Tuesday, December 29, 2009

ဒီအချိန် ကျောင်းတော်ကြီး ရဲ့ အလယ်မှာ (၆)

ဒီအချိန် ကျောင်းတော်ကြီးရဲ့ အလယ်မှာ (၁)
လွမ်းရယ်မပြေ : ဒီအချိန် ကျောင်းတော်ကြီး ရဲ့ အလယ်မှာ (၂)
ဒီအချိန် ကျောင်းတော်ကြီးရဲ့ အလယ်မှာ (၃)
နှစ်ကိုယ်တူညီ ချစ်ဖူးတဲ့ တက္ကသိုလ်ဆီ : ဒီအချိန် ကျောင်းတော်ကြီး ရဲ့ အလယ်မှာ (၄)
 ဆိုခဲစေ မြဲစေ၊ ချစ်တယ် : ဒီအချိန် ကျောင်းတော်ကြီး ရဲ့ အလယ်မှာ (၅)

Christmas နေ့က University of Computer Studies, Mandalay တုန်းက သူငယ်ချင်းတွေနဲ့  Gathering မှာ ပြန်ဆုံဖြစ်တော့ ကျောင်းကိုပြန်လွမ်းသွားပါတယ်။ Singapore မှာ ကျောင်းက ရှိနေတဲ့သူတွေထဲက တစ်ဝက်လောက်ပဲ လာတာဖြစ်ပေမယ့် စည်စည်ကားကား ပျော်ပျော်ရွှင်ရွှင်ပါပဲ။ Game ဆော့ကြတော့ သီဟသစ်တို့ အဖွဲ့က တစ်ခါရှုံးတာနဲ့ တစ်ဖွဲ့လုံး  ကကြရတဲ့ အထဲမှာ သီဟသစ်ပုံက ထိပ်ဆုံးက ပါတော့ FaceBook ထဲမှာ ပုံလည်းတင်ရော ၀ိုင်းကျွေးခံရတာပေါ့လေ။ မိန်းမနဲ့ကလေးကို သတိမရဘဲ ပျော်နေတယ်ဆိုပြီး။ လူတွေကလည်း ခက်တယ်။ မိန်းမနဲ့ ကလေးကို စိတ်ထဲမှာ ချစ်နေ၊ သတိရနေဖို့ လိုတာ၊ သူတို့သိအောင် ပြနေရမှာလားမသိ၊ Mind Your Own Business လို့သာ ပြောချင်တော့တယ်။ ထားပါတော့လေ ကျောင်းတုန်းက အကြောင်းလေး ပြန်ဆက်ပါရစေ။ ဒီအကြောင်းက ၀တ္ထုပုံစံ ရေးခဲ့တာ မဟုတ်လို့ နှင်းဆီဖြူလေးနဲ့ ရည်းစားဖြစ်ခဲ့တဲ့ အခန်းနဲ့တင် မရပ်ပါရစေနဲ့။

၁၉၉၉ ခုနှစ် နိုဝင်ဘာမှာ သီဟသစ်တို့ ဒုတိယနှစ် ပြန်တက်ရပါတယ်။ သူငယ်ချင်းအိမ်က ကိုယ်တွေကို ငှားထားတဲ့ တိုက်ခန်းမှာ တစ်ဖွဲ့လုံး ပျော်ပျော်ရွှင်ရွှင်ပေါ့။ တိုက်ခန်းက ဈေးချိုဘက်မှာပေမယ့် သီဟသစ်နဲ့ နောက်သူငယ်ချင်းတစ်ယောက်ကတော့ ညနေတိုင်း မိန်းဘက်ရောက်ပါတယ်။ ၁၉၉၉ ကနေ ၂၀၀၀ ကိုကူးမယ့် New Year ချိန်မှာတော့ တိုက်ခန်းမှာ New Year Party လုပ်တာမှာ သူငယ်ချင်း ၀ကြီးက ဒံပေါက် Sponsor ပေးပါတယ်။ မန္တလေးမှာ နာမည်ကြီးတဲ့ အော်ဒါမှာရတဲ့ ကေမီမွန် ဒံပေါက်က တစ်လမ်းကျော်မှာ ရှိတာမို့ပါ။ ဒံပေါက်စားပြီး သကာလ ၁၂ ထိုးခါနီးတော့ မိန်းဘက်သွား၊ ကျုံးဘေးသွားပြီး Happy New Year အော်ကြပါတယ်။ ရန်ရှာတတ်တဲ့သူတွေ မရှိရင်တော့ New Year ကပျော်စရာကြီးပါ။ တိုက်ခန်းပြန်ရောက်တော့ သူငယ်ချင်းတွေချည်း ဖဲရိုက်နေတဲ့ဝိုင်းထဲကို ရပ်ကွက်ထဲကလူက လာပြီး မူးပြီးလာရစ်နေတာနဲ့ ပျော်စရာနည်းနည်းလျော့သွားပါတယ်။ သီဟသစ်တို့အဖွဲ့လည်း အလကားနေရင်း ရပ်ကွက်ထဲမှာ နာမည်ဆိုးထွက်တာပေါ့။ (သူငယ်ချင်းတို့အိမ်က ရောင်းမစွံတဲ့ တိုက်ခန်းကြီး ရောင်းစွံသွားတာမှာ အဲဒါတွေလည်းပါပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အိမ်နီးနားချင်းတွေက အခမဲ့ပွဲစားလုပ်ပေးလိုက်လို့ပါ။)

သီဟသစ်တို့ ဒုတိယနှစ် ၂၀၀၀ ခုနှစ် နွေရာသီ ကျောင်းပိတ်တော့ သူငယ်ချင်းတွေက မကွေးကို လိုက်လည်ကြပါတယ်။ မန်းရွှေစက်တော် ဘုရားဖူးလိုက်ကြတာပါ။ မကွေးရောက်တော့ သူငယ်ချင်းယောက်ျားလေးတွေက သီဟသစ်ရဲ့ အဖေ့ရုံးက ပုံမှန် ဘန်ဂလိုမှာတည်းပါတယ်။ မိန်းကလေးတွေက သူငယ်ချင်းကောင်မလေးတို့ အဖေရုံးက အရာရှိ ဘန်ဂလိုမှာတည်းပါတယ်၊ သူတို့အဖေက အရာရှိအကြီး မို့ပါ။ သူငယ်ချင်းတွေက ညော်ကြပါသေးတယ်၊ ကောင်မလေးတွေကျ ဘန်ဂလို အကောင်းမှာ တည်းရတယ် ဘာညာပေါ့လေ။ သီဟသစ်ကလည်း ပြန်ပြောရပါတယ်။ သူတို့အဖေက King လောက်ရှိတာကွ၊ ငါတို့အဖေက 10 တို့၊ Jack တို့လောက်ပဲရှိတာဆိုပြီးတော့ ပေါ့။ သူငယ်ချင်းအားလုံးကို အိမ်မှာ ထမင်းကျွေးကြတော့ အဖွဲ့ထဲမှာ စလို့ကောင်းတဲ့ ခင်စရာကောင်းတဲ့ သူငယ်ချင်း  ကောင်မလေးကို အမေ့ပြပြီး ဟောဒီမှာ အမေ့ချွေးမ ခေါ်လာပြီဗျ လို့ စလိုက်တာ သူက ထငိုနေလို့ အိမ်က လူကြီးတွေကပါ ချော့လိုက်ရသေးတယ်။


နောက်တစ်နေ့မနက်စောစောမှာတော့ မင်းဘူးဘက်ကမ်းကို ကူးဖို့ရာ ဇက်ဆိပ်ကိုဆင်းရပါတယ်။ အဲဒီအခါတုန်းက မကွေးတံတားတို့ ဘာတို့ဆိုတာ စီမံကိန်းတောင် မရှိသေးပါဘူး။ ဇက်နဲ့ သွားရတာလဲ တစ်မျိုး ပျော်စရာကောင်းပါတယ်။ သူငယ်ချင်းတို့အိမ်က ကားနှစ်စင်းနဲ့ လိုက်ပို့တာပါ။ ရွှေစက်တော်လမ်းမှာတော့ ထုံးစံအတိုင်း ဖုံထူထူတွေကို ဖြတ်ကျော်၊ ကားကို လှုပ်လှုပ်ခုန်ခုန်လေး စီးပြီးရင်တော့ အမောပြေစရာ မန်းချောင်းကို စတင်တွေ့ရပြီး အထက်စက်တော်ရာ၊ အောက်စက်တော်ရာ တို့ကို ဖူးမြင်နိုင်ပါပြီ။ ရောက်တာနဲ့ အထုတ်တွေ တည်းကျောင်းထဲမှာချ မန်းချောင်းထဲ ပြေးဆင်းကြတော့တာပါပဲ။ ရေထဲမှာ သူငယ်ချင်းတစ်သိုက် ဘောကွင်းတွေ စီးလိုက်၊ ဆော့လိုက် လုပ်ရတာ အင်မတန် ပျော်စရာကောင်းပါတယ်။ ပြီးတာနဲ့ ကြည်ညိုဖွယ်ရာ အောက်စက်တော်ရာ နှင့် အထက် စက်တော်ရာ တို့ကို သွားရောက် ဖူးမြော်ကြပါတယ်။


ပုံများကို မနိုင်းနိုင်း၏ ရွှေစက်တော် ပို့စ်ထဲမှ ယူထားပါသည်။ ကျေးဇူးပါ မနိုင်းနိုင်း

အဲဒီညမှာတော့ တဲကျောင်းမှာ လူတွေများနေလို့ ယောက်ျားလေးတစ်ခန်း၊ မိန်းခလေး တစ်ခန်းပဲ နေရာရပါတယ်။ သူငယ်ချင်းတွေက ခရီးပန်းပန်းနဲ့ အလျှိုအလျှိုဝင်အိပ်ကြတာ အခန်းထဲမှာ နေရာလွတ်ဆိုလို့  ဘောကွင်းပဲ ကျန်တာနဲ့ အဲဒီအပေါ်မှာပဲ သီဟသစ် တစ်ည အိပ်လိုက်ရပါတယ်။ နောက်နေ့ညရောက်တော့ ယောက်ျားလေးတွေ အတွက် အခန်း ၂ ခန်း၊ မိန်းကလေးတွေ အတွက် အခန်း ၂ ခန်း စီလည်းရရော ဘယ်သူမှမအိပ်ကြတော့ပါဘူး၊ အားလုံးစုပြီး တစ်ခန်းထဲမှာ PC ကစား(ဖဲရိုက်ကြ) တော့တာပဲ။ ဖဲရိုက်တော့လည်း သူငယ်ချင်းကောင်မလေးရဲ့ မောင်လေးနဲ့ ညီမလေး အနားလာနေလို့ ကလေးတွေ သွားဆော့ချေပြောခါမှ ဦး ဟို Spades 4 ကိုပစ်ချလိုက်၊ ဘာမှ မဆိုင်ဘဲ ကိုင်မထားနဲ့ လို့တောင် ကိုယ့်ကို ပြန်သင်သွားသေးတယ်။

ညပိုင်းရုပ်ရှင်ဖွက်တမ်းကစားလိုက်၊ PC ကစားလိုက်နဲ့ အချိန်တောင် ဘယ်လိုကုန်သွားမှန်း မသိဘူး။ ဒီကြားထဲ သူငယ်ချင်းကောင်မလေးက သူ့အဖေနဲ့ စိတ်ဆိုးပြီး ပျောက်သွားပါလေရော။ သူ့ကောင်လေးနဲ့ ကျန်တဲ့သူငယ်ချင်းတစ်ယောက်က လိုက်ရှာကြ၊ သီဟသစ်တို့ကတော့ ဟိုနားယောင်ယောင် ဒီနားယောင်ယောင် လိုက်ရှာပြီး ဆက်ကစားကြပါတယ်။ ပြီးတော့လည်း သူ့ဘာသာ ပြန်လာတာပဲကိုး။

ဒီလိုနဲ့ ရွှေစက်တော်ကပြန် မင်းဘူးကိုဝင် စက္ကိန်းတဲ ဘုရားဖူး၊ နဂါးပွက်တောင်ကိုလည်း သွားလည်ကြပါတယ်။ သူ့ဘာသာသူ ပွက်နေတဲ့ နဂါးပွက်တောင်ကို သူငယ်ချင်းတစ်ယောက်က သီဟသစ် လူပျိုကြီးဖြစ်ရင်ပွက် ဆိုပြီး ပြောတော့ သူ့အချိန်တန်ပွက်တဲ့ အခါ ၀ိုင်းစကြတာပေါ့။ တော်သေးတယ် တကယ်မဖြစ်လို့ :)   (အဲဒီအကြောင်းကို လူပျိုကြီး မဖြစ်ရခြင်း အကြောင်းရင်း ထဲမှာ တစ်ခါရေးဖူးပါတယ်)။ ဒီလိုနဲ့ သူတို့လည်း ပြန်သွား၊ နွေရာသီ ကျောင်းပိတ်ရက်များလည်း ချန်ထားချင်စရာ ကောင်းလောက်အောင် ပျင်းစရာကြီးပါ။ အိမ်မှာ စားကောင်းသောက်ကောင်းအောင် Teach Yourself C++ in 21 days စာအုပ်ထူထူကို ဖတ်သလိုလို လုပ်လိုက်၊ အပြင်ထွက်လည် လိုက် လုပ်ခြင်းများနဲ့ အချိန်ကုန်သွားပါတယ်။

အိမ်မှာပျင်းနေတုန်း ၁၀ တန်းတက္ကသိုလ်ဝင်ခွင့်နဲ့တုန်းက လျှောက်ထားတဲ့ MIT က ခေါ်စာရောက်လာပါလေရော။ ပထမနှစ်၊ ဒုတိယနှစ်ကတော့ မကွေးမှာပဲ စတက်ရမယ် ဆိုပါတယ်။ ကိုယ့်မြို့မှာကိုယ် ပြန်မတက်ချင်တာရယ်၊ အိမ်ကလည်း ကျောင်းတစ်ကျောင်းပဲရွေးလို့ ဆိုတာရယ်၊ နှင်းဆီဖြူလေးရယ် (အဲလေ ယောင်လို့) အဲဒါနဲ့ဘာမှဆက်မလုပ်တော့ဘဲ ကွန်ပျူတာ ကျောင်းပဲ ဆက်တက်ဖြစ်ပါတယ်။ အဲဒီတော့ အီလက်ထရောနစ် (သို့) ဆောက်လုပ်ရေး အန်ချင်စရာကြီး ဖြစ်မလာတော့ပဲ ဆော့ဝဲလ် အန်ချင်စရာကြီး ဖြစ်လာတာပေါ့လေ။

ကျောင်းပြန်တက်တော့ နှင်းဆီဖြူလေးကို ဇာတ်လမ်းနည်းနည်းစနေပြီမို့ ကျောင်းမှာ ရုပ်တည်ချင်ယောင်ဆောင်နေရတဲ့ နေ့ရက်တွေပေါ့။ သီဟသစ်တို့တုန်းက တတိယနှစ်မှာမှ Computer Science Major (or) Computer Technology Major အလွယ်ပြောရရင် Software, Hardware ခွဲတာမို့ ကိုယ်ဘယ်မေဂျာယူမလဲ ဆိုတာစဉ်းစားရမယ့်အချိန်ရောက်လာပါတယ်။ ကိုယ့်ကိုယ်ကို အီလက်ထရောနစ်ကို စိတ်ဝင်စားတယ်လို့ ထင်ခဲ့မိတာ ဒုတိယနှစ်မှာ Digital ဆိုတဲ့ ဘာသာသင်ရတော့ ကိုယ့်ကိုယ်ကို သိသွားပါတယ်။ ကိုယ်တကယ် စိတ်ဝင်စားတာ Programming ပဲဆိုတာကို။ သူငယ်ချင်းတွေကတော့ ဟိုဘက်လိုလို ဒီဘက်လိုလို ယောင်နေကြတုန်းပါ။

နောက်တစ်ပိုင်း ဆက်ရေးဖြစ်ရင် နှင်းဆီဖြူလေးနဲ့ ချစ်သူဖြစ်ပြီးနောက်ပိုင်း ကျောင်းတက်တဲ့ အချိန်တွေနဲ့ ပြန်ဆက်စပ်ပြီး ရေးသွားမှာပါ။ မှတ်သားစရာမပါ ၊ ရသမပါ တဲ့ စာစုလေးကို ပြီးတဲ့ အထိ ဖတ်ပေးလို့ ကျေးဇူးပါ။

ညီအစ်ကို မောင်နှမ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

ခင်မင်စွာဖြင့်
သီဟသစ်

P.S
၁) ခုရက်ပိုင်း အပျင်းထူပြီး ဘလော့တွေလိုက်မလည်ဖြစ်၊ Cbox ကို မပြန်ဖြစ်တာ ခွင့်လွှတ်ကြပါရန်
၂) အချိန်ရတာနဲ့ ပြန်လိုက်လည်ပါတော့မည်

Wednesday, December 9, 2009

Bonuses (1)

၁) တကယ်ကြည့်ကောင်းတာပါ

ကိုရေတမာ၏ အမျိုးသမီးက သားဦးလေး မီးဖွား၏။ ကလေးကို ကြည့်ပြီး ပျော်မြူးနေသော ကိုရေတမာကို ဆရာဝန်က ပြောသည်။
`တကယ်ချစ်စရာ ကောင်းတဲ့ ကလေးလေးဗျာ´

ကိုရေတမာက
`ကျွန်တော်ထင်တာကတော့ ဆရာ ကလေးအဖေတိုင်းကို ဒီစကားပြောတယ် ထင်တာပဲ´

`မဟုတ်ပါဘူးဗျ၊ ကလေးက တကယ်ချစ်စရာကောင်းမှ ကျွန်တော် ပြောတာပါ´
`ဒါဖြင့် တခြားကလေးတွေရဲ့ အဖေတွေကို ဘယ်လိုပြောသလဲ´

`ခင်ဗျားနဲ့ ကလေး ရုပ်တူတယ် လို့ပဲ ပြောလိုက်တယ်´


၂)ဘယ်ပန်းသာလို့ ယှဉ်ပါ့မယ်

မိုးခါး၊ မကောင်းကင်ပြာနှင့် မေလေးတို့ ထိုင်နေရာသို့ တောင်ပေါ်သား ရောက်လာပြီး မေးသည်။

ဟေ့ မိုးခါး၊ နင့်အကြိုက်ဆုံးပန်းက ဘာပန်းလဲ
သစ်ခွလေ

ဟုတ်လား၊ ဟာဟ၊ ငါဖြင့် အဲ့ပန်းတွေနဲ့ အီးကုန်းတယ်။
မိုးခါးတင်းသွား၏။ မျက်စောင်း ၁၀ ခါ ထိုးပလိုက်သည်။ တောင်ပေါ်သားက

ဒါနဲ့ မမပြာကရော
ငါလား၊ ငါ့လို နူးနူးညံ့ညံ့ ယုဇနပန်းလေးတွေ ပေါ့ဟယ်

ဟုတ်လား၊ ဟေဟေ့၊ ကျွန်တော်ဖြင့် အဲဒါ အိမ်သာထဲမှာသုံးတာပဲ
မမပြာ အကြီးမို့ ရယ်ချင်ယောင်ဆောင်လိုက်ပြီး တောင်ပေါ့်ကို အတည် ခေါင်းခေါက်ပစ်လိုက်သည်။

ဒါနဲ့ မေလေး၊ နင်ကရော
အေးငါကြိုက်တာ Cactus လေ၊ နင်အိမ်သာသုံးချင်ရင် သုံးပေါ့

Credits to http://static.howstuffworks.com/gif/prickly-pear-cactus-1.jpg

၃)သေချာပြီ
အမဲလိုက် မုဆိုးကျော် ၂ ယောက်ဖြစ်သော စည်သူနှင့် ဆောင်းချမ်းမိုးတို့ ၂ ယောက် သေနတ်ကိုယ်စီကိုင်ပြီး တောနက်ထဲသွားကြသည်။

တစ်နာရီခန့်လမ်းလျှောက်မိသောအခါ ဆောင်းချမ်းမိုးက
ဟေ့ကောင်စည်သူ၊ ငါကောင်းကောင်း နေမကောင်းချင်ဘူးကွာ

စည်သူက
အေး၊ အဲဒါဆိုလဲ ပြန်နားကြတာပေါ့ကွာ

သူတို့ အပြန်လမ်းတွင် ၁၅ မိနစ်ခန့်လျှောက်မိသောအခါ ဆောင်းချမ်းမိုးတစ်ယောက် မူးလဲသွားတော့သည်။ စည်သူတစ်ယောက် စိတ်ပူပြီး 911 ကိုလှမ်းခေါ်သည်။

အော်ပရေတာက ဖုန်းဖြေသည်။
911 ကပါ၊ ဘာကိစ္စများ ရှိလို့ပါလဲ

ဒီမှာဗျာ ကျွန်တော့်သူငယ်ချင်း တစ်ယောက် Heart Attack ရပြီး မူးလဲသွားတယ်၊ ကျွန်တော်တော့ သူသေပြီ ထင်တာပဲ

အော်ပရေတာက ပြန်ဖြေသည်။
ဟုတ်၊ ပထမဆုံးအနေနဲ့ သူသေသွားပြီဆိုတာ သေချာဖို့လိုပါတယ်

စည်သူက
ဟုတ်ပြီဗျာ၊ ခဏစောင့်

အော်ပရေတာ သေနတ်ပစ်သံ တစ်သံကို ဖုန်းထဲက တဆင့်ကြားလိုက်ရသည်။ ထို့နောက် စည်သူ့အသံပေါ်လာသည်။

ကဲ သူသေတာ သေချာပြီဗျ၊ ဘာဆက်လုပ်ရမလဲ ပြောပါ


၎)ဥ ဇာတ်လမ်း

ဦးရှင်ကြီးနှင့် တောင်ပေါ်သားတို့က အိမ်နီးနားချင်းများ ဖြစ်ကြသည်။ ဦးရှင်ကြီးက ဥစားကြက်မလေး တစ်ကောင်မွေးထားသည်။ တစ်နေ့သောအခါ ဦးရှင်ကြီး ကြက်ဥကောက်ရန် အသွား ကြက်မလေးက တောင်ပေါ်သားတို့ အိမ်ဘက်တွင်ဥထားသည်ကို တွေ့ရသည်။

ဦးရှင်ကြီးက ကြက်ဥကို ပေးရန်ပြောသောအခါ တောင်ပေါ်သားက သူ့အိမ်ထဲမှာ အုသောဥဖြစ်၍ မပေးနိုင်ဟု ဆိုသည်။ သူုတို့အတန်ကြာ ငြင်းခုန်ကြပြီးနောက် ဦးရှင်ကြီးက ပြောသည်။

ငါတို့ မျိုးရိုးမှာက အကျင့်တစ်ခုရှိတယ်ကွ၊ အငြင်းအခုန်ဖြစ်လာပြီ တစ်ယောက်နဲ့ တစ်ယောက် တစ်လှည့်စီ ကန်တယ်၊ အမြန်ဆုံး ပြန်ထနိုင်တဲ့ အကောင်နိုင်တာပဲ

တောင်ပေါ်သား သဘောတူလိုက်သည်။ ဦးရှင်ကြီးက အရင်စကန်ရမည် ဖြစ်သည်။ ဦးရှင်ကြီးက Boot ကြီးကို စီးပြီးနောက် တောင်ပေါ်သားကို ပြေးကန်ပစ်လိုက်သည်။ တောင်ပေါ်သား အရှိုက်ကို ထိသွားသဖြင့် နာရီဝက်လောက် မှောက်နေရသည်။ ပြီးမှထလာပြီး

အေးခုတစ်ခါ၊ ကျုပ်ကန်ရမည့် အလှည့်

ထိုအခါ ဦးရှင်ကြီးက

အေး၊ အဲ့ကြက်ဥကို မင်းပဲ ယူထားလိုက်၊ ကန်မနေနဲ့တော့၊ မင်းနိုင်တယ်


ဒီအောက်က ဟာသကတော့ ဘာသာပြန်ရင် ပျက်သွားမှာစိုးလို့ သူ့အတိုင်းပဲကူး လိုက်ပါတယ်။

Mississippi

A bus stops and two Asian men get on. They seat themselves, and engage in animated conversation. The lady sitting behind them ignores their conversation at first, but she listens in horror as one of the men says the following:

“Emma come first. Den I come. Two asses, dey come together. I come again. Two asses, dey come together again. I come again and pee twice. Then I come once-a more.”

“You foul-mouthed swine,” retorted the lady indignantly.
“In this country we don’t talk about our sex lives in public!”
“Hey, cool down lady,” said the man. “I’m just telling my friend how to spell Mississippi.”

ညီအစ်ကို မောင်နှမအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ..

ခင်မင်စွာဖြင့်
သီဟသစ်

Tuesday, November 24, 2009

ချစ်သူသိလား ရှေးရေစက်တွေ ဘယ်သူဖျက်ဖျက် မပျက်နိုင်ပေ - ဇာတ်သိမ်း

ရဲထွဋ် နှင့် ပြာပြာ တို့ အခြေအနေ အီလည်လည်ကြီး ဖြစ်နေသည်ကို သူငယ်ချင်းများ စိတ်မရှည်တော့။ သူတို့ အချင်းချင်း အရွဲ့တိုက်ကုန်ကြရင် ပိုဆိုးကုန်တော့မည် ကို သိကြသည်။ သီဟသစ် ဦးဆောင်၍ စင်္ကာပူ သူငယ်ချင်းတစ်ခု Red Blue Operation ကြီးကို စတင်မည် ဟုစဉ်းစားကြလေသည်။ သီဟသစ်၏ သူငယ်ချင်း ဟင်းချက်ကောင်းသော မိုးကောင်းသူတို့ အိမ်မှာ စု၍ မုန့်လုပ်စားမည် စီစဉ်ကြသည်။ ရဲထွဋ်နှင့် ပြာပြာတို့ကတော့ တစ်ယောက်စီ သီးသန့်လာကြပြီး ပုံမှန်ပဲ နေနေကြသည်။ စားပြီးသောက်ပြီး အေးအေးဆေးဆေး မြန်မာပြည်က ၀ယ်လာသော Korea ကား ဇာတ်လမ်းတွဲ DVD ကြည့်မိသော အခါ ပြဿနာ စလေသည်။ ကိုရီးယားကား ထုံးစံ သရုပ်ဆောင်ကောင်းသော ဗီလိန် အမျိုးသမီးကို ကြည့်ရင်း ရဲထွဋ်က ဘာမဆိုင် ညာမဆိုင် ထပြော၏။
“ကောင်မလေးတွေက မာယာများတယ်နော်”

ပြာပြာတစ်ယောက် သူ့ကို စောင်းပြောသည် ထင်ပြီး တင်းသွားသည်။
“မာယာများတယ်၊ ရိုးသားတယ်၊ မကောင်းဘူး၊ ကောင်းတယ် ဆိုတာက ကျား၊မ၊ လူမျိုး၊ ဘာသာတရားတွေ အပေါ်မှာ မမူတည်ပါဘူး ရဲထွဋ်ရဲ့၊ လူတစ်ယောက်ချင်းစီနဲ့ ဆိုင်တာပါ”

ရဲထွဋ်တစ်ယောက် ပခုံးတွန့်ပြရင်း
“ဟုတ်လို့လား၊ ငါတော့ တစ်ခါခံခဲ့ရဖူး ကတည်းကတိုင် အဲလိုထင်တာပဲ”

ပြာပြာစိတ်အတော်ဆိုးသွားသည်။ မျက်ရည်ပိုးပိုး ပေါက်ပေါက်ကျလာပြီး
“ရဲထွဋ်၊ နင်တော်တော် အသည်းမာတယ်နော်၊ ငါရှင်းပြတာကို ဘယ်တုန်းကမှ နားမထောင်ခဲ့ဘူး။ ငါ့ကို အမြဲမှားတယ် ထင်နေတာပဲ”

သူငယ်ချင်းများ ၀ိုင်းဖြန်ဖြေကြသဖြင့် စကားစပြတ်သွားသည်။ ပြာပြာလည်း ချက်ချင်း ပြန်သွားသည်။ ညပိုင်း ယောက်ျားလေး သူငယ်ချင်းများ စု၍ ၀က်တုပ်ကွေး ကာကွယ်ဆေး သောက်ကြသောဝိုင်းတွင် ရဲထွဋ်ကို ၀ိုင်းကျပ်ကြတော့သည်။
“ဟေ့ကောင် ရဲထွဋ်၊ ပြာပြာ့ကို ချစ်သလား၊ မချစ်ဘူးလား”
“ချစ်တယ် ဆိုရင်ကော၊ မချစ်ဘူး ဆိုရင်ကော”

“ဟေ့ကောင်၊ဝေ့လည်လည် လုပ်မနေနဲ့ကွာ စိတ်မရှည်ဘူး၊ ဒီနေ့ မင်းပြာပြာ့ကို ပြောလိုက်တာလဲ နည်းနည်းလွန်တယ်နော်”
“အမှန်အတိုင်း ပြောရရင် အတိတ်တုန်းက ငါခံခဲ့ရတာကို အကြောက်မပြေသေးဘူးကွ”

“မင်းဟာ မဟုတ်သေးပါဘူးကွာ၊ အဲဒါပြောရရင် ကျောင်းတက်တုန်းက အရွယ် ငယ်သေးတာပဲကွ၊ မှားတတ်တဲ့ အရွယ်တွေပဲကို၊ ခုက မင်းတို့ ၂ ယောက်လုံး တည်ငြိမ်ရင့်ကျက်တဲ့ အရွယ် ရောက်နေပြီပဲကွ”
“အေးလေ၊ စောင့်ကြည့်သေးတာပေါ့”

“စောင့်ကြည့်တာလဲ မြန်မြန်ကြည့်တော့၊ တော်ကြာ ဟိုက စိတ်မရှည်ဘဲ အရွဲ့တိုက်ပြီး စည်သူ့နောက်ပါသွားအုံးမယ်၊ ဒါနဲ့စကားမစပ် ဟိုကောင်မလေး မြနဲ့ မင်းနဲ့က ဘယ်လိုတွေလဲ”

“ရိုးရိုးသားသားပါကွာ၊ သူက သူ့အိမ်မှာ အငယ်ဆုံးမို့ တွေ့တဲ့သူကို နွဲ့ဆိုးဆိုးတတ်တာပါ”
“အေးပေါ့လေ၊ မင်းစကားမှန်ပါစေ”

ရဲထွဋ်တစ်ယောက်လည်း မျက်ရည်များနှင့် ပြာပြာ့မျက်နှာကို ပြန်မြင်ယောင်ရင်း စိတ်မကောင်း ဖြစ်နေသည်။ ထိုည ပြာပြာ့ကို Gtalk မှာလည်း မတွေ့၊ Phone ဆက်တော့လည်း မကိုင်ပေ။ နောက်တစ်ပတ်ကျော်လောက်မှ Facebook ၏ Chat List ထဲမှာ ပြာပြာ ခဏပေါ်လာတာကို ဇွတ်စကား သွားပြောရ၏။ ပြာပြာတစ်ယောက် ဘာမှ ပြန်မပြောသော်လည်း Chatting ကို offline တော့ လုပ်မသွားပေ။ (သူ့ဘာသာသူ ကောက်စိုက်နေလို့ အလုပ်များနေသလားတော့ မပြောတတ်။)နောက်နှစ်ပတ်ကျော်၊ သုံးပတ်လောက်မှ နည်းနည်းချင်း ပြန်ပြောသည်။ ခုတစ်ခါတော့ ရဲထွဋ်တို့ အသည်းအသန် ချော့ရတဲ့ အလှည့်ဖြစ်သည်။

Red Blue Operation ၏ ပထမ အဆင့်က ဘယ်လိုမှ မထိရောက်သဖြင့် သီဟသစ်တို့ အဖွဲ့ နောက်တစ်ဆင့်ကို ထပ်စီစဉ်ကြသည်။ အားလပ်ရက်တစ်ရက် East Coast ကမ်းခြေတွင် Bungalow တစ်ခုငှား၍ B.B.Q လုပ်စားရန် စီစဉ်ကြသည်။ အစီအစဉ်က ဘာဘီကျူးစားပြီး ဂစ်တာတီး သီချင်းဆိုကြပြီး မိန်းခလေး တစ်ခန်း သတ်သတ်၊ ယောက်ျားလေး တစ်ခန်းသတ်သတ်စီ အိပ်ကြရန် ဖြစ်သည်။

သီချင်းများ ဆိုကြပြီးနောက် ကမ်းခြေတစ်လျှောက် လမ်းလျှောက်ကြချိန် သူငယ်ချင်းများက မသိမသာ ပြာပြာနဲ့ ရဲထွဋ် တို့ ၂ ယောက်တည်း ကျန်ခဲ့အောင် ထားခဲ့ကြသည်။ ရဲထွဋ်က ပြာပြာ့ကို

“ပြာပြာ၊ ဟိုနေ့က အပြောမှားခဲ့ မိတဲ့ အတွက်ရော၊ ဟိုးအရင်က ပြာ့ကို အထင်မှားမိတဲ့ အတွက်ရော ခွင့်လွှတ်ပါနော်၊ ကိုယ် ပြာ့ကို အရမ်းချစ်တယ်”
“ရဲထွဋ် ပြောတာ နောက်ကျသွားပြီကွယ်”

ရဲထွဋ်တစ်ယောက် မျက်နှာငိုင်ကျသွားသည်။ ထိန်းထားသော အသံတုန်တုန်ဖြင့်
“ရှိပါစေတော့ ပြာရယ်၊ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲပေါ့”

ပြာပြာက ပြုံးစစဖြင့်
“အင်း၊ ရဲထွဋ်တစ်ယောက် ဒီ.စကားကို ဘယ်တော့မှ ဆုံးအောင် နားမထောင်တဲ့ အကျင့်က ဘယ်တော့မှ ပျောက်မလဲ မသိ၊ နောက်ကျသွားပြီ ဆိုတာက ရဲထွဋ် မပြောခင် ကတည်းက ပြာက ခွင့်လွှတ်ပြီးသား လို့ ပြောတာ..”

ရဲထွဋ်တစ်ယောက် ထခုန်မတတ် ၀မ်းသာသွားပြီး
“ဟင်ပြာ.. ပြာ၊ ကို့ကို ချစ်သေးတယ် ပေါ့နော်၊ အဲဒါနဲ့များ နောက်လိုက်တာ၊ လူဆိုးမကြီး”

သူငယ်ချင်းများလည်း သူတို့ကို ကြည့်၍ ပျော်နေကြသည်။ ချစ်ရဲ့သားနှင့် ပဲများနေကြသော နှစ်ယောက် အဲလိုမှ ပြန်အဆင်မပြေကြရင်လည်း Red Blue Operation ၏ နောက်ဆုံးအဆင့်အရ ကြိုးတုပ်ပေးစားဖို့ပဲ ကျန်တော့သည်။ ကိုယ်စီအိမ်သို့ ပြန်ကြပြီးနောက် ရဲထွဋ်နှင့် ပြာပြာတို့က သူတို့အချစ်များ ခိုင်မြဲစေရန် တိုးပါးရိုး ဘုန်းကြီးကျောင်းတွင် ဆုတောင်းကြဖို့ ညနေပိုင်းတွင် တွေ့ရန် ချိန်းထားကြသည်။ ညနေပိုင်းရောက်သောအခါ ရဲထွဋ်တစ်ယောက် Toa Payoh MRT တွင် စောင့်နေသော်လည်း ပြာပြာကား ပေါ်မလာတော့။ ရဲထွဋ်ဖုန်းလှမ်းဆက်သော်လည်း ဖုန်းကမ၀င်ပေ။ ရဲထွဋ်တစ်ယောက်တော့ ပြာ့ကို ချစ်တဲ့စိတ်တွေနဲ့ ပြာယာခတ်နေလေသည်။

တကယ်တော့ ဦးစိုင်းစိုင်းက အရေးတကြီး ဖုန်းဆက်လှမ်းခေါ်သဖြင့် ပြာပြာ တစ်ယောက် ကောက်ကာငင်ကာ ပြန်သွားရခြင်းဖြစ်သည်။ နေ့လည် Silk Air Flight မှာ ဂိုးရှိုးဖြင့် ချက်ချင်းလိုက်သွားရသဖြင့် ရဲထွဋ်ကို ဆက်သွယ်ဖို့ အချိန်မရခြင်း ဖြစ်သည်။

ရန်ကုန်ပြန်ရောက်၍ ဦးစိုင်းစိုင်းနှင့် သမီးပြာပြာတို့ တွေ့ကြသောအခါ ဦးစိုင်းစိုင်းက
“ငါ့သမီး ပိန်သွားပါလား၊ အချိန်မှန်မှန်ရော စားရဲ့လား”
“စားပါတယ် ဖေဖေ၊ မိုးရွာရွာ နေပူပူ အချိန်မှန်မှန် စားပါတယ်” (ကွမ်းတွေ)

“အေးအေး၊ အချိန်မှန်ရော အိပ်ရဲ့လားဟ”
“ဟုတ်ကဲ့ ဖေဖေ ပုံမှန်အိပ်ပါတယ်” (မနက် ၄နာရီ၊ ၅ နာရီ)

“ဖေဖေလဲ ဝလာလိုက်တာ၊ ဝက်တုပ်ကွေးပျောက်ဆေးတွေ သောက်တာများတယ် ထင်ပါ့”
“ကောင်မလေးနှယ်၊ ပေါက်ပေါက်ရှာရှာ၊ ငါ ရေနွေးကြမ်းအအေးကို ရေခဲထည့်သောက်တာ များလို့ပါဟ”

ရဲထွဋ်တစ်ယောက်မှာတော့ ပြာပြာတစ်ယောက် ဖုန်းမဆက်ပဲ ပျောက်သွားသဖြင့် ခေါင်းမီးတောက်နေလေသည်။ ပြာပြာ့ဆီ ဖုန်းခေါ်ကြည့်တော့လည်း မရပေ။ တစ်ညလုံး ကောင်းကောင်း အိပ်မပျော်ပဲ မနက်ပိုင်းမှ မှေးခနဲ အိပ်ပျော်သွားသော ရဲထွဋ် ဖုန်းမြည်သံကြောင့် အိပ်ရာမှ နိုးလာလေသည်။

“ကိုလားဟင်”
“ဟင်ပြာ..ပြာ၊ ဘယ်ကိုရောက်သွားတာလဲ၊ ကို့မှာ စိတ်ပူလိုက်ရတာ”

“ပြာဘာမှ မဖြစ်ပါဘူး ကိုရယ်၊ ဖေဖေက ပြာ နဲ့ တွေ့ချင်တယ် ဆိုလို့ အရေးတကြီး ဖုန်းဆက်ခေါ်လို့ ရန်ကုန်ပြန်ခဲ့တာပါ၊ ကို့ဆီ ဖုန်းဆက်ဖို့ကို အဆင်မပြေဘူး၊ လောလော..လောလောနဲ့ သွားရတာဆိုတော့”
“ပြာဘယ်တော့ ပြန်လာမလဲ ဟင်”

“မပြောတတ်သေးဘူးကို၊ ဖေဖေ ပြန်လွှတ်မှ ပြန်လာခဲ့မှာ”
“အား...၊ ကိုတော့လွမ်းနေရတော့မှာပဲ”

နောက်ဆုံးမတော့ ရဲထွဋ်တစ်ယောက် သူ့ဘဝမှာ ပြာမရှိရင် မဖြစ်တော့ဘူး ဆိုတာ သိသွားပြီ။ ရန်ကုန်လိုက်မည် လုပ်တော့သည်။ လေယျာဉ်ပေါ်မှာ “ကိုယ်လာပြီ ပြာ့ဆီကို” ဆိုပြီး သီချင်းလေးများတောင် ဆိုလိုက်သေး၏။ ရန်ကုန်မြို့ စိန်တောင်ကြားရှိ လှပခမ်းနားသော ပြာပြာတို့ အိမ်ကြီးသို့ရောက်သောအခါ .. အိမ်ဖော်အမျိုးသမီးက ခေါ်ပေးသဖြင့် ပြာပြာနှင့် ဦးစိုင်းစိုင်းတို့ ဧည့်ခန်းထဲသို့ ရောက်လာကြလေသည်။

ပြာတစ်ယောက် ရဲထွဋ်ကို မမျှော်လင့်ပဲ တွေ့လိုက်ရသဖြင့် ၀မ်းသာသွားပြီး “ကို” ဟု လှမ်းခေါ်လိုက်သေးသည်။ နောက်မှ ဦးစိုင်းစိုင်းကို သတိရပြီး အရှိန်သတ်လိုက်သည်။ ဦးစိုင်းစိုင်းက ရဲထွဋ်ကို

“မောင်ရင်က ဘယ်သူလဲကွဲ့”
“ကျွန်တော် ရဲထွဋ်ပါ”

“မောင်ရင်က ဘာအလုပ်များ လုပ်သလဲကွဲ့”
“ကျွန်တော် စင်္ကာပူမှာ Software Engineer လုပ်ပါတယ်”

“အော၊ ဦးက နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ လူငယ်တွေကို မယုံဘူး၊ အထင်လည်း မကြီးဘူးကွဲ့”
“ဟုတ်ကဲ့၊ ကျွန်တော်လည်း မြန်မာနိုင်ငံမှာ ကြီးပွားချမ်းသာနေတဲ့ လူကြီးတွေကို ယုံလည်းမယုံဘူး၊ အထင်လည်း မကြီးဘူး ခင်ဗျ”

“ဟုတ်ပြီ၊ စိတ်ထဲရှိတာ ပွင့်ပွင့်လင်းလင်း ပြောရဲတာကို သဘောကျတယ်၊ မောင်ရင် လာတာ ဘာကိစ္စများလဲကွဲ့”
“ဟုတ်၊ အရေးအကြီးဆုံး ကိစ္စကတော့ ဦးရဲ့ သမီး ပြာပြာ့ကို လက်ထပ်ခွင့်ပြုပါ”

“ကဲမောင်ရင် ဦးရဲ့သမီးကို ဘာကြောင့် မင်းနဲ့ လက်ထပ်ခွင့်ပေးသင့်တယ် ဆိုတာ ပြောစမ်းကွာ”
“ဘာကြောင့်လဲ ဆိုတော့ ဦးရဲ့သမီးကို ကျွန်တော် တစ်သက်လုံး တန်ဖိုးထားပြီး ချစ်ခင်သွားမှာမို့ပါ၊ ကျွန်တော့်ရဲ့ ဘတစ်ခုလုံးကို သူ့ရဲ့လက်မှာ နှင်းအပ်ချင်လို့ပါခင်ဗျာ၊ ကျွန်တော်သူ့ကို သိပ်ချစ်လို့ပါ”

ပြာပြာတစ်ယောက် ပျော်ရွှင်မျှော်လင့်စွာဖြင့် သူ့အဖေ ဦးစိုင်းစိုင်းကို ကြည့်လိုက်သည်။ ဦးစိုင်းစိုင်းက
“အေးကွာ၊ အဲဒီအကြောင်းပြချက်ကို ငါသဘောကျတယ်၊ ငါသဘောတူသကွာ၊ မင်းလူကြီးစုံရာနဲ့သာ လာတောင်းရမ်းလှည့်ပေတော့၊ အေးတစ်ခုတော့ ရှိတယ်၊ မင်းကို ငါစကားတည်မတည် တစ်သက်လုံး စောင့်ကြည့်နေမယ်”
“ဟုတ်၊ရပါတယ် ခင်ဗျာ”

နောက်တစ်လတွင်တော့ ညီအစ်ကို မောင်နှမ များထံသို့ အောက်ပါဖိတ်စာလေး ရောက်ရှိလာတော့သည်။ စာလာဖတ်ဖြစ်သော ညီအစ်ကို မောင်နှမ အားလုံးကိုလည်း ဖိတ်ကြားအပ်ပါသည်။ (ဆောင်းချမ်းမိုးက “အချစ်ရှုံးသမား ဒဿဆောင်းဆောင်း”သီချင်းဖြင့် လည်းကောင်း၊ စည်သူက “သားလေးမွေးရင် ကိုယ့်နာမည် ပေးပါ” သီချင်းဖြင့် လည်းကောင်း၊ ကိုအင်ဒရူးက “ကျော်တော့ လှေသူကြီး၊ ညားတော့ လှေထိုးသား” သီချင်းဖြင့် လည်းကောင်း၊ မြက “အသည်းနှလုံးလေး လက်ဖွဲ့လိုက်တယ်” သီချင်းဖြင့် ကိုယ်စီ ဖျော်ဖြေကြမည် လို့ ကြားသိရပါသည်။)








စာများကို လာဖတ်ပေးကြသော ညီအစ်ကို မောင်နှမအားလုံး နှင့် ဇာတ်လမ်းတွင် နာမည် အသုံးပြုခွင့်ပေးသော ညီအစ်ကို မောင်နှမ အားလုံးကို အထူးကျေးဇူးတင်ပါသည်။

ဖိတ်စာဒီဇိုင်းကို စိတ်ရှည်လက်ရှည်လုပ်ပေးသော ညီလေး ဆောင်းချမ်းမိုး အား အထူးကျေးဇူးတင်ပါသည်။

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

ခင်မင်စွာဖြင့်
သီဟသစ်

P.S
ခက်ဆစ်။ ။
၁) ၀က်တုပ်ကွေး ကာကွယ်ဆေး = ၀က်ကို နိုင်သော ကျား (သို့) Tiger
၂) ရေနွေးကြမ်းအအေး = ရေနွေးကြမ်း အရောင် ရှိသော အရည်တစ်မျိုး၊ ယမကာ ဟုလည်း ခေါ်ကြသည်။

Saturday, November 21, 2009

ချစ်သူသိလား ရှေးရေစက်တွေ ဘယ်သူဖျက်ဖျက် မပျက်နိုင်ပေ - အပိုင်း (၅)

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎

ရဲထွဋ်တစ်ယောက်ကတော့ စင်္ကာပူကို ရောက်တာ နည်းနည်းကြာလာပြီ ဖြစ်၍ နေသားကျ နေပြီဖြစ်သည်။ ကောင်းကင်ကြီးကို မော့ကြည့်မိတိုင်း ပြာပြာ့ကို သတိရသော်လည်း စိတ်နာနာနဲ့ ချစ်နေမိတယ် ဆိုတဲ့ သီချင်းလေး အတိုင်း ဖြစ်နေသည်။ “တစ်ခါ အခွန်ဆောင်ဖူး သံရုံးအကြောင်း နားလည်”၊ “ကောမန့်(သို့)စီဘောက်စ် မှန်ဖူးတဲ့ ဘလော့ဂါ” စတဲ့ စကားပုံ များလိုပဲ အချစ်ကို ကြောက်နေလေပြီ။ အလုပ်ကိစ္စဖြင့် ခရီးသွားရင်း Seattle မှာ ရောက်နေပြီ ဖြစ်သော ဘိုဘို့ ဆီ ဝင်လည်ဖြစ်တော့ ဘိုဘိုက ဒဏ်ရာဟောင်းတွေ တူးဖော်လိုက်သေးသည်။

ပြာပြာတစ်ယောက် စင်္ကာပူ သွားသောအခါ တစ်ယောက်တည်း ဖြစ်နေမှာ စိုးသဖြင့် ဦစိုင်းစိုင်း၏ တူဖြစ်သူ စင်္ကာပူကနေ ခဏပြန်လာသော  ဏီကင်း နှင့် တူတူ သွားခိုင်းလိုက်သည်။ လေယျာဉ်ပေါ်တွင် လေယျာဉ်မယ်လေးများ ဖြစ်သော ကောင်းကင်ရဲ့ သမီးပျို ဒဏ္ဍာရီနှင်းနှင့်မာယာ တို့ကို မြင်ရသော အခါ ဏီကင်းရဲ့ စိတ်တို့ လေဟုန်ကိုဆန် အဝေးဆုံးကို ပျံသွားပြီမို့ သူ့အစ်မ ပြာပြာကို ဂရုစိုက်ဖို့ သတိမရပြီ။ပြာပြာ စင်္ကာပူ စရောက်ရောက်ချင်း အိမ်ကို လွမ်းနေသော ဂျူနီယာလွင်ဦး၊ ပျော်ပျော်နေချင်တဲ့ မေခရမ်း ၊ မှားတတ်ပါတယ်လေ ဆိုတဲ့ မမီး တို့နှင့် အတူတူ နေဖြစ်သည်။

ကျောင်းမှာတုန်းက အငယ်တန်းက ကောင်မလေးဖြစ်သော နွေးနွေးသဲမွန်၏ မင်္ဂလာဆောင်တွင်ကား ကျောင်းက သူငယ်ချင်းဟောင်းတွေ တော်တော်များများ ပြန်ဆုံကြခါ Gathering ပုံစံမျိုးဖြစ်သွားလေသည်။ အငယ်တန်းက သူတွေထဲမှာ ရဲထွဋ်နှင့် တစ်ရုံးတည်းမှာ အတူတူလုပ်နေသော မြ (ခေါ်) မြရေလျဉ်၊ နောက်တီးနောက်တောက် စည်သူ၊  မွန်လေး တလနွန်၊ ကျောက်ပန်းတောင်းသားလေး ညီညီ တို့လည်း ပါလေသည်။ သူငယ်ချင်းများက ရဲထွဋ် နှင့် ပြာပြာတို့ကို စနောက်ချင် သော်လည်း သူတို့ ၂ ယောက်က ရုပ်တည်တွေ နေနေကြသဖြင့် အချင်းချင်းပဲ ကြိတ်ပြော နေကြရလေသည်။ အဲဒီမှာ သူငယ်ချင်းတွေ အားလုံး ဖုန်းနံပါတ်တွေ၊ mail address တွေ တစ်နေရာမှာ စုရေးဖြစ်သဖြင့် အားလုံးမှာ contact တွေတော့ ရသွားကြလေပြီ။

ပြာပြာက  အနည်းငယ် သွက်သည် ထင်သော မြကို သိပ်ကြည့်မရပေ။ သူ့ဘာသာသူ သွက်တာ ဆိုရင် ပြာပြာနဲ့ မဆိုင်သော်လည်း ရဲထွဋ်ဘေးမှာ သွက်နေသောကြောင့် မျက်စိထောင့်နေခြင်းဖြစ်၏။ “ပို့စ်ကမလှုပ် ကောမန့်ကလှုပ် ” ဟုထင်သည်။ မြကလည်း ရိပ်မိသည်။ တစ်နေ့ MRT ပေါ်တွင် ပြာပြာနှင့် မြ ဆုံကြသော  အခါ မြက

“ဒီမယ်၊ မမပြာ၊ နောက်ဆုတ်လိုက်ပါ”
“ဟေ့၊ နောက်မဆုတ်နိုင်ဘူး၊ ရဲထွဋ်က ငါ့အချစ်ဦး”

ပြာပြာက အနိုင်မခံချင်သော ညာဉ်ဖြင့် ပြန်ပြောလိုက်ခြင်း ဖြစ်၏။

“သမီးပြောတာ အဲဒါမဟုတ်ဘူး။ ဒီမယ် လူတွေကျပ်နေလို့ ရှေ့တို့းမရရင် တံခါးညပ်တော့မယ်။ နောက်ကို နည်းနည်းဆုတ်ခိုင်းတာ”

ပြာပြာ နည်းနည်းရှက်သွား၏။ နောက်တစ်ဘူတာအရောက် မြကို မျက်စောင်းထိုးပြီး ဆင်းသွားသည်။

မြက ရဲထွဋ်ဆီကို ဖုန်းဆက်၍ အလုပ်ကိစ္စ အကြောင်း၊ သွားစရာ နေရာတွေ အကြောင်းမေးလေ့ရှိသည်။ တစ်နေ့သောအခါ မြက ရဲထွဋ်ဆီ ဖုန်းဆက်ပြီး

“ကိုရဲ၊ သမီး တိုပါးရိုး ဘုန်းကြီးကျောင်းကို မသွားတတ်လို့ အဲဒါလိုက်ပို့ပေးအုံး”
“ဟေ၊ ထူးထူးဆန်းဆန်း၊ ဘုန်းကြီးကျောင်း ဘာသွားလုပ်မှာလဲ”

“အဲဒီမှာ ကပ္ပိယ လုပ်နေတဲ့ သမီးဘကြီး ဦးလစ်ဘရာထွန်း နဲ့ သွားတွေ့မလို့”
“အေးအေး ဒါနဲ့ Sentosa တို့၊ Palau Ubin တို့ ကိုယ့်ဘာသာကိုယ် သွားတတ်တယ်မို့လား”

“ဟုတ်၊ အဲဒါက သွားရတာ လွယ်တယ်လေ၊ လူတွေအများကြီးနောက် လိုက်သွားရုံပဲ”
“အေး အဲအတိုင်းပဲ သွားလိုက်၊ တိုးပါးရိုး ဘူတာကို သွား၊ မြန်မာစကားသံတွေ အများကြီး ကြားရတဲ့နောက်လိုက်၊ တွေ့လိမ့်မယ်၊ ငါမအားလို့ လိုက်မပို့တော့ဘူး”
“ဟွန့်”

စည်သူကလည်း ပြာပြာ့ဆီကို ဖုန်းတွေဆက်လေ့ရှိသည်။ တကယ်က စည်သူဆိုတာကလည်း ကျောင်းတုန်းက ပြာပြာကို အခါခါ ငေးခဲ့ဖူးသော သူများထဲတွင် ပါဝင်သူ တစ်ယောက် ဖြစ်သည်။ ဟေ့ ဆိုကတည်းက ရဲထွဋ်နှင့် ရည်းစားဖြစ်သွားသဖြင့် လက်လျှော့ခဲ့ခြင်း ဖြစ်သည်။

တစ်ရက်တွင်တော့ စည်သူက မွေးနေ့ အကြောင်းပြပြီး ထမင်းကျွေးဖိတ်သဖြင့် ပြာပြာနှင့် စည်သူတို့ ပင်နစူလာပလာဇာရှိ ရနံ့သစ် ထမင်းဆိုင်သို့ သွားကြသည်။ ဆိုင်ထဲ အရောက် တိုက်တိုက်ဆိုင်ဆိုင် တွေ့ရတာက ရဲထွဋ်နှင့် မြတို့ ဖြစ်နေသည်။ မြ နှင့် ပြာပြာတို့ ဟင်းသွားမှာနေခိုက် ရဲထွဋ် တစ်ယောက် စည်သူ့နားသွားပြီး

“ဟေ့ကောင် စည်သူ၊ ပြာပြာ့ကို မင်းတွဲခဲ့ဖူးတဲ့ ကောင်မလေးတွေလို သွားမလှည့်စားပါနဲ့၊ သူက အဲလိုမဟုတ်ဘူး”
“ဗျာ အဲဒါ ခင်ဗျားကိစ္စ လားဗျ”

“ပြာပြာနဲ့ ငါရဲ့ ကျောင်းတုန်းက ဇာတ်လမ်းရှိတာ မင်းမသိဘူးလား”
“တစ်ကျောင်းလုံး သိသားပဲ၊ အတိတ်က အတိတ်မှာ ကျန်ခဲ့ပြီပဲဗျ၊ စိတ်လျှော့လိုက်တော့”

ဟင်းမှာရာက ပြန်လာသော ပြာပြာ နှင့် ရဲထွဋ်တို့ မျက်လုံးချင်း ဆုံကြသော အခါ နာကြည်း ကြေကွဲသော အကြည့်များဖြင့် အပြန်အလှန်ကြည့်ကြပြီး မကြည်ပြုံးများ ပြုံးပြကြသည်။ (ဒီနေရာတွင် သူတို့မည်သို့ သရုပ်ဆောင်မည်ကို သီဟသစ် မသိချေ :P )

အိမ်ပြန်ရောက်တော့ Gtalk ပေါ်မှာ တွေ့ကြသောအခါတွင်ကား အခါတွင်ကား ပြာပြာနဲ့ ရဲထွဋ်တို့ ပေါက်ကွဲကြလေပြီ။
“ဟွန်း အလုပ်သွားတယ် ဆိုပြီး ကောင်မလေးတွေနဲ့ လျှောက်သွားနေတာ နေမှာ”
“ဟ၊ ငါတို့က Client Site ကို ကိစ္စ ရှိလို့ သွားတာ၊ အပြန် ညစာစားချိန်မို့ City Hall မှာ ထမင်းဝင်စားတာ၊ မင်းကရော ဘာကိစ္စ စည်သူနဲ့ အတူရှိနေရတာလဲ”

“သူ့မွေးနေ့ မို့လို့ ကျွေးချင်တယ် ဆိုလို့ လိုက်ကျွေးတာ၊ နေပါအုံး ကျွန်မကို ရှင်းပြနေရအောင် ရှင့်ကို ဘယ်သူမေးနေလို့လဲ”

“မင်းက ငါ့ကို မေးတာကိုး၊ မင်းကရော ဘာလို့ ရှင်းပြနေတာတုန်း”
“ရှင်ကရော ဘာလို့မေးတုန်း၊ ရှင်နဲ့ ကျွန်မ က ဘာတွေလဲ”

“ဘာမှ မဟုတ်ဘူးကွာ”
“ဟွန်း၊ ပြီးတာပဲ”

နှစ်ယောက်သား အပြိုင်အဆိုင် Invisible Mode သို့ ပြောင်းပြီး နေနေကြသည်။ တစ်ယောက်နဲ့ တစ်ယောက် ကြည့်လည်းကြည့်မရ သို့သော် တွေ့လည်းတွေ့ချင် သောကြောင့် Block လုပ်မပစ်ကြချေ။ ဒီကြားထဲ သူငယ်ချင်း သီဟသစ် ရဲ့ Gtalk Status က စာသား “The more you hate, the more you love” ကိုတွေ့ကြရသောကြောင့် မဲ့ပြုံးပြကြရသေးသည်။

နှစ်ယောက်သား ချစ်ခဲ့ဖူးကြသော်လည်း စိတ်နာနာဖြင့် ခွဲခဲ့ကြသော ချစ်သူ ၂ ယောက်အဖို့ ပြန်ပေါင်းထုပ်ရန် ကိစ္စမှာ ထင်သလောက် မလွယ်ချေ။ ရဲထွဋ်တစ်ယောက် မြရဲ့ နှောင်ဖွဲ့မှုက ရုန်းထွက် နိုင်မှာလား၊ ပြာပြာတစ်ယောက်ကရော စည်သူရဲ့ ဗျူဟာတွေထဲနေ လွတ်မြောက်နိုင်မှာလား ဆိုတာတော့ သူတို့ကိုယ်တိုင်ပဲ သိကြပါလိမ့်မည်။


ခင်မင်စွာဖြင့်
သီဟသစ်

P.S နောက်တစ်ပိုင်းဆိုရင် ဇာတ်သိမ်းမည် စိတ်ကူးထားပါသည်။ ညီအစ်ကို မောင်နှမ အားလုံးကို နာမည်တွေ သုံးခွင့်ပေးလို့ ကျေးဇူးတင်ပါသည်။

Saturday, November 14, 2009

ချစ်သူသိလား ရှေးရေစက်တွေ ဘယ်သူဖျက်ဖျက် မပျက်နိုင်ပေ အပိုင်း (၃)



ကျောင်းမှာ ရဲထွဋ်တို့ အဖွဲ့ ထိုင်လေ့ရှိသော လှေခါးအဆင်းလေးနားမှာ ပြာနှင့်ရဲထွဋ်တို့ နှစ်ယောက်သား စကားတွတ်ထိုးနေကြလေသည်။ ခပ်လှမ်းလှမ်းမှာတော့ သီဟသစ်၊ ဖိုးသင်္ကြန်၊ ရေတမာ၊ တောင်ပေါ်သား တို့လေးယောက်သား ဟောင်ကောင်ရှိုး ဆော့နေကြသည်။ ရေတမာနှင့် တောင်ပေါ်သားက ခုနှစ်မှ မန္တလေး ကွန်ပြူတာ တက္ကသိုလ်ကို စတက်တာ ဖြစ်သော်လည်း ဖဲရိုက်တဲ့နေရာမှာတော့ တစ်ဖက်ကမ်းခတ်လေသည်။ ဟိုဘက်က တစ်အုပ်ကတော့ မျက်မှန်လေးနွေးနေခြည် နှင့် မေကဆုန် တို့က ပညာရပ်အကြောင်း ဆွေးနွေးနေကြသည်။ မျက်မှန်လေးက online မှာ ချစ်သူရှာနိုင်တဲ့ အကြောင်းဆောင်းပါး မဂ္ဂဇင်းမှာ ပါလာတာကို ပြောပြနေသည်။ နွေးနေခြည်က ဖဲဝိုင်းဘက် အာရုံရောက်နေသဖြင့် သိပ်မကြားလိုက်ပေ။ မေကဆုန်ကတော့ မျက်မှန်လေး စကားကို စိတ်ဝင်စားချင်ယောင်ဆောင်ပြီး  အချဉ်ပေါင်းကို ဆက်စားနေသည်။

ပြာပြာက ရဲထွဋ်ကို..
“ကိုရယ် ပြာအရမ်းစိတ်ညစ်တာပဲ။”
“ဘာဖြစ်လို့လဲ ပြာရဲ့”

“ပြာ့ဖေဖေပေါ့၊ ပြာ roll no. တွေ တအားကျလို့တဲ့ ပြောနေတာ၊ သူ့ပုံစံအတိုင်း ပညာတတ် ထက်မြက်တဲ့ စီးပွားရေးသမား ဖြစ်စေချင်တာ။ ဟိုနေ့ကတောင် မေးသေးတယ်။ ကျောင်းပြီးရင် ဘာလုပ်မှာလဲတဲ့။ ပြာလဲ မသိဘူးလို့ပဲ ဖြေလိုက်တယ်”
“ကျောင်းစာနဲ့ ပတ်သက်ရင်တော့ စိတ်မပူပါနဲ့၊ ကိုရှင်းပြပေးမှာပေါ့၊ project တွေ assignment တွေရော ကူလုပ်ပေးမယ်”

“ကျေးဇူးပါ ကိုရယ်”

စကားပြောနေရင်း ရဲထွဋ်ကို ငေးစိုက်ကြည့်နေသော ပြာတစ်ယောက် ရဲထွဋ် နှုတ်ခမ်းပေါ်က အမာရွတ်သေးသေးလေးကို မြင်သွားသည်။ ရဲထွဋ်က ရှက်ရှက်ဖြင့်

“အဲဒါ ကိုငယ်ငယ်က စက်ဘီးလဲရင် ခိုက်မိတာ”
“အဲဒါလေးက တစ်မျိုးလေး ဆွဲဆောင်မှုရှိသလိုပဲ၊ အသည်းယားစရာ”

ထိုစဉ်ဘိုဘိုတစ်ယောက် ဖဲဝိုင်းနား အရင်ရောက်ပြီး
“ဟေ့ကောင် သီဟ၊ မင်းကို နှင်းဆီဖြူလိုက်ရှာနေတယ်”
“ဟာ အဲဒါမှ ဂွပဲ။ သူဒီနေ့ ကျောင်းမလာတော့ဘူး ဆိုလို့ ငါဖဲလာရိုက်နေတာ။ စိတ်ကောက်လိမ့်အုံးမယ်”
ဆိုပြီး ဝရုန်းသုန်းကား ပြေးထွက်သွားသည်။

ရဲထွဋ်က ပြာ့ကို
“ဟိုမှာဘိုလာနေပြီ၊ သူ့ကောင်မလေးနဲ့ ဒီနေ့ပြတ်ထားတာ၊ သူ့ကို အားပေးစကား သွားပြောလိုက်အုံးမယ်”

ပြာပြာရဲ့ အတွေးများကရော..

ဒါငါစောင့်နေတဲ့ အခွင့်အရေးပဲ၊ ခုဘိုဘို့မှာ ရည်းစားမရှိတော့ဘူး၊ ဒါပေမယ့် ရဲထွဋ်တစ်ယောက် စိတ်ဆင်းရဲမှာလည်း ငါမလိုချင်ဘူး၊ သူ့ကို ဖြတ်လိုက်ရင် ကောင်းပါ့မလား

ရဲထွဋ်က ဘိုဘို့ကို
“ဟေ့ဘိုဘို၊ မင်းတအား စိတ်ညစ်နေလား”
“ဟမ်၊ ငါက ဘာကို စိတ်ညစ်ရမှာလဲ။ ငါဖြင့် စိတ်လွတ်လပ်မှုရသွားလို့ ပျော်နေတာ၊ ငါ့စိတ်ကူးယဉ် “နတ်သမီးလေးကို ငါတွေ့ပြီကွ”

“ဟေ ဘယ်သူလဲ”
“Dream လေ ”


ကန်တင်းထဲမှာ မေလေး၊ မိုးခါး တို့နဲ့ ထိုင်နေသော ပြာပြာတစ်ယောက်ကို ဟိုနှစ်ယောက်က ဗျူးနေကြသည်။
“ကဲပြာပြာ၊ ဘယ်လိုလဲ၊ နင်လိုချင်တဲ့ အခြေအနေ ဖြစ်လာပြီလေ၊ ဘိုတစ်ယောက် ရည်းစားနဲ့ ပြတ်သွားပြီ၊ နင် ဘိုဘို့ကို နင့်ဘက်ပါလာအောင်လုပ်တော့မှာလား”
“ဟေ့၊ ငါ့မှာ ရဲထွဋ်ရှိနေတာ သတိလဲရကြအုံး”

“အဲဒါဆို နင်က ဘိုဘို့ကို ဘယ်လိုဆက်ကြိုးစားမှာလဲ”
“ကဲကဲ၊ နင်တို့ အတန်းတွေရှိတယ်မို့လား၊ သွားကြတော့”

“အေးပါ၊ အတန်းပြီးရင် နင်ပြောပြရမယ်နော်၊ ငါထင်တာ ပြာပြာတစ်ယောက် ရဲထွဋ်ကို တကယ်ချစ်သွားပြီ ထင်တာပဲ”

ကန်တင်းထဲမှာတော့ ပြာပြာ တစ်ယောက်စဉ်းစားခန်းဝင်ရင်း ကျန်ခဲ့သည်။
ငါ့မှာ ဘိုဘို့ကို လှုပ်ရှားဖို့ရာ ဘာလို့ စိတ်သိပ်မပါသလို ဖြစ်နေတာလဲ၊ မေလေးနဲ့ မိုးခါး ပြောသွားတာ မှန်နေပြီလား၊ ငါရဲထွဋ်ကို ချစ်နေပြီလား

ပြာပြာတို့ အိမ်မှာ..
“shopping ထွက်မလို့ဟာ ဖေဖေက ပိုက်ဆံထားမသွားဘူးလား မအေးရဲ့”
“ကျွန်မလဲ သေချာမသိဘူး မမလေးရဲ့”

ထိုစဉ် ပြာပြာ့ရဲ့ အဖေ ဦးရှင်ကြီး (ခ) ဦးစိုင်းစိုင်းလားရှိုး ထွက်လာပြီး ပြောလိုက်သည်။
“ဟေ့ ပြာပြာ၊ ငါတမင်သက်သက် မထားထားတာ၊ သမီးကို သင်ခန်းစာပေးချင်လို့ပဲ”
“အဲဒါသင်ခန်းစာ မဟုတ်ဘူး အဖေ၊ သမီးကို ထိန်းချုပ်ချင်လွန်းလို့ အဖေ လုပ်နေတာ”

“ငါလုပ်သင့်လို့လုပ်တာ၊ တစ်တန်းနဲ့ တစ်တန်း သမီးရဲ့ Roll No တွေကျလာတယ်၊ အတန်းလဲ မှန်မှန် မတက်ဘူး ကြားတယ်၊ ညည်းမရှက်ဘူးလား ပြာပြာ၊ ငါလို နာမည်ကြီး စီးပွားရေးသမားရဲ့ သမီးက ဒီလောက်ညံ့ရတာ”
“အဲဒါပဲ၊ အဲဒါပဲ၊ ဖေဖေ ပြောနေတာ၊ ဖေဖေ့အတွက်၊ ဖေဖေ့ ဂုဏ်သိက္ခာ မထိခိုက်ဖို့အတွက်ပဲ၊ အဲဒါကြောင့် သမီးက ဖေဖေ့လို မဖြစ်ချင်တာ၊ တခြားလူတွေက သမီးတို့မိသားစုကို ဘယ်လိုတွေးထင်ကြမယ် ဆိုတာပဲ သိတယ်၊ သမီးတို့ ဘယ်လိုစဉ်းစားလဲဆိုတာ မသိဘူး”

“ဖေဖေက သမီးရဲ့ ကောင်းကျိုးအတွက် ပြောနေတာ သမီးသိရဲ့လား”
“မဟုတ်ဘူး ဖေဖေ၊ ဖေဖေက ဇွတ်ပုံသွင်းနေတာ၊ မေမေ ဆုံးခဲ့ရတာလည်း ဖေဖေ ခုလို ဖိနှိပ်ချုပ်ချယ်လို့ နေမှာပဲ”

ဦးစိုင်းစိုင်း တစ်ယောက် ဒေါသမထိန်းနိုင် ဖြစ်မိသွားပြီး
“သွားပြာပြာသွား..”
ဆိုပြီး တွန်းလွှတ်လိုက်မိတော့သည်။

တွေ့နေကျ နေရာလေးတွင် ပြာပြာတစ်ယောက် ငိုရှိုက်နေသဖြင့် ရဲထွဋ်တစ်ယောက်လည်း စိတ်တွေပူပြီး ချော့နေရသည်။
“ဖေဖေ မတရားဘူး ကိုရယ်၊ တအားရက်စက်တယ်”
“အဆင်ပြေသွားမှာပါ ပြာရယ်၊”

“ပြာအိမ်မပြန်ချင်တော့ဘူး ကိုရယ်၊ ဖေဖေ့ မျက်နှာကို တွေ့ရမှာ ကြောက်တယ်၊ အဟင့်၊ အဟင့်”
“တိတ်ပါ ပြာရယ်၊ ပြာခုဘာလုပ်ချင်လဲ၊ ဘယ်သွားချင်လဲပြော..”

“ကို.. ပြာတို့ ခိုးပြေးကြရအောင်လေ”
“စိတ်အေးအေးထားပါ ပြာရယ်၊ ပြာ့အဖေကို ပြန်ရှင်းပြလို့ ရတာပဲ”

“ဟင့်အင်း၊ ပြာ မလုပ်ချင်တော့ဘူး”
“ပြာရယ်၊ တို့တွေ ကျောင်းသားပဲ ရှိသေးတယ်လေ၊ ပြာ့ကို ကို့ရဲ့ အိမ်ထောင်ဖက် ဖြစ်စေချင်ပါတယ်၊ ဒါပေမယ့် ကိုအဆင်သင့် မဖြစ်သေးဘူးလေ။”

“ပြာ့ကို ပစ်မသွားနဲ့နော်ကို”
“စိတ်ချ၊ ပြာရဲ့ဘေးနားမှာ ကိုအမြဲရှိနေမယ်၊ ဒီလိုလုပ်မယ်လေ၊ စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် တို့စစ်ကိုင်းဘက်ကို သွားလည်မယ်လေ”


Credits to http://www.flickr.com/photos/mgmoeswe/277100027/sizes/o/

စစ်ကိုင်းဘက်မှာ ဘုရားတွေ ဖူးရင်း၊ နေရာအနှံ့ ဆိုင်ကယ်နှင့် လျှောက်လည်ကြရင်း ချစ်သူနှစ်ယောက် စိတ်ကြည်နူးနေကြသည်။ ပြာ့ရင်ထဲမှာလည်း သူချစ်နေတာ ရဲထွဋ်ပဲ ဆိုတာ သေချာသလောက်ရှိနေပြီ ဖြစ်သည်။

သို့သော် မြှားနတ်မောင်ကား Facebook ထဲတွင် ကစားတာများလို့ အိပ်ရေးပျက်ကာ အိပ်ချင်မူးတူး ဖြစ်လေသလားမသိ။ ချစ်သူနှစ်ဦး ညနေပိုင်း မန္တလေးဘက် ပြန်အလာ ညနေစာစားနေကျ ရှမ်းထမင်းဆိုင်လေးတွင် ဖြစ်၏။ ပြာပြာတစ်ယောက် Rest Room သို့ သွားနေစဉ်အချိန် ရဲထွဋ်တစ်ယောက် ပြာပြာ့အိတ်ထဲမှ mp3 player လေးကို တွေ့သွားသည်။ ပြာပြာဘာသီချင်းတွေထည့်ထားလဲ နားထောင်မယ်ဆိုပြီး Play ခလုပ်ကို နှိပ်မိသောသကာလ..
“ဘို့ကို ဘယ်လိုရအောင် လုပ်ရမလဲ ဆိုတာငါသိပြီ၊ သူ့အချစ်ဆုံး သူငယ်ချင်းကို အသုံးချရမယ်”


ပြာတစ်ယောက်ပြန်ရောက်လာသောအခါ ရဲထွဋ်ကို မတွေ့ရတော့။ အခြေအနေကို ရုတ်တရက် နားမလည်သော ပြာတစ်ယောက် သူ့ကို ထားခဲ့ပြီး ပြန်သွားသော ရဲထွဋ်ကို စိတ်တိုသွားသည်။ နောက်နေ့ ကျောင်းအရောက် ရဲထွဋ်တို့ ထိုင်နေကျ နေရာ သွားရှာတော့လည်း သီဟသစ်တို့ အဖွဲ့ကိုပဲတွေ့သည်။ သူတို့ကလည်း ပြာပြာ ရဲထွဋ်ကို မေးတာ ဘာမှပြန်မပြောပဲ ရူးချင်ယောင်ဆောင်ပြီး ထွက်သွားကြသည်။

ကန်တင်းမှာ တစ်ယောက်တည်း ပေါက်ကွဲနေသော ပြာတစ်ယောက်အနားသို့ မေလေး၊ မိုးခါးတို့ ရောက်လာကြသည်။
“ဟေ့ပြာ၊ ဘာတွေ စိတ်တိုနေတာလဲ”
“ဟိုကောင် ရဲထွဋ်ပေါ့၊ ကျောင်းလဲမလာဘူး၊ အဆောင်ဖုန်းဆက်တော့လည်း လာမကိုင်ဘူး”

“ငါတို့ ထင်မထားတာ တကယ်ဖြစ်လာပြီလား၊ ငါတို့ နာမည်ကြီး အလှဘုရင်မလေးကို ရဲထွဋ်က ထားသွားပြီလား”
“လုံးဝ မဟုတ်ဘူး၊ ငါသူ့ကို ဖြတ်ထားခဲ့တာဟ ”

ပြာပြာတွေးမိတဲ့ အတွေးများကတော့..
ငါ့ကို ဘယ်သူမှ လွှမ်းမိုးတာ မခံနိုင်ဘူး၊ အခြေအနေကို ငါကပဲ ထိန်းချုပ်နိုင်စေရမယ်..

ဆက်ရန်..

ပြာတစ်ယောက် ရဲထွဋ်ကို ဘယ်လိုလက်စားချေမလဲ
ရဲထွဋ်နဲ့ ဘို တို့ကရော ..

ခင်မင်စွာဖြင့်
သီဟသစ်

P.S ပန်းပွင့်တွေများတဲ့ ဘိုဘို့အတွက် ကောင်မလေးနဲ့ ပြတ်တာ သိပ်မဆန်းသမို့ အကျယ်ချဲ့မရေးတော့ပါ။

Friday, November 13, 2009

ချစ်သူသိလား ရှေးရေစက်တွေ ဘယ်သူဖျက်ဖျက် မပျက်နိုင်ပေ အပိုင်း (၂)

တကယ်တော့ ပြာပြာ့ကို တိတ်တခိုး စွဲလမ်းနေတာက ရဲထွဋ်ဦး ဖြစ်သည်။ သူက ကဗျာလေး စာလေးလည်း ဝါသနာ ပါသဖြင့် ကျောင်းမှာ စီနီယာတန်းက စီစဉ်ကြသော နံရံကပ်စာစောင်မှာ ပြာ့ပြာ့ကို စွဲလမ်းတဲ့ အကြောင်း ကဗျာလေး ဝင်ရေးမည် စိတ်ကူးသည်။ ကလောင်နာမည်ကတော့ သူက ရွာက လာတာဆိုတော့ ရွာသားလေး၊ ငယ်နာမည် ရဲထွန်းဦး၏ အတိုကောက် YTU - ရွာသားလေး YTU ဆိုပြီး သူ့ဘာသာသူ ဇွတ်ရွေးပစ်လိုက်၏။

ကောင်းကင်ပြာကြီးအောက်မှာ
ကျွန်တော့ချစ်သူကို စတွေ့ခဲ့
ထိုနေ့က မီးမလာပါ
ဒီဇင်ဘာ ၅ ရက်


ထိုကဗျာကို နံရံကပ်စာစောင်၏ အယ်ဒီတာ စာကြည့်တိုက်မှူး မခင်ဦးမေကို သွားပြ၏။
“ဟယ်ငါ့ကို ကိုမဆလာ ရည်းစားစာပေးတုန်းက ကဗျာလောက်တောင် မလှဘူးကွယ်၊ စာသားတွေကလဲ။ မီးမလာတာ ဘာဆန်းလို့လဲဟ ရဲထွဋ်ရ”

“အဲဒီနေ့က မီးမလာတာ ဆန်းတယ်ဗျ။ တစ်ပွင့် ၁၀၀ နဲ့ သူများမီးစက်က ယူထားတဲ့ မီးကြိုးကို ဖြုတ်ခိုးခံ လိုက်ရတယ်လေ။ အဲဒီညမှာ ကျွန်တော်ချစ်တဲ့ ကောင်မလေးကို တွေးမိတော့ အလင်းရောင်တွေ တောက်ပလာသလိုပဲဗျ။”

မာစတာတန်းမှ မမများဖြစ်သော မသက်ဝေမမိုးချိုသင်း နှင့် မသိင်္ဂီနွယ် တို့က ရဲထွဋ်ကို သနားပြီး ကူပြောပေးသဖြင့် မခင်ဦးမေ စာစောင်ထဲ ထည့်ဖို့ရာ အင်တင်တင်ဖြင့် လက်ခံထားလိုက်သည်။ ဒါတောင် ရဲထွဋ်က အထွန့်တက်သေးသည်။ သူ့ကဗျာကို ရိုမန်တစ် မဆန်မှာစိုးသဖြင့် ဟာသတွေရေးတဲ့ ကိုလူထွေး၊ တရားအကြောင်းတွေ ရေးတဲ့ ဂျူနီယာတန်းက နှင်းဟေမာတို့ စာမျက်နှာတွေနား မကပ်ပဲ အချစ်ကဗျာ လှလှရေးတဲ့ ကိုအောင်သာငယ်ကိုလင်းဒီပ တို့ စာမျက်နှာ တွေနား ကပ်ထားဖို့ ပြောသေးသည်။ နံရံကပ်စာစောင် ဒီဇိုင်းလုပ်တဲ့ နီညန်း နှင့် စမ်းချောင်းလေး တို့ကိုလည်း သူ့ကဗျာ နောက်ခံမှာ ကောင်းကင်ပြာပြာကြီးကို ထည့်ဖို့ ဖားရသေးသည်။ ဟိုနှစ်ယောက်က ဝန်ရှင်တော်မင်းကြီး မျက်နှာဖြင့် လက်ခံလိုက်သည်။

စာစောင်စပြီးကပ်တော့ ရဲထွဋ် ကဗျာကို ဘယ်သူမှ သံသယ သိပ်မဝင်ကြ။ ခါတိုင်း သွယ်ဝိုက်ပြီး ပဟေဠိလိုလို ဘာလိုလို ရေးတတ်သောကြောင့် ခုတစ်ခါ ဒဲ့ရေးသော အခါ ဘယ်သူမှ မရိပ်မိကြချေ။ အနီးကပ်သူငယ်ချင်းဖြစ်သော ဘိုဘို တစ်ယောက်သာ သိလိုက်သည်။

နောက်နေ့ ဘိုဘို၊ ရဲထွဋ်တို့ အဖွဲ့နှင့် ပြာပြာတို့ အဖွဲ့ ဆုံကြသောအခါ ဘိုဘိုက ပြာ့ပြာကို
“ဟေ့ ပြာ၊ လာမယ့် စနေနေ့ အားလား၊ တောင်သမန်အင်းဘက်ကို သွားကြမယ်လေ”

မျှော်လင့်မထားသော စကားကို ကြားလိုက်ရသော ပြာက တအားပျော်သွားပြီး
“အင်း သွားကြတာပေါ့”

ထိုစကားအကြား ဘိုက နောက်တွန့်ဆုတ်တွန့်ဆုတ် လုပ်နေသော ရဲထွဋ်ကို ဆွဲခေါ်လိုက်သဖြင့် ယက်ကန်ယက်ကန် ပါလာလေသည်။
“ဟေ့ကောင် ရဲထွဋ်၊ ပြာက စနေနေ့ လိုက်မယ်တဲ့ကွ၊ ဟေ့ ပြာ သူက နင့်ကို မမေးရဲလို့ဟ၊ ငါမေးပေးတာ။ စနေနေ့က ငါတို့အဖွဲ့တွေ အားလုံးသွားကြမှာပါ နင်တို့အဖွဲ့လည်း ခေါ်ခဲ့လေ”

စနေနေ့အရောက်မှာတော့ ဦးပိန်တံတားပေါ်မှာ လမ်းလျှောက်ကြရင်း ရဲထွဋ်နှင့် ပြာပြာ တို့ နှစ်ယောက်တည်း ကျန်အောင် ထားခဲ့ကြသည်။ စကားဘယ်လို စပြောရမှန်းမသိသော ရဲထွဋ်တစ်ယောက် တိတ်တိတ်လေး ပြာပြာ့ဘေးမှာ ထိုင်နေသည်။ ပြာပြာတစ်ယောက် ပျင်းလွန်းသဖြင့် ရဲထွဋ်စကားမပြောခင် တစ်နှစ်သုံးလေး ရေကြည့်နေသေးသည်။ ငါး အရောက်မှာ.. ရဲထွဋ်က..

“အင်း..ဟိုဟာ၊ ဟိုဟာလေ”
“အေးဆက်ပြောလေဟာ”

“ဟိုဟာလေ၊ နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင် ရဲ့ သမီးဖြစ်ရတာဘယ်လိုနေလဲ”
“ငါ့အဖေက စီးပွားရေး လောဘကြီးသလောက် ပညာရေးဘက်မှာလည်း လောဘကြီးတယ်ဟ၊ ငါ့ကို သူလို ဖြစ်စေချင်တယ်၊ ပညာတတ်ပြီး ထက်မြက်တဲ့ လုပ်ငန်းရှင်ပေါ့ဟာ၊ ငါက စိတ်မဝင်စားဘူး။ ထားလိုက်ပါဟာ၊ နင်နဲ့ဘိုဘို နဲ့ အကြောင်းတွေ ပြောပြဟာ”

“ငါတို့လား၊ ငယ်ငယ်လေးကတည်းက ခင်တာ၊ ညီအစ်ကိုရင်းတွေ ထက်ပိုချစ်တယ်ဟ”

အဲဒီနေ့က အိမ်အပြန်မှာတော့ ပြာ တစ်ယောက် mp3 player လေးကို Recording နှိပ်ရင်း
“ဘို့ကို ဘယ်လိုရအောင် လုပ်ရမလဲ ဆိုတာငါသိပြီ၊ သူ့အချစ်ဆုံး သူငယ်ချင်းကို အသုံးချရမယ်”

ရဲထွဋ်တစ်ယောက်မှာတော့ ချစ်ရုံသာချစ်တတ်ပြီး ဖွင့်မပြောတတ်သဖြင့် ဒုက္ခရောက်နေသည်။ သူငယ်ချင်း အရင်းတွေ ကိုလည်း တိုင်ပင်ရမှာ နည်းနည်းရှက်သလို ရှိသည်။

ဒါနဲ့ စီနီယာတန်းက အကိုကြီး ကိုZT ကို သွားမေးသည်။ ကိုZT က
“အေး မင်းရည်းစားစာ ရေးပြီး ပေးမယ် ဆိုရင် Unicode standard အတိုင်းရေးကွာ၊ ကျန်တာတွေတော့ ငါမသိဘူး”
ပြောလိုက်သဖြင့် စိတ်လေရတာက တစ်ဖုံ၊
ညီမဝမ်းကွဲ ရွှေပြည်သူကို
“ညည်းကို ကောင်လေးတွေက ဘယ်လို propose လုပ်လဲ မှတ်မိလား” သွားမေးသေးသည်။ ဟိုက “သမီးတော့ ရှက်ရှက်နဲ့ ထွက်ထွက်ပြေးလာတာ ဘာပြောကြမှန်း မမှတ်မိပေါင်” ဆိုတော့ အားကိုးလို့မရပြန်။
ရည်းစားရှိတဲ့ အငယ်မ နောင့်နောင့်ကျတော့ရော
“သမီးလား၊ သမီးကို ဘာပြောမှန်းတော့ သေချာမသိဘူး၊ ယောင်ပြီးတော့ ခေါင်းညိတ်လိုက်တာ” လို့ပြန်ပြောတော့
အေးရော။

နောက်ဆုံးမှာတော့ ကိုယ့်အဖွဲ့ကိုယ် ပြန်ကပ်ရတော့သည်။

ပိုးဟပ်လေး ဖိုးသင်္ကြန်က
“လွယ်လွယ်လေးရယ်၊ ရဲထွဋ်ရာ၊ မင်းရုပ်ရှင်ကြည့်ဖူးတယ်မို့လား၊ ရုပ်ရှင်ထဲက မင်းသားတွေ မင်းသမီးကို ရည်းစားစကားပြောသလို ပြောလိုက်ပြီးတာပဲ..”
ဆိုပြီး ပိုးနည်းတွေ ပြောပြသည်။ ရဲထွဋ်က

“ပိုးဟပ်ရာ၊ မင်းနည်းတွေသာ တကယ်စွံရင် မင်းပိုးဟပ် ဆိုတဲ့ နာမည်ရမှာတောင် မဟုတ်ဘူး”

သီဟသစ်က
“မဟုတ်သေးဘူး၊ ရဲထွဋ်ရ၊ ဒီကောင်မစွံပေမယ့် သူပြောတဲ့ စကားတွေမှာ လိုရင်းရှိတယ်။ မင်း ပြာ့ကို ချစ်ရင် ချစ်တဲ့ အကြောင်း သူသိအောင်ပြရမယ်”

ဒီလိုနဲ့ ကွန်ပြူတာ တက္ကသိုလ် Excursion ဆိုပြီး ထွက်ကြတဲ့ ပြင်ဦးလွင်ခရီးမှာ ရဲထွဋ် တစ်ယောက် လှုပ်ရှားစေဖို့ ဝိုင်းသင်ပေးကြသည်။

“မင်းဘာမှ မကြောက်နဲ့ ရဲထွဋ်၊ လုပ်ရမှာက လွယ်လွယ်လေး၊ နှင်းဆီပန်းစီးရယ်၊ ချောကလက်ရယ်၊ မင်းပြောရမှာက
နှင်းဆီတွေက နီတယ်
ချောကလက်လေးတွေက ပြာတယ်
နင်က သိပ်လှတယ်
ငါနင့်ကို ချစ်တယ်ဟာ
ဒါပဲ ပြီးပြီ”

အေး..အေး၊ အေးပါကွ

ပြင်ဦးလွင် ကန်တော်ကြီး ဥယျာဉ်ထဲမှာ ..
ဂိမ်းတွေ ကစားပြီးကြ၍ တစ်ဖွဲ့တစ်နေရာစီ နားနေကြသော အချိန်၊ မေလေးမိုးခါးမေသူ စသော ပြာပြာ၏ သူငယ်ချင်းများ သစ်ခွဥယျာဉ်ဘက်သွားကြည့်ချိန်..၊ အဲဒီအချိန်ထက်ကောင်းတာ ရဲထွဋ်အတွက် မရှိ..။ ရဲထွဋ်တစ်ယောက် တွန့်ဆုတ် တွန့်ဆုတ်ဖြင့် ပြာ နားကို ရောက်သွား၏။ ရဲထွဋ်ကို မြင်လိုက်ရချိန်ခဏ ပြာ၏ အတွေးများကရော..

ဟင်သူ့ကို မြင်လိုက်တာနဲ့ ငါကမ္ဘာကြီး ရပ်တန့်သွားသလိုပါပဲလား၊ အဲလို ခံစားမှုမျိုးက ငါ ဘိုဘို့အတွက် ထားထားတာပါ

ပြာပြာနားရောက်ချိန်ခဏ ရဲထွဋ်တော့ ပြာနေပြီ..
ဟေ့ပြာ
အင်း
ဟိုလေ၊ ဟိုဟာ၊ ဟောဒီမှာ နှင်းဆီပန်းဟာ၊ ချောကလက်ဟာ..၊ အဲဒါနင့်ဖို့..၊ ပြီးတော့ အင်း

ရဲထွဋ် ဆက်ပြောဖို့ သတ္တိမရှိတော့။ သီဟသစ်တို့ အဖွဲ့ဘက် ပြန်ကြည့်သည်။ တစ်ဖွဲ့လုံးက ဆက်ပြော၊ ဆက်ပြော ဆိုပြီး အချက်ပြကြလေသည်။

“ပြာ”
“အင်း”

“ဟိုလေ..”
“အင်း ပါဆို၊ နင်ငါ့ကို ချစ်တယ် လို့ ပြောပြီး အဖြေတောင်းမလို့ မို့လား ငါ့အဖြေက အင်း၊ နင်ဟာ ငါ့ရည်းစားဖြစ်သွားပြီ”

ထိုနေ့က ကန်တော်ကြီးထဲမှာ ကျွမ်းထိုးတော့မတတ် ပျော်နေသော ရဲထွဋ်ကို ပြာ့ဘေးမှာ တွေ့နိုင်ပါသည်။

ဆက်ရန်..

ရည်းစားနဲ့ ပြတ်သွားတဲ့ဘို၊ ငါချစ်တာ ဘယ်သူလဲလို့ ကိုယ့်ကိုယ် မေးနေမိတဲ့ပြာ...

မျှော်...

ခင်မင်စွာဖြင့်
သီဟသစ်

P.S ဇာတ်လမ်းက ဘယ်သူရဲ့ တကယ် အဖြစ်အပျက်မှ မဟုတ်ပါခင်ဗျာ။ စိတ်ကူးယဉ်ပြီး ရေးထားတာပါ။ ပျော်စေချင်လို့ ညီအစ်ကို မောင်နှမတွေ နာမည်ထည့်ထားတာပါ။

Wednesday, November 11, 2009

ချစ်သူသိလား ရှေးရေစက်တွေ ဘယ်သူဖျက်ဖျက် မပျက်နိုင်ပေ အပိုင်း (၁)

၁၉၉၃ ဇွန်လ
အမှတ်(၁၆) အထက်တန်းကျောင်း
၆ တန်း စာသင်ခန်း

စာသင်နှစ်အသစ်စတာ သိပ်မကြာသေးချိန်ဖြစ်သည်။ ကျောင်းတက်ခါစ ဆရာမ မလာသေးသမို့ ထုံးစံအတိုင်း အနည်းငယ် ဆူညံနေသည်။ ဂျစ်ကန်ကန်ကောင်လေး တစ်ယောက် လောလော လောလောနဲ့ ရောက်လာပြီး မျက်မှန်နဲ့ စာဂျပိုးပုံ ပေါက်သော ကောင်လေး ဘေးမှာ ဝင်ထိုင်လိုက်သည်။ ဆရာမ အတန်းထဲသို့ ဝင်လာသည်။

“မင်္ဂလာပါ ဆရာမ”
“မင်္ဂလာပါ တပည့်တို့”
“မနေ့က ကျက်ခိုင်းခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ဘယ်သူ ပြန်ပြောနိုင်မလဲ”

ကျောင်းသားများ တစ်ယောက်တစ်ပေါက် ဝိုင်းဖြေကြသည်။

“ကျွန်တော်ပြောမယ်”
“ကျွန်မ ပြောမယ်”
“ကဲကဲ ဘိုဘို၊ ထစမ်း၊ ဗိုလ်ချုပ်က တို့ဗမာ အစည်းအရုံးကို ဘယ်ခုနှစ်မှာ စဝင်ခဲ့သလဲ”

ဂျစ်ကန်ကန်ပုံစံနှင့် ဘိုဘိုတစ်ယောက် ထဖြေသည်။
“ဗိုလ်ချုပ်က...၊ ဗိုလ်ချုပ်က.”

ဘေးက စာဂျပိုးလေး ရဲထွဋ်ဦး မနေနိုင်တော့။ တိုးတိုးလေးထောက်ပေးသည်။
“၁၉၃၈ အောက်တိုဘာ”

ဘိုဘိုတစ်ယောက် ဆရာကြီး စတိုင်လ်ဖြင့် ဆရာမကို ပြန်ဖြေသည်။
“ဗိုလ်ချုပ်က တို့ဗမာ အစည်းအရုံးကို ၁၉၃၈ အောက်တိုဘာမှာ စဝင်ခဲ့ပါတယ် ဆရာမ”
“အမယ်၊ စာထောက်ပေးတဲ့ကောင် ရဲထွဋ်ဦး၊ ဖြေတဲ့ကောင် ဘိုဘို နှစ်ကောင်လုံး အခန်းရှေ့ထွက် ထိုင်ထလုပ်ကြစမ်း”

ထမင်းစားကျောင်းဆင်းချိန်မှာတော့ ကျောင်းသား နှစ်ယောက်သား ရင်းနှီးမှုရသွားကြသည်။
“မင်းနာမည် ဘယ်လိုခေါ်သလဲ”
“ရဲထွဋ်ဦးကွ၊ မင်းကရော”
“ဘိုဘိုလေ၊ ဒါနဲ့မင်းဘယ်ကပြောင်းလာတာလဲ”
“ရွာကပဲ မှတ်ထားလိုက်ပါကွာ၊မင်းကရော”
“ရွာသားလေးပေါ့၊ ငါက မိုးကုတ်က ပြောင်းလာတာကွ”

သူငယ်ချင်းနှစ်ယောက်က ဝါသနာလည်းတူသည်။ ကျောင်းပိတ်ရက်များတွင် စက်ဘီးကိုယ်စီဖြင့် ရေတံခွန်တောင်ဘက်သွားကြသည်။ လမ်းဘေးက လယ်ကွင်းတွေနားမှာ စွန်တွေလွှတ်ကြသည်။
.
.
.
ဒီလိုနဲ့ သူငယ်ချင်း ၂ ယောက်အတူတူ ၁၀ တန်းအောင်ပြီး မန္တလေးကွန်ပြူတာ တက္ကသိုလ်သို့ တက်ကြသည်။ ကျောင်းမှာက သူငယ်ချင်းအသစ်တွေ ထပ်ရကြသည်။ ခပ်တည်တည် မနေတတ်သော သီဟသစ်၊ ကိုကိုကြီး(ခ)ပုလုလွေးပိုးဟပ်လေး ဖိုးသင်္ကြန်တို့ ဖြစ်ကြသည်။ သူတို့ရဲ့ ကျောင်းသားဘဝလေးက ပုံမှန်အတိုင်း အေးအေးဆေးဆေးလေး ပြီးသွားမယ်လို့ ထင်ရသည်။




တစ်နေ့တော့..
အဲဒီတစ်နေ့မှာ မန္တလေးကွန်ပြူတာ တက္ကသိုလ်ကို ကျောင်းသူ အသစ်တစ်ယောက်ရောက်လာသည်။ ပုံမှန်ဆိုရင်တော့ မထူးခြားလှပေမယ့် ပြောင်းလာတာက ကော်ဖီခြံပိုင်ရှင်၊ နာမည်ကြီး Instant Coffee လုပ်ငန်းများ ပိုင်ရှင် သူဌေးကြီး၏ သမီး အလှပဂေးလေး ကောင်းကင်ပြာဖြစ်နေတာကတော့ ထူးခြားသည်ဟု ဆိုနိုင်သည်။

ကောင်းကင်ပြာ နှင့် သူငယ်ချင်းများဖြစ်ကြသော မေလေးမိုးခါးတို့ ကင်တင်းမှ ပြန်အလာ လမ်းတွင် ဗလ အားကိုးနှင့် ကျောင်းမှာမိုက်ကယ်လုပ်နေသော ဆောင်းချမ်းမိုးတို့ အဖွဲ့ တွေ့ကြသည်။
"ဟေ့ပြာ၊ တို့နာမည် ဆောင်းပါ၊ တွေ့ရတာ ဝမ်းသာပါတယ်”

ကမ်းပေးသောလက်ကို ပြန်မနှုတ်ဆက်ပဲ ပြာပြာက
“တို့လည်းတွေ့ရတာ ဝမ်းသာပါတယ်၊ ကျောင်းတက်ချိန်နီးပြီ၊ သွားတော့မယ်”

မိုက်ကယ်ဆောင်းက တဆင့်တက်ဖို့ ကြိုးစားသည်။ ပြာပြာ့မေးလေးကို မထိတစ်ထိ လှမ်းကိုင်ပြီး
“လှလိုက်တာ ပြာရယ်”

ကောင်းကင်ပြာ သည်းမခံနိုင်တော့။ မိုက်ကယ်ဆောင်းကို ပါးရိုက်လိုက်သည်။ အဲဒီမြင်ကွင်းကို မကျေမနပ် ကြည့်နေတာက ရဲထွဋ်ဦးတို့ အဖွဲ့။ မိုက်ကယ်ဆောင်းက ပြာပြာကို လက်တုံ့ပြန်သည့် အနေဖြင့် လှမ်းဆွဲဖို့ ကြိုးစားချိန်မှာတော့ ရဲထွဋ်ဦးတစ်ယောက်ဘာမှ မမြင်တော့၊ မိုက်ကယ်ဆောင်းကို လှမ်းထိုးသည်။ မိုက်ကယ်ဆောင်း၏ သူငယ်ချင်းများဖြစ်သော တောင်ကုန်းတစ်ဖြစ်လဲ လူပျိုကြီးကိုရင်ဒဘ တို့ကလည်း ပြန်ထိုးကြသည်။

အဲဒီမှာ ဘိုဘို၊ သီဟသစ်တို့ သူငယ်ချင်းများ အဖွဲ့ ဝင်လာပြီး အပြန်အလှန် ချဲကြတော့သည်။ ဗွီဒီယိုထဲမှာလို မဟုတ်တော့ ရဲထွဋ်တို့ အဖွဲ့ မှောက်ကျန်ခဲ့သည်။ ဆရာတွေ ထွက်လာခါမှ မိုက်ကယ်ဆောင်းတို့ အဖွဲ့ ထွက်ပြေးသွားတော့သည်။ ပြာပြာ စစချင်းပြေးထူတာက ဘိုဘို့ကို ဖြစ်သည်။

“ဘယ်နားထိသွားလဲ၊ နာသွားလားဟင်၊ တို့နာမည်ပြာပါ”
“နည်းနည်းပါးပါးပါ၊ တို့နာမည် ဘိုပါ”

ပြာပြာ့ကို သတိလက်လွတ်ငေးနေမိတာကတော့ ရဲထွဋ်ဖြစ်သည်။

 ရန်ပွဲက အပြန် အဆောင်ခန်းထဲတွင်မတော့ သီဟသစ်က
“ရဲထွဋ်ကွာ၊ လူနောက်ပဲ၊ သူလုပ်တာနဲ့၊ တို့တော့ အီသွားပြီ”
“ဟာ၊ ကောင်မလေးက အနှောင့်အယှက်ခံနေရတာ ကူညီမှ ရမှာပေါ့ဟ၊ ငါဘာမှားသလဲ”

“မင်းကွာ၊ မနေ့တစ်နေ့ကမှ ပြောင်းလာတဲ့ ကောင်မလေးကို၊ တော်ကြာ တို့ကို မကောင်းကြံမယ့်သူဆို ဘယ့်နှယ့်လုပ်မလဲ”
“မဖြစ်နိုင်ပါဘူးကွာ၊ ပြာ့ပုံစံက အဲလိုမဟုတ်ပါဘူးကွ”

စာသင်ခန်းထဲက မေလေးတို့တစ်တွေကရော

“ပြာ၊ နင်သိပ်လှတာပဲဟယ်၊ နင့်ကြောင့် ဟိုကောင်တွေ ရန်ဖြစ်ကုန်ကြတယ်”
“အေးဟ ငါလှတာတော့ ငါသိပါတယ်၊ ရန်ဖြစ်ကုန်ကြတာတော့ မတတ်နိုင်ဘူးဟယ်။ ငါသူ့ကို ကြုံရင် နောက်တစ်ခေါက်တွေ့ချင်သေးတယ်။ ငါ့အိပ်မက်ထဲက မင်းသားလေးကို ငါတွေ့ပြီ”

“ဘယ်သူတုန်းဟဲ့”
“ဘိုပေါ့ဟယ်”

မိုးခါးက.
“ပြာ၊ နင်သွား မလုပ်နဲ့ ၊ ဘို့မှာ ပန်းပွင့်တွေ အများကြီးဟ၊ ပြီးတော့ သူ့မှာလည်း ရည်းစားရှိတယ်၊ တခြားလူ စဉ်းစားပါဟာ”
“အို..ယူသိထားဖို့က ပြာလိုချင်ရင် ပြာရရမယ်၊ ပြာမရရင် ပြာဖြစ်သွားမယ်”

မေလေးနှင့် မိုးခါးတို့ နှစ်ယောက်သား ပခုံးတွန့်ကြရုံကလွဲပြီး ဘာမှဆက်ပြောစရာ မရှိတော့။ ပြာပြာက ကျောပိုးအိတ်ထဲမှ mp3 player လေးကိုထုတ် Recording ခလုပ်ကိုနှိပ်ပြီး

“ချစ်စရာနေ့လေးတစ်နေ့၊ ငါ့အိပ်မက်ထဲက မင်းသားလေးကို တွေ့ပြီ၊ သူ့အချစ်ကို ရဖို့ ကြိုးစားတော့မည်”

ဆက်ရန်...

ခင်မင်စွာဖြင့်
သီဟသစ်

P.S
၁)စစချင်း ကြိုးစားရေးမိသော ဇာတ်လမ်းဖြစ်ပါသည်။ ဇာတ်လမ်းရှည်ပါမည်။ လိုနေတဲ့ အချက်တွေရှိရင် အားမနာပဲ ဝေဖန်ထောက်ပြပေးကြပါရန်။

၂)ညီအစ်ကို မောင်နှမများ နာမည်ကို ခွင့်မတောင်းပဲယူသုံးထားပါသည်။ ဇာတ်ကောင်တွေ များသမို့ နောက်လူတွေလည်း ပါလာမည်။ မကျေနပ်ရင် မုန့်ကျွေးနိုင်ပါသည်။

Monday, November 9, 2009

L for Langkawi - 5 : The End

Long time no see,
ဘလော့ညီအစ်ကို မောင်နှမ သူငယ်ချင်းများနှင့် မတွေ့ရသည်မှာ ကြာလေပြီ။ ဘလော့ရေးခြင်း၏ အလယ်အဆင့်ဟုပြောကြသော ဘလော့ကို ခေတ္တစိတ်ကုန်တဲ့ အဆင့်ရောက်သွားသောကြောင့် ဖြစ်ပါသည်။ ခုပြန်လာပြီ ပြန်ချစ်မည်။ အရင်ရက်တွေက ဘယ်သူ့ဆီမှာမှ စာလိုက်မဖတ်ဖြစ်ခဲ့သောကြောင့် ဖြည်းဖြည်းချင်း ပြန်ဖတ်ပါမည်။ သီဟသစ်ကို မေ့မသွားကြသောကြောင့် ကျေးဇူးတင်ပါသည်။ (မေ့မသွားဘူး ဟု ဘယ်သူမှ မပြောပါ။ ကိုယ့်ဘာသာကို ဇွတ်ထင်တာဖြစ်ပါသည်။) ခုပို့စ်မှာတော့ draft ထဲမှာ ကြာကြာပစ်ထားခဲ့မိသော လန်ကာဝီနောက်ဆုံးပို့စ် ကိုတင်ပါမည်။)

လန်ကာဝီရဲ့ နောက်ဆုံးလည်ဖြစ်တဲ့ ရက်က ခရီးစဉ်ကတော့ Mangrove and Eagle Feeding ဆိုတဲ့ လမုတောတွေ သွားကြည့်တဲ့ ခရီးစဉ်နဲ့ လင်းယုန်ငှက်တွေ အစာကျွေးတဲ့နေရာပါ။ မြစ်ဝကျွန်းပေါ်ကို ပုသိမ်ချောင်းသာကလွဲရင် တခြားနေရာ မရောက်ဖူးတော့ မြန်မာပြည်က လမုတော ကိုမမြင်ဖူးပါဘူး။ သွားဖြစ်တဲ့ အဖော်တွေနဲ့တောင် ကျိုက်ထီးရိုး ဘုရား ရင်ပြင်တော်သွားဖို့ Cable Car တွေဆောက်၊ မြစ်ဝကျွန်းပေါ် Mangrove Tour လှည့် စိတ်ကူးတွေယဉ်နေပါသေးတယ်။
(♥ Mangroves@Kukup Island - by Ko TZA ,  လမုပွင့် - မမသီရီ)






ပုံထဲကလို တမျှော်တခေါ် လမုတောတွေ ကြားပတ်မောင်းပြပါတယ်။ အချို့နေရာတွေမှာ မျောက်ကလေးတွေကို တွေ့တော့ စက်လှေရပ်ပြီးပြပါတယ်။ If you are lucky, blah blah blah.. ဆိုတဲ့ စက်လှေ သမားရဲ့ စကားသံကို မရိုးနိုင်အောင် စကြားရတာပေါ့။ မျောက်တွေက အစာကို ရေထဲက လှမ်းယူရင် ဘယ်လိုဆန်းတယ်ဆိုလားပဲ။ ဟိုမျောက်တွေကတော့ ဣနြေ္ဒရနေလိုက်တာ။ လှုပ်တောင်မလှုပ်။




နောက်နေရာကတော့ လန်ကာဝီရဲ့ သင်္ကေတ လင်းယုန်တွေ ရှိတဲ့နေရာပါ။ စက်လှေသမားက ကြက်အရေခွံတွေကို ပုံးထဲက နည်းနည်းထုတ်ပြီး ရေထဲချကျွေးလိုက်ပါတယ်။ လင်းယုန်တွေကလည်း အဲဒီအစာတွေ ရှိနေတဲ့ ခဏပဲ ပျံဝဲလာကြတာပါ။ နောင်အခါသွားချင်တဲ့သူတွေ လင်းယုန်တွေ အကြာကြီး ကြည့်ချင်ရင် အစာကျွေးဖို့ တစ်ခုခုယူသွားကြဖို့ အကြံပေးပါရစေ။

နောက်တစ်နေရာ တောင်အောက်ထဲကို ဖြတ်ရတဲ့ ရေလမ်းလေးပါ။ အထဲကိုဝင် စက်လှေကို ဖြေးဖြေးချင်းပြန်လှည့်ပြီး တခြားတစ်ဖက်ကို ပြန်ထွက်တာပါ။




နောက်တစ်နေရာကတော့ လင်းနို့ဂူပါ။ သီဟသစ် ချစ်တဲ့အထဲမှာ မြန်မာပြည်ကပုဇွန်ပဲပါတာ။ လင်းနို့မပါလို့ အထဲဝင်မကြည့်ခဲ့ပါဘူး။ အောက်ကပုံလေးက လင်းနို့ဂူထဲကို အဝင်လမ်းပါ။


နောက်ဆက်သွားတဲ့နေရာကတော့ Gua Certia (Cave of Legends) ဆိုတဲ့နေရာလေးပါ။ သိမ်းငှက်အကြီးကြီးက တရုတ်မင်းသမီးလေးကို ချီပြီး အဲဒီနေရာမှာထားခဲ့တယ်လို့ဆိုပါတယ်။ ဂူထဲမှာတော့ ဘာမှ ထူးထူးခြားခြားမရှိပေမယ့် ဂူအပြင်ဘက်က လမ်းကလေးကတော့ ကဗျာတော်တော်ဆန်ပါတယ်။ နှင်းဆီဖြူလေးနဲ့ အတူတူ လျှောက်ရရင်ပေါ့လေ။ ခုတော့ မောင်villager တို့နဲ့ဆိုတော့ စကားပြေလောက်ပဲ ဆန်ခဲ့တယ်။

လင်းနို့ဂူပြန်အထွက်မှာတော့ သမုဒ္ဒရာဘက်ကို သွားတာပါ။ ထိုင်းနိုင်ငံဘက်ကို သွားတဲ့ရေလမ်းဘက်ပါ။ လှိုင်းတွေက တော်တော်ကြီးပါတယ်။ သီဟသစ်အတွက် ပြောတာပါ။ Kilim Geoforest Park ဆိုပြီး စာတမ်းထိုးထားတဲ့နေရာလေးကိုလည်း ရောက်ခဲ့ပါသေးတယ်။

နေ့လည်စာ စားတာက ရေပေါ်စားသောက်ဆိုင်လေးမှာပါ။ လန်ကာဝီမှာ စားခဲ့သမျှဆိုင်တွေထဲမှာ အတန်ဆုံးလို့ ပြောလို့ရပါတယ်။ စားရတာလဲ မဆိုးပါဘူး။ ၇ ယောက်ကို 120 ကျော်ပဲ ကျပါတယ်။

လန်ကာဝီမြို့ထဲကို ဖြတ်တော့ တစ်ချို့နေရာတွေက ပြင်ဦးလွင်တို့၊ မြစ်ကြီးနားတို့က အိမ်မျိုးလေးတွေလိုပါပဲ။ W ကား တွေ မဖမ်းခင်ကပုံနဲ့တူတယ်ဆို ပိုမှန်မယ်။ အိမ်တိုင်းမှာ ကားကောင်းကောင်းလေးတွေ တစ်စင်းစီလောက်စီ ရပ်ထားကြလို့ပါ။

နေ့လည်ပိုင်းကတော့ Mahsuri မင်းသမီးလေးရဲ့ ပြတိုက်ကိုသွားတာပါ။ ပြတိုက်မှာက ပန်းချီတွေနဲ့ ပုံဖော်ထားတာပါ။ DVD နဲ့လည်းသူတို့ ဇာတ်လမ်းရိုက်ထားတာကို ပြန်ပြပါတယ်။ ပြတိုက်က ဝန်ထမ်းမိန်းကလေးတွေကတော့ ရွာကလိုပါပဲ။ စာအုပ်လေးတွေ ကိုယ်စီဖတ်လို့ လာတဲ့သူတွေကိုလည်း သိပ်ဂရုစိုက်မနေပါဘူး။

ညပိုင်းမှာတော့ စင်ကာပူက ဘလော့ရေးတဲ့ သူငယ်ချင်းတွေ အတွက် ဆိုပြီး ချောကလက်သွားဝယ်ပါတယ်။ ဘူးအလတ်စားလောက်ကို 20 ပေးရပါတယ်။ သို့ပါသော်လည်း ကျွေးလို့မရတော့ပါဘူး။ မင်းသမီးကြီးနဲ့ အတူ ပျောက်ဆုံးသွားလို့ပါ။

သွားမယ့်သူတွေကို မှာချင်တာကတော့
၁) လန်ကာဝီက Duty Free ဖြစ်ပြီးသားဖြစ်လို့ အပြန် စလုံးက Duty Free ဆိုင်မှာ ဝယ်ခွင့်မရှိပါ။
၂) လန်ကာဝီရောက်ရင် သွားမယ့် ခရီးစဉ်ပေါ်မူတည်ပြီး ဈေးဆစ်ပါ
၃) ကမ်းခြေတွေမှာ ရေဆော့ချင်ရင် ညနေပိုင်းတွေမှ ပိုကောင်းပါတယ်
၎) စားသောက်ဆိုင်တွေနဲ့ နီးတဲ့ဟိုတယ်တွေမှာတည်းရင် ပိုအဆင်ပြေပါတယ်။ သီဟသစ်တို့တုန်းက ညစာစားဖို့ ကားသက်သက်ငှားနေရလို့ပါ။

ကျေးဇူးတင်စကား
၁) စာလာဖတ်ပေးတဲ့ ညီအစ်ကို မောင်နှမ အားလုံး
၂) ဓါတ်ပုံတွေ အများစုကို ရိုက်ထားပေးတဲ့ ကိုလင်း၊ Mr. Villager
တို့ကို အထူးကျေးဇူးတင်ပါကြောင်း

အားလုံးစိတ်ရွှင်လန်းချမ်းမြေ့ကြပါစေ။

ခင်မင်စွာဖြင့်
သီဟသစ်

P.S Bonus တွေ နောက်ပို့စ်မှာလာမည်။

Sunday, October 11, 2009

သ For သီဟသစ်

ညီလေး ဆောင်းဆောင်းက ဘလော့ကနေ တဂ်၊ မမပြာပြာက Facebook ကနေ တဂ်လုပ်လို့ ရေးလိုက်တာပါ။

1. What is your name : သီဟသစ်
2. A four Letter Word : သိသလိုလို
3. A boy's Name : သန့်
4. A girl's Name : သက်မွန်မြင့်
5. An occupation : သံဗျင်ကြီး (ရှင်ကျာပူ ဘလော့ရပ်ဝန်း)
6. A color : သစ်စေးရောင်
7. Something you'll wear : သားရေဂျာကင်
8. A food : သရက်သီး
9. Something found in the bathroom : သွားပွတ်တံ
10. A place : သီရိပစ္စယာ ဟိုတယ်
11. A reason for being late : သိသာသိစေ မမြင်စေနဲ့ ဆိုတဲ့ စကားအတိုင်း ပုန်းရှိုးကွယ်ရှိုးလေး လာနေရလို့ပါ (ကိုယ်က ဆယ်လီဗြစ်တီ ဆိုတော့ သိတယ် မဟုတ်လား)
12. Something you'd shout : သွားစမ်းပါ မာယာတွေ ရိုးနေပြီကွာ
13. A movie title : သံသရာ စက်ဝန်းတစ်နေရာရာ
14. Something you drink : သစ်ခွ
15. A musical group : သဘာဝရဲ့ ရင်သွေးငယ်တွေ (The Wild Ones)
16. An animal : သိမ်းငှက်
17. A street name : သစ္စာလမ်း
18. A type of car : သန်ဒါဘတ်ဒ် ( ThunderBird from Ford )
19. The title of a song : သံယောဇဉ် (လေးဖြူ)၊ သံသရာစမ်းရေ (ဇော်ဝင်းထွဋ်)
20. A verb : သောက်(အသီးဖျော်ရည် ပါကွယ်)

ခင်မင်စွာဖြင့်
သီဟသစ်

P.S ခုရက်ပိုင်း စာရေးချင်စိတ်၊ စာဖတ်ချင်စိတ်များ PPSS ပျောက်ဆုံးနေသောကြောင့် ညီအစ်ကို မောင်နှမတွေရဲ့ ဘလော့တွေကို လိုက်မလည်စာမဖတ်ဖြစ်တာ ခွင့်လွှတ်ကြပါရန်

Bonus:
၁) အာဒံနဲ့ ဧဝ
မေးခွန်း အာဒံနဲ့ ဧဝ ကို တရုတ်လူမျိုးလို့ ဘာကြောင့်ထင်လဲ
အဖြေ စေတန်နတ်ဆိုးက မြွေယောင်ဖန်ဆင်းပြီးလာတယ်။ တားမြစ်ထားတဲ့ အသီးကို စားဖို့ ဖျားယောင်းတယ်။ ဧဝ က အာဒံကို ပြောလိုက်တယ်။ မြန်မြန်လုပ် အာဒံ၊ မြွေကိုပါဖမ်းလိုက်၊ မြွေကိုလည်း စားလို့ရတယ်လေ

မေးခွန်း အာဒံနဲ့ ဧဝ ကိုမလေးလူမျိုး လို့ ဘာကြောင့်ထင်လဲ
အဖြေ စေတန်နတ်ဆိုးက မြွေယောင်ဖန်ဆင်းပြီးလာတယ်။ တားမြစ်ထားတဲ့ အသီးကို စားဖို့ ဖျားယောင်းတယ်။ အာဒံရော ဧဝရောက ပြန်ပြောတယ် “အေးဆေးပေါ့၊ နက်ဖြန်မှ စားလည်းရတာပဲ”

မေးခွန်း အာဒံနဲ့ ဧဝ ကုအိန္ဒိယလူမျိုး လို့ ဘာကြောင့်ထင်လဲ
သူတို့က မြွေကို သစ်သီးစားအောင် လုပ်ပစ်လိုက်လို့ပေါ့

၂)တရားရုံးနဲ့ အားပန်
တရားသူကြီး : ဟေ့အားပန် မင်းခုဒီနေရာကို ရောက်တာ သုံးခေါက်ရှိပြီ။ မင်းမရှက်ဘူးလား
အားပန် : ဟုတ်၊ ဒါပေမယ့် လူကြီးမင်းကျတော့ နေ့တိုင်း ဒီကိုရောက်နေတာကော

၃) ကာရာအိုကေ သွားဆိုတဲ့ အားပန်
အားပန်နဲ့ သူငယ်ချင်းတစ်စု ကာရာအိုကေ ဆိုရန် သွားကြသည်။ အားပန်က ဒီဂျေကို Ah Cheng Buey Ro Ti (အားချွန် ပလာတာ ဝယ်သည်) သီချင်းကို ဖွင့်ပေးရန်ပြောသည်။
DJ က သူတို့ဆိုင်တွင် တရုတ်သီချင်း မရှိ၊ အင်္ဂလိပ်သီချင်းသာ ရွေးပေးရန်ပြော၏
အားပန်တစ်ယောက် ဒေါသတကြီးပေါက်ကွဲပြီး မန်နေဂျာနဲ့ သွားတိုင်သည်။ တစ်နာရီခန့် ငြင်းခုန်ပြီးခါမှ အားပန်လိုချင်သော သီချင်းကို သိရသည်။ “Unchained Melody”တဲ့။

Sunday, September 20, 2009

L for Langkawi - 4 : Day 2

ဒုတိယနေ့ သွားကြတဲ့ ခရီးစဉ်ကတော့ Cable Car စီးကြဖို့ပါ။ လမ်းမှာ Harbor Park ဆိုတဲ့ နေရာလေးမှာ ခဏရပ်ပြီး ဓါတ်ပုံတွေ ရိုက်ကြပါတယ်။ ရွက်လှေလေးတွေ ရပ်ထားတာ ကဗျာဆန်ပါတယ်။





Cable Car အကြောင်း မပြောခင် သီဟသစ်ရဲ့ အရင်တုန်းက ရည်မှန်းချက်တစ်ခု ရှိခဲ့တဲ့ အကြောင်း ပြောပြချင်ပါတယ်။ ဟိုအရင် လွင်မိုးဇာတ်ကားတွေမှာ Pilot အဖြစ် သူသရုပ်ဆောင်တာ တော်တော် smart ကျပါတယ်။ ငါလည်း သူ့လိုဖြစ်အောင်လုပ်မယ်ပေါ့။ တကယ်တမ်းလည်းကျတော့ သူငယ်ချင်းကောင်မလေးတွေနဲ့ ချားရဟတ်သွားစီးတာ သူတို့က မလန့်ပဲ ကိုယ်ကလန့်အော်မိနေကတည်းက စိတ်လျှော့လိုက်တယ်။ အမြင့်နဲ့ ငါနဲ့ ဒီဘဝတော့ မဖြစ်နိုင်တော့ဘူး ဆိုပြီး။ (အမြင့် က ကောင်မလေးနာမည် မဟုတ်ပါ)


Cable Car စစီးတဲ့ အဆောက်အအုံ နားရှူခင်း (Credits to Ko Lin)

Cable Car ဆိုတာကလည်း Sentosa က ဟာလောက်ပဲ စီးဖူးတာ ဆိုတော့ အဲလောက်လို့ပဲ ထင်ထားတာ။ တကယ်ကြည့်ကြည့်တော့

Credits To http://www.flickr.com/photos/izzat3114/2075625693/sizes/o/

အဲဒီရူခင်းကို မြင်ကတည်းက သိလိုက်ပြီ။ သီဟသစ်နဲ့တော့ မိတ်ပျက်ပြီ ဆိုတာ။ ဒါပေမယ့်လည်း ရောက်မှရောက်တဲ့နောက်တော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး လိုက်သွားပါတယ်။ မျက်နှာငယ်ငယ် တန်းတွေ မလွှတ်တမ်းကိုင်ထားတဲ့ သီဟသစ်ရယ်၊ နောက်အကို တစ်ယောက်ရယ် ကြည့်ပြီး အမောင် Villager တို့ကတော့ တဟားဟားပေါ့။ မြင်ရတဲ့ ရူခင်းတွေကတော့ တော်တော်လှပါတယ်။ ဟိုးဝေးဝေးက ရေတံခွန်လေးကို လှမ်းမြင်နေရတယ်။ ပင်လယ်ပြင်ကြီးကိုလည်း အပေါ်စီးကနေမြင်ရတယ်။



ပထမဆုံး တောင်ထိပ်တစ်ခုကို ရောက်ပါတယ်။ သက်ပြင်းတွေ ချ၊ ခရီးပြီးသွားပြီ စိတ်အေးနေတုန်း၊ အပေါ်ကို ဆက်ကြည့်လိုက်တော့ မပြီးသေးပါဘူး။ နောက်တောင်ထိပ် တစ်ခုနဲ့ မိုးပျံတံတားရှိပါသေးတယ်။


ဒီလိုနဲ့ Cable Car ခရီးဆုံး တောင်ထိပ်ကိုရောက်သွားပြီး တံတားကြီးကို ငုံ့ကြည့်လိုက်တော့ အသည်းအေး စရာပါ။



အဲဒီတိုင်ကြီး တစ်တိုင်တည်းက ကြိုးတွေနဲ့ တံတားကို ထိန်းထားတာပါ။ တော်တော်ကို လှတဲ့ ရှုခင်းတွေ မြင်ရပါတယ်။ ချွေးစီးတွေပြန်၊ သက်ပြင်းတွေချ အဖော်တွေ အားပေးမှုနဲ့ တံတား ဟိုဘက်ကို ရောက်သွားပါတယ်။ မီတာ 700 ကျော်အမြင့်မှာမို့ ထင်ပါတယ်။ တံတားပေါ်မှာ မြူတွေဆိုင်းနေပါတယ်။ လမ်းလျှောက်ရင်း “ငါဟာ တိမ်တွေကိုပဲ လွင့်တော့မလို့၊ ဘယ်ဆီဘယ်ဝယ် မသေချာတော့ဘူးပေါ့” ဆိုတဲ့ သီချင်းလေးတောင် သတိရမိပါတယ်။


 

ဒုတိယခရီးစဉ်ဖြစ်တဲ့ Telega Tujuh (Seven Wells) ဆိုတဲ့ Cable Car ပေါ်က လှမ်းမြင်ရတဲ့ ရေတံခွန်လေးဆီကိုပါ။ အဲဒီကို မသွားခင် Kitta Seafood Restaurant ဆိုတဲ့ ဆိုင်လေးမှာ နေ့လည်စာ ဝင်စားကြပါတယ်။ ၇ ယောက်စာ ၂၀၀ ကျော်ကျပါတယ်။ စားပြီးသောက်ပြီးတော့ ရေတံခွန်ခရီးစဉ်လေးကို စတင်တက်ကြပါတယ်။ ထိပ်ဆုံးရေတံခွန်ကို အရင်တက်တာပါ။ အဲဒီနေရာက ရေကျတဲ့နေရာရဲ့ အပေါ်ကို ရောက်နေတဲ့ အတွက် သိပ်မလှပါဘူး။ ရှုခင်းမလှတာနောက်ထား ရေတွေ့ရင်လည်း မနေနိုင် ၊ မောလည်းမောတာမို့ အမောပြေ ရေဆင်းကစားကြပါတယ်။



အဲဒီကနေပြန်ဆင်းပြီး အလယ်ပိုင်းက waterfall ကို ဝင်ကြပါတယ်။ အဲဒီရေတံခွန်လေးက ရေကျတဲ့ နေရာကို မြင်ရတော့ ပိုပြီးသာယာပါတယ်။ ရေတံခွန်ကို သွားတဲ့လမ်းတွေက တောတွင်းဆိုတော့ စိမ့်ပြီး ခြင်ကိုက်ပါတယ်။ နောင်သွားချင်တဲ့လူတွေအနေနဲ့ ခြင်ကိုကာကွယ်တဲ့ အနေနဲ့ လိမ်းတဲ့ Spray ဘူးဆောင် သွားသင့်ပါတယ်။



တတိယသွားကြတဲ့ နေရာကတော့ Black Sand Beach (Pantai Pasir Hitam) ဆိုတဲ့နေရာပါ။ ကမ်းခြေက နာမည်အတိုင်းပဲ သဲတွေက အကုန်မည်းနေတာပါ။ နွံတွေ မဟုတ်ပါဘူး။ သဲမည်းတွေပေါ်မှာ သဲသဲမည်းမည်း လမ်းတွေ လျှောက်ပြီးသကာလ THT စာလုံးလေးတောင် သဲပေါ်မှာ အမှတ်တရ ရေးခဲ့ပါတယ်။


စတုတ္ထ ခရီးစဉ်လေးကတော့ Tanjung Rhu Beach ဆိုတဲ့ နေရာပါ။ ညနေပိုင်း ဒီရေ မတက်သေးချိန်မို့ ထင်ပါတယ်။ ရေလေးကကြည်ပြီး တော်တော်ခပ်ဝေးဝေးထိ ရေက ဒူးဆစ်ကျော်ကျော်ပဲ ရှိပါတယ်။ ရေတိမ်တဲ့ သူများတွေ လျှောက်နေတဲ့ သဲလမ်းလေးအတိုင်း လမ်းလျှောက်သွားကြပါတယ်။ ခရုကောက်နေတာ ဖြစ်ပုံရတဲ့ ဒေသခံတွေလည်း ခပ်လှမ်းလှမ်းရေထဲမှာ အလုပ်လုပ်နေကြတာ တွေ့ရပါတယ်။

 


ကမ်းခြေက သစ်ပင် အုပ်အုပ်လေးတွေရယ်၊ ရေထဲမှာ ဆင်းနေတဲ့ လူတွေရယ်ကို ကြည့်ပြီး အရင်တုန်းက တော်တော်ဆော့ခဲ့ဖူးတဲ့ Age of Empires Game ထဲက သစ်ပင်ခုတ်တာတို့၊ အလုပ်သမားတွေကို ငါးမျှားခိုင်းတာတို့ကို ဘာမဆိုင် ညာမဆိုင် သွားသတိရမိပါသေးတယ်။

နောက်နေ့ Mangrove and Eagle Feeding ခရီးစဉ် အတွက် လက်မှတ်ကို အဲဒီအနားမှာ ဝယ်ကြပါတယ်။ ရေဆင်းဆော့ချင်တဲ့ အတွက် Long Beach ဆိုတာ ပါတဲ့နေရာရွေးပါတယ်။ ပုံမှန်RM 200 ခရီးကို RM 250 ပေးရပါတယ် (အဲလိုရွေးမိတာ မတန်တဲ့ အကြောင်း နောက်မှ ရေးပါမယ်။) လက်မှတ်ရောင်းနေတာက ထိုင်းအမျိုးသမီးပါ။ အဖွဲ့ထဲပါတဲ့ အစ်မတစ်ယောက်က စက်လှေသွားမည့် လမ်းကြောင်းအကြောင်း အချင်းချင်း မြန်မာလို တိုက်ရိုက်သွားမှာမို့လား ဆိုတော့ သူက အင်း တဲ့။ သူ့ဟာနဲ့သူတော့ ဟုတ်နေတာပါပဲ။ ဈေးကလည်း ဆစ်နိုင်ကာမှ တော်ကာကျတာပါ။

Day 2 အတွက် နောက်ဆုံးခရီးစဉ်ကတော့ Eagle Square ကိုသွားဖို့ပါ။ Langkawi ဆိုတာ Lang ဆိုတာ Helang လင်းယုန်ဆိုတဲ့ စကားအတွက် အတိုကောက် စာလုံးပါ။ Kawi က Reddish Brown ပါ။ နီညိုရောင် လင်းယုန်က သူတို့ကျွန်း အတွက် သင်္ကေတပါ။ အဲဒီရင်ပြင်နားလေးမှာ လန်ကာဝီကနေ တခြားနေရာတွေ ဆီကို သွားတဲ့ Ferry ဆိပ်ကိုလဲ တွေ့ခဲ့ပါတယ်။

ညစာစားဖြစ်တဲ့ နေရာကတော့ ဟိုတယ်နဲ့ ကပ်ရက်က Hang Kok Kwan Korea B.B.Q Restaurant ပါ။ အဲဒီဆိုင်နဲ့ တွဲလျက် အဆောက်အအုံကြီးက ရေလွှာလျောစီးကွင်း လုပ်ခဲ့ဖူးတဲ့ နေရာပါ။ ကလေး နှစ်ယောက်လောက် မတော်တဆဖြစ်ပြီး ဆုံးသွားတဲ့နောက် ပိတ်ထားခဲ့တာလို့ဆိုပါတယ်။ ဆိုင်က လူမရှိပါဘူး။ Waiter တွေက မြန်မာတွေပါပဲ။ ကိုရီးယားစတိုင် ဘာဘီကျူးကို ကင်မ်ချီတွေ မျိုးစုံနဲ့ စားရတာပါ။ ဝက်သားလည်း ပါပါတယ်။ ၇ ယောက် ကို ၃၆၀ ကျော်ကျပါတယ်။ ခရီးစဉ်တစ်လျောက် စားဖြစ်တဲ့ ဆိုင်ထဲမှာ မတန်ဆုံး ဆိုင်ပါပဲ။

ဟိုတယ်ပြန်ရောက် ရေမိုးချိုးနားပြီးတဲ့နောက် ညလသာသာမှာ ကမ်းခြေကို ဆင်း လမ်းလျောက်ကြပါတယ်။ အနားမှာ အပ္ပနားတို့ လူစု မူးပြီး သီချင်းဆိုပြီး ကနေတဲ့ ဆူဆူညံညံကြားကပဲ နှင်းဆီဖြူနဲ့ သားလေးကို လွမ်းပါတယ်။ သွားခဲ့ဖူးတဲ့ ချောင်းသာကမ်းခြေက ညတွေကိုလည်း လွမ်းပါတယ်။

ခင်မင်စွာဖြင့်
သီဟသစ်

P.S
၁) နောက်တစ်ပို့စ်မှာ ဒီလန်ကာဝီခရီးကို အဆုံးသတ်ပါမယ်။
၂) သတိရသလောက် ဆောင်ရန် ရှောင်ရန်လေးတွေကိုလည်း ထည့်ရေးသွားပါမယ်။

Bonus:
၁)လှေနံဓါးထစ် အားပန်

အားပန်နဲ့ အားလော့တို့ နှစ်ယောက်သား လှေငှားပြီး ငါးမျှားသွားကြပါတယ်။ အဲဒီနေ့က ငါးအကောင် ၃၀ ကျော် သူတို့မိပါတယ်။ အားပန်က အားလော့ကို

“ဒီနေရာ မှတ်ထားကွာ။ နောက်နေ့ ထပ်လာပြီး မျှားရအောင်”

နောက်နေ့ လှေငှားဖို့လာကြတော့ အားပန်က အားလော့ကို

“မင်းမနေ့က နေရာမှတ်မိလား”
အားလော့က
“အေးကွ ငါ လှေရဲ့ အခြေမှာ X ဆိုပြီး ရေးထားခဲ့တယ်။“
ထိုအခါ အားပန် ဒေါသတကြီး တုံ့ပြန်လိုက်တာကတော့
“မင်းငတုံးပဲ။ လှေကို သူများငှားသွားရင် ဘယ်လိုလုပ်မလဲကွ”

၂) စမတ်ဖြစ်တဲ့ အားပန်

အားပန်ရဲ့ သူဌေး နဲ့ အားလော့ ရဲ့ သူဌေး ၂ ယောက်သား ကော်ဖီ အတူသောက်ရင်း သူတို့ တပည့်တွေ တုံးအတဲ့ အကြောင်းပြောနေကြတယ်။ အားပန်ရဲ့ သူဌေးက
”ငါ့တပည့်ဖြင့် တကယ်တုံးသကွာ။ မင်းမယုံရင် မင်းကို သက်သေပြမယ်”

ထို့နောက် အားပန်ကို လှမ်းခေါ်ပြီး ပြောလိုက်သည်။
“ဟေ့ အားပန်၊ ဒီမှာ ၁၀ ဒေါ်လာ၊ ငါ့အတွက် မာစီးဒီးစ် တစ်စီး သွားဝယ်ချေ”
”ကောင်းပါပြီး Boss”
အားပန်တစ်ယောက် ပိုက်ဆံယူပြီး ကားအရောင်းပြခန်းသို့ အမြန်ထွက်သွားသည်။

အားပန်ရဲ့ သူဌေးက အားလော့ရဲ့ သူဌေးကို
“ကျုပ်ပြောတာ ယုံပြီဟုတ်”

ထိုအခါ အားလော့ သူဌေးက 

“အဲလောက်မဟုတ်သေးပါဘူးဗျာ။ ကျုပ်တပည့် အားလော့ တုံးပုံ ပြအုံးမယ်။ ”

ထို့နော် အားလော့ကို ခေါ်ပြီး

“ဟေ့ အားလော့၊ အိမ်ပြန်ပြီး အိမ်မှာ ငါရှိမရှိ သွားကြည့်ချေစမ်း”
“ဟုတ်ကဲ့ပါ ဆရာ ”

အားလော့တစ်ယောက် ထွက်သွားပြန်သည်။

လမ်းတွင် အားပန်နှင့် အားလော့ ၂ ယောက် တွေ့ကြသည်။ အားပန်က
“ငါ့Boss က ငတုံးပဲကွ။ ငါ့ကို ပိုက်ဆံ ၁၀ ပေးပြီး မာစီးဒီးစ်ကားဝယ်ခိုင်းတယ်။ ဒီနေ့ တနင်္ဂနွေနေ့ ကားပြခန်းတွေ ပိတ်တာ သူသတိမရဘူး”

အားလော့က
“ငါ့သူဌေးလဲ ဘာထူးလဲ။ သူအိမ်မှာ ရှိနေမနေပြန်ကြည့်ခိုင်းတယ်လေ။ ဖုန်းပါရဲ့သားနဲ့ ဖုန်းဆက်မေးလိုက်ပြီးရော”

Thursday, September 17, 2009

Love Application Version 1.0.1500.528 Documentation


Software ရေးသူသီဟသစ်
User နှင်းဆီဖြူ
New User မောင်ချန်းချင်
Credits for Cartoon http://www.ihoii.com/images/simplelists/swbf.jpg

ဒီ ဆော့ဖ်ဝဲနဲ့ ပတ်သက်တဲ့ မှတ်တမ်း (Documentation) ကို စမရေးခင် လွန်ခဲ့တဲ့ ၉ နှစ်ကျော်က ကိုယ်ရေးမယ့် Love Application ကိုလက်ခံဖို့ ချစ်သူ့ဆီမှာ အဆိုပြုလွှာ (Project Proposal) တင်ခဲ့တဲ့ ကာလတွေကို သတိရမိတယ်။ ဘဝတစ်လျှောက် အာမခံ (Lifetime Warranty) ပေးပါ့မယ်၊ အမှား (Error) ကင်းစေရပါ့မယ်၊ အရည်အချင်း စစ်ဆေးမှု(Quality Assurance) ကိုလည်း Pass ဖြစ်စေရပါ့မယ် ဆိုတဲ့ အရာတွေကို ကိုယ် sign ထိုးခဲ့ရသေးတယ်လေ။

စစချင်းမှာတော့ ချစ်သူက ကိုယ့်ကို ခင်မင်မှု Feature အဓိက ပါဝင်တဲ့ Friends 1.0 version(Love 1.0.528) ကိုပဲ စရေး(develop) လုပ်ခွင့်ပေးခဲ့တယ်။ အဲဒီကနေ တဆင့် မေတ္တာ Feature ပါလာတဲ့ Lover 1.0 version(Love 1.0.1500) ကို ချစ်သူက စမ်သပ်အဆင့်(staging server) မှာ ရေးခွင့်ပေးခဲ့တယ်လေ။ အစပိုင်းမှာတုန်းက ချစ်သူ့ဘက်က Project Manager ဖြစ်တဲ့ ချစ်သူ့မာမားက ကိုယ်ရေးတဲ့ Love Application ရဲ့ ယုံကြည်စိတ်ချရမှု(Reliability) ကို မယုံကြည်ဖူးဆိုပြီး စမ်းသပ်အဆင့်(staging server) ပေါ်ကနေ ဖြုတ်ချ (uninstall) လုပ်ဖို့ကြိုးစားခဲ့သေးတယ်လေ။ နောက်ဆုံး Staging Server ကနေ အသုံးပြုသူက လက်ခံမခံ စစ်ဆေးမှု (User Acceptance Test) တွေ Pass ဖြစ်သွားပြီဆိုမှ ကိုယ့်ကို မေတ္တာ+ကြင်နာခြင်း+သံယောဇဉ် Feature တွေပါတဲ့ Family 1.0 version (Love 1.0.1500.528) ကို ရေးခွင့်ပေးခဲ့ကြတယ်။

ချစ်သူရေ ကိုယ့်ရဲ့ Software Run နေတဲ့ တလျှောက် ပျက်စီးရပ်တန့်ခြင်း(Crash) မဖြစ်အောင် ကိုယ်ရဲ့ အကြင်နာ module နဲ့ သံယောဇဉ် module တို့ကို အမြဲကောင်းအောင် (Enhance) ဖြစ်အောင် ကိုယ်ကြိုးစားနေပါတယ်။ ကိုယ်ရေးတဲ့ Love Application လေးရဲ့ မူပိုင်ရှင်က ချစ်သူ တစ်ဦးတည်းအတွက် မို့ ကိုယ့် Family မဟုတ်တဲ့ တခြားဘယ် user တွေကိုမှ ပေးသုံးမှာ မဟုတ်ပါဘူး။

ခုတော့ ချစ်သူနဲ့ကိုယ်တို့ရဲ့ user အသစ်လေးဖြစ်တဲ့ သားလေးချန်းချင်အတွက် Father 1.0 version ကို develop လုပ်နေပါတယ်။ user အသစ်လေးက ကိုယ်ရဲ့ System ကို အခုမှ စသုံးမှာဖြစ်တဲ့ အတွက်ကြောင့် သူမသုံးတတ်ရင် ချစ်သူ သေချာသင်ပေးလိုက်ပါ။ သူ့ကို စိတ်ရှည်ပါကွယ်။

ချစ်သူ စိတ်ပူနေတဲ့ ကိုယ်တို့ရဲ့ Lovely Family System ကြီးကို ရပ်တန့်ခြင်း(Crash) ဖြစ်စေနိုင်တဲ့ Girlfriend Module နဲ့ Beer and Liquor Module တို့ကို ကိုယ်လုံးဝ မရေး(develop မလုပ်) ပါဘူး။ ကိုယ် develop လုပ်နေတာက Blog Module ရယ်၊ Friends and Families Module ရယ်ပါ။ Grapes Module ကတော့ ကိုယ် develop မလုပ်ပါဘူး။ တခြား Programmer တွေ ဘယ်လို develop လုပ်နေကြတယ် ဆိုတာ ငေးကြည့်ရုံသက်သက်ပါ။

ချစ်သူကိုယ်ရေးတဲ့ Love Application လေးကို သုံးခဲ့တဲ့ ကာလတစ်လျှောက် အဆင်မပြေတာတွေ ရှိခဲ့တာကို သည်းခံပေးတဲ့ အတွက် ကျေးဇူးအထူးပါ။ ရှေ့လျောက် Error တွေ မတက်အောင် အမြဲ ဂရုစိုက်နေမှာပါ။ ကိုယ်ရေးတဲ့ Love Application ရဲ့ အခုအချိန်မှာ အဓိက Feature ဖြစ်တဲ့ သစ္စာရှိခြင်း နှင့် သံယောဇဉ် ကို အမြဲ support လုပ်နေမှာ ဖြစ်ကြောင်း ပြောကြားရင်းနဲ့ မှတ်တမ်းကို နိဂုံးချုပ်အပ်ပါတယ်။

ခင်မင်စွာဖြင့်
သီဟသစ်

P.S
၁) စိတ်ကူးထဲပေါ်လာတဲ့ ပေါက်ကရလေးတွေကို ချရေးလိုက်တာပါ။
၂) English စာလုံးတွေကြောင့် ဖတ်ရတာ မျက်စိရှုပ်ရင် ခွင့်လွှတ်ပါ။

Bonus:
၁) စင်္ကာပူသား စကားများသည်
ဘက်စ်ကား ဒရိုင်ဘာ၏ ခေါင်းတည့်တည့်တွင် ချိတ်ထားသော သတိပေးစာများ

ဂျာမဏီ  ။   ဒရိုင်ဘာနှင့်  လုံးဝ  စကားမပြောရ
အင်္ဂလန်  ။   ဒရိုင်ဘာနှင့်  စကားမပြောလျှင်ကောင်းမည်
အစ္စရေး  ။   ဒရိုင်ဘာနှင့်  စကားပြောချင်စိတ်ကို ချိုးနှိမ်ပါ
စင်္ကာပူ   ။   ဒရိုင်ဘာကို  စကားပြန်မပြောပါနှင့်

၂) နောက်ကျပြီ
အိပ်ရာမှ နိုးလာသည့် ကိုချူချာ သာမိုမီတာကို ကြည့်သည်။ သာမိုမီတာက ၁၅ ဒီဂရီကို ပြနေသည်။ နဖူးကို လက်နဲ့ရိုက်ပြီး ကိုချူချာ ကိုယ့်ကိုယ်ကို ပြောသည်။

“ဒုက္ခပါပဲ၊ ရုံးနောက်ကျပြီ၊ မနက် ၈ နာရီ အရောက် ငါ ရုံးသွားရမှာပဲ”

၃) နှင်းပါ

အက်စကီးမိုးတွေ သူတို့ရဲ့ သားသမီးတွေ လမ်းလျှောက်တတ်တာနဲ့ ဘာစသင်သလဲ
အဝါရောင် နှင်းဖတ်တွေကို မစားရဘူး၊ မစားနဲ့လို့ပြောတယ်

Wednesday, September 16, 2009

နှစ်ခုပဲရှိတယ်

In this life we live, there are two things involved, Its either you are a man or you are a woman,; If you are a woman, you are safe,...



ကြည့်ဖူးပြီသား ဖြစ်ရင်လည်းဖြစ်မှာပါ။ လန်ကာဝီပို့စ် အဆုံးမသတ်ရသေးခင် ကြားထဲမှာ ပညာပေး အပျင်းပြေလေး တင်ပေးလိုက်တာပါ..

ရွှင်လန်းချမ်းမြေ့ကြပါစေ..

ခင်မင်စွာဖြင့်
သီဟသစ်

Saturday, September 12, 2009

L for Langkawi - 3 : Island Hopping Second Part

တောင်ပံတွေမှာ အားသစ်တစ်ခု
လေဟုန်ကိုဆန်ကာ အမြင့်မှာပျံမယ်
တိမ်နံရံတွေ ထိုးဖောက်ထွက်
အာကာပြင်မှာ မင်းမူချင်တယ်..
(သီချင်းငှက်ရဲ့ ပျံသန်းမှု - ဆောင်းဦးလှိုင်)



Credits to Ko Lin


Lake of Pregnant Lady နေရာကနေ ပြန်လာပြီး နောက်တစ်နေရာကတော့ လင်းယုန်တွေ အစာကျွေးတဲ့ နေရာပါ။ Eagle Feeding ဆိုပြီး လင်းယုန်တွေကို အစာကျွေးတဲ့ နေရာ မဟုတ်သေးပါဘူး။ စက်လှေမှာပါလာတဲ့ အိန္ဒိယ စုံတွဲက အဲဒီနေရာက ငှက်တွေထက် ဒီငှက်တွေက အကောင်ပိုကြီးတယ်လို့ ပြောပါတယ်။ စက်လှေသမားက ငှက်တွေကို ဘာတွေချကျွေးလိုက်မှန်း သတိမထားလိုက်မိပါဘူး။ ငှက်တွေ တဝုန်းဝုန်းကို အားရပါးရကြည့်နေတာမို့ပါ။

အဲဒီနောက်မှာတော့ Beras Basah Island ဆိုတဲ့ ကျွန်းလေးကို လိုက်ပို့ပါတယ်။ သောင်ပြင်ဖွေးဖွေးနဲ့ ရေဆော့လို့ တော်တော်ကောင်းမယ့် နေရာပါ။ သီဟသစ်တို့က အဝတ်ပိုတွေ ယူမသွားလိုက်ရလို့ ရေမဆော့ခဲ့ရပါဘူး။



သွားလည်တဲ့ ကျွန်းတိုင်းလိုလို ဒီလို ဆိပ်ခံတံတားလေးတွေရှိပါတယ်

ဒီလိုနဲ့ သူများတွေ ရေဆော့တာကြည့် ဓါတ်ပုံတွေ ဟိုရိုက်ဒီရိုက် လုပ်ပြီးသကာလ Lankawiကို ပြန်လာကြပါတယ်။ စက်လှေဆိပ်က အပြန်လမ်းမှာ ကားဒရိုင်ဘာကို seafood ကောင်းတဲ့ဆိုင်ကို မေးကြည့်ပါတယ်။ သူက Orkid ဆိုတဲ့ ဆိုင်ကို ညွှန်းပါတယ်။ ဟိုတယ်ပြန်ရောက်၊ ကမ်းခြေသွားကြည့် ၊ ခဏနားပြီး သကာလ ရေကူးဖို့ လုပ်ပါတယ်။ ဟိုတယ်နားက ကမ်းခြေက ရေသိပ်မသန့်သလိုပါပဲ။ ဘယ်သူမှလည်း ရေဆော့တာမတွေ့တာနဲ့ ဟိုတယ်က ရေကူးကန်မှာပဲ ရေစိမ်လိုက်ပါတယ်။

ဟိုတယ်နား ကမ်းခြေက မြင်ရတဲ့မြင်ကွင်း၊ ဟိုးဝေးဝေးက တံတားလို နေရာလေးကို သွားလို့ရတယ် ထင်နေတာ မရဘူးတဲ့ဗျ။ ဆူနာမီ လှိုင်းတွေကို တားထားတာဆိုပဲ။

ဟိုတယ်က အဆင်မပြေတာ တစ်ခုက စားသောက်ဆိုင်တွေနဲ့ သိပ်မနီးတာပါ။ (ကိုမိုးစက်တို့ သွားတုန်းက တည်းတဲ့ CD motel က ဆိုင်တန်းတွေနဲ့ နီးတာ တွေ့ခဲ့တယ်။) အဲဒီတော့ ညစာထွက်စားဖို့ရာ နီးနီးနားနား လေဆိပ်နားက ဈေးဆိုင်တန်း တွေ့ခဲ့တယ်၊ သွားစားကြမယ် ဆို လမ်းလျှောက်သွားကြပါလေရော။ ဟိုရောက်တော့ ညနေတွေ့တုန်းက ကြိတ်ကြိတ်တိုးနေတဲ့ ဆိုင်ခန်းတွေက သိမ်းခါနီးပြီ။ သေချာမေးကြည့်မှ သူတို့တွေ ဥပုသ်ထွက်ထွက်ချင်း လာစားကြတဲ့ နေရာဆိုပဲ။ ကိုယ်တွေကလည်း seafood ဈေးတန်းမှတ်လို့လာတာဆိုတော့ Ctrl+Z ပြန်နှိပ်ပြီး လေယာဉ်ကွင်းဘက်ကို Taxi သွားငှားပြီး သကာလ Orkid ဆိုတဲ့ဆိုင်ကို ချီတက်ကြပါတယ်။

 

ဆိုင်ထဲကို ဝင်ပြီးထိုင်ထိုင်ချင်း အစ်ကိုတို့ ဘာများစားမလဲ ဆိုပြီး မြန်မာသံပီပီသသနဲ့ လာမေးလို့ အံ့သြသွားပါသေးတယ်။ နောက်မှ အဲညီလေးက သူတို့ဆိုင်မှာ မြန်မာ waiter ၅ ယောက်တောင်ရှိဆိုပဲ။ ကိုယ်တွေလည်း ဟင်းတွေမှာရပြုရတာ အဆင်ပြေသွားတာပေါ့ဗျာ။ ဂဏန်းမှာတော့ ဝိနည်းလွတ်ပေါ့ ငါတို့ မရွေးတော့ပါဘူးကွာ မင်းတို့ပဲကြိုက်တာ ရွေးလိုက်ပါ ဆိုပြီး လုပ်ပါတယ်။ ဈေးကလည်း မဆိုးပါဘူး။ အားလုံးပေါင်းမှ RM 178 ကျပါတယ်။

နောက်နေ့သွားလည်ဖို့ နေရာတွေကို သူတို့တွေနဲ့ မေးကြည့်ပါတယ်။ Waiter ညီလေးက သူသိတဲ့ မြန်မာTourist Guide အစ်ကိုကြီး တစ်ယောက်ရဲ့ ဖုန်းနံပါတ်ပေးပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ အဲဒီအစ်ကိုကြီးက ကိုမိုးစက်တို့ သွားတုန်းက တွေ့တဲ့လူပါပဲ။ (ကိုကျော်ဝင်း(Joe)၊ Ph 012-5333 961, 016-4553 451 အခမဲ့ ကြေငြာပေးလိုက်တာပါ။ ရုပ်တည်တည် ခပ်အေးအေး စကားနည်းတဲ့ လူတစ်ယောက်ပါတဲ့ အဖွဲ့က ညွှန်တာပါ လို့ပြောလိုက်ပါ။)ဖုန်းဆက်ပြီး လှမ်းမေးကြည့်တော့ နောက်နေ့ နေရာတွေ လည်ဖို့ရာ တစ်နေကုန်ကို RM 200 နဲ့ ဈေးတည့်သွားပါတယ်။

ကိုကျော်ဝင်းလည်း ခဏနေတော့ Orkid ကိုလာတွေ့ပါတယ်။ ဒူးရင်းသီးမြင်ရင် မနေနိုင်တဲ့ အမောင် Villager တစ်ယောက်ကြောင့် ဒူးရင်းသီးဆိုင်ကိုလဲ သွားခဲ့ပါသေးတယ်။ ဒူးရင်းသီး ၂ လုံးကို RM 24 တဲ့။ စင်္ကာပူနဲ့စာရင် တန်တယ်ဆိုပဲ။ သီဟသစ်ကတော့ စားနေကျ မဟုတ်လို့မသိ။


ဒုတိယနေ့ လည်ကြတဲ့ အကြောင်းကို ဆက်ပါဦးမည်။

ခင်မင်စွာဖြင့်
သီဟသစ်

P.S
၁) တစ်ချို့ရှူခင်းပုံတွေက သီဟသစ် ပုံထဲမှာမပါရင် တော်တော်ကြည့်ကောင်းမယ့်ပုံလေးတွေပါ။ မိတ်တွေပျက်ကုန်မှာစိုးလို့ မတင်တော့ပါဘူး။ :D (ကိုယ့်ပေါင်ကိုယ် လှန်ထောင်းထားတာ သက်သာ၏။)

၂) လန်ကာဝီသွားတာ ပြောမသွားလို့ သူတို့လည်း လိုက်ချင်တာ ဆိုပြီး ညီအစ်ကို မောင်နှမ တစ်ချို့က ပြောကြ၏။ နောက်တစ်ခါ ဖူးခက်၊ ဘာလီ သွားဖို့ စီစဉ်ရင် တွေ့တဲ့သူ လိုက်ခေါ်မည်။ မလိုက်ရင် လူပျိုကြီး အပျိုကြီးဖြစ်ပါစေ ကျိန်စာတိုက်မည်။

Bonus:
လွတ်သွားသော အခွင့်အရေး

နိုင်ငံခြားရှိ ပင်လယ်ကမ်းခြေ တစ်ခုခုတွင် ဇိမ်ခံအနားယူရန် ရုရှားအီဗန်ကြီး ဆုံးဖြတ်လိုက်သည်။ လိုသောငွေကို ကုတ်ကပ်စုသည်။ ပိုက်ဆံပြည့်သောအခါ ခရီးသွားဌာနတွင် လင်မယားနှစ်ယောက်အတွက် လေယာဉ်စရိတ်၊ သုံးပတ်စာ ဟိုတယ်နှင့် အစားအသောက်စားရိုက်တို့ကို ပေးချေကာ ခရီးထွက်သည်။ စိတ်ကြိုက်အနားယူသည်။ ရက်စေ့သောအခါ ဟိုတယ်မှ ထွက်မည်လုပ်သည်။ ဤတွင် ဟိုတယ်မန်နေဂျာရောက်လာပြီး ဒေါ်လာတစ်သောင်း ပေးချေရမည့် ဘောက်ချာလာပေးသည်။ အီဗန်ကြီး နားမလည်သဖြင့် ပြန်မေးသည်။

“ဘာအတွက် ပေးရမှာလဲဗျ”

မန်နေဂျာ ရှင်းပြသည်။

“ဟောဒီမှာ ကြည့်ပါ။ ဝိုင်အရက် မြည်းရန် ဝိုင်စိုက်ခင်းသို့ မော်တော်ယဉ်ဖြင့် ခရီးထွက်ခြင်း ဒေါ်လာ နှစ်ထောင်လို့ ရေးထားပါတယ်”

“ဟာမဟုတ်တာဘဲ။ ကျွန်တော်တို့ လင်မယား အဲဒီခရီးကို မလိုက်ခဲ့ပါဘူးဗျ”

“ဒါ... လူကြီးမင်းတို့ အပြစ်ပဲလေ။ ကျွန်တော်တို့ကတော့ ဒီခရီးစဉ်ရှိမယ် ဆိုတာ နေ့တိုင်းကြေငြာနေတာပဲဗျ။ ဟောဒီမှာ အထူးသင်္ဘောနှင့် ပင်လယ်ထဲ ငါးမျှားထွက်ခြင်း .. ဒေါ်လာ သုံးထောင်”

“အဓိပ္ပါယ် မရှိတာပဲ။ ကျုပ်တို့ တစ်ရက်မှ ငါးမမျှားခဲ့ဘူး။ ခင်ဗျားတို့ သင်္ဘောလည်း မစီးခဲ့ပါဘူးဗျာ”

“ဒါ လူကြီးမင်းတို့ အပြစ်ပဲလေ။ မနက်တိုင်း ဟိုတယ်ရှေ့ ဆိပ်ကမ်းကို သင်္ဘောလာဆိုက်တာပဲ။ ဂရုတစိုက်ကြည့်မှပေါ့။ ဟော.. ရဟတ်ယာဉ်ဖြင့် မြို့ကို လှည့်ပတ်ကြည့်ရှုခြင်း ဒေါ်လာ ငါးထောင်”

“ဘယ်ကနေ ... ဟယ်လီကော်ပတာ ပေါ်လာရပြန်တာလဲ”

“ကိုယ့်ဟာကိုယ် မစီးတာတော့ ကျွန်တော်တို့ မတတ်နိုင်ဘူး။ ရဟတ်ယာဉ်ကတော့ နေ့တိုင်း ဟိုတယ်ကို ပတ်ပြီး ပျံနေတာပဲ”

မန်နေဂျာကို ပြန်လည်ထိုးနှက်ရန် အီဗန် ဆုံးဖြတ်လိုက်သည်။

“ကောင်းပြီ .. ဒါဆို ကျုပ်ကလည်း ခင်ဗျားဆီက နစ်နာကြေး ဒေါ်လာ တစ်သောင်းခွဲ တောင်းဆိုရလိမ့်မယ်”

“ဘာအတွက်နစ်နာကြေးလဲ”

“ကျုပ်ရဲ့ မိန်းမကို မဟားဒရားလုပ်တဲ့အတွက်”

“ဟာမဖြစ်နိုင်တာ မပြောပါနဲ့ဗျ။ ခင်ဗျားရဲ့ မိန်းမအနားကို ကျွန်တော် လုံးဝ မကပ်ခဲ့ပါဘူးဗျ”

“ဒါ ... ခင်ဗျား အပြစ်နဲ့ ခင်ဗျားပဲလေ။ ပင်လယ်ကမ်းစပ်မှာ ကျုပ်မိန်းမ ဘီကီနီရေကူးဝတ်စုံလေးနဲ့ နေ့တိုင်းနေပူစာ လှုံနေခဲ့တာပဲ”

Wednesday, September 9, 2009

L for Langkawi - 2 : Island Hopping First Part


ခရီးသွားတဲ့ အကြောင်းလေး မရေးခင် Positive ions နဲ့ Negative ions တွေ အကြောင်း ပြောပြပါရစေ။ Positive ions တွေဟာ လူတွေကို စိတ်ဖိစီးမှု ပိုများစေပါတယ်။ Negative ions တွေကတော့ ဦးနှောက်ဆီကို အောက်ဆီဂျင် စီးဆင်းမှု ပိုများစေပြီး လူတွေကို စိတ်ရွှင်လန်းစေပါတယ်။ ကျန်းမာရေး ပိုကောင်းစေပါတယ်။

Positive ions တွေဟာ လေထုညစ်ညမ်းမှုများတဲ့ မြို့တော်တွေမှာ ပမာဏများများရှိပါတယ်။ ကားမီးခိုး၊ စက်ရုံက မီးခိုး၊ ဖုန်တွေ၊ ဆေးလိပ်မီးခိုးတွေ၊ ချက်ပြုတ်ခြင်း၊ အပူပေးခြင်း ရတဲ့ မီးခိုးတွေဟာ Positive ions တွေကို ဖြစ်ပေါ်စေပါတယ်။ Negative ions တွေက ရဖို့ အလွယ်ဆုံးနည်းလမ်းက အိမ်ကရေပန်းနဲ့ ရေချိုးခြင်းပါပဲ။ ပမာဏများများ ရချင်တယ်ဆိုရင်တော့ ပင်လယ်ကမ်းခြေတွေနဲ့ ရေတံခွန်တွေမှာ ရှိပါတယ်။ စင်္ကာပူက လူလုပ်ကမ်းခြေနဲ့ လူလုပ်ရေတံခွန်တို့တွင်တော့ Negative ions နည်းမည်ထင်၏။ နှင်းဆီဖြူလေးနဲ့ သားလေးတို့ ရောက်လာရင် ကိုယ်သွားထားဖူးတော့ လိုက်ပို့ရတာလည်း အဆင်ပြေ၏။ ဤသို့သော အကြောင်းများကြောင့် သီဟသစ် လန်ကာဝီသို့ သွားခြင်းတည်း။(Believe it or not)

ကုန်ကျစရိတ်ကို စပြောရရင် လေယာဉ်ခနဲ့ ဟိုတယ်က S$129၊ လန်ကာဝီမှာ လည်ပတ်စားသောက်တာက ရင်းဂစ် ၄၀၀ (S$ 162) ဆိုတော့ကာ အပြီးအစီး S$ 300 နဲ့လောက်ပါတယ်။ လေယာဉ်က www.airasia.com ကနေ ဝယ်ပါတယ်။ စင်္ကာပူ-လန်ကာဝီ တိုက်ရိုက်လေကြောင်းပါ။(S$ 61 ကျပါတယ်၊ 15 KG သယ်လို့ ရပါတယ်) ဟိုတယ်က ၃ ညအိပ် ၄ ရက် ကို 68 ကျပ်ပါ။ တစ်ခန်းကို တစ်ရက် S$ 53 ပါ။ တစ်ခန်းမှာ နှစ်ယောက်အိပ်ကုတင် Queen Size ၂ လုံးပါပါတယ်။ Buffet Breafast ပါပါတယ်။ ဟိုတယ်ကိုတော့ http://www.agoda.com/ ကနေ Booking လှမ်းလုပ်ထားတာပါ။ ဟိုတယ်ရဲ့နာမည်က Langkasuka Beach Resort ပါ။

ဒီလိုနဲ့ ၃၊၉၊၂၀၀၉ မှာ သီဟသစ်တို့ရဲ့ လန်ကာဝီ ခရီးစဉ်ကို AirAsia နဲ့ စတင်ထွက်ခဲ့ပါတယ်။ Budget Airline ပီသပါပေတယ်။ AirCon လည်းသိပ်မအေးပါဘူး။ ဘာမှလည်း မကျွေးပါဘူး။ တစ်ချို့ခရီးသည်တွေက online ကနေ အစားအသောက်ပါ ၀ယ်ထားသူတွေ အတွက်ကိုတော့ ဝေပေးပါတယ်။ ကျန်တဲ့သူတွေကိုတော့ လေယာဉ်ထုံးစံ တွန်းလှည်းလေးနဲ့ လိုက်ရောင်းတာတွေ့တော့ မဆီမဆိုင် မန္တလေး-မြစ်ကြီးနား ရထားကိုတောင် သွားသတိရမိသေးတယ်။ ၁ နာရီ မိနစ် ၂၀ ကြာ လေယာဉ်စီးပြီးနောက်မှာတော့ လန်ကာဝီကို ရောက်ပါပြီ။ လေယာဉ်ပေါ်က ဆင်းရတာ လှေခါးနဲ့ပါ။ အဲဒီတော့ ရတဲ့ အခွင့်အရေး လက်မလွှတ်ကြစေပဲ လေယာဉ်တွေနဲ့ ဓါတ်ပုံရိုက်ကြပါတယ်။

Immigration ၀င်တော့ အဖြူမိသားစု ၃ ယောက်ကို တွေ့ပါတယ်။ ကလေးက ချစ်စရာလေးပါ။ အဖေလုပ်သူက သားလေးကို ရင်ဘတ်မှာ မတ်တပ်လေး ဖြစ်အောင် လွယ်ထားပါတယ်။ သီဟသစ်တော့ သားလေးချန်းချင်ကို အဲလိုလွယ်နိုင်ပါ့မလားမသိ။ သူငယ်ချင်းတစ်ယောက်အလှည့်မှာ တော်တော်ကြာပါတယ်။ ဘာဖြစ်လို့လဲ မေးတော့ System ဒေါင်းသွားလို့ပါတဲ့။ နောက်ထပ် Computer တစ်လုံး သယ်လာပါတယ်။ PIII ခေတ်လောက်က အဟောင်းကြီးပါ။ သနားစရာ :D။

လေဆိပ်ကနေ ဟိုတယ် သွားဖို့ Taxi ငှားမယ်လုပ်တော့ ကားမငှားခင် Taxi ကောင်တာမှာ သွားမယ့်နေရာနဲ့ အရေအတွက်ကို ပြောပြီး တိုကင်ဝယ်ရပါတယ်။ 6 ယောက်ကို RM 18 ကျပါတယ်။ ဟိုတယ်ရောက်တော့ Online Booking ကို Print ထုတ်ထားတာပြပြီး အခန်းယူကြပါတယ်။ ဟိုတယ်က ကြယ် ၃ ပွင့် အဆင့်ပါ။ အထုပ်အပိုးတွေချပြီး ဟိုတယ်ထဲမှာပဲ နေ့လည်စာသွားစားပါတယ်။ မြန်မြန်ရအောင် ထမင်းကြော်မှာတာ တစ်ပွဲကို RM 20 ကျပါတယ်။ ပုံမှန်ပါပဲ။ တအားမကောင်းလှဘူး။

ပြီးတာနဲ့ ဟိုတယ်က ကောင်တာမှာ Island Hopping အတွက် လက်မှတ်သွားမေးပါတယ်။ Island Hopping ဆိုတာ ကျွန်းတစ်ဝိုက်ကို စက်လှေနဲ့ လိုက်ပြတာပါ။ တစ်ယောက်ကို RM 60 တောင်းပါတယ်။ ဈေးဆစ်လိုက်တော့ RM 50 နဲ့ ရပါတယ်။ ရွာမှာလုပ်တဲ့ အပေါက်အတိုင်းပါပဲ။ သီဟသစ်တို့ ၆ ယောက်အဖွဲ့ သီးသန့် စက်လှေပေးမယ် ပြောပေမယ့် တကယ်သွားတော့ သူများတွေနဲ့ အားလုံးပေါင်း ၁၁ ယောက်ပါ။ စက်လှေဆိပ်ကို သွားဖို့ရာ ကားလာခေါ်ပေးပါတယ်။ ကြိုပို့ခက RM 50 ထဲမှာ ပါပြီးသားပါ။

စက်လှေဆိပ်
စက်လှေဆိပ်က မြင်ရတဲ့ ရှုခင်းတွေ


စက်လှေသွားရာ လမ်းတစ်လျှောက် မြင်ရတဲ့ ရှုခင်းတွေ

စက်လှေပေါ်မှာ အသက်ကယ် အင်္ကျီတွေပေးပါတယ်။ သီဟသစ်ကတော့ ဒီပင်လယ်လောက်တော့ ပျင်းတောင် ပျင်းသေး၊ ကြောက်မနေဘူး ဆိုပြီး အရင်ဆုံး ယူဝတ်လိုက်ပါတယ်။ ပထမဆုံးစသွားတာက Tasik Dayang Bunting, Lake of Pregnant Lady ကိုယ်ဝန်ဆောင် အမျိုးသမီး လဲလျောင်းနေတဲ့ ပုံစံရှိတဲ့တောင်နေရာပါ။



အဲဒီတောင်ကို ပင်လယ်ထဲကနေ ပြပြီးတဲ့နောက်မှာ အဲဒီကျွန်းကိုသွားကြပါတယ်။ ကျွန်းထဲက ရေချိုကန်ဆီကိုပါ။ အဲဒီရေကန်ကရေကို သောက်ရင်ကလေးလိုချင်တဲ့သူတွေ ကလေးရတယ်လို့ဆိုပါတယ်။ အပြန်လေယာဉ်ပေါ် တက်မှပဲ ကလေးလိုချင်တဲ့ နာမည်ကြီး ကိုကိုဘလော့ဂါတစ်ယောက်နဲ့ နာမည်ကြီး ဘလော့ဂါ မမတစ်ယောက် အတွက် ရေမခပ်ခဲ့ရဘူးဆိုတာ သတိရသွားပါတယ်။

Lake of Pregnant Maiden ရေချိုကန်ရှိရာ ကျွန်း Dayang Bunting

Lake of Pregnant Maiden ရေချိုကန်ကို အပေါ်စီးကနေ ရိုက်ထားတာပါ

ရေကန်ကို သွားတဲ့လမ်းတစ်လျှောက်မှာ မျောက်ကလေးတွေလည်း တွေ့ရပါတယ်။ သူတို့တွေက အိတ်တွေ လိုက်ဆွဲကြတာမို့ ခြောက်ရပါသေးတယ်။ ဒါတောင်မှာ သီဟသစ်ဆီကနေ တစ်ရူးတွေထည့်ထားတဲ့ အိတ်ကို ရအောင်ယူသွားပါသေးတယ်။ နောက်မှ အစားအသောက်မဟုတ်မှန်းသိတာရယ် ၊ သီဟသစ်တို့က လှမ်းခြောက်တာရယ်ကြောင့် တစ်နေရာမှာ ချထားခဲ့ပါတယ်။

အဲဒီကျွန်းကနေ စပြီး သွားလည်တဲ့ နေရာတိုင်းလိုလိုမှာ တွေ့ရတဲ့ ဆိုင်းဘုတ်ကတော့ လာလည်တဲ့ သူတွေ တစ်ခုခု ထိခိုက်ဒဏ်ရာရလျှင် ပြည်နယ်အစိုးရတွင် တာဝန်မရှိပါ ဆိုတဲ့ ဟာတွေပါ။ တို့ဆီက ဆိုင်းဘုတ်နီနီတွေလို ပါပဲ။ ကိုယ်တွေကတော့ ကိုယ်ဖြစ်ကိုယ်ခံ နိုင်ငံက လာတာဆိုတော့ အဲဒီဆိုင်းဘုတ်တွေ တွေ့တော့ ရီတောင်ရီချင်ပါသေးတယ်။

ခုလိုကဗျာဆန်ဆန် ရှူခင်းလေးတွေလည်း အဲဒီကျွန်းမှာ ရှိပါတယ်။

ခင်မင်စွာဖြင့်
သီဟသစ်

P.S
အစက စိတ်ကူးထားတာ Island Hopping ကို ဒီတစ်ပုဒ်ထဲနဲ့ အပြီးရေးဖို့ပါ။ ပုံတွေ များများတင်ချင်တာရယ်၊ လူက အရမ်းအိပ်ချင်တာရယ်ကြောင့် နောက်ရက်မှာ Island Hopping ဒုတိယပိုင်းဆက်ရေးပါမယ်။