Thursday, August 27, 2009

စပယ် နှင်းဆီ သဇင်














Photot credits to http://www.flickr.com/photos/gmach/2176559651/


မြင်စဉ်ခဏ
အေးမြမျက်နှာ
ကြည်လင်အပြုံး
စပယ်လေးလို
မင်းမျက်လုံး..

စိတ်တွေကောက်တတ်
မာနတွေရှိ
သိလိုက်ချိန်မှာ
ချစ်သူလေးက
နှင်းဆီပါ..

သူများတွေအတွက်
ဘယ်လိုပဲရှိ
ကိုယ့်အတွက်တော့
သဇင်ပန်းလို
တော်ဝင်သူ

ကမ္ဘာပေါ်မှာ
ရှိရှိသမျှ
ကောင်းမြတ်မွန်တဲ့
ပန်းအားလုံးနဲ့
တင်စားလိုက်ချင်
ကိုယ်ရဲ့သခင်

ဘယ်သူလဲလို့
မမေးနဲ့ ချစ်သူ
မင်းသာ..
ကိုယ့်ရင်ထဲက
တစ်ပွင့်တည်းသော
နှင်းဆီဖြူ ။   ။


အပေါ်က ကဗျာမပီ စာမပီလေးက ကိုရွာသားလေး YTU ရဲ့ Tag ကိုရေးထားတာပါ။

စာကြုံလို့ ဆက်ရေးရရင် ကျွန်တော့်အမျိုးသမီး နှင်းဆီဖြူလေးနဲ့ ချစ်သူ သက်တမ်း ၇နှစ်ကျော်အတွင်း ဘာကဗျာမှ ရေးပြီး မပေးဖူးပါဘူး။ သီဟသစ်က မရေးတတ်တာရယ်၊ သူကလည်း ၀ါသနာ သိပ်မပါတယ်ရယ် နဲ့ ဆိုတော့ အကိုက်ပဲ။ တစ်ခုအံ့သြစရာ ကောင်းတာက နှင်းဆီဖြူလေး က စာဖတ်သာ သိပ်ဝါသနာမပါတာ။ သူတခါတလေ စကားပြောရင်၊ စာတွေ ရေးပို့ရင် စကားလုံးအသုံးအနှုန်း လှလှလေးတွေ ပါပါလာတတ်တယ်။ (ကိုယ့်စပျစ်သီးလေး ကိုယ်ချိုတာ အပြစ်မမြင်စေလို :P)။ (သူဒီပြန်လာရင် သူ့ကိုပါ ဘလော့ရေးခိုင်းမှပဲ။ တော်ကြာ ကိုလူထွေးရေးတဲ့ ဘလော့ဂါလင်မယားလို ဖြစ်နေမှ ဂွ။)

ခုတော့လည်း သူ့ခမျာ သားလေး ချန်းချင်လေးကို ထိန်းနေရတာနဲ့ သီဟသစ်ဆီ စာတွေမရေးဖြစ်တော့ပါဘူး။ ဖုန်းထဲကနေပဲ နေကောင်းလား။ စိတ်ချမယ်နော်။ ကျန်တာက သီဟသစ်တို့ရဲ့ new hope လေး အကြောင်းပဲ ပြောဖြစ်တာ။ သားလေးကြီးလာရင် ကိုယ်တွေ တုန်းကလို အဖေနဲ့ အမေ အပြန်အလှန်ရေးတဲ့ဟာတွေ ခိုးဖတ်ဖို့ရာ နည်းတော့မှာပဲ။

PR လျှောက်ဖို့အတွက် သားလေး ချန်းချင်ကို လိုင်စင်ပုံရိုက်ပြီးပို့ပေးလိုက်တာပါ။ ပုံကို size က 3.5cm x 4.5 cm ဆိုတာ သီဟသစ်က အပျင်းထူပြီး မပြောလိုက်တော့ ဒီရောက်မှ ပြန်ပြင်ဖို့လုပ်ရပါတယ်။ စလုံးက ကိုကိုပိန်းတွေက ၁၇ ကျပ်ပေးရပြီး ပုံလည်းကောင်းကောင်းထွက်မလာတာနဲ့ နောက်ဆုံး ကိုရွာသားဆီက scanner နဲ့ဖတ်၊ ဆောင်းချမ်းမိုးဆီကို ပို့ပြီး ပြင်ခိုင်းလိုက်တာ အထက်ပါပုံလေးထွက်လာပါတယ်။ (Thanks to Ko Villager and Ko Winter) ပုံလေးထွက်ပြီးသကာလ သွားလည်းတင်ရော မိန်းမနဲ့ကလေးကို တစ်ခါတည်းမလျှောက်သေးလို့ ပုံမလိုဘူး။ သူတို့အတွက် ဘာစာရွက်စာတမ်းမှလည်း မလိုဘူးဆိုတော့ နေပေါ့ဗျာဆိုပြီး ပြန်ယူလာတာပေါ့။

အဲဒီကနေရုံးကို အပြန် Taxi ငှားစီးတော့ မောင်းတဲ့ ဒရိုင်ဘာ အန်ကယ်ကြီးက လူနောက်ကြီးနဲ့ တူပါတယ်။ Myantien ဆိုပြီး မြန်မာပြည်နဲ့ သူတို့ စလုံးဘာတွေ ကွာလဲ ဘာညာမေးတာပါ။ ဓါးပြတိုက်တာ၊ ခါးပိုက်နှိုတ်တာ ရှိလား တဲ့။ ရှိတော့ရှိတယ် နည်းတယ် နယ်စပ်ဘက်တွေမှာ ဖြစ်နိုင်တယ်လို့ ပြောလိုက်ရတယ်။ ရှိခဲ့ရင်ကော ရဲကိုကိုတွေက မိလားတဲ့။ မိပါတယ်ပေါ့ (Video ဇာတ်ကားထဲတော့ မိတာပဲ)။ နောက်တော့ ကလေးအရေအတွက် ကန့်သတ်တာ ရှိလားတဲ့။ သူတို့ စလုံးမှာ အရင်က ကန့်သတ်တာ ရှိတဲ့ အကြောင်းပြောပြတယ်။ တို့ဆီမှာတော့ မရှိဘူး ပေါ့။ နောက်တော့ အဘက ဘာပြောလဲဆိုတော့ မိန်းမဘယ်နှစ်ယောက်ယူရမယ်ရော ကန့်သတ်တာရှိလားတဲ့။ ဥပဒေအရ ကန့်သတ်တာတော့ မရှိဘူး လို့ပြန်ဖြေတော့ မင်းမိန်းမ ဘယ်နှစ်ယောက်ယူထားလဲတဲ့။ သီဟသစ်က တစ်ယောက်ဆိုတော့ တအားနည်းတယ် ဆိုပဲ။ မလုပ်နဲ့ဟ ငါ့မိန်းမ သတ်လိမ့်မယ် ပြောလိုက်ရတယ်။

ဟယ် .. ပန်းကနေ စလိုက်တာ ဟိုရောက်စ် ဒီရောက်စ် ဖြစ်သွားပြီ။ ဒီနေရာထိ သည်းခံဖတ်ပေးလို့ ကျေးဂျူးနော်..

ခင်မင်စွာဖြင့်
သီဟသစ်

ကဲမရိုက်ဖြစ်တာ ကြာပြီဖြစ်တဲ့ ဘောနပ်စ်လေးတွေ ဖတ်ပေးပါအုံး

၁) ကွယ်ရာမှာ တစ်မျိုး ရှေ့မှာတစ်မျိုး
"ကွယ်ရာမှာ ခင်ဗျားရဲ့ အရာရှိကို ဝေဖန်တာ ရစရာမရှိဘူး။ အစည်းအဝေးမှာကျတော့ ခင်ဗျားပဲ သူ့ကို ချီးမွမ်းပြန်တယ်။ ဘာသဘောလဲ။"
"ဘာသဘောမှ မဟုတ်ဘူး။ စကားတစ်ခွန်းကို ၂ ခါထပ်မပြောချင်လို့"

၂) အခုမှသိတယ်
ကိုချူချာ၏ ဇနီးသည် ၁၂ ယောက်မြောက်ကလေးကို မွေးဖွားပြီးနောက် ဆေးရုံမှ ဆင်းရန်ပြင်သည်။ သူနာပြုဆရာမက မချူချာကို လိုက်ပို့ရင်းပြောသည်။
"ကိုင်း မချူချာ နောင်နှစ် ဒီအချိန်လောက်မှာပဲ ကျွန်မတို့တွေ့ကြအုံးမယ်နော်"
"ဟင့်အင်း၊ ကျွန်မတို့ တွေ့ကြမှာ မဟုတ်တော့ဘူး"

"ဘာကြောင့်တွေ့ကြမှာ မဟုတ်တော့ဘူးလို့ ရဲရဲကြီးပြောနိုင်တာလဲ"
"ကလေးဘာကြောင့်မွေးတယ် ဆိုတာ ကျွန်မနဲ့ ကျွန်မယောက်ျားတို့ အခုသဘောပေါက်သွားပြီရှင့်"

၃)မျက်စိပါပေမယ့်
ချူချာတစ်ယောက်ကားဝယ်လာသည်။ ၀ယ်လာသောကားကို မောင်းလာရာ သစ်ပင်တစ်ပင်ကို ၀င်တိုက်မိသည်။ ကားထဲမှ ချူချာထွက်လာပြီး ရှေ့မီး ၂ လုံးကို လက်ဖြင့်ထုလိုက်သည်။

"ဒီလောက်ကြီးတဲ့ မျက်လုံးကြီးတွေ ဘာကိုမှ မမြင်ဘူး၊ တောက်"

Monday, August 17, 2009

မှတ်တိုင်တွေလား မိုင်တိုင်တွေလား

သူတို့ကိုယ်တိုင်ရဲ့ မွေးနေ့ပွဲ မွေးနေ့အလှူရယ်လို့ တစ်ခါမှ တိတိပပ မလုပ်ဖြစ်ကြတဲ့ အဖေ နှင့် အမေကို ပိုပြီး သတိရတယ်။ သူတို့ခမျာ သားသမီးတွေကို ဦးစားပေးရင်း သူတို့ကိုယ်သူတို့ မေ့ထားခဲ့တာ ကြာပြီကော။ နှင်းဆီဖြူလေးနှင့်သားလေးကိုရော လွမ်းလိုက်တာ၊ ကိုယ်လည်း အသက်ကြီးလာရင် ကိုယ့်မွေးနေ့ကိုယ် မေ့ဖြစ်သွားမယ် ထင်တယ်။

ကမ္ဘာမြေပေါ် ငါနေထိုင်တာ
တန်ဖိုးရှိသလား ဒီလိုမေးခွန်းမျိုးအား
လူတွေဆုံးဖြတ်ပါစေ (ရာဇ၀င် - ဇော်ဝင်းထွဋ်)

လူ့သက်တမ်းကို ပျမ်းမျှအနှစ် ၆၀ လို့ သတ်မှတ်ခဲ့ရင် ကိုယ်ရှင်သန်ခဲ့တာ လူ့သက်တမ်း တစ်ဝက်ရှိသွားပြီပဲ။ မြေကြီးကို ဒုက္ခပေးသူတစ်ယောက် မဖြစ်ခဲ့တာကတော့ ထူးပြီး ဂုဏ်ယူစရာ မဟုတ်။ ဒီထက်ပိုအောင် ကြိုးစားနေတယ် ဆိုတာရော
လုံလောက်တဲ့ ဆင်ခြေလား?

ငါနေထိုင်လာတဲ့နှစ်က ၃၀
မယုံနိုင်ဘူး အို ..ရုပ်ရှင်ကြည့်ရသလို
ဘ၀ကဆန်းကြယ်တယ် (ဂျစ်ပစီမိုးတိမ် - ဇော်ဝင်းထွဋ်)


စာသင်ဖို့ စိတ်တွေမပျက်၊ ဘီတယ်လ် သီချင်းတွေမကျက်ခဲ့ပေမယ့် ဂျစ်ပစီမိုးတိမ် သီချင်းလေးကိုတော့ သဘောကျမိတယ်။ မရည်ရွယ်တာ အကုန်ဖြစ်လာခဲ့တာကတော့ အမှန်ပဲ။ ဘ၀ဆိုတာလဲ ဂငယ်ကွေ့လောက် ကြမ်းတာတွေ မကြုံဖူးပေမယ့် အကွေ့အကောက်တွေ အတော်များတာကလား။

အဝေးက လမ်းဟောင်းအိုလေး အစဉ်မပြောင်းလဲ လဲလျောင်းနေဆဲ
ကိုယ်ဟာနှုတ်ခွန်းဆက် အဝေးကို ခင်တွယ်နေပေမယ့်လည်း
ဘ၀အတွက်သွားရမှာပဲ
(အ၀ါရောင်လမ်းကလေး - ဇော်ဝင်းထွဋ်)


လျှောက်ခဲ့တဲ့လမ်းများကိုလည်း လွမ်းဖို့ကောင်းစွာ နှုတ်ဆက်ခဲ့ဖူးတယ်။ တက္ကသိုလ်ကျောင်းသားဘ၀၊ စာသင်ပေးရတဲ့ သင်တန်းဆရာ ဘ၀ စသည်ဖြင့် ရွှေရောင်တောက်ခဲ့တဲ့ နေ့ရက်များကို လည်း လွမ်းမိတယ်။ နောက်ဘာတွေ ဘာတွေ ဆက်ဖြစ်ဦးမလဲ ဆိုတာ ကိုယ်လည်းမသိ။ စက်ရုပ်တစ်ပိုင်း လူတစ်ပိုင်း လက်ရှိဘ၀လေးကတော့ ချစ်သူငယ်ချင်း ဘလော့ဂါ ညီအစ်ကို မောင်နှမတွေကြောင့် ပျော်စရာကောင်းနေတာ အားလုံးကို ကျေးဇူးတင်စရာပါ။ ကိုယ့်ရဲ့အဖေ၊အမေနှင့် အမ၃ ယောက်၊ နှင်းဆီဖြူနှင့် သားလေး အားလုံးနဲ့ဝေးနေချိန်မှာ သူတို့ဟာ ကိုယ့်အတွက် တကယ့်မိသားစုတွေပါပဲ။

ကျွန်တော်ရဲ့ ဘလော့လေးကို စာလာဖတ်ဖြစ်တဲ့ ညီအစ်ကို မောင်နှမအားလုံးရော၊ မအားလို့ လာမဖတ်ဖြစ်တဲ့ ညီအစ်ကိုမောင်နှမအားလုံးကိုလည်း ကျေးဇူးပါ။ ဇွဲမကောင်းတဲ့ ကျွန့်တော့ကို စာလေးတွေ ရေးဖြစ်အောင် အားပေးတဲ့အတွက်ရော၊ မှတ်သားစရာ မပါ၊ ရသတွေ မပါ တဲ့ စာတွေကို ဖတ်ပေးတဲ့အတွက်ရောပါ။

အရင်က တစ်ခါမှ မွေးနေ့တူ ဆိုတာ မကြုံဖူးပေမယ့် ဘလော့ရဲ့ အကျိုးကျေးဇူးကြောင့် တွေ့ရတဲ့ ၆ နှစ်ငယ် အမြွှာညီအစ်မ နွေးနေခြည်၊ August 14 မွေးနေ့ရှင် မေဇင် နဲ့တကွ လီယိုဖွား ညီအစ်ကိုမောင်နှမများ၊ ကျန်သော ညီအစ်ကိုမောင်နှမ အားလုံး ယနေ့မှ စ၍ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး ဘ၀မှာ အောင်မြင်ပျော်ရွှင်ကြပါစေ။

ခုဆက်ဖော်ပြမယ့် စာလေးကတော့ ကိုယ့်ကိုယ်ကို မွေးနေ့လက်ဆောင် ပြန်ပေးထားတာပါ။

I am I

ကိုယ်ဟာ တစ်ချို့တွေ
ထင်သလောက် မဆိုးသလို
တစ်ချို့တွေ ထင်သလောက်
မကောင်းပါဘူး။

တစ်ချို့တွေ ထင်သလောက်
မတော်သလို
တစ်ချို့တွေ ထင်သလောက်လဲ
မညံ့ပါဘူး။

တစ်ချို့သူတွေရဲ့ အကြိုက်ကို
မလိုက်နိုင်သလို
တစ်ချို့သူတွေ မကြိုက်လည်း
ကိုယ်ကြိုက်ရင်
ကိုယ့်လမ်းကို ဆက်သွားနေမှာပါ။

လီယိုဖွားပီပီ
မဖြစ်မနေ လုပ်ရမှာတွေ မုန်းတယ်၊
ဟန်ဆောင်ရမှာ ပျင်းတယ်။

ကိုယ်ဟာ ဒဏ္ဍာရီထဲက
သူရဲကောင်း မဖြစ်ချင်ခဲ့သလို
ပုံပြင်ထဲက ၀ံပုလွေလည်း
မဖြစ်ချင်ပါဘူး။

ဘာကြောင့်လဲဆိုတော့
ကိုယ်ဟာ သီဟသစ်ပဲ
ဖြစ်ချင်ခဲ့လို့ပါ။


P.S : ငါ .. ငါ လို့သုံးရင် ငါစွဲစွဲကြီးတယ် ထင်မှာစိုးလို့ ကိုယ်.. ကိုယ်လို့ သုံးထားပါတယ်

ခင်မင်စွာဖြင့်
တစ်သက်လုံး သုံးခါပဲ ပြုံးသူ သီလ၀ မင်းသားကြီးရဲ့ အနွယ်တော်
သီဟသစ်

Friday, August 14, 2009

ရှာမယ် ကော်ဖီသောက်မယ် စားမယ်

Enterprise Search, Boncafe and Lau Pa Sat

ရုံးက Enterprise Search အတွက် သင်တန်းလွှတ်တာနဲ့ သွားတက်ပါတယ်။ စီနီယာသွားတက်ရတဲ့ အလှည့်တုန်းက Las Vegas မှာ သွားတက်ရပါတယ်။ သူ့အလှည့်တုန်းက Singapore မှာ သင်တန်း ဖွင့်ဖို့ အနည်းဆုံး လူ ၅ ယောက် မပြည့်လို့ သွားရတာပါ။ ကိုယ့်အလှည့်ကျ ကံများကောင်းချင်တော့ ရုံးကချည်းပဲ လူ ၄ယောက် လွှတ်တာ ဆိုတော့ လူကမပြည့်စရာမရှိတာမို့ ဒီမှာပဲတက်ရတာပါ။ သင်တန်းက Raffles Place MRT ကနေ Underground Pass ကတဆင့် လမ်းလျှောက်သွားရတာဆိုတော့ လူတွေ အများကြီးရဲ့ ခြေသံတွေနဲ့ ညံနေတာပါ။ မဆီမဆိုင် ပြိုင်မြင်းတို့၏ ခွာသံ ဆိုတဲ့ ဆရာတာရာမင်းဝေရဲ့ စာအုပ်နာမည်တောင် သွားသတိရမိတယ်။

Enterprise Search ဆိုတာ organization အကြီးကြီးတွေမှာ data တွေရှာချင်တဲ့အခါ သုံးတဲ့နည်းပညာပါ။ files တွေ၊ email တွေ ၊ database စသည်ဖြင့် အမျိုးမျိုးရှိနေတဲ့ data တွေကို တစ်နေရာထဲကနေ ရှာလို့ ရနိုင်အောင် လုပ်ပေးဖို့ပါ။ သင်တန်းမှာ Search Engine ရေးတဲ့ အပိုင်းမပါပါဘူး။ ရှိထားတဲ့ Search Engine ကို organization နဲ့ကိုက်အောင် ဘယ်လို configure လုပ်ရမလဲ ဆိုတဲ့ အပိုင်းကို သင်တာပါ။ သီဟသစ်အတွက် နည်းပညာက အသစ်ဖြစ်နေတာကြောင့် တအားကြီး စိတ်ဝင်စားလို့ မရသေးပါဘူး။ ဆရာကလည်း တစ်ခုခု သင်ပြီးတိုင်း မေးစရာရှိလား မေးစရာရှိလားနဲ့ အားတောင်နာလာတယ်။ ကိုယ်က မေးစရာကို မရှိဘူး။ နားလည်လွန်းလို့တော့ မဟုတ် :D

ဖြစ်ချင်တော့ သင်တန်းစစချင်းနေ့က သင်တန်းခန်းထဲ ၀င်တာနောက်ကျသွားတော့ ရှေ့ဆုံးတန်းမှာပဲ နေရာက ရှိတော့တယ်။ အဲဒီတော့ ဆရာက စာရှင်းပြရင်း ပြုံးပြရင် လိုက်ပြုံးလိုက်၊ ခေါင်းညိမ့်ရင် လိုက်ညိမ့်လိုက် လုပ်နေရပါရော။ သန်းရင်တောင် အတွင်းထဲမှာပဲ ပြန်မျိုချပြီး သန်းရတယ်။ အော် သင်တန်းတက်ရတာ အလုပ်လုပ်ရတာထက် ပိုပင်ပန်းပါလား၊ အဲခါမှ သိတော့တယ်။ ဆရာကလည်း အမေရိကန်လူမျိုးဆိုတော့ စာသင်တာ နားထောင်ရင်းနဲ့ ငိုက်ချင်သလိုလို နားမလည်သလိုလို ဖြစ်လာရင် Sub Title လိုက်ရှာနေမိသေးတယ်။ ကိုယ့်ကိုယ်ကို ရုပ်ရှင်ကြည့်နေတယ် အောက်မေ့နေလို့လေ။

သင်တန်းမှာ သဘောအကျဆုံးကတော့ ကော်ဖီစက်ပဲ။ အဲဒီစက်ကို မြင်တော့ ကိုယ့်ထက်ကော်ဖီကြိုက်တဲ့ ကော်ဖီသရဲ ဘလော့ဂါတွေကိုတောင် သတိရသွားတယ်။ Break တစ်ခါပေးတိုင်း သွားသွားလွမ်းပစ်တာ။ တစ်နေ့သုံးခါလောက် လွမ်းပစ်တာ။ အဲခါကျမှပဲ ကော်ဖီမျိုးစုံအောင် သောက်ဖူးသွားတော့တယ်။ သင်တန်းပြီးရင်တော့ သတိရနေတော့မှာ သေချာတယ်။ Search Engine Configure လုပ်တာတော့ မသိ၊ ကော်ဖီစက် Configure တော့ ကောင်းကောင်းသိသွားပြီ။

ကော်ဖီသောက်ရင်း ကြည့်ဖြစ်တဲ့ ရှုခင်းလေး

နေ့လည်စာ ထွက်စားတော့ သင်တန်းက လော်ပါးဆက်နဲ့ နီးတယ်။ ကိုယ်လည်း နာမည် ကြားဖူးပြီး တစ်ခါမှ မရောက်သေးတော့ သွားချင်နေတာနဲ့ သွားစားကြတယ်။ လော်ပါးဆက်အကြောင်း ပို့စ်ရေးဖူးတဲ့ လက်တွေ့ကျကျ ဘလော့ဂါလူပျိုကြီးကို ဖုန်းဆက်မေးရသေးတယ်။ ဘယ်ဆိုင်ကကောင်းလဲလို့။ သူကလည်း နေ့လည် မရောက်ဖူးဘူး ဆိုတော့ ကိုယ့်ဘာသာကိုယ်ပဲ ရှာပြီး စားလိုက်တော့တယ်။ Facebook ထဲ မာဖီးယားနေတဲ့ ညီအစ်ကို ဘလော့ဂါတွေကို သတိရတာနဲ့ Mafia ဆိုတဲ့ ဆိုင်လေးက နာနတ်သီး ထမင်းကြော် စားခဲ့တယ်။


Credits to http://gallery.ntu.edu.sg/photos/main.php?g2_view=core.DownloadItem&g2_itemId=1817&g2_serialNumber=2
လော်ပါးဆက် Lau Pa Sat

Search အကြောင်း စဉ်းစားနေရင်းနဲ့ ကိုယ့်ဦးနှောက်ထဲကို Search လုပ်လို့ရရင် ဘာတွေ ထွက်လာမလဲ စဉ်းစားကြည့်မိသေးတယ်။ အ၀ိဇ္ဇာ တဏှာ ဥပါဒါန်တွေ ရာခိုင်နှုန်းများနေရင်တော့ အခက်ပဲ။ သီလ သမာဓိ ပညာတွေ ရာခိုင်နှုန်းများအောင် ကြိုးစားရမယ် ဆိုတဲ့ စိတ်ကူးရသွားပါတယ်။

ခင်မင်စွာဖြင့်
သီဟသစ်

Tuesday, August 11, 2009

Present

အကိုကြီး အောင်သာငယ်၊ ကိုဘိုဘို(မိုးကုတ်သား)၊ ကိုရီနိုမာန်တို့က ခုတလော ကို အခုပြောဆိုပြီး တဂ်ထားလို့ ရေးလိုက်ပါတယ်။ ခင်မင်စွာနဲ့ တဂ်လို့ ကျေးဇူးတင်ကြောင်းလဲ ပြောပါရစေ။

တွေးနေမိတာက
အိပ်မက်တွေကို အကောင်အထည် ဖော်ရရင် ကောင်းမယ် (ငါ့အိပ်မက်တွေ ဘယ်မှာပါလိမ့်)

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
အသက်ကြီးပေမယ့် မပျက်စီးပါ(ငယ်ငယ်တုန်းက စိတ်တွေ မပျက်စီးတာ ပြောပါတယ်။ ခုထိ လူကြီးလည်းမဆန်၊ ရင့်လည်း မရင့်ကျက်သေး)

ကျန်းမာရေး
MC တစ်ခါမှ မယူဖူးသေးဘူး။ ခေတ်မီအောင် ယူကြည့်အုံးမှ။

ဖတ်ဖြစ်တဲ့စာအုပ်က
စိတ် (ကိုယ်ကိုယ်တိုင်ရဲ့စိတ်) ဖတ်ဖို့ကြိုးစားနေဆဲပါပဲ။ လူတွေရဲ့ မျက်လုံးတွေ..

ရောက်နေဖြစ်တာက
စိတ်ရောက်နေတာ က ရွှေနိုင်ငံကအိမ်
လူရောက်နေတာက အလုပ်၊ ဘလော့များ (မျက်နှာစာအုပ်ကတော့ အစမပြုအောင်နေထားလို့ လယ်လည်းမစိုက် မာလည်းမဖီးယားသေးပါ)

ရေးဖြစ်နေတာက
အတွေးအခေါ်လည်းမဟုတ်၊ ဒဿနလည်း မမည်တဲ့ ကိုယ်ကိုယ်တိုင် တွေးဖြစ်တဲ့စာတွေ

နားထောင်ဖြစ်နေတာက
ဘယ်လိုထင်ထင် ဖြစ်တယ်လေ
ထာဝစဉ်မှန်ကန်တဲ့ တရားမရှိနိုင်ပါ (ဂျစ်ပစီ မိုးတိမ်)

ရွတ်နေမိတဲ့ကဗျာက
ပုံမှန်ရွတ်ဖြစ်တာမရှိပါ

ဖြစ်ချင်နေတာက
တည်ငြိမ်အေးချမ်းတဲ့ ဘ၀ပိုင်ရှင်

စားဖြစ်နေတတ်တာက
ရုံးနားက Food Court က အစားအစာ (မချစ်သော်လည်း အောင့်ခါနမ်း)၊ ကိုယ်ကိုယ်တိုင် ချက်တတ်တဲ့ ၃ မျိုးသော ဟင်းများ

သနားနေမိတာက
လမ်းပျောက်နေသော လူများ

လွမ်းနေမိတာက
ကျောင်းသားဘ၀ နှင့် သူငယ်ချင်းများ

မေ့လျော့ပစ်နေမိတာက
တမင်သက်သက် မေ့လို့ရတယ် ဆိုတာ သီဟသစ်အတွက်တော့မရှိ။ မေ့ရင်မေ့နေတယ်၊ ပေါ်ချင်တဲ့ အချိန်ပေါ်လာတယ်။

ခါးသက်နေမိတာက
ဗြောင်လိမ်ဗြောင်စားလုပ်တတ်သူများ

တမ်းတနေမိတာက
မန္တလေးမြို့ကြီး

ကြိတ်ပြီးချီးကျူးနေမိတာက
ရင်ထဲက သူရဲကောင်းများ

ကြိတ်ပြီးအထင်သေးနေမိတာက
ငတေကြီးများ

ဆန္ဒမရှိတဲ့နေရာ
မပြောလဲ သိကြမှာပါ၊ ဒမြတိုက်ခံရတဲ့နေရာ။

ဆန္ဒရှိနေတဲ့ကိစ္စ
အဖေ နှင့် အမေ တို့သက်ရှိထင်ရှားရှိနေချိန်မှာ ကောင်းမွန်စွာ စိတ်ချမ်းသာစွာ ထားချင်တယ်

မုန်းတီးနေမိတာက
ရန်သူမျိုး ၃ ပါး

ချစ်နေတာက
ကိုယ့်ရဲ့မိသားစု နှင့် ချစ်ရပါသော ဘလော့ဂါညီအစ်ကို မောင်နှမ များ နှင့် စာလာဖတ်ဖြစ်သူအားလုံး

စိတ်ပျက်နေမိတာက
တစ်ခါတစ်ရံ ကိုယ့်ကိုကိုယ် (စိတ်အလိုလိုက်တတ်လွန်းလို့)၊ တစ်ခါတစ်ရံ ရုံးက ဂျာဂျာတွေနဲ့ တလွဲလုပ်တတ်တဲ့ ကိုဆန်းတင့်

စွဲလန်းနေမိတာက
ကော်ဖီတစ်ခွက် (လွမ်းတိုင်း ကော်ဖီသောက်တယ်)

လိုအပ်နေတာက
ခွင့်ရက်တွေ (အိမ်ကိုကြာကြာပြန်ချင်လို့)

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
မကျေနပ်ရင်လစ်သွားလိုက် ....
(Big Bag – Telepunk ထဲက စာသားတွေ)

ဝန်ခံချင်တာက
တဂ်ထဲမှာ ဒီတဂ်က နောက်ဆုံးပေမယ့် ပထမဆုံး ရေးဖြစ်ပါတယ်။ ခုတစ်လော ဘလော့တွေ လိုက်မလည်ဖြစ်တာ ခွင့်လွှတ်ပါရန်။ အာရုံရတာနဲ့ လိုက်လည်ပါမည်။

ဆက်တဂ်မည့်သူတွေကို နက်ဖြန်လိုက်ရှာပါမည်။ မရေးရသေးတဲ့သူတွေကို တဂ်မည်။

ခင်မင်စွာဖြင့်
သီဟသစ်

Thursday, August 6, 2009

အနီးကြည့် အဝေးကြည့်

တစ်ချို့အရာတွေက အနီးကနေကြည့်မှ သူ့ရဲ့တန်ဖိုး အမှန်ကို သိပြီးခံစားနိုင်သည်။ တစ်ချို့အရာတွေကတော့ အဝေးကနေကြည့်မှ ပိုပြီးသိနိုင်သည်။ အနီးကြည့်ကြည့် အဝေးကြည့်ကြည့် တန်ဖိုးမပြောင်းသော အရာအချို့လည်း ရှိပါသည်။


၁၀ တန်းအောင်ပြီးနောက် ကွန်ပျူတာ သင်တန်းတွေ တက်သည်။ ကွန်ပျူတာလောကရဲ့ ရှေ့ဆောင်ဂုရုကြီးတွေ အကြောင်းဖတ်သည်။ လေးစားအားကျခဲ့သည်။ ဒီလိုနဲ့ နောက် ၄၊၅ နှစ် လောက်ကြာလာတော့ ကွန်ပျူတာအသင်းက စစ်တဲ့စာမေးပွဲအောင်လို့ ပညာတော်သင် အင်တာဗျူးမှာ ဒီပုဂ္ဂိုလ်ကြီးတွေနဲ့ ဆုံရသည်။ အကျယ်အကျယ်တော့ မရေးလိုတော့။ ကွန်ပျူတာပညာရှင်များအဖြစ် လေးစားခဲ့ရသော ပုဂ္ဂိုလ်ကြီးများမှာ စီးပွားရေးလုပ်ငန်းရှင်များအဖြစ် ပို၍ကျွမ်းကျင်ကြောင်း သိလိုက်ရသည်။

စင်္ကာပူကို မလာခင်က တက္ကသိုလ်တုန်းက တူတူတက်ခဲ့သော သူငယ်ချင်း တော်တော်များများ အရင်ရောက်နေတော့ တွေ့ရမှာ ပျော်စရာကြီး ဟု တွေးခဲ့မိသည်။ ခုတော့ နေရထိုင်ရတဲ့ ကျွန်းပိစိလေးမှာ ကျောင်းကသူငယ်ချင်း ဘယ်သူနဲ့မှ သိပ်မတွေ့ဖြစ်။ Gathering လဲမလာကြ။ Gtalk မှာ အမြဲတမ်းတွေ့နေကြသော်လည်း နေကောင်းလားတောင် မမေးဖြစ်ကြ။ သူတို့လည်း သူတို့အလုပ်နဲ့သူတို့၊ ကိုယ်လည်းကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေတာ မို့လို့လည်း ဖြစ်နိုင်သည်။ နောက်ပြီး ထင်တာတစ်ခုက Facebook ကြောင့် လူတွေ virtual world ထဲမှာ ပိုပျော်နေကြပြီး မအားလို့ နှုတ်မဆက်နိုင်တာလည်း ဖြစ်နိုင်သည်။

ဘလော့တွေ ဖတ်ဖြစ်၊ နောက်ရေးဖြစ်လာသောအခါ ဘလော့ရေးသူ အချို့ကို စိတ်ထဲမှာ ရင်းနှီးလာသည်။ အဆင်ပြေ အခန့်သင့် သောအခါ အပြင်မှာ တွေ့ဖြစ်ကြသည်။ ထုံးစံအတိုင်း အနီးကြည့်ကြည့်သောအခါ နည်းနည်းလေးတော့ လွဲပါသည်။ ကဗျာနူးနူးညံ့ညံ့လေးတွေ ရေးတတ်သူက စိတ်ဆတ်တာမျိုး၊ လူကြီးဆန်ဆန်စာရေးတဲ့သူက လူနောက်ဖြစ်နေတာမျိုး၊…(..မျိုး၊ …မျိုး တွေ ဆက်မရေးတော့ပါ၊ ကောမန့်မှာ လာအော်ကြတော့မှာ သိနေသည်။) တော်တော်များများ တူတဲ့အချက်ကတော့ ခင်မင်စရာ ကောင်းခြင်း နှင့် ပျော်တတ်ခြင်း ဖြစ်သည်။ သီဟသစ်လို အရီအပြုံးနည်းသူတောင် ဘလော့ရေးတဲ့ ညီအစ်ကို မောင်နှမတွေနဲ့တွေ့ရင် နည်းနည်းရီဖြစ်ပါသည်။ :P

နီးနီးလေးတုန်းက သိပ်မမြင်ခဲ့ပေမယ့် ဝေးမှ သိသာလာတာကတော့ ဆရာ၊ ဆရာမကောင်းများရဲ့ မေတ္တာ စေတနာ ဖြစ်သည်။ ကိုယ်လက်ရှိရောက်နေတဲ့ နေရာတစ်ခုသည် သူတို့ရဲ့သင်ကြားမှုတွေ မပါဘဲ ဘယ်လိုမှ မဖြစ်နိုင်ပေ။ ဒုတိယနှစ်မှာတုန်းက တပည့်တွေ အားလုံးဖတ်ဖို့ Reference စာအုပ် အလေးကြီး ၇ အုပ်လောက်ကို ရန်ကုန်ကနေ မန္တလေး၊ မန္တလေးကနေ မကွေးထိ အလေးခံသယ်ပေး၊ အပြင်စာဖတ်ချင်စိတ်တွေ ပေါ်လာအောင် လုပ်ပေးခဲ့တဲ့ ဆရာမကိုဆို အမြဲသတိရပါတယ်။ ကျောင်းမှာ သင်ခဲ့ရတဲ့ ပျင်းစရာလို့ ထင်တဲ့ စာတွေက တစ်ခါတစ်လေ အသုံးဝင်လာတဲ့အခါ ပိုပြီး သိသာပါတယ်။

အနီးကနေ ကြည့်ကြည့်၊ အဝေးကနေ ကြည့်ကြည့် တန်ဖိုးမပြောင်းလဲတာကတော့ မိဘမေတ္တာပဲ ဖြစ်ပါသည်။ အနီးမှာရှိတော့လည်း မိဘတွေ အစ်မတွေ ရဲ့ နွေးထွေးစွာ ပြုစုစောင့်ရှောက်မှုကြောင့် စိတ်ချမ်းသာရသည်။ အဝေးမှာနေတော့လည်း မိဘတွေရဲ့ပို့သသော မေတ္တာကြောင့် စိတ်အေးချမ်းသာနေရသည်။ မိဘတွေ ဆရာ၊ဆရာမ တွေနဲ့ ပတ်သက်ရင် ကသီဟသစ် သေချာတာတစ်ခုကတော့ သားဆိုး၊ တပည့်ဆိုး မဖြစ်ခဲ့ဟု ကိုယ့်ကိုယ်ကို ယုံကြည်သည်။ တစ်ခုရှိတာက မဆိုးတာနဲ့ ကောင်းတာ ထပ်တူမကျခြင်း ဖြစ်သည်။ ကောင်းတဲ့ အပိုင်းရောက်အောင်တော့ ကြိုးစားနေဆဲ ဖြစ်ပါသည်။

စာလာဖတ်ဖြစ်တဲ့ ညီအစ်ကို မောင်နှမတွေ အားလုံးလည်း အနီးကြည့်ကြည့် အဝေးကြည့်ကြည့် ကြည်လင်စွာ မြင်နိုင်ကြပါစေသော်..

ခင်မင်စွာဖြင့်
သီဟသစ်

Bonus

၁) စာရေးတဲ့ အချိန်
"လူကြီးမင်းရဲ့ တစ်နေ့တာ အချိန်ဇယား ဘယ်လိုရှိပါသလဲ"
ဟုသတင်းထောက်က မေးရာ နာမည်ကြီး စာရေးဆရာက အောက်ပါအတိုင်းဖြေသည်။

"မနက် ၁၁ နာရီ အိပ်ရာထတယ်၊ မနက် ၁၂ နာရီမှာ မနက်စာ စားတယ်၊ အဲဒီနောက် လာတဲ့စာတွေကို ဖတ်ကြည့်တယ်၊ တယ်လီဖုန်းတွေ လာတာကို ဖြေတယ်၊ နောက် ပန်းခြံထဲ လမ်းလျှောက်တယ်၊ နေ့လည်စာစားတယ်၊ ပြဇာတ်သွားကြည့်တယ် ၊ ပြန်လာတာနဲ့ အိပ်ရာထဲ ၀င်တာပါပဲ"

"ဒီလိုဆို ဘယ်အချိန်မှာ စာရေးပါသလဲ ခင်ဗျာ"
"ဘယ်အချိန်ရေးရမလဲ၊ နောက်နေ့မှာပေါ့ဗျ"

၂) တွေ့ခဲ့ရသော ကြော်ငြာများ

တိရစ္ဆာန်ရုံရှေ့ - ၀က်ဝံကို မထိပါနဲ့၊ ၄င်းသည် ကုတင်ဘေးမှ ကော်ဇော မဖြစ်သေးပါ။
လေဆိပ်အတွင်း - အချိန်မီ ဖက်ယမ်းနမ်းရှုပ်ကြပါ။ လေယာဉ်များသတ်မှတ်ချိန်တွင် အတိအကျထွက်လိမ့်မည်။
ပန်းဆိုင်တံခါးရှေ့ - အိမ်ထောင်ရှင်ယောက်ျားများပင် ၀ယ်ချင်စိတ်ပေါက်လောက်အောင် ဈေးချိုသာပါသည်။
တယ်လီဖုန်းရုံးရှေ့ - သတ်ပုံအမှားကို ရှောင်ရှားလိုလျှင် စာမရေးပါနှင့်၊ တယ်လီဖုန်းပဲ ဆက်ပါ
Blogger.com Home Page -
(မသိသေးပါ ကိုယ့်ဘာသာကိုယ် ဖြည့်သွားကြပါရန်)

၃) ခက်အောင်မလုပ်ပါနဲ့

စိတ်ရောဂါ အထူးကုဆရာဝန်၏ ဆေးခန်းရှေ့တွင် ချိန်ဆွဲထားသောစာတမ်း

ဆရာဝန်နှင့် တွေ့ရန်စောင့်နေကြသော လူနာများခင်ဗျား၊ မိမိတို့ ခံစားနေရသော ရောဂါလက္ခဏာများကို အချင်းချင်း မဖလှယ်ကြပါနှင့်၊ ရောဂါဇစ်မြစ် ဖော်ထုတ်ရာတွင် အခက်အခဲ ဖြစ်စေနိုင်ပါသည်။

Saturday, August 1, 2009

အိပ်မက်တို့ မွေးဖွားရာမြေ (၂)



http://www.flickr.com/photos/rawbean/2124639463/sizes/o/

 တစ်ရက်လားကျတော့ တောင်သမန်အင်းကို စက်ဘီးနဲ့သွားကြတယ်။ ပဲခူးသား သူငယ်ချင်းက သူ့အိမ်က ပို့လိုက်တဲ့ ငါးဖယ်ချဉ်ကို သုပ်လာတယ်။ အဲဒါနဲ့မယ်ဇယ်ပင်ရိပ်က အကြော်ဆိုင်လေး တစ်ခုမှာထိုင်ပြီး အကြော်ရယ်၊ ရေနွေးကြမ်းအေးအေး လေးရယ်နဲ့ သောက်ကြတာပေါ့။ အဲဒီလိုလေး စားသောက်ပြီးသကာလ လေလည်းကလည်း တဖြူးဖြူးဆိုတော့ မြူးကြွပြီး ရေသန့်ဘူးခွံကို လေထဲမြှောက်ကန် လိုက်တာ တစ်ဖက်နားလေးမှာ ထိုင်နေတဲ့ စားသောက်ဝိုင်းပေါ် ကျပါလေရော။ သီဟသစ်လည်း ဇရှိတဲ့သူဆိုတော့ ဟိုဘက်ဝိုင်းက ထမလာခင် ချက်ချင်းပြေးပြီး ... တောင်းပန်လိုက်တာပါ။ သူငယ်ချင်းတွေနဲ့လည်း တောင်သမန်အင်းထဲမှာ ငှက်စီးကြပါသေးတယ်။ ပုံထဲမှာမြင်နေရသလို ငှက်ရဲ့ရှေ့ဆုံးကို သွားပြီး Titanic လုပ်သေးတယ်။ ကံကောင်းလို့ ရေထဲပြုတ်မကျတာ :)

စကားကြုံလို့ ပြောရရင် တောင်သမန်အင်းကို နှင်းဆီဖြူလေးနဲ့ တစ်ခါမှ အတူတူ မသွားဖူးပါဘူး။ ချစ်သူစုံတွဲ သွားရင် ကွဲတတ်တယ်ဆိုလို့ပါ။ သီဟသစ်တို့က အဲဒီနေရာမှာတော့ အယူသီးပါတယ်။ သူကတော့ အဲဒီတုန်းက ပြောပါတယ် သူငယ်ချင်းစုံတွဲ တစ်တွဲတောင် အဲဒီမှာ အဖြေပေးဖူးတာပဲ တဲ့။ သူတို့တွေ တော်တော်လည်း ချစ်ကြပါတယ်။ နောက်ပိုင်းကျတော့ အဲဒီစုံတွဲမှာ သူငယ်ချင်းကောင်လေးက ခုEurope ဘက်မှာ၊ ကောင်မလေးကတော့ ကလေးတောင်ကြီးနေပြီ၊ တခြားသူနဲ့ အိမ်ထောင်ကျတာပါ။ တိုက်ဆိုင်တာလဲ ဖြစ်နိုင်ပါတယ်။ နန်းရှေ့က ရန်ကင်းတောင်ကိုလည်း အတွဲတွေ မသွားရဘူးဆိုတာမျိုး ကြားဖူးပါတယ်။


မဟာအောင်မြေဘုံစံကျောင်း၊ အင်းဝ

Credits http://www.flickr.com/photos/trota/2228577286/in/set-72157603813777200/

နောက်တစ်ခါ သွားကြတာတော့ အင်းဝဘက်ပါ။ အရင်ခေတ်က ဘုန်းကြီးကျောင်းတွေကို လိုက်လေ့လာကြတာပေါ့။ အဲဒါက ပထမနှစ်လောက်တုန်းကပါ။ နောက်အတန်းကြီးလာတော့ သူငယ်ချင်းရဲ့ကားနဲ့ အဖွဲ့လိုက် သွားပြီး PC ကစားကြပါတယ်။ တခြားလူတွေ ကွက်ကြည့်ကွက်ကြည့် လာလုပ်ရင် တခြားတစ်နေရာကို ပြောင်းဆော့ပါတယ်။ များသောအားဖြင့်တော့ တောင်မြို့(အမရပူရ) ဘက်သွားပြီး ကစားကြတာ များပါတယ်။

Credits to http://www.flickr.com/photos/rstanek/2167744270/in/set-72157603622261776/

နောက်ထပ်ရောက်ဖြစ်တာက တော့ မင်းကွန်းဘက်ပါ။ ကားလမ်းနဲ့ပဲ ရောက်ဖြစ်ပါတယ်။ မော်တော်နဲ့သွားရင် ပိုပြီးပျော်စရာကောင်းတယ် ပြောကြပါတယ်။ ကားလမ်းကတော့ အရင်သွားတုန်းက ဖုန်နည်းနည်းထပါတယ်။ နောက်ပိုင်းတော့ ဆိုင်ကယ်နဲ့သွားလို့လား လမ်းကောင်းလာလို့လား မသိ ဖုန်သိပ်မထပါဘူး။ မင်းကွန်းခေါင်းလောင်းကြီးနဲ့ မြသိန်းတန်စေတီ ..ဆိုတဲ့ သီချင်းလေးကို သတိရမိတယ်။ မင်းကွန်းပုထိုးတော်ကြီး ပေါ်ကနေ ကြည့်ရတဲ့ မြင်ကွင်းက တော်တော်ကဗျာဆန်ပါတယ်။

အင်းဝတံတား နဲ့ ရတနာပုံတံတား
Credits to http://www.flickr.com/photos/trota/2227750295/

စစ်ကိုင်းဘက်ကတော့ ခဏခဏရောက်ပါတယ်။ သူငယ်ချင်း မိုးကောင်းသူရဲ့ ကိုယ်တော်ကြီးလောင်းလျာက စစ်ကိုင်းသားဆိုတော့ ညအိပ်ညနေ သွားသွားလည်ကြတာပါ။ သူတို့အိမ်လဲ သီဟသစ်တို့ အဖွဲ့ဒဏ်တော်တော် ခံရတာပါ။ ညလည်းတော်တော်နဲ့ မအိပ်ကြ။ မနက်ကျရင်လည်း မနက်စာ စားပြီးမှ ပြန်ကြတာကိုး။ စစ်ကိုင်းက ကမ်းနားလမ်းကိုတော့ တော်တော်သဘောကျပါတယ်။ ထိုင်ရတာလဲ တော်တော်ကောင်းပါတယ်။ စစ်ကိုင်းမှာ သဘောကျတာကတော့ အသုပ်ပါ။ အစုံကိုရပါတယ်။ အချို့အရွက်သုပ်တွေဆို ဆိုင်ရောက်မှ ကြားဖူးတာမျိုးပါ။ အဲဒီမှာ သွားသွားစားဖြစ်တာကတော့ အမေကြည် အသုပ်ဆိုင် ထင်တာပါပဲ။ စစ်ကိုင်းတောင်ကိုတော့ တအားမရောက်ပါဘူး။

လည်တာပတ်တာပြီးလို့ အစားအသောက်ဘက် လှည့်ရမယ် ဆိုရင် မနက်စာကိုတော့ မိန်းထဲက ရူဘီမုန့်တီ၊ ရွှေမူဆယ် ၀က်သားလုံး၊ ၂၈ လမ်းက ၀မ်ရွှေ ခေါက်ဆွဲဆိုင် တစ်ခုခုမှာ စားတာပါပဲ။ တစ်ခါတစ်လေ စစ်ကိုင်းလမ်း ဂုံးကျော်တံတားဘက်သွားပြီး ထမင်းကြော်စားပါတယ်။ သီဟသစ်က လက်ဖက်ရည် သမား မဟုတ်ပေမယ့် လက်ဖက်ရည်ထိုင်ရတဲ့ feel ကိုသဘောကျပါတယ်။ လက်ဖက်ရည်ဆိုင်မှာ သီချင်းနားထောင်ရတာ ပိုအရသာရှိသလိုပါပဲ။ ဂျာနယ်တွေ မဂ္ဂဇင်းတွေ အများကြီးချပေးထားတဲ့ လက်ဖက်ရည်ဆိုင်ကိုတော့ တစ်ခါတစ်လေမှ ထိုင်ပါတယ်။ သူငယ်ချင်းတွေ စကားပြောချင်လို့ သွားပါတယ်ဆိုမှ တစ်ယောက်ဂျာနယ် တစ်စောင်စီနဲ့ ဆိုတော့ စကားမပြောဖြစ်တော့လို့ပါ။

Credits To http://www.flickr.com/photos/robinthom/384868927/

မန္တလေးမှာ အကြိုက်ဆုံးကတော့ အချဉ်ပေါင်းပါပဲ။ အဲဒီနေရာမှာ နှင်းဆီဖြူလေးနဲ့ ကျွန်တော်ပြောင်းပြန် ၊ သူက အချဉ်ပေါင်းမကြိုက်၊ ၀က်သားတုတ်ထိုးမကြိုက်၊ ကျွန်တော်ကတော့ အကုန်ကြိုက်။ (ချန်းချင်လေးကတော့ အစားအသောက်မှာ ဘယ်သူနဲ့တူမယ် မသိ။) နေ့လည်ပိုင်း တရေးနှပ် အိပ်ရာနိုးတဲ့အချိန် အချဉ်ပေါင်းစားလိုက်ရရင် တကယ်မိုက်တယ်။ ဒါမှမဟုတ်ရင် ဆေးကျောင်းအဆောင်နားက မုန့်ပြစ်သလက်၊ ဒါမှမဟုတ်ရင် ၈၂x၂၇ လမ်းဒေါင့်က ချပါတီ တစ်ခုခုတော့ သွားစားတာပဲ။ စိတ်ပေါက်လာရင် နေပူပူထဲမှာ နန်းရှေ့ရေစစ်ကန်နားက ဆိုင်ထိသွားစားပါတယ်။

ညနေရောက်ရင်တော့ ၇၆ လမ်းက ညဈေးတန်းကို သွားပြီး တစ်ခုခုစားတာပဲ။ အဲဒီက အစားအစာတွေကို တအားကြီးတော့ မကြိုက်ပါဘူး။ များသောအားဖြင့် ဘိန်းမုန့်ဝယ်စားတာ များပါတယ်။ ၃၅ လမ်းပေါ်က လက်ဖက်ရည်ဆိုင်က ပလာတာသုပ်လည်း သွားသွားစားပါတယ်။ ညပိုင်းရောက်ရင်တော့ ကျုံးဘေးက အအေးဆိုင်လေးမှာ အေးအေးချမ်းချမ်းလေး သွားထိုင်ပြီး အအေးလေးသောက်တာပေါ့။ အစားအသောက်တွေ စားလှချည်လား မထင်ပါနဲ့။ ကျောင်းပြီးမှ အဲလိုလိုက်စားဖြစ်တာပါ။ ကျောင်းသားဘ၀ တုန်းက တော့ ညနေဆို အကြော်ဆိုင်လေးမှာ ကောက်ညှင်းပေါင်းနဲ့ အကြော်စား ရေနွေးကြမ်း  သောက်ကြတာပါ။ (နေ့လည်စာ၊ ညစာ ထမင်းစားဖြစ်တဲ့ဆိုင်တွေကို တော့ အာရုရတဲ့အခါမှ ရေးပါ့မယ်။)

ဒီပို့စ်လေးကို အကိုကြီး ကိုစိုင်းစိုင်းလားရှိုးဆီကနေ ခွင့်တောင်းပြီး ယူထားတဲ့ ကဗျာလေးနဲ့ သိမ်းပါရစေ..

မန္တလေး အလွမ်းပြေ

နေရှိန်ပူပူ
ရင်ဆူဆူမို့
ရေပြင်ကျုံးဘေး
ဂရိတ်ဖုဖ်လှည်း လေးလည်းလွမ်းတယ်

နေညိုခင်းလေး
လေပြည်ညှင်းသွေး
ရေနီမြောင်းဘေး
အကြော်တဲ လေးလည်းလွမ်းတယ်

ညခင်းချိန်ခါ
လသာသာမို့
အကင်စုံတဲ့
ရွှေခိုင်ဆိုင် လေးလည်းလွမ်းတယ်

ညဥ့်နက်ချိန်ခါ
တိတ်ဆိတ်ပါလို့
အဆောင်လမ်းဘေး
ဂစ်တာဟောင်း လေးလည်းလွမ်းတယ်
သြော်.... လွမ်း.....တယ်