Wednesday, February 10, 2010

လမ်းတိုင်းသည် မန္တလေးသို့ ဦးတည်နေကြသည်

မန္တလေး အကြောင်း ရေးပြန်အုံးတော့ မလား ပိုပိုနိုင်လွန်း ဆိုရင်လည်း ခံရတော့မှာပဲ။ မန္တလေးကို ချစ်တယ် ဆိုတဲ့ စိတ်ကို မန္တလေးမှာ ကြာကြာမနေဖူးတဲ့သူတွေက နားလည်နိုင်မယ် မထင်ဘူး။ ခြင်ကိုက်တယ်၊ ဖုန်ထူတယ် ဆိုတာလည်း မှန်၏။ အဲဒါတွေက မန္တလေးကို ချစ်တဲ့စိတ်ကို လျော့မသွားစေနိုင်ပါဘူး။ ဒါတွေ ဘာကြောင့် ရေးနေတာလဲ ဆိုတော့ ချစ်သောမိသားစုနဲ့ တွေ့ဖို့ရာ ချစ်သော မန္တလေးကို အလည်သွားတော့မှာ မို့လို့ပါ။ ပြောသာပြောရတာ မန္တလေးလည်း သိပ်ကြာကြာ နေချိန်ရမယ် မထင်။

ရှေးလူကြီးတွေရဲ့ စကား "ပုဝါပါး ကြက်သားထုတ်တော့ စွန်းတတ်တယ်၊ တစ်ရွာသား ရည်းစား လုပ်တော့ လွမ်းတတ်တယ်" ဆိုတဲ့ စကားကို ရွဲ့ပြီးတွေးမိတာ ရှေးလူကြီးတွေများ နောင်ခေတ်တွေထိ မြန်မာနိုင်ငံ လမ်းပန်းဆက်သွယ်ရေး မလွယ်လောက်ဖူး ဆိုတာ ကြိုပြီးသိများနေသလား တွေးမိတယ်။ ဟိုတစ်ခါပြန်တုန်းက မိုးညှင်း၊ မန္တလေး၊မကွေး ကူးနေရတာနဲ့ ကားပေါ်၊ ရထားပေါ်မှာ ၇ ည အိပ်လိုက်ရတယ်။ ခုတစ်ခေါက်လည်း သိပ်ထူးမယ် မထင်ဘူး။ ကျောင်းမှာတုန်းက သူငယ်ချင်းပြောတာ သတိရတယ်။ သူက မိုးညှင်းနဲ့ မကွေးကို တိုက်ရိုက်သွားလို့ရတယ် ထင်နေတာ။ အဲဒါနဲ့ မင်း အထက်တန်းကျောင်းတုန်းက ပထ၀ီတော့ သင်ဖူးပါတယ်နော် လို့ မေးပလိုက်တယ်(၉ဘာသာ သင်ရတုန်းက ၁၀တန်းပါ)။ မိုးညှင်းသွား နှင်းဆီဖြူနှင့် ချန်းချင်လေးကို ခေါ်၊ မန္တလေး ဆင်း၊ အဖေ၊အမေ၊ အစ်မတွေနဲ့ တွေ့ဖို့ရာ က မကွေးကို သွား...ရဟူး..။ အင်းလေ ဒီဒုက္ခတွေက လိုချင်တိုင်းရတာမှ မဟုတ်တာ။ လူပျိုကြီးတွေဆို အဲလိုမျိုး လုပ်လို့မှမရတာ၊ :P

ခုတစ်ခေါက်ပြန်တာ အုန်းသီးလည်း ၀ယ်ထားစ ဆိုတော့ ကွက်တိပဲ။ ရှူခင်းတွေ လျှောက်ရိုက်မယ် စဉ်းစားထားတယ်။ ကလေးထိန်းလိုက်၊ ဓါတ်ပုံတွေ ရိုက်လိုက် လုပ်ရမှာပဲ။ သားလေးက ခုတစ်ခေါက် ဒုတိယအကြိမ် ပြန်တွေ့ရမှာပဲ။ သူမွေးမွေးချင်းတုန်းကတွေ့တာက သူဘယ်မှတ်မိမှာလဲ။ ခုတစ်ခေါက်တွေ့ရင်တော့ သူသိနေပြီလေ။ ကိုယ်နဲ့တွေ့ရင် သားလေး ဘယ်လိုနေမလဲ ဆိုတာ စဉ်းစားမိတာ ရင်တော့ခုန်စရာပဲ။

ခုတစ်ခေါက်တော့ အလွတ်ကျက်သွားတဲ့ သီချင်းလေးက

မောင်ရင် စိုင်းစိုင်းဆိုတာကို ကြိုက်လို့တော့ မဟုတ်ဘူး။ စာသားတွေက ကွက်တိပဲ။

နှင်းဆီဖြူလေးနဲ့ ချန်းချင်လေးကို ခေါ်ပြီး စင်္ကာပူပြန်လာတဲ့ အခါ မြင်ရမယ့် မြင်ကွင်းတွေ နည်းနည်းမှန်းကြည့်တယ်။ နှင်းဆီဖြူလေးအကြောင်းကို ညီအစ်ကို မောင်နှမတွေ မသိကြသေးလို့။ ကျားပေါက်ရဲ့ "သူ့အကြောင်း သီချင်းမရေးလို့ စိတ်တွေ ကောက်ပါ၏၊ ကြာကြာ မကောက်နိုင်ဘူး၊ သူဟာ ကလေးလေးချီ၊ သူဟာ ကလေးဆိုးကြီး" ဆိုတဲ့ "ကျွန်တော်၏ အခြားတစ်ဝက်" ဆိုတဲ့ သီချင်းလေးလိုပါပဲ။ စိတ်သိသိသာသာကောက်တတ်တယ်။ နှင်းဆီဖြူလေး ပြန်အလာကို မျှော်နေတဲ့ အဖွဲ့ ၂ ဖွဲ့ရှိ၏။ အဖွဲ့ ၁ က ကျောင်းတုန်းက သူငယ်ချင်းများ အဖွဲ့၊ နောက်တစ်ဖွဲ့က ဘလော့က ညီအစ်ကိုမောင်နှမ များအဖွဲ့ ဖြစ်သည်။ အဖွဲ့ချင်းမတူပေမယ့် ရည်ရွယ်ချက်ချင်းတော့ တူကြလေသည်။ သီဟသစ် အကြောင်းကို တိုင်ကြရန် ဖြစ်သည်။ ကျောင်းအဖွဲ့က သီဟသစ်တစ်ယောက် ဘလော့အဖွဲ့တွေနှင့် လျှောက်လျှောက်လည်နေသည် ဟု လည်းကောင်း၊ ဘလော့အဖွဲ့က သီဟသစ် ကျောင်းက သူငယ်ချင်းတွေဆီ သွားပြီး ၀က်တုပ်ကွေး ကာကွယ်ဆေးတွေ သောက်တတ်သည် ဟု လည်းကောင်း အထင်တွေ လွဲနေကြသောကြောင့် ဖြစ်နေကြသည်။

မြင်ကွင်း (၁)
သီဟသစ်တို့ စင်္ကာပူကို ပြန်အလာ လေဆိပ်ရောက်သောအခါ ဘလော့မှ ညီအစ်ကို မောင်နှမ များကို စုံညီစွာတွေ့ရလေသည်။ တစ်ချို့ညီအစ်ကိုတွေက သီဟသစ် ဟု Print ထုတ်ထားသော စာရွက်ကို၎င်း၊ ညီအစ်မ တစ်ချို့က သီဟသစ် အလှူတွင် နင်းကန်ဝါးတီးပေးနေသောပုံ၊ အားရပါးရ ရယ်နေသောပုံများကို ၄င်း ကိုင်ကာ ကြိုနေကြလေသည်။ လေဆိပ်အထဲမှ ထွက်လာသော ကိုရင်သီဟကတော့ တစ်သက်လုံးခပ်တည်တည် နေလာသည့် ထုံးစံအတိုင်း ထိုနေ့တွင်လည်း ခပ်တည်တည်ပဲ ဖြစ်သည်။ နှင်းဆီဖြူလေးက နာမည်ကို သတိမထားသော်လည်း ဓါတ်ပုံကို သတိထားမိသဖြင့် သီဟသစ်ကို "ဟိုလူကြည့်ရတာ ကို နဲ့ တူလိုက်တာ" ဟု သီဟသစ်ကို ပြော၏။ သီဟသစ်ကလည်း "အေးကွာ အဲဒါ ငါနဲ့တူတဲ့ ဆယ်လီဗြစ်တီ(Celebrity) တစ်ယောက်ရဲ့ ပုံနေမှာပါ၊ ကြည့်မနေနဲ့တော့၊ ချန်းချင်လေးကို သေချာဂရုစိုက်ပါကွဲ့"။ နှင်းဆီဖြူကလည်း သေချာကြည့်မနေတော့ပဲ "အင်း၊ အဲဒါဆိုရင်တော့ အဲဒီလူက ရုပ်နည်းနည်းဆိုးမယ် ထင်တယ်နော်" ဟု ပြောလိုက်လေသည်။

မြင်ကွင်း (၂)
လေဆိပ်တွင် ဘလော့ ညီအစ်ကိုမောင်နှမများ ကြိုနေကြသော်လည်း ရုပ်တည်ကြီးတွေနှင့် ရပ်နေကြသည်။ သီဟသစ်ကို မြင်သော်လည်း မမြင်ယောင်ပြုနေကြ၏။ အနားရောက်မှ ရုတ်တရက် ကိုကိုသစ် ဟု ၀ိုင်းအော်ကြလေသည်။ ထိုအခါ သီလ၀၏ အနွယ်တော် သီဟသစ်က ပြုံးယောင်ပြုရင်း "အဆွေတော်တို့ လူမှားနေပြီ ထင်တယ်" ဟု ပြောလိုက်လေသည်။ နှင်းဆီဖြူလေးက ကလေးကို ကြည့်နေသဖြင့် သေချာ သတိမထားလိုက်မိချေ။ "ပြောခဲ့တဲ့ စကားများ နားကြားများ လွဲသလား လေသံ က တစိမ်းဆန်နေပြီ" ဟု သီချင်းဆိုရင်း ကျန်ခဲ့ကြလေသည်။

မြင်ကွင်း (၃)
ကျောင်းအဖွဲ့ရော၊ ဘလော့က အဖွဲ့ပါ လေဆိပ်ကို စုံညီစွာ ရောက်နေကြလေသည်။ နဂို ရည်ရွယ်ချက်ကတော့ တိုင်ရန်ဖြစ်သော်လည်း နှင်းဆီဖြူလေး၊ သားလေးချန်းချင် တို့နှင့် အတူ ပြုံးရွှင်စွာ ပြန်လာသော သီဟသစ်ကို တွေ့သောကြောင့် လည်းကောင်း၊ ချစ်စရာကောင်းသော သားလေးချန်းချင်ကို မြင်ရသောကြောင့် လည်းကောင်း ရည်ရွယ်ချက်ကို မေ့ပြီး ကလေးကို ၀ိုင်းလုချီသူချီ၊ အထုပ်ကူဆွဲသူဆွဲ လုပ်ပေးကြလေတော့သည်။ နှင်းဆီဖြူလေးက ကျောင်းကအဖွဲ့ကို သိသော်လည်း ဘလော့အဖွဲ့ကို မသိသဖြင့် "အဲဒါဘယ်သူတွေလဲဟင်" ဟု မေးလေသည်။ ထိုအခါ သီဟသစ်က ၀ါသနာတူ အဖေမတူ အမေကွဲ ညီအစ်ကို မောင်နှမ များ ဖြစ်ကြောင်း ရှင်းပြလိုက်လေသည်။

ပြန်ဆုံကြမယ်လေ၊ ပျော်ပျော်ပါးပါးပေါ့။

ညီအစ်ကို မောင်နှမများ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

ခင်မင်စွာဖြင့်
သီဟသစ်

P.S
၁) ကလူသစ်စကားကို ငှားသုံးရရင် ပြန်လာတဲ့ အခါကျရင်လည်း ရံဖန်ရံခါ တာ့တာ ဖြစ်ပါမည်။
၂) မြင်ကွင်းတွေက အပျော်သက်သက် ရေးထားခြင်းသာ ဖြစ်ပါသည်။ ကိုရင်သီဟကို တိုင်မယ့်သူများရော၊ လာကြိုမယ့်သူများပါ ရှိမယ် မထင်ပါ။
၃) နောက်လထဲ ရောက်မှ ပြန်တွေ့ကြမယ်။ မုန့်ဝယ်ခဲ့ပါမယ် :)

မှတ်ချက်။ ။
ပို့စ် ခေါင်းစဉ်က စာရေးဆရာ တစ်ယောက်၏ ၀တ္ထုနာမည် ကို ကြိုက်လို့ ယူသုံးထားတာဖြစ်ပါသည်။

32 comments:

Sein Lyan Tun said...

ဦးသစ် မြင်တဲ့မြင်ကွင်းက ကွက်ကွက်ကွင်းကွင်းပါပဲ..

အဟဲ..

ဦးသစ်ထင်သလိုတော့ မဟုတ်ပါဘူး..

ဦးသစ် နဲ့  ဒေါ်လေးနှင်းဆီဖြူတို့ ပါလာရင် လေဆိပ်မှာ ရှိသမျှ ဘလော့ဂါတွေ စုပြီး လာကြိုဖို့ တာဝန်ယူပါတယ်ခင်ဗျ...

ဦးသစ်တစ်ယောက်တည်းဆိုရင်တော့ လာကြိုဖြစ်မယ်မထင်ပါဘူးလေ... မုန့်သာ များများဝယ်လာပါလေ..


စိတ်ကူးထဲမှာ မြင်ယောင်ထားသမျှ ချစ်သော ဇနီးနှင့် သားလေးတို့နဲ့ ပျော်ပျော်ကြီး နေနိုင်ပါစေလို့...

ရအောင်လဲ အပါ ခေါ်ခဲ့နိုင်ပါစေလို့....

ခရီးတွေကြီးထွက်နေလို့ ခရီးပန်းနေအုံးမယ်..

အားဆေးတွေ ထည့်ပေးလိုက်မယ်..

လာယူလှည့်..

kaungkinpyar said...

ဘာမှ စိတ်မပူနဲ့ စိတ်အေးလက်အေး သွားစမ်းပါ...မမ တယောက်လုံး ရှိပါတယ်...ဒီက ကလေးတွေ အကုန် သွန်သင် ဆုံးမ ထားလိုက်ပါမယ်...

ပြန်လာရင်သာ လေဆိပ်မှာ နှင်းဆီလေး ရော သားလေး ကို ရော လာကြိုမှာ စိတ်ချ..ပြန်လာမဲ့ နေ့လဲ သိနေတာပဲဟာ....ဘာမှ မတွေးနဲ့ သွားသာသွား...ဒါ့ပုံတွေ အုန်းသီး အပြည့်ရိုက်လာခဲ့..


တခါတလေ တာ့တာ တွေ ဘာတွေ လုပ်မနေနဲ့ နေ့တိုင်း ကလေး လာထိန်းပေးမယ်....

လူပျိုကြီး said...

ဗိုက်ခေါက်သာ သတိထားပါ သံပြားပတ်ထားဗျာ :P

ခြေလှမ်းသစ် said...

ကိုရင်သီဟက မန္တလာသားဆိုတော့ မန်းမြေကို အမွှန်းတင်တာ သဘာဝပဲနော် ...

ZT said...

သီချင်းကျက်ရတဲ့ အကြောင်းက ဘာကြောင့်လဲဟင်။ ကာရာအိုကေမှာ ကောင်မလေးတွေနဲ့ တွဲဆိုဖို့ အစီအစဉ် ရှိလို့လား။ :D

Pwint Myue Zin said...

တစ်မိသားစုလုံး ပျော်ပျော်ရွှင်ရွှင် ပြန်လာကြမှာပေါံ့လေ.. ပျော်စရာကြီးနော်.. ဘယ်နေ့ပြန်လာမှာလဲဗျ

Anonymous said...

ရှုပ်ရှုပ်ယှက်ယှက် ဒီနေ့ကစပြီး မတွေ့တော့ဘူး လိုက်မရှာ ပါနဲ့ ဖုန်းလည်းမဆက်ပါနဲ့
ရွာသားမိုက်

ရေတမာ said...

သာယာတဲ့ခရီးလမ်းဖြစ်ပါစေ အကိုရေ... အင်း အကိုက မြင်ကွင်းတွေကို ဖြစ်စေချင်လို့ ရေးပြထားတာဖြစ်ရမယ်။ အကောင်အထည်ဖော်ပေးပါမယ် စိတ်သာချ။း))))

သက်ဝေ said...

ဟင်...
အခုထိ မသွားရသေးဘူးလား...
အရင်တပတ်ထဲက သွားပြီမှတ်လို့...
ဓါတ်ပုံတွေ အများကြီး ရိုက်လာခဲ့ပါ...း))

ဆောင်းချမ်းမိုး said...

ပြန်တော့မယ်ပေါ့လေ... ပြန်ပါ ပြန်ပါ ကလေးအဖေတွေ ဆိုတော့လည်း...
အခုတော့လည်း ကိုယ်ချင်းစာတတ်လာပါပြီ
ဒါပေမယ့် ဘာပဲဖြစ်ဖြစ်
အမကိုတော့ ဖြစ်ကြောင်းကုန်စင် တင်ပြအစီအရင်ခံရမှာပဲ။
လူပျိုကြီးတွေကတော့ အဲလိုလုပ်လို့ရတယ်
တွေ့ကြသေးတာပေါ့ဗျာ....

နွေးနေခြည် said...

လေယာဉ်ပေါ်မှာ တွေ့မယ်နော်း)

ဒဏ္ဍာရီ said...

အော် ကိုသီဟသစ်က ပြည်တော်ပြန် မလို့လား။ ဇနီးနဲ့သားကို လွမ်းနေပြီပေါ့။ ပြန်လာရင် မိသားစုတွေနဲ့ဆိုတော့ ပျော်စရာ ကောင်းမှာပဲနော်။

ပျော်ရွှင်ဖွယ် ခရီးလေး ဖြစ်ပါစေ..။

ခင်မင်လေးစားလျှက်

ခရေညို said...

လေဆိပ်မှာတွေ့ကြတာပေါ့ စာစရာများများသာဝယ်ခဲ့ ........... :P
ပျော်ရွှင်ပါစေ

tg.nwai said...

သူ့ခမျာ..နှင်းဆီဖြူလေးကို တိုင်မှာစိုးလို့ ကြိုကာထားရှာတာကိုး..ကျွတ်ကျွတ်..ကျွတ်ကျွတ်... ဟဲဟဲ..စ တာပါ.. ပျော်ရွှင်ပါစေ ကိုသီဟရေ.. သွားလမ်းသာလို့ လာရာလမ်းမှာလည်း အဆင်ပြေချောမွေ့ပါစေနော်.. အုန်းသီးနဲ့ ပုံတွေများများရိုက်ခဲ့ပါဦး...သားလေး ဘယ်လောက်တောင် ကြီးနေပြီလဲပဲ..:)

မေ့သမီး said...

လာကြိုဆို လာကြိုမှာပေါ့။ မုန့်ဝယ်လာမယ်ဆိုတာ တကယ်လား။ :D နောက်ဆို ဟိုအဖွဲ့ ဒီအဖွဲ့ဆိုပြီး လစ်လို့မရတော့ဘူး။ နောက်ကကြိုးတွေချည်ထားတော့မှာ။ သမုဒယကြိုးတွေလေ။ :P

ဇွန်မိုးစက် said...

ရောက်လာပါတယ်။ စကားကြုံပါးပေးမယ့် ကိုသီဟသစ်ကို ကျေးဇူးတင်ကြောင်း လာပြောတာ။ ပျော်ရွှင်ဘေးအန္တရာယ်ကင်းတဲ့ ခရီးဖြစ်ပါစေ။း)

sonata-cantata said...

မိသားစုလိုက် မန်းလေး ပြန်တုန်းက ရထားပေါ်မှာ ရိုက်ထားတဲ့ ဓာတ်ပုံကို Road to Mandalay လို့ နာမည် ပေးခဲ့ဖူးပါကြောင်း
း)

kaungkinpyar said...

သူ သိတ်ပျော်နေတယ်.....

အားမာန်သစ် တွေ အပြည့်နဲ့ ပြန် ....

အားမာန်သစ်တွေ အပြည့်နဲ့ ပြန်လာခဲ့ပါ...

ခရောင်း said...

ကိုကြီးသစ်ရေ ဂယ်ကြီးလာတိုင်မှာဗျ။ မဒမ်ခရောင်းကလဲ တိုင်ရန်အသင့်စောင့်နေပါတယ်တဲ့.............။ ဒန်တန်တန်။

ဖိုးသင်္ကြန် said...
This comment has been removed by the author.
ဖိုးသင်္ကြန် said...

စိတ်မပူပါနဲ့လေ
သူတို့ "တိုင်" သမျှ တစ်ချက်မကျန် ကျွန်တော် "..." ပေးမှာပါ။


:E

ကိုယ်ချင်းမစာတတ်သူ
ဖန်သကြိုး

khin oo may said...

11 Feb 10, 06:27
kom: လက်မှတ်က စလုံးတစ်ထောင်တဲ့ အဟင့် အခု
11 Feb 10, 06:26
kom: မနာလိုဘူးဟေ့။

မေဇင် said...

ပျော်စရာ ကောင်းသော ခရီးဖြစ်ပါစေ...။ မိသားစု နဲ့ အတူတကွ ပြန်လာနိုင်ပါစေ။

ကြယ်ပြာ said...

အယ် ... ပျော်စရာကြီး .... အဟိ ပြန်လာရင် လူပြိုလုပ်လို့မရတော့ဘူး .... (တမင် ရရစ်နဲ့ပြိုထားတာနော်) ကလေးနဲ့နှင်းဆီဖြူပါလာမယ်ဆိုတော့ ...:P

Mogok Thar said...

ရွှေပြည်ကြီးဆီ ပြန်ပီး
သားသမီး ဇနီး မိသားစုတွေနဲ့ ပျော်ရွှင်နေတော့မယ်...

ပြန်လာတဲ့အခါမှ...

ကော်ဖီဆိုင်တဝထိုင်...
စကားတွေ ဖောင်ဖောင်ပြော..
ရယ်သံတွေ တဝေါဝေါနဲ့ပေါ့...

မြင်ကွင်းတွေ....

မြင်နေတယ်.....

ဂျစ်တူး ( မုံရွာ ) said...

သီဟရေ နေကောင်းကျန်းမာပါစဗျာ မန်းတလေးအဋ္ဌေကာင်းကိုရေးလို့ ကတော့ စိတ်မဆိုးဘူးဗျို့ 
ကျေးဇူးအထူးတင်မိပါတယ်-
အဋ္ဌေကွးတွေတပုံကြီးလာဆပ်သွားပါတယ်ခင်ဗျာ-
မျက်စဉ်းခတ်လိုက်အုံးမယ်ဗျာ-

ကြည်ဖြူပိုင် said...

ဟဲဟဲဟဲ
မရောက်တာကြာပြီ
ပြန်သွားပြီပေါ့လေ
တိုင်စေချင်လို့ရေးထားတာဆိုတော့
စိတ်ချ တိုင်ကိုတိုင်ဦးမှာ
အားရင်လာကြိုမယ်နော်
တခါထဲလာကြိုရင်းတိုင်လိုက်တော့အဆင်ပြေသပေါ့
:) :D :P

ကြည်ဖြူပိုင် said...

အမယ်မယ်
ခုမှသီချင်းကိုသေချာကြည့်မိတယ်
ထောင်မှာစိုးလို့ကြိုကာတယ်ပေါ့လေ
မရဘူးတိုင်မှာပဲ. ဘယ်လိုပြောပြောတိုင်မှာပဲ
;)

သူကြီးမင်း (တုံးဖလား) said...

ပျော်ရွှင်ဖွယ်ကောင်းတဲ့ ခရီးဖြစ်ပါစေဗျာ။

ကိုလူထွေး said...

အိမ်ပြန်ခရီးမှာ ပျော်ရွှင် နိုင်ပါစေဗျာ...

းဝ)

Angel Shaper said...

ကိုသစ်ကြီေးရ....အိမ်ပြန်ခရီးသာယာပါစေ။ (သူကအိမ်တောင်ရောက်နေပြီလား မသိဘူး)
ဘာပဲဖြစ်ဖြစ် Safe Journey! ပါဗျိုးးးးးးးး
အစစ သတိရှိပါစေဗျာ။

Unknown said...

သူငယ်ချင်း ကျွန်တော်တို့သူငယ်ချင်းနဲ့မိတ်ဆက်ချင်ပါတယ်၊သူငယ်ချင်းရဲ့blogလေ
းကိုဖတ်ရပါတယ်။သူငယ်ချင်းရဲ့အရေးအသားနဲ့တင်ပြဟန်ကို
သဘောကျပါတယ်။ကျွန်တော်တို့ရဲ
့http://taylaydoeyethmatthan.ning.com/မှာလဲရေးပေးစေချင်ပါတယ်။အကယ်လို့ ရေးရန်အခက်အခဲတစ်စုံတစ်ရာ
ရှိလို့ မရေးနိုင်လျှင်လည်း။
ကျွန်တော်တို့ကြိုက်တဲ့စာများကိုRefrenceလုပ်ဖို့ခွင့်ပြုစေချင်ပါတယ်။
သူငယ်ချင်းကလောင်အမည်နဲ့သူငယ်ချင်း၏blog Link ကို ပါ
Refrence
၏နောက်တွင်ရေးပေးမည်ဖြစ်ပါသည်။အများဖတ်ရှု့ရန၊်ဗဟုသုတနှင့်ရသ
ဖြေဖျော်မှုရရန်အတွက်လုပ်ခြင်းဖြစ်သည့်အတွက်နားလည်စေချင်ပါသည်။


update
ဖြစ်သောpostများကိုလည်းtaylaymin@gmail.comသို့ပို့ပေးးစေချင်
ပါသည်။ကျေးဇူးအများကြီးတင်ပါသည်ခင်ဗျာ။

တေလေများ