Sunday, October 21, 2012

For My Information (1) : မင့်ဥစ္စာမင်းစားတာ စားသာစား


တစ်ခါက လယ်ပိုင်ရှင် တစ်ယောက် နဲ့ သူ့ဆီမှာ သူရင်းငှား လုပ်တဲ့သူ တစ်ယောက်ရှိသတဲ့။ လယ်ပိုင်ရှင်က  ထုံးစံအတိုင်း သူရင်းငှားကို အစားအစာပါ ကျွေးမွေးထောက်ပံ့ရတာပေါ့။ ထမင်းစားတဲ့ အခါတိုင်း သူရင်းငှားက တန်အောင်ဆိုပြီး ထမင်းတွေရော ဟင်းတွေရော တအားစားသတဲ့။ အဲဒီတော့ လယ်ပိုင်ရှင်က “မင့်ဥစ္စာမင်းစားတာ စားသာစား” လို့ပြောသတဲ့။ သူရင်းငှားက နားမလည်နိုင်ဘူး။ ဘယ့်နှယ် သူ့ထမင်းဟင်းတွေ ငါစားနေတာကို အဲလိုပြောရသလားပေါ့။

နောက်ပိုင်းတော့ သူရင်းငှားလည်း ကြိုးစားရင်း တဖြေးဖြေးနဲ့ လယ်ပိုင်ဖြစ်လာသတဲ့။ အဲဒီအခါကျ အစားအသောက်ကို များများစားနေကျ အကျင့်က ပါခဲ့ပြီဆိုတော့ ဖျောက်လို့မလွယ်တော့ဘူးပေါ့။ အဲဒီအခါမှ လယ်ရှင်ပြောတဲ့ စကားကို နားလည်သွားသတဲ့။

ဒီပုံပြင်လေးက သူငယ်ချင်းအိမ်သွားရင်း ဖတ်ရတဲ့ စာအုပ်လေးထဲကပါ။ ထပ်ပြီး စဉ်းစားမိတာက ကျွန်တော်အပါအဝင်ပေါ့လေ တစ်ချို့တွေက တစ်ခါတစ်ရံ အလုပ်မှာ ယောင်လည်လည် လုပ်ပြီး အချိန်ဖြုန်းမိတာတွေ ရှိပါတယ်။ အဲဒါမှ တန်တာလို့လည်း ထင်မိကြပါတယ်။

သို့ပေမယ့် ကျွန်တော်တို့ အားလုံးဟာ တစ်သက်လုံး သူများအလုပ်ကို လုပ်သွားချင်ကြတဲ့သူတွေ တစ်ယောက်မှ မပါကြပါဘူး။ ကိုယ်ပိုင်အလုပ်ကို လုပ်မယ်၊ လုပ်ချင်တယ်လို့ စိတ်ကူးနေ၊ စိတ်ကူးယဉ်ကြတဲ့သူတွေ များပါတယ်။ တကယ်လို့သာ  ယောင်လည်လည် အချိန်ဖြုန်းတဲ့  အကျင့်ကြီး ပါသွားခဲ့ရင် တိုးတက်ဖို့ရာ မလွယ်နိုင်ပါဘူး။

တကယ်တော့ ကျွန်တော်တို့တွေဟာ ကျွန်တော်တို့ရဲ့ အချိန်၊ ကျွမ်းကျင်မှုတွေကို ရောင်းချသူ၊ manager တွေ ဘော့စ်တွေက ဝယ်ယူသူတွေပါ။ ခုမှဖတ်ဖြစ်တဲ့ စာအုပ်ဟောင်း Think and Grow Rich ထဲက Self-Analysis Questionnaire for Personal Inventory ထဲက မေးခွန်းတစ်ချို့မှာ ဒီလိုပါပါတယ်။ “ငါကိုယ်တိုင် ငါရဲ့ ကျွမ်းကျင်မှုတွေကို ဝယ်ယူသူ ဖြစ်ခဲ့ရင် အဲဒီဝယ်ယူမှုနဲ့ ပတ်သက်ပြီး ကျေနပ်မလား” ၊ “ငါရဲ့ ကျွမ်းကျင်မှုတွေကို ဝယ်ယူတဲ့သူဟာ ကျေနပ်မှုရှိသလား၊ မရှိရင် ဘာကြောင့်လဲ” စတဲ့ မေးခွန်းမျိုးတွေကို ကိုယ်ကိုယ်တိုင် မေးကြည့်သင့်တယ်လို့ ဆိုပါတယ်။

စာရေးတာက ဆရာကြီးလိုလို၊ တက်ကျမ်းလိုလိုပါသွားခဲ့ရင် ခွင့်လွှတ်ပါ။ ကျွန်တော့်ကို ကျွန်တော်ဆုံးမချင်လို့ ရေးထားတာ ဖြစ်လို့ For My Information လို့ နာမည်တပ်ထားတာပါ။

ခင်မင်စွာဖြင့်

 

Bonus:

၁)    အမူးသမားများ

အမူးသမား ၃ ယောက် taxi ငှားစီးကြသည်။ ကားသမားက အမူးသမားတွေကို လွယ်လွယ်လေးလှည့်ပြီး ပိုက်ဆံရဖို့ စဉ်းစားသည်။ ကားကို စက်နှိုး၊ မောင်းချင်ယောင်ဆောင်ပြီး ချက်ချင်း စက်ပိတ်လိုက်သည်။ ပြီးနောက်ရောက်ပြီ လို့ ပြောလိုက်သည်။

ပထမအမူးသမားက ကျေးဇူးတင်စကားပြောပြီး ပိုက်ဆံပေးသည်။ တတိယ အမူးသမားက ဒေါသတကြီးနှင့် ဒရိုင်ဘာခေါင်းကို လက်သီးနဲ့ထိုးသည်။ သူလှည့်တာ သိများသိသွားပြီလား ဆိုပြီး ဘာကြောင့်လဲလို့ ဒရိုင်ဘာကမေးသည်။

ထိုအခါ အမူးသမားက အဲလောက်ကြီး မြန်မြန်မောင်းလို့ ဟု ဆိုလေသည်။

၂)    ဟိုမှာဒီမှာ

တရားသူကြီးက တရားခံကို မေးသည်။ မောင်ရင်ဘယ်မှာ နေသလဲ

တရားခံပြန်ဖြေသည်။ ဟိုနား ဒီနား

နောက်ထပ်မေးသည်။ ဘာလုပ်သလဲ

ပြန်ဖြေသည်။ ဟိုဟာ ဒီဟာ

တရားသူကြီး စိတ်မရှည်ဖြစ်ပြီး ဒီကောင့်ကို ခေါ်သွားကြစမ်းလို့ ပြောလိုက်သည်။ ထိုအခါ တရားခံက

နေပါဦး ကျွန်တော်ဘယ်တော့လွတ်မလဲ ပြန်မေးသည်။ ထိုအခါ တရားသူကြီး ပြန်ဖြေသည်။

 အနှေးနဲ့ အမြန် ပေါ့။
 

၃)    သိုးများကို ရေတွက်ခြင်း

စစ်ဆေးသူ အရာရှိက တုံးအသည်ဟု နာမည်ကြီးသူ ဂျွန်ကိုမေးသည်။

နင့်မှာ သိုးဘယ်နှစ်ကောင် ရှိလဲ။

ဂျွန်ပြန်ဖြေသည်။

“မသိဘူး။ ငါသိုးအကောင်ရေကို လိုက်ရေတိုင်း ရေတိုင်း အိပ်ပျော်သွားတာပဲ”

 

Thursday, October 18, 2012

ချစ်သူသိလား ရှေးရေစက်တွေ ဘယ်သူဖျက်ဖျက် မပျက်နိုင်ပေ အပိုင်း (၄)

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃

Credits to http://2.bp.blogspot.com/_3_2FCxXqZPQ/SJCLRCvb3LI/AAAAAAAACXM/9bk8zvGwovk/s400/broken-heart-cards-3.jpg

နောက်တစ်ပတ် ရဲထွဋ်ကျောင်းပြန်တက်သောအခါ အတန်းက သူငယ်ချင်းတွေက ပြုံးစိ ပြုံးစိ ကြည့်နေကြသဖြင့် ရဲထွဋ်တစ်ယောက် ဘာတွေဖြစ်ကုန်လဲ မစဉ်းစားတတ် ဖြစ်နေသည်။ အဖွဲ့ကို မေးသော်လည်း ဝေ့ဝိုက်နေကြသဖြင့် စိတ်မရှည်တော့ပဲ တစ်နယ်တည်းသား သူငယ်ချင်းဖြစ်သော ကြည်ဖြူပိုင့်ကို သွားမေးသည်။ ဟိုတစ်ယောက်ကလည်း သူ့ဘာသာသူ စာတွေနှင့် ခေါင်းရှုပ်နေသဖြင့် မရှိဘူး၊ မသိဘူး သွား လုပ်လိုက်သည်။ နောက်မှ ကျောင်းမှာ အပ်ကျတာက အစ သိသည်ဆိုသော မောင်ငယ် ကို သူဂိမ်းဆော့နေသော ကွန်ပြူတာစက်ခန်းထဲ လိုက်မေးရသည်။ ထိုအခါကျမှ ပြာပြာက ရဲထွဋ် နှင့် ပတ်သက်၍ မဟုတ်က ဟုတ်က တွေ ပြောထားကြောင်း သိရသည်။ (မည်သို့ မဟုတ်က ဟုတ်က များ ပြောသည်ကိုကား အတိအကျ မပြောတော့ပါ။ ဇာတ်လမ်းက ရဲထွဋ်နှင့် ပြာပြာက သီဟသစ်ကို ဘာမှ မလုပ်နိုင်သော်လည်း အပြင်က ရဲထွဋ်နှင့် ပြာပြာက သီဟသစ်ကို ရန်ပြုနိုင်သောကြောင့် ဖြစ်၏။ :P)

ကြေကြေကွဲကွဲ စိတ်ညစ်စွာ ထိုင်နေသော ရဲထွဋ်ကို ဘိုဘို တစ်ယောက်ကြည့် မနေနိုင်တော့ပေ။ ပြာ့ပြာ့ကို သွားရှင်းပြမယ် ဆိုပြီး ထွက်သွားသည်။

“ဟေ့ပြာပြာ၊ ရဲထွဋ် နဲ့ ပတ်သက်ပြီး ဘာတွေ လျှောက်ပြောတာလဲ”
“ဒါ ငါ့အပိုင်းပါ၊ သူက ငါ့မာန စပြီး တူးဆွသွားတာပဲ၊ ငါတော်တော် စိတ်ဆိုးတယ်”

“အေးအဲဒါကို ရှင်းပြချင်လို့ လာတာပဲ၊ ရဲထွဋ် နင့်အိတ်ထဲက mp3 player လေးကို တွေ့ပြီး နားထောင်ဖြစ်သွားတယ်”
“ဟမ်၊ ဒါဆို..ဒါဆို”

(ဤနေရာတွင် အရင်က သီချင်းဟောင်းဖြစ်သော ဂရေဟမ် နှင့် ချောစုခင်တို့ရဲ့ သီချင်းဖြစ်သော “နှလုံးသား ရှိတဲ့ အရပ်” သီချင်းမှ “ပြန်လည် တောင်းပန်ချင်ခဲ့မိ နာကျင်စေခဲ့ မင်းအသည်းမှာ” စာသားနောက်ခံဖြင့် ပြာပြာ တစ်ယောက် ကြေကွဲနေဟန်ကို မြင်ယောင်ကြည့်ကြရန်။ စစ်ကိုင်းတံတား ကြီးပေါ်တွင် ဝမ်းနည်းစွာဖြင့် လျှောက်နေသော ပြာပြာ၊ တောင်သမန်အင်းဘေးတွင် လှေပေါ်မှာ ငူငူကြီး ထိုင်နေသော ရဲထွဋ် စသဖြင့် စသဖြင့် .. မြင်ယောင်ကြရန်။

မှတ်ချက်။ ။ ကဗျာဆန်စေရန် အတွက်သာ ထည့်ထားခြင်းဖြစ်သည်။ တကယ်ကတော့ ဝက်သားတုတ်ထိုးများ အားပါးတရ စားနေသော ပြာပြာ၊ လက်ဖက်သုပ်များ ပက်ပက်စက်စက် စားနေသော ရဲထွဋ်တို့ကို သူငယ်ချင်းများ တွေ့နိုင်သည်။)

နောက်နေ့ ဘိုဘိုနဲ့ ရဲထွဋ်တို့ ၂ ယောက်သား ကန်တင်းဘက်မှ ပြန်လာခိုက် ပြာပြာနဲ့ ဆုံသည်။ ပြာပြာက ရဲထွဋ်ကို လှမ်းခေါ်သည်။
“ကို..ကို.. ပြာရှင်းပြပါရစေ”
“ဟေ့ကောင် ဘိုဘို၊ မင်းကို ကြိုက်နေတဲ့ ကောင်မလေး မင်းရှေ့ရောက်နေပြီ လေကွာ၊ မင်း ချစ်တယ် ပြောလိုက်လေကွာ”

“မဟုတ်ပါဘူး ကိုရယ်၊ ပြာရှင်းပြပါရစေ၊ အဲဒါအရင်က ပြာလျှောက်ပြီး စိတ်ကစားခဲ့မိတာပါ၊ ကိုနဲ့ စချစ်ကတည်းက ပြာ့ကိုယ်ပြာ သိပါပြီ၊ ပြာချစ်တာ ကိုတစ်ယောက်တည်းကိုပါ”
“ငါမင်းကို မယုံတော့ဘူး ပြာပြာ၊ ငါ့ကို တကယ်ချစ်တာ ဆိုရင် မင်းရဲ့ mp3 player လေးမှာ ငါ့နာမည်ကို ရေရွတ်ထားတာ ဘယ်နှစ်ခါပါလဲ ပြန်ဖွင့်ပြစမ်းပါ”

“အဲဒါက ပြာစိတ်ညစ်မှ အသံသွင်းဖြစ်တာပါ၊ ပြာ ကိုနဲ့ ချစ်သူဖြစ်ကတည်းက ပျော်နေတယ်လေ”
“သွားစမ်းပါပြာ၊ ငါကတော့ ငါ့ကိုမို့လို့ ချစ်တယ်လို့ ပြောခဲ့တယ် မထင်ဘူး၊ ငါက ဘိုရဲ့အချစ်ဆုံး သူငယ်ချင်း ဖြစ်နေတာကိုး၊ ငါ့နေရာမှာ ဘယ်သူဖြစ်ဖြစ် မင်းချစ်တယ် ပြောမှာမို့လား”

ပြာတစ်ယောက် သူ့အချစ်ကို အစော်ကားခံရသလို ဖြစ်သွားသဖြင့် စိတ်မထိန်းနိုင်တော့ပဲ ရဲထွဋ်ကို ပါးရိုက်လိုက်မိတော့သည်။ ရဲထွဋ်တစ်ယောက် ပါးလေးကို ပွတ်ရင်း
“ကျေးဇူးပါပြာပြာ”
ဆိုပြီး ချာခနဲ လှည့်ထွက်သွားတော့သည်။

ရဲထွဋ် နှင့် ပြာပြာ တို့ ဇာတ်လမ်းကား ဒီဘဝ ဒီမျှသာ ဖြစ်တော့မည် ထင်ရလေသည်။ ရဲထွဋ်တစ်ယောက်ကား မန္တလေး ကွန်ပျူတာ တက္ကသိုလ်က ကျောင်းပြီးပြီးနောက် I.T Company တစ်ခုတွင် Programmer အဖြစ် ဝင်ရောက်လုပ်ကိုင်လေသည်။ အလုပ်ထဲရောက်လာ၍ စိတ်များတည်ငြိမ်သွားပြီ ဟု သူ့ကိုယ်သူ ထင်နေသော်လည်း သူ့ နှလုံးသား အနာမှာ အလွယ်တကူ မကျက်နိုင်ခဲ့ပေ။ ပြာပြာနဲ့ ရောက်ဖူးသော နေရာများသို့ ရောက်မိလျှင် ပြာ့ပြာ့ကို မြင်ယောင်၏။ မရောက်ဖူးသော နေရာများသို့ ရောက်လျှင် ပြာပြာနဲ့ တုန်းက မလာခဲ့ရဘူး ဟု တမ်းတမိပြန်သည်။ နောက်ဆုံးသို့ အတိတ်ထဲက ရုန်းထွက်နိုင်ရန် ပတ်ဝန်းကျင်သစ် သို့သွားတော့မည် ဆုံးဖြတ်ပြီး မိဘများထံ ခွင့်တောင်းကာ စင်္ကာပူထွက်တော့မည် လုပ်တော့၏။

သွားခါနီး အစ်မဝမ်းကွဲ ဖြစ်သူ မဝါဝါခိုင်မင်းတို့ မိသားစု ကို သွားနှုတ်ဆက်သေးသည်။ မမဝါက
“အေးကွယ်၊ မင်းက ဦးဥာဏ်လောက် အချစ်ရေးမှာ ကံမကောင်းဘူးကိုးကွဲ့၊ အစစ အရာရာ အဆင်ပြေ ချောမွေ့ပါစေကွယ်”
ဆိုပြီး နှုတ်ဆက်လိုက်၏။ အဒေါ်ဖြစ်သူ ဒေါ်အယ်ဇီကတော့
“လူပျိုကြီး လုပ်တာပဲ ကောင်းပါတယ် ရဲထွဋ်ရယ်”
ဟု အားပေးရှာ၏။

ပြာပြာတစ်ယောက်မှာတော့ရော..
ရဲထွဋ်နှင့် တူတူ နောက်ဆုံး စစ်ကိုင်းသွားလည်ကြစဉ်က အမျိုးဖြစ်သူ မခရေညို ကတွေ့သွားသောကြောင့် အဖေဦးစိုင်းစိုင်းဆီ နားပေါက်သွားသဖြင့် အိမ်တွင် အနေကျပ်နေလေသည်။ ပြာပြာ ကျောင်းပြီးသောအခါ ဦးစိုင်းစိုင်းက မိတ်ဆွေဖြစ်သူ စိန်ပွဲစား ဒေါ်ကြယ်ပြာ ၏ တူဖြစ်သော ပင်လယ်ထဲတွင် သူ့ဘာသာသူ ရွက်လွှင့်နေသော သင်္ဘောသား ကိုအန်ဒရူး နှင့်လက်ထပ်ပေးမည် စီစဉ်၏။

ကိုအန်ဒရူး အိမ်လာလည်သော အခါတွင်ကား ကိုယ့်ဘာသာကိုယ် လူပျိုကြီးမို့လို့ ရှက်ရသည့်အထဲ ပြာပြာ့ မောင်ဝမ်းကွဲဖြစ်သော ဖြိုးမော်က ကင်မရာတစ်ချိန်ချိန်ဖြင့် ဓါတ်ပုံလိုက်ရိုက်တော့ ပိုဆိုး၏။ ဒီကြားထဲ နောက်မောင်တစ်ယောက်ဖြစ်သော ဂျပန်ကောင်လေးက အီးဋီကာ လာဖွင့်ပြနေသဖြင့် စိတ်ညစ်ရသေးသည်။ ကိုယ့်အစ်မဆီ လာပိုးလို့ ပိုးမှန်းမသိ သဘောစွတ်ကောင်းတတ်သော ရီနိုမာန် နှင့်သာ အနည်းငယ် အဆင်ပြေလေသည်။ သို့သော်လည်း တွေ့တိုင်း ငိုပြ၍ မုန့်ဘိုးတောင်းတတ်သော ပြာပြာ့မောင်ငယ် ဖိုးစိန် နှင့် တွေ့သောအခါတွင်ကား ကိုအန်ဒရူးတစ်ယောက် “နှင်းဆီပြာရဲ့ အဝေးကငါ” ပဲလုပ်တော့မည် ဆုံးဖြတ်ကာ လက်လျှော့သွားလေသည်။

ပြာပြာ့အိမ်ရှေ့ ဂစ်တာ လာတီးသော အရပ်ထဲက လူငယ်လေးများလည်း ရှိ၏။ သူတို့ကား အာဇာနည် စတိုင်လ် အပြည့်ရှိသော ဗီလိန် နှင့် ဂစ်တာတီးကောင်းသော ခရောင်းတို့ ဖြစ်သည်။ သူတို့တွေကျ ပြာပြာ့ ညီမဝမ်းကွဲတွေနဲ့ တွေ့ရလေသည်။ ညီမ သဲသဲက သူတို့ဂစ်တာ လာတီးကြလျှင် ခွေးနှင့် ရှူးတိုက်လေ့ရှိသည်။ နောက်ညီမ တစ်ယာက်ဖြစ်သော ဖြူစင်ကြယ် ကတော့ လောက်လေးဂွနှင့် ထုလွှတ်တတ်လေသည်။ နောက်ဆုံးတော့ ဟိုနှစ်ယောက်လည်း “ကောင်းကင်ပြာကို ဘယ်သူများ ဆေးရောင်ခြယ်၊ ခြယ်ချင်တဲ့သူခြယ်” ဆိုပြီးလစ်သွားကြလေသည်။ နောက်ဆုံးတော့ ပြာလည်း သူ့သူငယ်ချင်း မငုံလို အပျိုကြီးပဲ လုပ်တော့မည် ဆိုပြီး ဆုံးဖြတ်လိုက်လေတော့သည်။

ဦးစိုင်းစိုင်းတစ်ယောက်ကတော့ ပြာပြာ့ကို
“ငါ့အလုပ်ကူမှာလား အိမ်ထောင်ချပေးဖို့ ထပ်စီစဉ်ရမလား”
“ဟမ် ဖေဖေကလဲ၊ သမီးအိမ်ထောင်မပြုချင်ပါဘူး”

“အဲဒါဆိုလဲ ငါ့စီးပွားရေး လုပ်ငန်းတွေမှာ ဝင်ကူလုပ်တော့”
“သမီးလဲ အဲဒါစဉ်းစားနေပါတယ်၊ အဲဒါလေ လုပ်ငန်းပိုတိုးတက်ဖို့ ကူညီနိုင်အောင် accounting သင်တန်းသွားတက်မလို့ ဖေဖေရဲ့”

“အဲဒါဘယ်မှာ တက်ရမလဲ”
“ရန်ကုန်မှာ သင်တန်းစတက်ရမယ်၊ ပြီးရင် စင်္ကာပူကို သွားတက်ရမှာ”

ဒီအတိုင်း အိမ်မှာ အခန့်သားထိုင်စားနေတာ သိပ်ကြည့်မရတော့သော ဦးစိုင်းစိုင်းလည်း ခွင့်ပြုလိုက်လေသည်။

ဆက်ရန်..
စင်္ကာပူမှာ ပြန်ဆုံကြတဲ့ အခါ ရဲထွဋ်နဲ့ ပြာပြာ ဘာတွေ ဆက်ဖြစ်ကြမလဲ....

ခင်မင်စွာဖြင့်
သီဟသစ်

Wednesday, October 17, 2012

Facebook Ethics (သို့) ကျွန်တော်တွေးမိသည့် Facebook ယဉ်ကျေးမှု

၁။ စိတ်ညစ်တယ် စိတ်ပျက်တယ် စသည့်အရာများကို ဘာကြောင့်ဖြစ်တယ် ဆိုတာ မဖော်ပြနိုင်ရင် လုံးဝကို Status အနေနဲ့ မရေးသင့်ပါ။ ကိုယ့်ကိုမုန်းသူများပျော်စေပြီး ကိုယ့်ကိုခင်မင်သူများ ဘာကြောင့်ဖြစ်ရတာပါလိမ့်၊ ငါကြောင့်များလား တွေးမိပြီး စိတ်ပူလောင်စေသောကြောင့်ဖြစ်ပါသည်။လူတိုင်းကို ပျော်အောင် သင်လုပ်မပေးနိုင်ပါ။ သို့သော် လူတိုင်း ကိုယ်ကြောင့် စိတ်အနှောင့်အယှက် မဖြစ်နိုင်အောင်တော့ အတတ်နိုင်ဆုံးကြိုးစားနိုင်ပါသည်။

၂။ ပေါက်တတ်ကရပုံ အများအမြင် မတင့်တော်သောပုံများကို သူငယ်ချင်းများအား Tag မလုပ်ပါနဲ့။ သူတို့ကို လေးစားမှုမရှိရာ ရောက်သောကြောင့် ဖြစ်ပါသည်။ကိုယ့်ကို Tag အလုပ်ခံရလျှင်လည်း သူငယ်ချင်း အရင်းဖြစ်လျှင် မကြိုက်ကြောင်း သတိပေးစကား လှမ်းပို့ပါ။ အရင်းမဟုတ်ပါက ကိုယ့်ကို သေချာလည်း မသိ၊ လေးလည်း မလေးစားသူကို Unfriend လုပ်ပါ။

၃။ တစ်ခုခုကို Statusတင်/Comment/ Share မလုပ်ခင် ကိုယ့်ရဲ့ ရယ်ရွယ်ချက်ကို သေချာ စဉ်းစားပါ။THINK!T - is it True?H - is it Helpful?I - is it Inspiring?N - is it Necessary?K - is it Kind?သူငယ်ချင်းတွေကို စချင်နောက်ချင်၊ ပျော်စေချင်တယ် ဆိုလျှင် ကိစ္စမရှိသော်လည်း အားလုံးကို စိတ်အနှောင့်အယှက် ဖြစ်စေရုံသက်သက်အတွက်တော့ မလုပ်သင့်ပါ။

၎။ သူငယ်ချင်းရဲ့ အတွင်းရေး ကိုယ်ရေးကိုယ်တာ ကိစ္စများကို မေးမည်ဆိုပါက သူ့wall/timeline ပေါ်သွားမေးခြင်းထက် FaceBook Message ပို့ပြီး မေးပါ။

၅။ ကိုယ့်Friend List ထဲကတစ်ယောက်ယောက်တို့ (သို့) တစ်ဖွဲ့ဖွဲကို ဘယ်လိုမှ သဘောမကျနိုင်လို့ မဖြစ်မနေ ဆဲချင်တယ် ဆိုရင်လည်း အဲဒီလူတွေကို FaceBook List ဖွဲ့ထားပြီး Status တင်တဲ့ အချိန်မှာ Show/Hide မှာ အဲဒီ List ရွေးလိုက်ပါ။ မဆိုင်တဲ့သူတွေ စိတ်အနှောင့်အယှက် ဖြစ်စရာ မရှိတော့သောကြောင့် ဖြစ်သည်။

၆။ ကိုယ့် wall/timeline ပေါ် ကြိုက်တာ တင်လို့ရတယ်ဆိုပြီး ရိုင်းစိုင်းတဲ့ စကားလုံးများ သုံးကာ မတင်သင့်ပါ။ အပြင်က ဥပမာအနေနဲ့ ပြောရရင် အိမ်ရှေ့ထွက်ဆဲနေသလို ဖြစ်နေသောကြောင့်ဖြစ်ပါသည်။

၇။ FaceBook Profile တွင် အလုပ်နဲ့ ပတ်သက်တဲ့ information ဖြစ်နိုင်ရင် မထည့်သင့်ပါ။ ထည့်ချင်တယ်ဆိုရင်လည်း FBတွင် ပေါက်တတ်ကရတွေ သိပ်မလုပ်သင့်ပါ။ ကိုယ့် အဖွဲ့အစည်းကို ကိုယ်က ကိုယ်စားပြုနေသလို ဖြစ်နေသောကြောင့် ဖြစ်ပါသည်။

၈။ ကိုယ်ရောက်နေတဲ့ နိုင်ငံ/လူမျိုး (အထူး သဖြင့် စလုံး) နဲ့ ပတ်သက်ပြီး သူတို့၏ Page များတွင် Negative ဆန်သော ကောမန့်များပေးခြင်း ဆင်ခြင်ပါ။ အလုပ်တွင် ထိခိုက်မှု ရှိနိုင်သောကြောင့်ဖြစ်ပါသည်။ e.g http://www.asiaone.com/News/Latest%2BNews/Singapore/Story/A1Story20121008-376209.html

၉။ ထို့အတူ ဘာသာရေး၊လူမျိုးရေးနဲ့ ပတ်သက်သော ကိစ္စများကို သူတို့၏ Page များတွင် Negative ဆန်သော ကောမန့်များ မပေးသင့်ပါ။ Facebook တွင် Racist comment ကြောင့် အဖမ်းခံရသည်ဆိုသော သတင်းများကြောင့်ဖြစ်ပါသည်။ e.g http://www.channelnewsasia.com/stories/singaporelocalnews/view/1211003/1/.html

၁၀။ ကိုယ့်သူငယ်ချင်းများထဲမှ နိုင်ငံခြားသား မိတ်ဆွေများကို list သတ်သတ်ဖွဲ့ပါ။ မြန်မာလို status တင်ချင်သောအခါ ထို list ကို hide လုပ်ထားခြင်းဖြင့် သူတို့ရော ကိုယ်ရော စိတ် အနှောင့်အယှက် ဖြစ်ခြင်းမှ ကင်းဝေးစေနိုင်ပါသည်။

FaceBook မှာ ကြုံရတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး ပြောထားတဲ့ podcast ကိုအောက်က link မှာ နားထောင်ကြည့်ပါ။
http://soundcloud.com/myanmarnetwork/facebook-issues-by-daw-haymar
FaceBook တွင်ရှိသင့်သည် ထင်သော ယဉ်ကျေးမှုများကို စိတ်ထဲ ရှိသလို ရေးထားတာပါ။ လိုအပ်တာတွေ တွေ့ရင် ဖြည့်စွက်ပြင်ဆင်ပေးကြပါ။

ခင်မင်စွာဖြင့်
သီဟသစ်