Monday, March 8, 2010

အမြဲစီးဆင်းနေသော မြစ်တစ်စင်း (သို့) ချစ်ခြင်းမေတ္တာ (၁)

တွေ့တွေ့ချင်းက မနက်စောစောမို့ ထင်သည်။ သူ့ကိုခေါ်လိုက်တော့ မလိုက်ဘဲ အော်ငိုသည်။ မြန်မာပြည် မနက်ခင်းဆိုတော့ ထုံးစံအတိုင်း သိပ်မလင်းဘူးပေါ့။ သူက မှောင်ရင် သူ့အမေနားဘဲ ကပ်နေတာ အကျင့် ဖြစ်နေတာဖြစ်မည်။ မနက်လင်းတော့ တဖြည်းဖြည်း ကျွန်တော့်ကို နည်းနည်းသိလာပြီး ပြုံးပြသည်။ နောက်ကျတော့ မျက်စိအောက်ကတောင် အပျောက်မခံဘဲ လိုက်ကြည့်သည်။ သူဆိုတာတော့ သိကြတဲ့ အတိုင်း သားလေး လင်းသန့်ပိုင် ဖြစ်ပါသည်။

IMG_2616
ကြီးလာရင် စာဖတ်ဝါသနာပါမည် မပါမည်တော့ မသိ၊ ခုတော့ ၀တ္ထုတို ပေါင်းချုပ်နဲ့ ဆော့နေတာ

သားလေးကို မြင်ရတော့ တကယ်ပဲ အမောတွေပြေသွားပါသည်။ သားလေးဆီကို ရောက်အောင်လာခဲ့ရတဲ့ ခရီးကို ပြန်လည်စဉ်းစားမိလိုက်သော အခါ..

မပြန်ခင် တစ်ရက်မှာ Client Site မှာ ဗိုက်ဆာနေမှာစိုးလို့လား၊ ရွှေနိုင်ငံ အပြန်ခရီးမှာ အလုပ်ကို မေ့သွားမှာ စိုးလို့လား မသိ့.. ဂျာကြီးက Client Site အထိ လိုက်လာပြီး မုန့်ဟင်းခါး လာကျွေး၏။ အို..ဘာဖြစ်ဖြစ် ချစ်တဲ့သူတွေနဲ့ တွေ့ရတော့မယ်.. နင်သွားငါမေ့..ဆိုပြီး စိတ်ထဲ ထားပစ်လိုက်သည်။ Flight တူတာက ဘလော့ ညီအစ်ကို မောင်နှမ ၅ ယောက်လောက်ရှိ၏။ သို့သော်လည်း ထုံးစံအတိုင်း မျိုးကျော့မြိုင်ကို ကြိုက်သော၊ သူ့လိုသာ မစွံတာ နောက်ကျတာ သွားတူသော သီဟသစ် တစ်ယောက် ဘယ်သူနဲ့မှ ထိုင်ခုံနေရာအတူတူမရ။ ကံဆိုးချင်တော့ သွားတိုက်ဆေးနှင့် ခေါင်းလိမ်းဆီဘူးကို Hand Carry အိတ်ထဲ ထည့်ထားမိသဖြင့် အမှိုက်ပုံးထဲ လွှင့်ပစ်ခံရလေသည်။ ကံကောင်းချင်တော့ Business Class ပြီးပြီးချင်း ပထမဆုံးအတန်းမှာ နေရာရလိုက်သည်။ ကံဆိုးချင်တော့ ပြတင်းပေါက်ခုံ မဟုတ်သဖြင့် အုန်းသီးကြီး မထုတ်လိုက်ရချေ။

ဟိုရောက်ရောက်ချင်း အားရပါးရ ပြေးဆင်းသွားလိုက်သည်။ အလှူဒါန ပြုကြသူငါ အစီအစဉ်မှာ စလုံး၁၀လှူလိုက်ခြင်းဖြင့် စကားလုံးများကို ချွေတာရေး လုပ်လိုက်လေသည်။ မန္တလေးသို့ အတူတူလိုက်ခဲ့ကြမယ့် အသိညီငယ်လေး၂ယောက် လာကြိုကြလို့ တော်သေးသည်။ နို့မို့ရင် လေဆိပ်ကလူတွေက ဇွတ်ဖော်ရွေကြသကိုး။ ဒါနဲ့ နိုင်ငံတကာ အဆင့်မီ လေယျာဉ်ကွင်းကြီးကနေ အဝေးပြေးကားကွင်းကြီးဆီ တိုက်ရိုက်ယွန်းပြီး သကာလ ည ၇ နာရီ ကားစထွက်လေသည်။ ခါတိုင်း မော်ဒယ်မိခင်ကြီးရဲ့ ကျွန်မတို့ ဟိုကစလို့ ဟိုကိုရောက်ပါပြီ ဘာညာ Video ကိုပြတတ်သော အဝေးပြေးကားလည်း ခုတစ်ခါတော့ အဲဒါကိုမပြတော့ချေ။ သီချင်းတွေကို ကိုးရီးယားကား မြန်မာကားထဲက ဖြတ်ညှပ်ကပ်ထားသော ရှူခင်းများဖြင့် တွဲလိုက်သောအခါ ဘာမှ မဆိုင်တော့သော Mood အောက်ချင်စရာ သီချင်းများကို သည်းခံနားထောင်ပြီး သကာလ မီးထိန်ထိန်လင်းနေသော နေရာတစ်ခုသို့ ရောက်လေသည်။ ကိုယ်တွေကလည်း မီးထိန်ထိန်လင်းရင် ဟိုနေရာပဲ ထင်တာ၊ ကားကမြန်လှချည်လား ဆိုတော့ တကယ်ကျ မဟုတ်သေးချေ ယာဉ်ရပ်နားစခန်း တည်နေခြင်း ဟူသတည်း။

လမ်းမှာထမင်းစားနားသော အခါ ရွှေရှမ်းလေးဟူသော ဆိုင်တွင်နားလေသည်။ ရွှေစက်တော်ကို သတိရချင်စရာ၊ တဲကြီးကြီးမိုးထားပြီး အိမ်သာတွေကလည်း ထရံကာလေးတွေနဲ့ ဖြစ်သည်။ ရှမ်းဆန်စီးစားရတာတော့ မဆိုးချေ။ ဂလိုနဲ့ ကားပေါ်မှာ ဟိုပြောဒီပြောလုပ်လိုက် အိပ်လိုက်နှင့် ဟိုနေရာကြီးကို ဖြတ်ရလေသည်။ ညအချိန်တွင်တော့ ရှူခင်းများ မဆိုးလှချေ။ နေ့ခင်းဘက်ဆိုရင်တော့ တစ်နေရာနဲ့ တစ်နေရာ ဒီလောက်ဝေးနေတာ သေအောင်ပူလိုက်မယ့် အမျိုးလို့ ထင်မိသည်။ စလုံးမှာ တစ်ခါမှ မသုံးရသည့် မှတ်ပုံတင်ကြီးကို ပြချင်သော်လည်း ကြည့်ချင်သူမရှိသဖြင့် မပြခဲ့ရ။

မနက် မန္တလေးရောက် ဟိုသွား ဒီသွား ပစ္စည်းတွေဝယ်တော့ မျက်စိထဲ ဆန်းတယ် ထင်တာတွေ့ရတယ်။ ကြွပ်ကြွပ်အိတ်တွေ နေရာတွင် ပလတ်စတစ်အိတ်အကြည်တွေ တွေ့ရခြင်းကြောင့် ဖြစ်သည်။ ကြွပ်ကြွပ်အိတ် ကင်းစင်ရေး နယ်မြေ ဆိုတာတွေ ဘာတွေ လုပ်နေကြတယ်ဆိုတဲ့ သတင်းသွား သတိရတယ်။ နှင်းဆီဖြူနဲ့ တွေ့တဲ့အခါ မေးကြည့်တော့ ကြွပ်ကြွပ်အိတ်ကို အကြည်ရောင် ဖြစ်အောင်လုပ်ထားကြတာဟု သိရလေသည်။ ကိုယ်ဘာပစ္စည်းတွေ ၀ယ်လာတယ် ဆိုတာ သူများတွေ မြင်နေရတော့သကိုး။ အရင်တုန်းကလို Orange သွား၊ ဖရဲသီးကြီးဝယ် ပြန်လာ၊ အိတ်အကြီးကြီးဆိုတော့ သူများတွေများ နည်းနည်းရှိန်မလားလို့ပေါ့၊ ခုတော့ ဒါမျိုးလုပ်လို့မရတော့ချေ။

ခေတ္တနား ပြီးနောက် မန္တလေး-မြစ်ကြီးနား ရထားရှိရာ ဘူတာကြီးကို သွားရပြန်၏။ နှင်းဆီဖြူလေးဆီ ရထားက အချိန်မှန်ထွက်တော့မည် ဖြစ်ကြောင်း လှမ်းအကြောင်းကြားပြီးသကာလ စာအုပ်ဆိုင်တွေမှာ ပြေးဝယ်ခဲ့သော စာအုပ်တွေနှင့် စတင်ဇိမ်ကျလေပြီ။ သို့သော်လည်း မပြောင်းလဲသော အကြောင်းတရားများ ဆိုသည့် အတိုင်း ရွှေကြက်ယက်ဘုရားနား အရောက် ရထားကြီး တွဲချော်လေတော့သည်။ ဒီအခါကျမှ သီဟလည်း အုန်းသီးကြီးကို စတင်အသုံးချခွင့် ရလေပြီ။ ဟိုရိုက်ဒီရိုက် လုပ်ပြီးသွားပြီး ၃ နာရီလောက်ကြာသွားသောအခါ ရထားကြီး စတင်ပြန်ထွက်လေသည်။ ရောက်ချင်ဇောတွေ အားကြီးနေလို့ထင့်၊ ပင်ပန်းနေသော်လည်း ရထားပေါ်ကောင်းကောင်း အိပ်မပျော်။ မိုးညှင်းမြို့ကိုရောက်တော့ မနက် ၅ နာရီလောက်ရှိပြီ။ အပါး(နှင်းဆီဖြူလေးရဲ့ အဖေ)က လာကြိုသည်။ ဘေဘီလေး လင်းသန့်ပိုင်လည်း နိုးနေပြီ။

IMG_2311

မိုးလင်းတော့မှ သားလေးကို ကောင်းကောင်းချီရလေသည်။ ဟိုတစ်ခါ မွေးခါစမှာ တွေ့ရတုန်းက အူယားသဖြင့် မချီခဲ့ရ။ ချစ်ခြင်းမေတ္တာဆိုတာ အတူတူနေရမှ ပိုပြီးခံစားသိရှိရလေသည်။ သားလေးကို စလုံးကနေ ချစ်နေတယ် ဆိုသော်လည်း မတွေ့ရသဖြင့် စိတ်ကူးထဲ တအားပုံဖော်မရ၊ ဖုန်းထဲက နှင်းဆီဖြူလေး ပြောသမျှနဲ့သာ ခန့်မှန်းကြည့်ခဲ့ရသောကြောင့်ပင်။ သားလေးကလည်း တစ်ခါတစ်လေ တရေးနိုးလာရင် ကိုယ့်ကို မမှတ်မိပြန်။ ပါပါးလေ၊ ပါပါးလေ ဆိုပြီး သူ့အမေက ပြန်ပြန်မိတ်ဆက်ပေးရသည်။ ကလေးက စကားသာ မပြောတတ်သေးသာ ဖခင်ဆိုတာကို ခံစားသိရှိနိုင်သည် ထင်သည်။ အရင် သူ့အမေတစ်ယောက်တည်း ထိန်းရစဉ်က လူတွေကိုကြောက်၊ နေရာစိမ်းရင် ကြောက်သလောက် ကျွန်တော်နှင့်တွေ့တော့ အဲဒါမျိုးတွေ မရှိတော့။ ပိုလည်းလိမ်မာလာသည်။ သားလေးရဲ့ အဒေါ်တွေကတောင် အံ့သြယူရသည်။ သားလေးကို သိပ်ဖို့ နောက်ကျောဘက်မှာ အသိုင်းနဲ့ချည်ပြီး လမ်းလျှောက်ရသေး၏။ သူ့အမေလို ကျွန်တော်က သီချင်းမဆိုပြတော့ ကိုယ့်လူက အော်သေးသည်။

IMG_2578

IMG_2579

နောက်တစ်နေ့မှာ တရုတ်နှစ်ကူးဆိုတော့ အပါးနှင့် အမားကို ကန်တော့ ပြီးတော့ ဟုန်ပေါင်းတွေ ယူကြသည်။ (ဘယ်လောက်ရလဲ မမေးပါနဲ့တော့၊ ဟိုမှာ သုံးခဲ့တာ ကုန်သွားပြီ)ဘုန်းကြီးကျောင်းကို မိသားစုလိုက်သွား အလှူတွေလုပ်ကြသည်။ သားလေးကတော့ တစ်နေရာသွား ကားစီးလိုက်ရလျှင် မျက်လုံးလေးစင်းပြီး အိပ်ပျော်သွားပြီ။ တရုတ်နှစ်ကူးပြီး နောက်တစ်ရက်ပြန်ကြတော့မှာမို့ ပစ္စည်းတွေထည့်ရသည်။ သားလေးအတွက် ကစားစရာပစ္စည်းတွေကိုက Luggage တစ်အိတ်၊ စားစရာတွေက တစ်အိတ်ဖြစ်သည်။ လင်မယားနှစ်ယောက်သား အိတ်တွေကို စီစဉ်နေသလို ဘာလိုလို ယောင်တောင်ပေါင်တောင် လုပ်နေကြချိန် သားလေးက ကုတင်ပေါ်မှာ ဆော့နေသည်။ သူ့အမေက ဖက်တုန်းနှင့်ကာထားပေးကာမှ ဖက်တုန်းပေါ်မှ အရှိန်လွန်ပြီး ကြမ်းပြင်ပေါ် ခေါင်းနှင့် ပြုတ်ကျတော့သည်။ ကလေး နတ်စောင့်တယ် ဆိုတဲ့စကား တယ်မှန်သည်။ ကံကောင်းလို့ သူဘာမှတော့ မဖြစ်၊ တော်တော်တော့ လန့်သွားပုံရသည်။ ငိုနေတာ တော်တော်ကြာပြီး သူ့အမေကရင်ခွင်ထဲပွေ့ထား ချော့လိုက်၊ နို့တိုက်လိုက်မှ နည်းနည်းချင်း ရပ်သွား၏။ ကျွန်တော်လည်း တော်တော်ရင်ထိတ်သွားသည်။ သို့သော်လည်း နှင်းဆီဖြူလေးက လူကြီးကို ချော့နေဖို့ရာ မအားသဖြင့် သူ့အလိုလိုပဲ လန့်တာပျောက်လိုက်ရလေသည်။

ညနေအရောက် ရထားဆင်းကြသောအခါ သားလေးမှာ လူတွေအများကြီးနဲ့ တွေ့ရပေမယ့် မကြောက်မရွံ့ဘဲ ပျော်နေလေသည်။ အသံကြားရာလိုက်ကြည့်၏။ ဈေးသည် ဖြတ်သွားတဲ့ အသံ၊ စားသောက်တွဲက စားပွဲထိုးတွေရဲ့ အသံတွေကို အကုန်နားစွင့်ပြီး သူ့မြင်ကွင်းက မပျောက်မချင်း လိုက်ကြည့်တတ်လေသည်။ ဒါတင်မကသေး ကိုယ်ရဲ့ခုံကို ကျော်ပြီး တခြားခုံတွေကိုပါ လှမ်းကြည့်ပြုံးပြလုပ်နေသေးသည်။ ခဏနေတော့ သူလည်းပင်ပန်းသွားပြီး အိပ်တော့သည်။ ရထားပေါ်မှာ မွေ့ရာလေးခင်းသိပ်ရသည်။ အိပ်စင်တွဲကလည်း ကြားမြို့လည်းဖြစ်ပြန်၊ ကိုယ်တွေကလူတွေလည်း ဖြစ်ပြန်ဆိုတော့ ၀ယ်လို့မရသောကြောင့် ဖြစ်ပါည်။ ကလေးအိပ်နေတုန်း စားသောက်တွဲက စားပွဲထိုးလေးက ရေသန့်ဘူးကို မြောက်ဆော့ပြီး ယူလာတာ ကလေးနားသွားကျသေးသည်။ ကံကောင်းလို့ ကလေးပေါ်မကျတာဖြစ်သည်။ သားလေးကလည်း ရထားရပ်ထားရင် အိပ်နေရာက နိုးနိုးလာတတ်သည်။ ထို့ကြောင့် မြန်မြန်နှေးနှေး ရထားကြီး သွားနေပါစေလို့သာ ဆုတောင်းနေရတော့သည်။

ဆက်ပါဦးမည်..

ညီအစ်ကို မောင်နှမများ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

ခင်မင်စွာဖြင့်
သီဟသစ်

Wednesday, February 10, 2010

လမ်းတိုင်းသည် မန္တလေးသို့ ဦးတည်နေကြသည်

မန္တလေး အကြောင်း ရေးပြန်အုံးတော့ မလား ပိုပိုနိုင်လွန်း ဆိုရင်လည်း ခံရတော့မှာပဲ။ မန္တလေးကို ချစ်တယ် ဆိုတဲ့ စိတ်ကို မန္တလေးမှာ ကြာကြာမနေဖူးတဲ့သူတွေက နားလည်နိုင်မယ် မထင်ဘူး။ ခြင်ကိုက်တယ်၊ ဖုန်ထူတယ် ဆိုတာလည်း မှန်၏။ အဲဒါတွေက မန္တလေးကို ချစ်တဲ့စိတ်ကို လျော့မသွားစေနိုင်ပါဘူး။ ဒါတွေ ဘာကြောင့် ရေးနေတာလဲ ဆိုတော့ ချစ်သောမိသားစုနဲ့ တွေ့ဖို့ရာ ချစ်သော မန္တလေးကို အလည်သွားတော့မှာ မို့လို့ပါ။ ပြောသာပြောရတာ မန္တလေးလည်း သိပ်ကြာကြာ နေချိန်ရမယ် မထင်။

ရှေးလူကြီးတွေရဲ့ စကား "ပုဝါပါး ကြက်သားထုတ်တော့ စွန်းတတ်တယ်၊ တစ်ရွာသား ရည်းစား လုပ်တော့ လွမ်းတတ်တယ်" ဆိုတဲ့ စကားကို ရွဲ့ပြီးတွေးမိတာ ရှေးလူကြီးတွေများ နောင်ခေတ်တွေထိ မြန်မာနိုင်ငံ လမ်းပန်းဆက်သွယ်ရေး မလွယ်လောက်ဖူး ဆိုတာ ကြိုပြီးသိများနေသလား တွေးမိတယ်။ ဟိုတစ်ခါပြန်တုန်းက မိုးညှင်း၊ မန္တလေး၊မကွေး ကူးနေရတာနဲ့ ကားပေါ်၊ ရထားပေါ်မှာ ၇ ည အိပ်လိုက်ရတယ်။ ခုတစ်ခေါက်လည်း သိပ်ထူးမယ် မထင်ဘူး။ ကျောင်းမှာတုန်းက သူငယ်ချင်းပြောတာ သတိရတယ်။ သူက မိုးညှင်းနဲ့ မကွေးကို တိုက်ရိုက်သွားလို့ရတယ် ထင်နေတာ။ အဲဒါနဲ့ မင်း အထက်တန်းကျောင်းတုန်းက ပထ၀ီတော့ သင်ဖူးပါတယ်နော် လို့ မေးပလိုက်တယ်(၉ဘာသာ သင်ရတုန်းက ၁၀တန်းပါ)။ မိုးညှင်းသွား နှင်းဆီဖြူနှင့် ချန်းချင်လေးကို ခေါ်၊ မန္တလေး ဆင်း၊ အဖေ၊အမေ၊ အစ်မတွေနဲ့ တွေ့ဖို့ရာ က မကွေးကို သွား...ရဟူး..။ အင်းလေ ဒီဒုက္ခတွေက လိုချင်တိုင်းရတာမှ မဟုတ်တာ။ လူပျိုကြီးတွေဆို အဲလိုမျိုး လုပ်လို့မှမရတာ၊ :P

ခုတစ်ခေါက်ပြန်တာ အုန်းသီးလည်း ၀ယ်ထားစ ဆိုတော့ ကွက်တိပဲ။ ရှူခင်းတွေ လျှောက်ရိုက်မယ် စဉ်းစားထားတယ်။ ကလေးထိန်းလိုက်၊ ဓါတ်ပုံတွေ ရိုက်လိုက် လုပ်ရမှာပဲ။ သားလေးက ခုတစ်ခေါက် ဒုတိယအကြိမ် ပြန်တွေ့ရမှာပဲ။ သူမွေးမွေးချင်းတုန်းကတွေ့တာက သူဘယ်မှတ်မိမှာလဲ။ ခုတစ်ခေါက်တွေ့ရင်တော့ သူသိနေပြီလေ။ ကိုယ်နဲ့တွေ့ရင် သားလေး ဘယ်လိုနေမလဲ ဆိုတာ စဉ်းစားမိတာ ရင်တော့ခုန်စရာပဲ။

ခုတစ်ခေါက်တော့ အလွတ်ကျက်သွားတဲ့ သီချင်းလေးက

မောင်ရင် စိုင်းစိုင်းဆိုတာကို ကြိုက်လို့တော့ မဟုတ်ဘူး။ စာသားတွေက ကွက်တိပဲ။

နှင်းဆီဖြူလေးနဲ့ ချန်းချင်လေးကို ခေါ်ပြီး စင်္ကာပူပြန်လာတဲ့ အခါ မြင်ရမယ့် မြင်ကွင်းတွေ နည်းနည်းမှန်းကြည့်တယ်။ နှင်းဆီဖြူလေးအကြောင်းကို ညီအစ်ကို မောင်နှမတွေ မသိကြသေးလို့။ ကျားပေါက်ရဲ့ "သူ့အကြောင်း သီချင်းမရေးလို့ စိတ်တွေ ကောက်ပါ၏၊ ကြာကြာ မကောက်နိုင်ဘူး၊ သူဟာ ကလေးလေးချီ၊ သူဟာ ကလေးဆိုးကြီး" ဆိုတဲ့ "ကျွန်တော်၏ အခြားတစ်ဝက်" ဆိုတဲ့ သီချင်းလေးလိုပါပဲ။ စိတ်သိသိသာသာကောက်တတ်တယ်။ နှင်းဆီဖြူလေး ပြန်အလာကို မျှော်နေတဲ့ အဖွဲ့ ၂ ဖွဲ့ရှိ၏။ အဖွဲ့ ၁ က ကျောင်းတုန်းက သူငယ်ချင်းများ အဖွဲ့၊ နောက်တစ်ဖွဲ့က ဘလော့က ညီအစ်ကိုမောင်နှမ များအဖွဲ့ ဖြစ်သည်။ အဖွဲ့ချင်းမတူပေမယ့် ရည်ရွယ်ချက်ချင်းတော့ တူကြလေသည်။ သီဟသစ် အကြောင်းကို တိုင်ကြရန် ဖြစ်သည်။ ကျောင်းအဖွဲ့က သီဟသစ်တစ်ယောက် ဘလော့အဖွဲ့တွေနှင့် လျှောက်လျှောက်လည်နေသည် ဟု လည်းကောင်း၊ ဘလော့အဖွဲ့က သီဟသစ် ကျောင်းက သူငယ်ချင်းတွေဆီ သွားပြီး ၀က်တုပ်ကွေး ကာကွယ်ဆေးတွေ သောက်တတ်သည် ဟု လည်းကောင်း အထင်တွေ လွဲနေကြသောကြောင့် ဖြစ်နေကြသည်။

မြင်ကွင်း (၁)
သီဟသစ်တို့ စင်္ကာပူကို ပြန်အလာ လေဆိပ်ရောက်သောအခါ ဘလော့မှ ညီအစ်ကို မောင်နှမ များကို စုံညီစွာတွေ့ရလေသည်။ တစ်ချို့ညီအစ်ကိုတွေက သီဟသစ် ဟု Print ထုတ်ထားသော စာရွက်ကို၎င်း၊ ညီအစ်မ တစ်ချို့က သီဟသစ် အလှူတွင် နင်းကန်ဝါးတီးပေးနေသောပုံ၊ အားရပါးရ ရယ်နေသောပုံများကို ၄င်း ကိုင်ကာ ကြိုနေကြလေသည်။ လေဆိပ်အထဲမှ ထွက်လာသော ကိုရင်သီဟကတော့ တစ်သက်လုံးခပ်တည်တည် နေလာသည့် ထုံးစံအတိုင်း ထိုနေ့တွင်လည်း ခပ်တည်တည်ပဲ ဖြစ်သည်။ နှင်းဆီဖြူလေးက နာမည်ကို သတိမထားသော်လည်း ဓါတ်ပုံကို သတိထားမိသဖြင့် သီဟသစ်ကို "ဟိုလူကြည့်ရတာ ကို နဲ့ တူလိုက်တာ" ဟု သီဟသစ်ကို ပြော၏။ သီဟသစ်ကလည်း "အေးကွာ အဲဒါ ငါနဲ့တူတဲ့ ဆယ်လီဗြစ်တီ(Celebrity) တစ်ယောက်ရဲ့ ပုံနေမှာပါ၊ ကြည့်မနေနဲ့တော့၊ ချန်းချင်လေးကို သေချာဂရုစိုက်ပါကွဲ့"။ နှင်းဆီဖြူကလည်း သေချာကြည့်မနေတော့ပဲ "အင်း၊ အဲဒါဆိုရင်တော့ အဲဒီလူက ရုပ်နည်းနည်းဆိုးမယ် ထင်တယ်နော်" ဟု ပြောလိုက်လေသည်။

မြင်ကွင်း (၂)
လေဆိပ်တွင် ဘလော့ ညီအစ်ကိုမောင်နှမများ ကြိုနေကြသော်လည်း ရုပ်တည်ကြီးတွေနှင့် ရပ်နေကြသည်။ သီဟသစ်ကို မြင်သော်လည်း မမြင်ယောင်ပြုနေကြ၏။ အနားရောက်မှ ရုတ်တရက် ကိုကိုသစ် ဟု ၀ိုင်းအော်ကြလေသည်။ ထိုအခါ သီလ၀၏ အနွယ်တော် သီဟသစ်က ပြုံးယောင်ပြုရင်း "အဆွေတော်တို့ လူမှားနေပြီ ထင်တယ်" ဟု ပြောလိုက်လေသည်။ နှင်းဆီဖြူလေးက ကလေးကို ကြည့်နေသဖြင့် သေချာ သတိမထားလိုက်မိချေ။ "ပြောခဲ့တဲ့ စကားများ နားကြားများ လွဲသလား လေသံ က တစိမ်းဆန်နေပြီ" ဟု သီချင်းဆိုရင်း ကျန်ခဲ့ကြလေသည်။

မြင်ကွင်း (၃)
ကျောင်းအဖွဲ့ရော၊ ဘလော့က အဖွဲ့ပါ လေဆိပ်ကို စုံညီစွာ ရောက်နေကြလေသည်။ နဂို ရည်ရွယ်ချက်ကတော့ တိုင်ရန်ဖြစ်သော်လည်း နှင်းဆီဖြူလေး၊ သားလေးချန်းချင် တို့နှင့် အတူ ပြုံးရွှင်စွာ ပြန်လာသော သီဟသစ်ကို တွေ့သောကြောင့် လည်းကောင်း၊ ချစ်စရာကောင်းသော သားလေးချန်းချင်ကို မြင်ရသောကြောင့် လည်းကောင်း ရည်ရွယ်ချက်ကို မေ့ပြီး ကလေးကို ၀ိုင်းလုချီသူချီ၊ အထုပ်ကူဆွဲသူဆွဲ လုပ်ပေးကြလေတော့သည်။ နှင်းဆီဖြူလေးက ကျောင်းကအဖွဲ့ကို သိသော်လည်း ဘလော့အဖွဲ့ကို မသိသဖြင့် "အဲဒါဘယ်သူတွေလဲဟင်" ဟု မေးလေသည်။ ထိုအခါ သီဟသစ်က ၀ါသနာတူ အဖေမတူ အမေကွဲ ညီအစ်ကို မောင်နှမ များ ဖြစ်ကြောင်း ရှင်းပြလိုက်လေသည်။

ပြန်ဆုံကြမယ်လေ၊ ပျော်ပျော်ပါးပါးပေါ့။

ညီအစ်ကို မောင်နှမများ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

ခင်မင်စွာဖြင့်
သီဟသစ်

P.S
၁) ကလူသစ်စကားကို ငှားသုံးရရင် ပြန်လာတဲ့ အခါကျရင်လည်း ရံဖန်ရံခါ တာ့တာ ဖြစ်ပါမည်။
၂) မြင်ကွင်းတွေက အပျော်သက်သက် ရေးထားခြင်းသာ ဖြစ်ပါသည်။ ကိုရင်သီဟကို တိုင်မယ့်သူများရော၊ လာကြိုမယ့်သူများပါ ရှိမယ် မထင်ပါ။
၃) နောက်လထဲ ရောက်မှ ပြန်တွေ့ကြမယ်။ မုန့်ဝယ်ခဲ့ပါမယ် :)

မှတ်ချက်။ ။
ပို့စ် ခေါင်းစဉ်က စာရေးဆရာ တစ်ယောက်၏ ၀တ္ထုနာမည် ကို ကြိုက်လို့ ယူသုံးထားတာဖြစ်ပါသည်။

Tuesday, January 19, 2010

Bonuses (2)

၁) တရားခံ ဘယ်သူလဲဟေ့ ပြော

စိတ်ညစ်လက်ညစ်ပုံ ပေါက်နေသော အားပန်ကို ဂျော်နီက မေးသည်။
ဟေ့ကောင်ကြီး၊ ဘာတွေ စိတ်ညစ်နေတာလဲ
အားပန် : ငါ့ရည်းစား အားလျန်လေ ငါ့ကို စိတ်တအားဆိုးနေတယ်

ဂျော်နီ : ဘာလို့တုန်းဟ
အားပန် : သူ့မှာ ကလေးရှိသွားလို့လေ

ဂျော်နီ :  မင်းတို့ကလည်း အကာအကွယ်လေး ဘာလေး မသုံးဘူးလား
အားပန် : သုံးတာပေါ့ကွ

ဂျော်နီ : အဲဒါဆို ဘယ်လိုဖြစ်ရတာလဲ၊ အပေါက်အပြဲများ ပါလို့လား
အားပန် : အဲဒါ ထားပါကွ၊ ကိစ္စက ကလေးက ငါ့ကလေးဆို ကိစ္စမရှိဘူး၊ သူများကလေးဆိုမှ ဂွ

ဂျော်နီ : မဖြစ်နိုင်တာကွာ၊ အားလျန်က မင်းအပေါ် သစ္စာမရှိဘူး လို့မင်းထင်တာလား
အားပန် : မဟုတ်ဘူးကွ၊ ဒီလို ငါရှင်းပြမယ်၊ ဟိုနေ့က MacRitchie ရေကန်ဘက်တို့ သွားကြတယ်ကွာ၊ အဲဒီမှာ ငါက စိတ်မထိန်းနိုင်တော့ အားလျန်က Condom သုံးဖို့ပြောတယ်၊ ဒါပေမယ့် ငါ့မှာ ပါမလာဘူး

ဂျော်နီ : အဲဒါဆိုရင်တော့ သေချာပါပြီ အဲဒါ မင်းကလေးပါ
အားပန် : နိုးလား(No Lah)၊  အားလျန်က မဖြစ်မနေ သုံးရမယ် ပြောတယ်၊ ငါဘေးနား လိုက်ရှာတယ်၊ အဟောင်းတစ်ခုတွေ့တယ်၊ အဲဒါနဲ့ အခွံကို ပြောင်းပြန်လှန်သုံးပြီး Recycle လုပ်လိုက်တယ်

ဂျော်နီ: အလားမား
http://forums.sgclub.com/singapore/new_ah_bengs_1795.html


၂) Change to Future Tense

Teacher: 'I killed a person' convert this sentence into future tense
Ah Beng : The future tense is 'u will go to jail'


၃) ရေဆာသလို ဆာလောင်တယ်

လူငယ်တစ်ယောက် အိမ်ထောင်ပြုရ ကောင်းမလား မကောင်းဘူးလား စဉ်းစားရခက်နေသည်။ သူ့သူငယ်ချင်းက အိမ်ထောင်ပြုရန် အကြံပေးသည်။

အနည်းဆုံးတော့ကွာ မင်းအသက်ကြီးတဲ့အခါ ရေပူရေချမ်း ကမ်းမယ့်သူ ရှိတာပေါ့

ထိုလူငယ် သဘောကျသွားပြီး အိမ်ထောင်ပြုလိုက်သည်။ နောင်အနှစ် ၅၀ ကြာသောအခါ သူငယ်ချင်း ၂ ယောက် ပြန်ဆုံကြသည်။
သူငယ်ချင်းက

ငါမင်းကို အိမ်ထောင်ပြုဖို့ ပြောခဲ့ဖူးတာ မှတ်မိလား၊ ခုမင်းကို ရေပူရေချမ်းကမ်းမယ့်သူ ရှိတယ် မို့လား
အေး ဟုတ်တယ်ကွ၊ မင်းမှန်တယ်၊ ပြဿနာက ငါက ရေဆာနေတာ မဟုတ်ဘူးဟ


၎) အဖမ်းခံရတဲ့ မူတူး

ချီတက်ပွဲ တစ်ခုတွင် မူတူး အဖမ်းခံရသည်။ အဘယ်ကြောင့်ဆိုသော်....

စာနယ်ဇင်း သတင်းထောင် အမျိုးသမီးက သူ့ရင်ဘတ်တွင် PRESS ဟုသော ရင်ထိုးကို ထိုးထားသည်။ မူတူး စာအတိုင်း လိုက်လုပ်မိသောကြောင့် ဖြစ်သည်။


၅) ကမ္ဘာ့စီးပွားရေး

A: ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် ငါတော့ မအိပ်နိုင်ဘူးကွာ
B: ဟုတ်လား၊ ငါတော့ ကလေးလေးတွေလိုပဲ အိပ်တယ်ကွ

A: တကယ်လား
B: အေးဟုတ်တယ်၊ တစ်နာရီခြား တစ်ခါ ထထပြီး အော်ငိုတယ်


၆) ကားကက်ဆတ်လေး ငါယူသွားပြီ

လူတစ်ယောက်ကားမောင်းလာရင်း တစ်နေရာတွင် ကားဘီးပေါက်တယ်။ ကားဘီးဖာရန် ကားဘီးကို ဖြုတ်နေစဉ် လမ်းသွားလမ်းလားတစ်ယောက် ရောက်လာပြီး မေးသည်။

ဟေ့မင်းဘာလုပ်နေတာလဲ
ကားဘီးဖြုတ်နေတာလေ

အဖြစကားကြားရသောအခါ ထိုလမ်းသွားလမ်းလာက ခဲကြီးကြီးတစ်ခုကောက် ကားမှန်ပြတင်းပေါက်ကို ခွဲပြီးနောက်
အေး၊ အဲဒါဆို ကားကက်ဆတ် ငါယူသွားမယ်


၇) စက်က အလုပ်လုပ်ပါတယ်

မော်တော်ပီကယ်က ကားသမားကို တားလိုက်ပြီးနောက်

မင်းခု အရက်သောက်လာသလား
မသောက်ပါဘူး

အေး၊ အရက်မူးတိုင်း ကိရိယာထဲမှာ အသက်ရှူသွင်းထုတ် လုပ်ကြည့်စမ်း၊ အမယ် အယ်လ်ကိုဟော သင်္ကေတ မပြပါလား၊ စက်များ ပျက်နေသလား..

(မော်တော်ပီကယ်က သူကိုယ်တိုင် အရက်မူးတိုင်း ကီရိယာထဲ အသက်ရှူထွင်းထုတ် ပြုလုပ်ပြီးနောက်)
မဟုတ်သေးပါဘူး၊ စက်က အလုပ်လုပ်နေသားပဲ


၈) နှင်းတော ထဲမှာ ကားမောင်းခြင်း

နှင်းတအားထူနေသဖြင့် ကားမောင်းရခက်နေသော အမျိုးသမီးက ရှေ့ကား၏ နောက်မီးကို ကြည့်ပြီး မောင်းနေရသည်
ရှေ့ကား ရုတ်တရက် ရပ်လိုက်သောအခါ အမျိုးသမီး၏ကားက ရှေ့ကားကို ၀င်တိုက်မိတော့သည်။

အမျိုးသမီးက စိတ်ဆိုးမာန်ဆိုးဖြင့် ထွက်လာပြီး ရှေ့ကား ဒရိုက်ဘာကို သွားအော်သည်

ရှင်ရူးနေသလား၊ ကားကို ဘာလို့ ရုတ်တရက် ရပ်ရတာလဲ၊
ဆောရီးပါဗျာ၊ ဒါပေမယ့် ကျွန်တော်မောင်းတာ ကျွန်တော့်ကားဂိုဒေါင်ထဲ ရောက်နေပြီဗျ


၉) ကာလာတီဗွီ
လူ၂ ယောက်ရောက်လာပြီး ဂျူးတရားဟောဆရာကို မေးသည်။

အဖြူရောင်က အရောင် မဟုတ်လား ဆရာ
အေးငါ ကျမ်းစာထဲမှာ ရှာကြည့်ရမှာပဲ

နာရီဝက်ခန့်ရှာပြီးနောက် တရားဟော ဆရာက ပြောသည်
အေးဟုတ်တယ်

ဒါဖြင့် အမည်းရောင် ကရော ဆရာ
အေးငါ ကျမ်းစာထဲ ရှာကြည့်အုံးမယ်

နာရီဝက်ခန့်ရှာပြီးနောက်
အေး ဟုတ်တယ်

ထိုစကားကြားရသောအခါ ပထမလူက ဒုတိယလူဘက်လှည့်ပြီး

ကဲမင်းကြားပြီးလား၊ ငါမင်းကို ရောင်းလိုက်တာ ကာလာတီဗွီမဟုတ်ဘူးလို့ ဘာလို့ငြင်းချင်ရတာတုန်း..

............................................................

ဟာသတွေကို ဖတ်ပြီးသားတွေ ဖြစ်နေရင်လည်း ထပ်ဖတ်ပြီး ရီကြပါဗျို့။ မရီရရင် ပျောက်နေတဲ့ mood ကိုပြန်ရှာပါ။
:)

ညီအကို မောင်နှမ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

ခင်မင်စွာဖြင့်
သီဟသစ်

Thursday, January 14, 2010

အုန်းသီး

အစ်မသက်ဝေရဲ့ ခုတစ်လောနာမည်ကြီးနေတဲ့  နှစ်ကျပ်ခွဲပို့စ် ရယ်၊ အင်တာနက်မှာ လိုက်ရှာတော့ ကိုစနေရဲ့ Coconut and Monkey ပို့စ်ရယ် ကို ဖတ်ပြီး ဒီစာလေးရေးဖို့ စိတ်ကူးရပါတယ်။


Credits to http://www.vectorjunky.com/gallery/m/Monkey-Attacking-Coconut.jpg

အားလပ်ရက် ညပိုင်းတွေမှာ Marina Bay ဘက်ကို သွားထိုင်ရင် ကင်မရာကြီးတွေ တလွယ်လွယ် နဲ့ လူတွေ အတော်များများ တွေ့ရပါတယ်။ အတူထိုင်တဲ့ သူငယ်ချင်းကိုလည်း တွေ့လား လူတွေများ အုန်းသီးကြီး တလွယ်လွယ်နဲ့ ရိုက်စရာမရှိ လျှောက်လိုက်ရိုက်နေတယ် လို့တောင် ပြောဖြစ်သေးတယ်။ ကိုယ်ကိုယ်တိုင် ၀ယ်ဖို့လည်း စိတ်ကူးမပေါ်ခဲ့ပါဘူး။

DSLR ၀ယ်ထားတဲ့ ကျောင်းတုန်းက သူငယ်ချင်း လူပျိုကြီးက ရိုက်ထားတဲ့ပုံတွေကို Facebook, Flickr မှာတွေ့တော့ မဆိုးဘူး၊ ကောင်းသားဟ ဆိုပြီး သဘောတော့ကျမိတယ်။ သူဓါတ်ပုံရိုက်တဲ့ Marina Barrage ကိုလိုက်သွားတော့လည်း ရှုခင်းပုံတွေ ရိုက်တာဆိုတော့ ခဏကြာတော့ ပျင်းသွားရော။ ကင်မရာရော၊ Tripod ရော သယ်လာရတဲ့ သူငယ်ချင်းကို သနားတောင် သနားမိတာပ။




 သူငယ်ချင်းနဲ့အတူ သွားတုန်းက သူငယ်ချင်း ရိုက်ထားတဲ့ ပုံပါ http://www.flickr.com/photos/thenorthernstar/3298128770/

အဲ.. ကင်မရာအကြီး လိုချင်တဲ့ ဟာက လူပေါင်းမှားတာက စပါတယ်။ ဘလော့စရေးဖြစ်တဲ့ နောက်ပိုင်း သူငယ်ချင်း အသစ်တွေ ထပ်ရတော့ မောင်ရင် Villager နဲ့ စတွေ့ပါတယ်။ တစ်ရက်လားဟာ ကိုယ့်ဘာသာ အိမ်မှာ နှပ်နေတုန်း သူက ဖုန်းဆက်ပြီး Chinese Garden မှာ ဓါတ်ပုံရိုက်နေတယ် ကြည့်ချင်လာခဲ့ ဆိုတာနဲ့ သွားလိုက်ပါရော။ ဟိုရောက်တော့ Villager အပါအ၀င် ကင်မရာမင်း ၄ ယောက်လောက်က တရုက် စပျစ်သီးတွေကို ဓါတ်ပုံရိုက်နေကြတာကိုး။ ကိုယ်က သူတို့လို အုန်းသီးလည်း မရှိတော့ ဘာလုပ်ပေးရတုန်းဆိုတော့ မီးထိုးမှန်ထိုးလုပ်ခဲ့ရတယ်။ အဲဒီမှာ သင်ခန်းစာနည်းနည်းရတယ်။ အုန်းသီးမရှိရင် တယ်ငုပ်သကိုး ဆိုတဲ့ဟာ။

ဒါပေမယ့် အုန်းသီးဈေးတွေကြည့် ငါနဲ့ မဆိုင်ပါဘူးလေ ဆိုပြီး ခဏချဉ်ထားလိုက်ပါရော။ နောက်ပိုင်း လန်ကာဝီလည်းသွားဖြစ်ရော ကိုရင်Villager ရယ်၊ နောက်သူ့သူငယ်ချင်း အကိုကြီး တစ်ယောက်ရယ်က DSLR တွေနဲ့ဆိုတော့ သူတို့ဆီက ယူရိုက်ရင်း၊ သူတို့ကို ရိုက်ပေးရင်းနဲ့ ကင်မရာ View Finder ထဲက ကြည့်ရတဲ့ မြင်ကွင်းတွေကို သဘောကျလာပါတယ်။ အပြင်မှာ မြင်ရတဲ့ အတိုင်း ကြည်ကြည်လင်လင် ရှင်းရှင်းလင်းလင်းလေးမြင်ရတာကိုး။

အဲဒီမှာ အုန်းသီးရောဂါ စထပါတယ်။ သတင်းစာတွေထဲမှာ အုန်းသီးကြော်ညာတွေ တွေ့ရင်ဖတ်၊ ဈေးတွေကြည့် လုပ်ပါတော့တယ်။ တွေ့သမျှ ကင်မရာရှိတဲ့ သူငယ်ချင်းတိုင်းကိုလည်း လျှောက်မေးပါတယ်။ Canon ကောင်းတာလား၊ Nikon ကောင်းတာလား ဘာညာပေါ့၊ ကိုယ်သိတာ တံဆိပ်လောက်ပဲ သိတာကိုး။ ရုံးက လုပ်ဖော်ကိုင်ဖက် အစ်မတစ်ယောက်ကလည်း မြှောက်ပေးပါတယ်။ ကိုယ်က သူများတွေပဲ ပေးနေရတာ၊ ကိုယ့်ကိုပေးမယ့်သူ မရှိဘူး၊ ကိုယ့်ဘာသာကိုယ် ၀ယ်ပေးလိုက် ဆိုပြီးတော့ပေါ့။ ဒါပေမယ့်လည်း ထုံးစံအတိုင်း ၀ယ်မလိုလို မ၀ယ်မလိုလိုနဲ့ အီလည်လည် လုပ်နေပါသေးတယ်။ နောက်ဆုံးတော့ နားကြားပျင်းကပ်လာတဲ့ မောင်ရင် Villager က By Force နဲ့ဝယ်ခိုင်းပါတော့တယ်။

ဝယ်တဲ့နေ့မှာ သူ့သူငယ်ချင်းကို လှမ်းခေါ်တော့ ဟိုလူက ကိုယ့်ထက်တောင် စိတ်အားထက်သန်ပါသေးတယ်။ တစ်ခါတည်းရောက်လာပြီး ကိုယ်က ပုံမှန် ဟာ(Canon 500D) လောက်ဝယ်မလို့ဟာကို သူက အဲဒီModel ကို အပြောကို မခံဘူးဗျ၊ သူစိတ်တိုင်းမကျဘူး ဆိုပဲ။ သူက Canon 50D ကို ၀ယ်လိုက်လို့ ဇွတ်ပြောနေတာနဲ့ ၀ယ်ဖြစ်သွားပါတယ်။ အဲဒါတောင် ကိုယ့်လူက 1000 ကျော်တန် lens တွေ တစ်ခါတည်း ၀ယ်ခိုင်းပါသေးတယ်။ သည်းခံလော့ ဒကာ ပြောလိုက်ရသေးတယ်။ ၀ယ်တာက Harvey Norman က၀ယ်ဖြစ်တာပါ။ Boss မဟုတ်တော့ Installment နဲ့ပဲ ၀ယ်ရတာပ။ ၀ယ်ပြီးမှ မောင်ရင် PM က အဲဒီက ဈေးများတဲ့ အကြောင်း ပြောနေသေးတယ်။ ၀ယ်ပြီးမှတော့ ဘာမှ မစဉ်းစားတော့ဘူး။ ဒါပေမယ့် Cash Down ပေးဝယ်မယ်ဆိုရင်တော့ တစ်ချို့ဆိုင်တွေမှာ 200 လောက်သက်သာတယ်လို့ ဆိုပါတယ်။ ၀ယ်တာက 18-55 lens နဲ့ ၀ယ်ဖြစ်တာပါ။ အပြင်မှာ ရှုခင်းပုံတွေ လိုက်ရိုက်တော့အဝေးကို လှမ်း Zoom ဆွဲလို့ မရတော့မှ Lens အရှည်ကို လိုချင်သွားပါတယ်။ အဲဒါကြောင့် နောက်ထပ်ဝယ်မဲ့သူတွေများရှိသေးရင် 18-200 lens ကို တစ်ခါတည်း ၀ယ်ဖို့ ပြောချင်ပါတယ်။ မိုက်မှမိုက်ရင်တော့ အဆုံးစွန်လောက်နီးနီး မိုက်တာပဲ ကောင်းပါတယ်။

ကင်မရာလည်း ၀ယ်ပြီးရော သူများကို ပြောထားတဲ့ ၀ဋ်စပြီး လည်ပါတော့တယ်။ တကယ့်ကို မျောက်အုန်းသီးရပါပဲ။ ဘယ်နေရာက ဘယ်လိုစရမှန်းကို မသိပါဘူး။ အမှန်အတိုင်း ၀န်ခံရရင် အရင်ဒီကင်မရာ မရှိခင်တုန်းက သူများတွေDSLR နဲ့ ရိုက်ထားတဲ့ ပုံကိုကြည့်ပြီး ကင်မရာ ကောင်းလို့ ပုံကောင်းထွက်တယ် လို့ ထင်ခဲ့တာပါ။ ကိုယ့်ဘာသာကိုယ် ရိုက်ကြည့်မှ အဲဒါ မဟုတ်မှန်းသိတော့တယ်။ ဒီကြားထဲ ဘလော့ဂါ အစ်မတစ်ယောက်က သီဟ ငါ့ကိုဓါတ်ပုံရိုက်ပေးစမ်းလို့ ဆိုတော့ အမရယ်၊ ကျွန်တော် ကိုယ့်ကိုယ်ကို သံသယဖြစ်အောင် မလုပ်ပါနဲ့ဗျာ လို့ ပြောလိုက်ရတယ်။ ကင်မရာ မကောင်းတာလား၊ ငါရိုက်တာ ညံ့တာလား၊ သူ့ပုံက နဂိုကတည်းက မလှတာလား ဆိုပြီး စိတ္တဇညတွေ ဖြတ်နေရမှာ စိုးလို့ ဆိုပြီး  ပြောလိုက်ရသေးတယ်။ သူ့မို့လို့လည်း နောက်ရဲတာပါ။ ကျန်တဲ့သူဆို မိတ်ပျက်ပြီ။

ကင်မရာ ၀ယ်ပြီး ဘာမှ မလုပ်တတ်တဲ့ ကိုယ့်ကို သူငယ်ချင်းတွေကလည်း အားပေးပါတယ်။ ပိုက်ဆံ အများကြီး ပေးထားရမှတော့ ခလုပ်တစ်ခုထဲနှိပ်ပြီး တန်းရိုက်လို့ ရအောင် Auto နဲ့ရိုက်ပါလား ဆိုပဲ။ နောက်သူငယ်ချင်း လင်မယားကို ဓါတ်ပုံရိုက်ပေးတော့လည်း ညပိုင်းက မရိုက်တတ်သေးတာနဲ့ ပုံက ထွက်မလာပါဘူး။ သူငယ်ချင်းကတော့ ပြောပါတယ်။ မင်းပိုက်ဆံ သိပ်မရှိတုန်း အဲဒါဝယ်ထားပေါ့ကွာတဲ့ ၊ ပိုက်ဆံရှိမှ ငါတို့လို ကင်မရာ အသေးဝယ် တဲ့။ နောက်တော့ သူငယ်ချင်း လူပျိုကြီးနဲ့ တစ်ရက် ဓါတ်ပုံရိုက်လိုက်ထွက်ပြီး သင်တန်း ပြန်တက်ရပါတယ်။ တစ်ရက်တည်းနဲ့ ဆိုတော့လည်း သိတဲ့ အတိုင်းပဲ ခုထိယောင်ယောင်လည်လည်ပဲ။


သီဟသစ်ရဲ့ တစ်လလုံးရိုက်မှ ထွက်လာသော ဓါတ်ပုံတစ်ပုံ http://www.flickr.com/photos/thihathit_endeavour/4233340661/sizes/l/

တစ်ရက်လားဟာ ဘလော့ဂါ ညီအစ်ကို မောင်နှမတွေကို ဓါတ်ပုံလိုက်ရိုက်ပေးရင်း တွေ့တဲ့ပန်းအိုးလေးကို ရိုက်ဖြစ်တော့ အထက်ပါ ပုံလေးရလာပါတယ်။ အဲဒီပုံလေးကို ၀မ်းသာအားရ Facebook ပေါ်လည်း တင်လိုက်ရော ကျောင်းက သူငယ်ချင်းတွေက ပြောကြတယ်။ မင်းရိုက်တာမှ ဟုတ်ရဲ့ လားလို့၊ google images မှာ ဘယ်လိုရိုက်ပြီး ရှာသလဲ လို့ etc... etc ပေါ့လေ။

ဒီပို့စ်လေးကို ကင်မရာလေး ၀ယ်ဖြစ်တာ တစ်လပြည့်တဲ့ အမှတ်တရ အနေနဲ့ ရေးလိုက်တာပါ။ မကြာခင် ရွှေနိုင်ငံ ပြန်လည်ရင် မော်ဒယ်လ် ၂ ယောက်နဲ့ ဓါတ်ပုံရိုက်မှာဖြစ်ကြောင်း ကြိုတင်အသိပေးလိုပါ၏။ (ဘယ်သူတွေရှိရမလဲ နှင်းဆီဖြူလေးနှင့် သားလေး ချန်းချန်တို့ ပေါ့)

English နှစ်ကူးတုန်းက Happy New Year လို့ လိုက်မပြောဖြစ်ခဲ့တဲ့ အတွက် ညီအစ်ကို မောင်နှမ အားလုံးကို တရုတ်နှစ်သစ်ကူးရယ်၊ မြန်မာနှစ်သစ်ကူးရယ် အတွက် ကြိုပြီး Happy New Year လုပ်လိုက်ပါကြောင်း..

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

ခင်မင်စွာဖြင့်
သီဟသစ်