါင်းဆောင်က ရေတွင်းထဲ ကြည့်ပြီး အော်သည်။
"တစ်ယောက်ယောက်ရှိသလားဟေ့"
ကိုချူချာက ပဲ့တင်သံပုံစံဖြင့် ပြန်အော်သည်။
"တစ်ယောက်ယောက်ရှိသလားဟေ့၊ တစ်ယောက်ယောက်ရှိသလားဟေ့"
"တစ်ယောက်မှ မရှိဘူးထင်တယ်"
"တစ်ယောက်မှ မရှိဘူးထင်တယ်၊ တစ်ယောက်မှ မရှိဘူးထင်တယ်"
"ဗုံးတစ်လုံး ပစ်ချလိုက်ရင် ကောင်းမလား"
"မပစ်နဲ့၊ မပစ်နဲ့ တစ်ယောက်မှ မရှိတာပဲ"