Saturday, August 1, 2009

အိပ်မက်တို့ မွေးဖွားရာမြေ (၂)



http://www.flickr.com/photos/rawbean/2124639463/sizes/o/

 တစ်ရက်လားကျတော့ တောင်သမန်အင်းကို စက်ဘီးနဲ့သွားကြတယ်။ ပဲခူးသား သူငယ်ချင်းက သူ့အိမ်က ပို့လိုက်တဲ့ ငါးဖယ်ချဉ်ကို သုပ်လာတယ်။ အဲဒါနဲ့မယ်ဇယ်ပင်ရိပ်က အကြော်ဆိုင်လေး တစ်ခုမှာထိုင်ပြီး အကြော်ရယ်၊ ရေနွေးကြမ်းအေးအေး လေးရယ်နဲ့ သောက်ကြတာပေါ့။ အဲဒီလိုလေး စားသောက်ပြီးသကာလ လေလည်းကလည်း တဖြူးဖြူးဆိုတော့ မြူးကြွပြီး ရေသန့်ဘူးခွံကို လေထဲမြှောက်ကန် လိုက်တာ တစ်ဖက်နားလေးမှာ ထိုင်နေတဲ့ စားသောက်ဝိုင်းပေါ် ကျပါလေရော။ သီဟသစ်လည်း ဇရှိတဲ့သူဆိုတော့ ဟိုဘက်ဝိုင်းက ထမလာခင် ချက်ချင်းပြေးပြီး ... တောင်းပန်လိုက်တာပါ။ သူငယ်ချင်းတွေနဲ့လည်း တောင်သမန်အင်းထဲမှာ ငှက်စီးကြပါသေးတယ်။ ပုံထဲမှာမြင်နေရသလို ငှက်ရဲ့ရှေ့ဆုံးကို သွားပြီး Titanic လုပ်သေးတယ်။ ကံကောင်းလို့ ရေထဲပြုတ်မကျတာ :)

စကားကြုံလို့ ပြောရရင် တောင်သမန်အင်းကို နှင်းဆီဖြူလေးနဲ့ တစ်ခါမှ အတူတူ မသွားဖူးပါဘူး။ ချစ်သူစုံတွဲ သွားရင် ကွဲတတ်တယ်ဆိုလို့ပါ။ သီဟသစ်တို့က အဲဒီနေရာမှာတော့ အယူသီးပါတယ်။ သူကတော့ အဲဒီတုန်းက ပြောပါတယ် သူငယ်ချင်းစုံတွဲ တစ်တွဲတောင် အဲဒီမှာ အဖြေပေးဖူးတာပဲ တဲ့။ သူတို့တွေ တော်တော်လည်း ချစ်ကြပါတယ်။ နောက်ပိုင်းကျတော့ အဲဒီစုံတွဲမှာ သူငယ်ချင်းကောင်လေးက ခုEurope ဘက်မှာ၊ ကောင်မလေးကတော့ ကလေးတောင်ကြီးနေပြီ၊ တခြားသူနဲ့ အိမ်ထောင်ကျတာပါ။ တိုက်ဆိုင်တာလဲ ဖြစ်နိုင်ပါတယ်။ နန်းရှေ့က ရန်ကင်းတောင်ကိုလည်း အတွဲတွေ မသွားရဘူးဆိုတာမျိုး ကြားဖူးပါတယ်။


မဟာအောင်မြေဘုံစံကျောင်း၊ အင်းဝ

Credits http://www.flickr.com/photos/trota/2228577286/in/set-72157603813777200/

နောက်တစ်ခါ သွားကြတာတော့ အင်းဝဘက်ပါ။ အရင်ခေတ်က ဘုန်းကြီးကျောင်းတွေကို လိုက်လေ့လာကြတာပေါ့။ အဲဒါက ပထမနှစ်လောက်တုန်းကပါ။ နောက်အတန်းကြီးလာတော့ သူငယ်ချင်းရဲ့ကားနဲ့ အဖွဲ့လိုက် သွားပြီး PC ကစားကြပါတယ်။ တခြားလူတွေ ကွက်ကြည့်ကွက်ကြည့် လာလုပ်ရင် တခြားတစ်နေရာကို ပြောင်းဆော့ပါတယ်။ များသောအားဖြင့်တော့ တောင်မြို့(အမရပူရ) ဘက်သွားပြီး ကစားကြတာ များပါတယ်။

Credits to http://www.flickr.com/photos/rstanek/2167744270/in/set-72157603622261776/

နောက်ထပ်ရောက်ဖြစ်တာက တော့ မင်းကွန်းဘက်ပါ။ ကားလမ်းနဲ့ပဲ ရောက်ဖြစ်ပါတယ်။ မော်တော်နဲ့သွားရင် ပိုပြီးပျော်စရာကောင်းတယ် ပြောကြပါတယ်။ ကားလမ်းကတော့ အရင်သွားတုန်းက ဖုန်နည်းနည်းထပါတယ်။ နောက်ပိုင်းတော့ ဆိုင်ကယ်နဲ့သွားလို့လား လမ်းကောင်းလာလို့လား မသိ ဖုန်သိပ်မထပါဘူး။ မင်းကွန်းခေါင်းလောင်းကြီးနဲ့ မြသိန်းတန်စေတီ ..ဆိုတဲ့ သီချင်းလေးကို သတိရမိတယ်။ မင်းကွန်းပုထိုးတော်ကြီး ပေါ်ကနေ ကြည့်ရတဲ့ မြင်ကွင်းက တော်တော်ကဗျာဆန်ပါတယ်။

အင်းဝတံတား နဲ့ ရတနာပုံတံတား
Credits to http://www.flickr.com/photos/trota/2227750295/

စစ်ကိုင်းဘက်ကတော့ ခဏခဏရောက်ပါတယ်။ သူငယ်ချင်း မိုးကောင်းသူရဲ့ ကိုယ်တော်ကြီးလောင်းလျာက စစ်ကိုင်းသားဆိုတော့ ညအိပ်ညနေ သွားသွားလည်ကြတာပါ။ သူတို့အိမ်လဲ သီဟသစ်တို့ အဖွဲ့ဒဏ်တော်တော် ခံရတာပါ။ ညလည်းတော်တော်နဲ့ မအိပ်ကြ။ မနက်ကျရင်လည်း မနက်စာ စားပြီးမှ ပြန်ကြတာကိုး။ စစ်ကိုင်းက ကမ်းနားလမ်းကိုတော့ တော်တော်သဘောကျပါတယ်။ ထိုင်ရတာလဲ တော်တော်ကောင်းပါတယ်။ စစ်ကိုင်းမှာ သဘောကျတာကတော့ အသုပ်ပါ။ အစုံကိုရပါတယ်။ အချို့အရွက်သုပ်တွေဆို ဆိုင်ရောက်မှ ကြားဖူးတာမျိုးပါ။ အဲဒီမှာ သွားသွားစားဖြစ်တာကတော့ အမေကြည် အသုပ်ဆိုင် ထင်တာပါပဲ။ စစ်ကိုင်းတောင်ကိုတော့ တအားမရောက်ပါဘူး။

လည်တာပတ်တာပြီးလို့ အစားအသောက်ဘက် လှည့်ရမယ် ဆိုရင် မနက်စာကိုတော့ မိန်းထဲက ရူဘီမုန့်တီ၊ ရွှေမူဆယ် ၀က်သားလုံး၊ ၂၈ လမ်းက ၀မ်ရွှေ ခေါက်ဆွဲဆိုင် တစ်ခုခုမှာ စားတာပါပဲ။ တစ်ခါတစ်လေ စစ်ကိုင်းလမ်း ဂုံးကျော်တံတားဘက်သွားပြီး ထမင်းကြော်စားပါတယ်။ သီဟသစ်က လက်ဖက်ရည် သမား မဟုတ်ပေမယ့် လက်ဖက်ရည်ထိုင်ရတဲ့ feel ကိုသဘောကျပါတယ်။ လက်ဖက်ရည်ဆိုင်မှာ သီချင်းနားထောင်ရတာ ပိုအရသာရှိသလိုပါပဲ။ ဂျာနယ်တွေ မဂ္ဂဇင်းတွေ အများကြီးချပေးထားတဲ့ လက်ဖက်ရည်ဆိုင်ကိုတော့ တစ်ခါတစ်လေမှ ထိုင်ပါတယ်။ သူငယ်ချင်းတွေ စကားပြောချင်လို့ သွားပါတယ်ဆိုမှ တစ်ယောက်ဂျာနယ် တစ်စောင်စီနဲ့ ဆိုတော့ စကားမပြောဖြစ်တော့လို့ပါ။

Credits To http://www.flickr.com/photos/robinthom/384868927/

မန္တလေးမှာ အကြိုက်ဆုံးကတော့ အချဉ်ပေါင်းပါပဲ။ အဲဒီနေရာမှာ နှင်းဆီဖြူလေးနဲ့ ကျွန်တော်ပြောင်းပြန် ၊ သူက အချဉ်ပေါင်းမကြိုက်၊ ၀က်သားတုတ်ထိုးမကြိုက်၊ ကျွန်တော်ကတော့ အကုန်ကြိုက်။ (ချန်းချင်လေးကတော့ အစားအသောက်မှာ ဘယ်သူနဲ့တူမယ် မသိ။) နေ့လည်ပိုင်း တရေးနှပ် အိပ်ရာနိုးတဲ့အချိန် အချဉ်ပေါင်းစားလိုက်ရရင် တကယ်မိုက်တယ်။ ဒါမှမဟုတ်ရင် ဆေးကျောင်းအဆောင်နားက မုန့်ပြစ်သလက်၊ ဒါမှမဟုတ်ရင် ၈၂x၂၇ လမ်းဒေါင့်က ချပါတီ တစ်ခုခုတော့ သွားစားတာပဲ။ စိတ်ပေါက်လာရင် နေပူပူထဲမှာ နန်းရှေ့ရေစစ်ကန်နားက ဆိုင်ထိသွားစားပါတယ်။

ညနေရောက်ရင်တော့ ၇၆ လမ်းက ညဈေးတန်းကို သွားပြီး တစ်ခုခုစားတာပဲ။ အဲဒီက အစားအစာတွေကို တအားကြီးတော့ မကြိုက်ပါဘူး။ များသောအားဖြင့် ဘိန်းမုန့်ဝယ်စားတာ များပါတယ်။ ၃၅ လမ်းပေါ်က လက်ဖက်ရည်ဆိုင်က ပလာတာသုပ်လည်း သွားသွားစားပါတယ်။ ညပိုင်းရောက်ရင်တော့ ကျုံးဘေးက အအေးဆိုင်လေးမှာ အေးအေးချမ်းချမ်းလေး သွားထိုင်ပြီး အအေးလေးသောက်တာပေါ့။ အစားအသောက်တွေ စားလှချည်လား မထင်ပါနဲ့။ ကျောင်းပြီးမှ အဲလိုလိုက်စားဖြစ်တာပါ။ ကျောင်းသားဘ၀ တုန်းက တော့ ညနေဆို အကြော်ဆိုင်လေးမှာ ကောက်ညှင်းပေါင်းနဲ့ အကြော်စား ရေနွေးကြမ်း  သောက်ကြတာပါ။ (နေ့လည်စာ၊ ညစာ ထမင်းစားဖြစ်တဲ့ဆိုင်တွေကို တော့ အာရုရတဲ့အခါမှ ရေးပါ့မယ်။)

ဒီပို့စ်လေးကို အကိုကြီး ကိုစိုင်းစိုင်းလားရှိုးဆီကနေ ခွင့်တောင်းပြီး ယူထားတဲ့ ကဗျာလေးနဲ့ သိမ်းပါရစေ..

မန္တလေး အလွမ်းပြေ

နေရှိန်ပူပူ
ရင်ဆူဆူမို့
ရေပြင်ကျုံးဘေး
ဂရိတ်ဖုဖ်လှည်း လေးလည်းလွမ်းတယ်

နေညိုခင်းလေး
လေပြည်ညှင်းသွေး
ရေနီမြောင်းဘေး
အကြော်တဲ လေးလည်းလွမ်းတယ်

ညခင်းချိန်ခါ
လသာသာမို့
အကင်စုံတဲ့
ရွှေခိုင်ဆိုင် လေးလည်းလွမ်းတယ်

ညဥ့်နက်ချိန်ခါ
တိတ်ဆိတ်ပါလို့
အဆောင်လမ်းဘေး
ဂစ်တာဟောင်း လေးလည်းလွမ်းတယ်
သြော်.... လွမ်း.....တယ်

38 comments:

Lucifer said...

ဟဟ.. မမီး ၁ ကွ.. စာတော့ဖတ်ရသေးဘူး..

Lucifer said...

မနှစ်ကပြန်တုန်းကတော့ စစ်ကိုင်းတံတား အသစ်ကြီးဆီရောက်ခဲ့တယ်.. တောင်သမန်အင်းတော့မရောက်တာကြာပြီ.. ဒီတစ်ခါပြန်ရင်သွားမယ်

ahphyulay said...

မြန်မာမှန်ရင် မန္တလေးတော့ ရောက်ဖူးရမယ်လို့ 
ကျွန်တော်ဆိုချင်ပါတယ်။ ဗမာတွေအတွက်ဘူ
မိနက်သန်မှန်ရာမြေလို့ လဲပြောချင်ပါတယ်။ရာဇဝင်တွေရဲ့ အစသမိုင်းတွေရဲ့  အစပဲမဟုတ်လား။ဖုန်ထူပေမဲ့ ရောက်တိုင်းကြည်နူးရပါတယ်

ကိုလူထွေး said...

မြန်မာပြည်ပြန်ရောက်မှ အတိုးချပြီး လျှောက်လည်ချင်သေးတယ်ကွာ... လိုက်ပို့မယ်မဟုတ်လား...

အခုများတော့...

ဟင်းးးးးးးးးးး

Anonymous said...

အခုတော့ ပြီးသွားပြီပေါ့။
မန်းလေးသား ဖြစ်ချင်တယ်ပေါ့
ကျနော်ကျနော်တွေ ကြိုက်တယ်ပေါ့
ပြီးတော့ တရုတ်တရုတ် တရုတ်

မပြောတော့ပါဘူးလေ

လင်းဒီပ said...

ကျွန်တော် သွားချင်တဲ့ မရောက်ဖူးသေးတဲ့နေရာတွေ အများကြီးဗျာ....ဒေသန္တရဗဟုသုတ စုံတဲ့သူတွေ တွေ့၇င် မနာလိုဘူး...ကိုယ်က သိပ်မရောက်လို့..ဟီး..

သွားဦးမယ် ဗျာ...ကျွန်တော်ကတော့ စံပယ်ဖြူနဲ့(သူက နှင်းဆီဖြူဆိုတော့ ကိုယ်လည်း စံပယ်လောက်တော့ ဖြူ ထားမှ..)

နဒီမိုးညို said...

ပုံလေးတွေ..ကြည့်ပြီး..လွမ်းလိုက်တာ..
မောင်းမောင်း..လဲ..စားချင်တယ်.
ဒီတစ်ခါ..မြန်မာပြည်ပြန်ရင်.မိုးညိုကို..
မန္တလေး..သွားရအောင်လို့ .ပူဆာရမယ်..ဟီးးး

Beauty Studio USA Branded Store said...

မှတ်သားသွားပါတယ်။ဗဟုသုတလဲ အများကြီးရပြီး ဓာတ်ပုံလေးတွေ ကြည့်ရင်း ကိုယ်တိုင် လျှောက်လည်သွားရသလိုပါပဲ။ တောင်သမာန်နှင့် ရန်ကင်းတောင် ဒီနေရာလေးတွေ သွားရင် ဇနီင်္းခေါ်မသွားရအောင် သတိဆောင်လိုက်ပါမယ့်။

မေဇင် said...

လွမ်းစရာလေးတွေကွယ်.....။ ဓာတ်ပုံပါကြည့်ရတော့... တကယ်ရောက်သွားရသလိုပဲ.... မနှင်းဆီဖြူနဲ့ ဓာတ်ပုံတွေ တင်ပေး......း)

kaungkinpyar said...

ကိုယ့်ခြုံစောင် ကိုယ်ထွေးပြီး
လွမ်းတယ်
ငါ့ခြေရာတွေ အပ်ကြောင်းထပ်တဲ့ သီအိုရီထဲ
ငါ့ဆော့ကစား ကျက်စားခဲ့တဲ့
ကျုံးရေပြင်မြို့ရိုးနဲ့ မြို့။
တဖြည်းဖြည်း မှုန်ပျပျောက်ကွယ်ခဲ့
ငါဝေးခဲ့ နှစ် လ ရက်တွေမှာ
ဘယ်လို ခေတ်သီချင်းတွေဖွင့်
ဘယ်ဒီဇိုင်း ဆေးရောင်စုံနဲ့
မြူးတူးကခုန်နေမှာလဲ။
သူငယ်ချင်းရေ...
အရင်လို လက်ဖက်ရည်ဆိုင် အကြာကြီး ထိုင်တတ်တုန်းလား
ချစ်သူက
အတူလျှောက်ခဲ့တဲ့ ညနေလမ်းလေးမှာ
အလွမ်းနဲ့ ငါ့ကို စောင့်ကြိုနေမှာလား
ငါ့သိုက်မြုံ ရင်ခွင်နွေးနွေးနဲ့
ညစာစားပွဲတွေ အကြောင်း
လမင်းကြီး မီးခိုးရောင် ပိုက်ကွန်ထဲ
ရုန်းမထွက်နိုင်တဲ့ည
မှန်ပျပျ အလင်းရောင်အောက်မှာ
ထူးအိမ်သင်ရဲ့
အမေ့အိမ် သီချင်းလေး ညည်းရင်း
မန္တလေးရယ် ငါလွမ်းတယ်။

မန်းလေးသားအတွက် ဖတ်ဖူးထားတဲ့ ကဗျာလေးနဲ့ မန့်ခဲ့တယ် သီဟရေ၊ အလွမ်းတွေ လျော့သွားမလား၊ တိုးလာမလားတော့ မသိ:)

ဖိုးသင်္ကြန် said...

ဘယ်လောက်တောင် တေးထားလဲ မသိဘူး။ သွားရေစာအကုန်ပါအောင် ရေးနေတာပဲ။
ဒါတောင် မန္တလေးမှာ စတားဘက် မရှိလို့...

Angel Shaper said...

အကိုရေ......အတူလိုက်လည်ရသလိုပဲနော်။
အရသာရှိလိုက်တဲ့ စာလေးတွေနော်။ မုန့်လေးတွေလဲ စားချင်တယ်နော်။ ပျော်ရွှင်ပါစေနော်။

မငုံ said...

စာဖတ်ပြီး အဲဒီလို သွားလာချင်လိုက်တာ။ စားစရာအကြောင်းတွေပါထဲ့ထားတော့ ပိုကောင်းတယ်။ ညစာမစားပဲ လာဖတ်မိတော့ စားချင်စရာတွေချည်း ဖြစ်ကုန်ပြီ။

ကြည်ဖြူပိုင် said...

ကိုယ့်အရပ်ဌာနေဆိုတော့လည်းလွမ်းစရာလေးတွေပဲ
နော်အကိုသီဟ...(သီဟသစ်လည်း ဇရှိတဲ့သူဆိုတော့ ဟိုဘက်ဝိုင်းက ထမလာခင် ချက်ချင်းပြေးပြီး ... တောင်းပန်လိုက်တာပါ။ ) ဒီစာသားလေးကို ဖတ်မိတော့ရီချင်မိတယ်။ ဒါပေမယ့် ငါးသလောက်ပြုံးလေးပဲပြုံးလိုက်ပါတယ်။
ကိုသီဟတို့ကျောင်းသားဘ၀က ပျော်စရာကြီးနော်

ဂျစ်တူး ( မုံရွာ ) said...

စောစောစီးစီး ငိုလိုက်ရတာဟာ
အတိတ်တွေတူးဆွခံရသလိုဘဲ-
သီဟရဲ့ အရေးတွေထဲနစ်သွားလိုက်တာ-
မျက်ရည်ကြားကဖတ်မိသွားတယ်-
ခွင့်လွတ်နော်-
ဆက်အုံးမယ်ဟုတ်လား-
စောင့်ဖတ်မယ်ဗျာ-

ကျောပိုးအိတ် said...

ဟိုးတုန်းကလွမ်းမိတယ် မန်းလေးညပေါ့။
း)

အချဉ်ပေါင်းသည်လေးတွေ မမြင်ရတာကြာပေါ့။ တံထွေးမျိုချသွားတယ်။

နောက် ယောက်ခမနဲ့  သဘောထားတိုက်ဆိုင်တယ်။ ဒီနေရာမသွားနဲ့ ကွဲတတ်တယ်ဆို သွားဘူးတော့။

သန်လျှင်ဘက်မှာလေ ရှင်မွေ့ နွန်းကုန်းဆို သွားဘူးတော့။
း)

ဒီလိုချစ်တာ ချစ်သူကို။ မသွားရလို့ ဘာမှဖြစ်ပါဘူး။ သူများနဲ့ သွားမှာပေါ့နော့်။

ချစ်သူနဲ့ တော့ အကွဲမခံနိုင်ပေါင်။
း)

မယုံလို့ လဲမရဘူး။ ကျန်စာတွေကြောက်တယ်။

ဒါနဲ့ သားလေးဘယ်တော့လာမှာလဲ
အဟီးးးး

း)

နွေးနွေးသဲမွန် said...

ပို့ စ်လေးဖတ်ပြီး လွမ်းတဲ့စိတ်ကလေးကိုလွမ်းသွားတယ်...

နွယ်ရိုး said...

လွမ်းတယ်ဗျ။ ကျွန်တော်လည်း မန္တလေးခရေဇီပဲ။

မေ့သမီး said...

ကိုသီဟရေ အစားအသောက်အကြောင်းသိပ်မရေးနဲ့။ ဖတ်ရင်းနဲ့ သွားရည်ကျလို့ပါ။ ဒီပုံအတိုင်းဆိုရင်တော့ ဒီတခါပြန်ရင်မန္တလေးရောက်အောင်သွားပြီး အဲဒါတွေလိုက်စားကြည့်၊ အဲဒီနေရာတွေလည်း သွားကြည့်ရမယ်။

flowerpoem said...

ဓါတ်ပုံလေးတွေလည်းကောင်းတယ် မန္တလေးကို အလည်သွားအုံးမယ်..

တလနွန် said...

မန္တလေး ဟိုဖက် စစ်ကိုင်း တို့  ဘာတို့  မရောက်ဖူးသေးဖူး။ သွားလည်ချင်သွားပြီး။ မြန်မာပြည်ရောက်ရင်တော့ လျှောက်လည်ဖို့  တွေးသွားပါတယ်.

မင်းအိမ်ဖြူ Minn Eain Phyu said...

မန်းလေးကိုတော့ တကယ်ထပ်လည်ချင်ပါသေးတယ်

ဘယ်သွားသွား မျက်စိလယ်စရာ မရှိသလိုပဲ P:

ဆိုင်ကယ်နဲ့ လယ်ရတာ အရမ်းပျော်စရာကောင်းပါတယ်

ကိုသီဟတို့ဆီလာလည်မယ်ဗျ ..P:

ရှေးစာဆို said...

ကိုသီဟသစ်ရေ မကြည်ဖြူပိုင် သဘောကျသွားမိတဲ့ နေရာလေးမှာပဲ (သီဟသစ်လည်း ဇရှိတဲ့သူဆိုတော့ ဟိုဘက်ဝိုင်းက ထမလာခင် ချက်ချင်းပြေးပြီး ... တောင်းပန်လိုက်တာပါ။ ) ကျွန်တော်လည်း အသံထွက်အောင်ပြုံးလိုက်မိတယ်။

နောက်...ဆက်ဖတ်လိုက်တာ (တောင်သမန်အင်းကို နှင်းဆီဖြူလေးနဲ့ တစ်ခါမှ အတူတူ မသွားဖူးပါဘူး။ ချစ်သူစုံတွဲ သွားရင် ကွဲတတ်တယ်ဆိုလို့ပါ။ သီဟသစ်တို့က အဲဒီနေရာမှာတော့ အယူသီးပါတယ်။ သူကတော့ အဲဒီတုန်းက ပြောပါတယ် သူငယ်ချင်းစုံတွဲ တစ်တွဲတောင် အဲဒီမှာ အဖြေပေးဖူးတာပဲ တဲ့။ သူတို့တွေ တော်တော်လည်း ချစ်ကြပါတယ်။ နောက်ပိုင်းကျတော့ အဲဒီစုံတွဲမှာ သူငယ်ချင်းကောင်လေးက ခုEurope ဘက်မှာ၊ ကောင်မလေးကတော့ ကလေးတောင်ကြီးနေပြီ၊ တခြားသူနဲ့ အိမ်ထောင်ကျတာပါ။ ) လည်း ရောက်ရော ပိုပြီး ရယ်မိတော့တယ်။

တစ်ကယ်ဗျာ ဒီလိုစာလေးတွေ တင်ပေး၊ရေးပေးတဲ့အတွက် ကျေးဇူးတင်စွာနဲ့ပဲ မန္တလေးကိုလွမ်းမိပါတော့တယ်။

အားပေးလျက်!!!

Phyo Maw said...

စားတယ်
စားတယ်
တို့လည်းစားတယ်
မယုံဗိုက်ချင်းယှဉ်မလား
မြန်မာမုန့်
စလုံးမုန့်
မလေးမုန့်
ကုလားမုန့်
မုန့်မှန်သမျှစားဖူးအောင် စားတယ်။
မကြိုက်မစားတော့ဘူး စိတ်ထားပေမယ့်
မကြိုက်တာမရှိလောက်အောင်ကို ဖြစ်နေတော့
စားတယ်။
မန်းလေး
ရွှေခိုင် သိပ်ကြိုက်။

Shinlay said...

မန္တလေးကိုလွမ်းမိတယ်။ နှစ်တိုင်းမရောက်ပေမဲ့
အတွေးထဲမှာ တော့ အမြဲတမ်းရှိတဲ့ နေရာပါ။

ဆောင်းချမ်းမိုး said...

ရေနီမြောင်းဘေးအကြော်ဆိုင်လေးကိုတော့ လွမ်းတယ်ဗျာ..
ကိုသီဟ လွမ်းပါတယ်ဆို
နှဲကြီးကိုမှုတ်နေပြန်ပါပီ
အဟီး..

ချစ်လှစွာသော

ဇော် said...

အာ ကိုဂျီးရာ
ကျနော်က မန်းလေးသားဗျ။ ကိုဂျီးလောက်တောင် မခံစားခဲ့ဖူးဘူး။ ခု ကိုဂျီးကြောင့် လွမ်းသွားပြီ။ ဟင့်။

Mann Khine said...

ဆီအိုးနား သွားသွားစားတာရော

Htoo Aung Lwin said...

တစ်ခါတစ်ခေါက်တော့ လာရောက်ချင်ပါတယ် ကိုကြီးသစ်ရေ.....။
မန်းမြေကို ခြေမချဘူးသေးဘူး။

JulyDream said...

မန်းကို တခါမှကို မရောက်ဖူးသေးဘူး။ တကယ်ရောက်အောင် သွားချင်တယ်ကွယ်။

နွေးနေခြည် said...

စစ်ကိုင်းတောင်တက်ရတာ ပျော်တယ်။ လွမ်းစေတီဖူးရရင်လည်း လွမ်းသလိုလို။ ဂျောင်အစုံမရောက် ဖူးဘူး (ဘယ်ရောက်ဖူးမလဲ ဂျောင်တွေက အများကြီးဟာ..)

ထိုးမုန့်ဆိုရင် နာမည်သိပ်မကြီးတဲ့ ရွှေနှင်းဆီ ထိုးမုန့် ကြိုက်တယ်။း)

ဏီ(န်)ကင်း said...

ဖတ်သွားပါတယ်အစ်ကို။ကိုယ်တိုင်မရောက်ဖူးပေမယ့်စာသားတွေကြားမှာတော့ပျော်လာသလိုပဲ..ဟဲဟဲ..

Lu Pyo Gyi said...

ဘာလို့အယူတွေ သည်းနေရတာလဲ ခက်ထှာနော် အဲဒါမျိုးဆိုလို့ကတော့ သွားသာသွား ရန်ကင်းတောင်က အေးအေးဆေးဆေး ထိုင်လို့ရတယ် ကျောက်တော်ကြီးထဲလို ပိုက်ဆံတောင်းမယ့် ကလေးတွေမလာဘူး တောင်သမန်ကတော့ သွားမကောင်းပါဘူး မျက်စေ့နောက်တယ်။ မေ့လို့ပြောနေမိတယ် လူပျိုကြီးတို့က အဲဒါတွေသိဘူး။

ပြောသာပြောတယ် တောင်သမန်က ပြောင်းဖူးကြော်လေး စားချင်တာ ငါးကြော်လေး ပုဇွန်ကြော်လေးလဲ စားချင်လာပြန်ပြီ။ ဒီလူကြီး လုပ်တာနဲ့ အိမ်ပြန်ချင်စိတ် ပေါက်လာပြန်ပြီနော်။

ရေတမာ said...

လွမ်းအောင်ဖန်တယ် အကိုရာ

နှင်းဆီနက် said...

လွမ်းမောရပြန်ပါပြီ မန်းလေးဌာနီ
ယောက်ခမကြီး ခေးနေကောင်းလား ဂရုစိုက်နော်ချွေးမကမေးနေတယ်လို့း)

ခင်မင်စွာဖြင့်
နှင်းဆီနက်

littlebrook said...

အင်း လွမ်းသူတွေများလိုက်တာ... နေဦးလကုန်မှ မန်းလေးပြန်လိုက်ဦးမယ်.. အချဉ်ပေါင်းဆိုလို့ ဆီးဖြူသီးသေးသေးလေးတွေလေ.. အချဉ်ပေါင်းလုပ်တာ မန်းလေးမှာပဲရှိမယ်ထင်တယ် ..
မန်းမြို့ဈေးထဲက ငါးရေခွံကြော်... ရှလွတ်

မိုးခါး said...

သွားချင်တယ်
စားချင်တယ်
:D

Tina Kyi said...

သူငယ်ချင်းရေ

ခေတ်တွေကပြောင်းတော့ ကဗျာကို ပြင်ရင်ပိုခေတ်မှီမယ်တူတယ် ရွှေခိုင်မဟုတ်တော့ဘူး ရွေလွင်ပြင် ဖြစ်နေပြီ မန်းလေးမှာက

း)