Showing posts with label မန္တလေး ကွန်ပျူတာ တက္ကသိုလ် အမှတ်တရ. Show all posts
Showing posts with label မန္တလေး ကွန်ပျူတာ တက္ကသိုလ် အမှတ်တရ. Show all posts

Tuesday, December 29, 2009

ဒီအချိန် ကျောင်းတော်ကြီး ရဲ့ အလယ်မှာ (၆)

ဒီအချိန် ကျောင်းတော်ကြီးရဲ့ အလယ်မှာ (၁)
လွမ်းရယ်မပြေ : ဒီအချိန် ကျောင်းတော်ကြီး ရဲ့ အလယ်မှာ (၂)
ဒီအချိန် ကျောင်းတော်ကြီးရဲ့ အလယ်မှာ (၃)
နှစ်ကိုယ်တူညီ ချစ်ဖူးတဲ့ တက္ကသိုလ်ဆီ : ဒီအချိန် ကျောင်းတော်ကြီး ရဲ့ အလယ်မှာ (၄)
 ဆိုခဲစေ မြဲစေ၊ ချစ်တယ် : ဒီအချိန် ကျောင်းတော်ကြီး ရဲ့ အလယ်မှာ (၅)

Christmas နေ့က University of Computer Studies, Mandalay တုန်းက သူငယ်ချင်းတွေနဲ့  Gathering မှာ ပြန်ဆုံဖြစ်တော့ ကျောင်းကိုပြန်လွမ်းသွားပါတယ်။ Singapore မှာ ကျောင်းက ရှိနေတဲ့သူတွေထဲက တစ်ဝက်လောက်ပဲ လာတာဖြစ်ပေမယ့် စည်စည်ကားကား ပျော်ပျော်ရွှင်ရွှင်ပါပဲ။ Game ဆော့ကြတော့ သီဟသစ်တို့ အဖွဲ့က တစ်ခါရှုံးတာနဲ့ တစ်ဖွဲ့လုံး  ကကြရတဲ့ အထဲမှာ သီဟသစ်ပုံက ထိပ်ဆုံးက ပါတော့ FaceBook ထဲမှာ ပုံလည်းတင်ရော ၀ိုင်းကျွေးခံရတာပေါ့လေ။ မိန်းမနဲ့ကလေးကို သတိမရဘဲ ပျော်နေတယ်ဆိုပြီး။ လူတွေကလည်း ခက်တယ်။ မိန်းမနဲ့ ကလေးကို စိတ်ထဲမှာ ချစ်နေ၊ သတိရနေဖို့ လိုတာ၊ သူတို့သိအောင် ပြနေရမှာလားမသိ၊ Mind Your Own Business လို့သာ ပြောချင်တော့တယ်။ ထားပါတော့လေ ကျောင်းတုန်းက အကြောင်းလေး ပြန်ဆက်ပါရစေ။ ဒီအကြောင်းက ၀တ္ထုပုံစံ ရေးခဲ့တာ မဟုတ်လို့ နှင်းဆီဖြူလေးနဲ့ ရည်းစားဖြစ်ခဲ့တဲ့ အခန်းနဲ့တင် မရပ်ပါရစေနဲ့။

၁၉၉၉ ခုနှစ် နိုဝင်ဘာမှာ သီဟသစ်တို့ ဒုတိယနှစ် ပြန်တက်ရပါတယ်။ သူငယ်ချင်းအိမ်က ကိုယ်တွေကို ငှားထားတဲ့ တိုက်ခန်းမှာ တစ်ဖွဲ့လုံး ပျော်ပျော်ရွှင်ရွှင်ပေါ့။ တိုက်ခန်းက ဈေးချိုဘက်မှာပေမယ့် သီဟသစ်နဲ့ နောက်သူငယ်ချင်းတစ်ယောက်ကတော့ ညနေတိုင်း မိန်းဘက်ရောက်ပါတယ်။ ၁၉၉၉ ကနေ ၂၀၀၀ ကိုကူးမယ့် New Year ချိန်မှာတော့ တိုက်ခန်းမှာ New Year Party လုပ်တာမှာ သူငယ်ချင်း ၀ကြီးက ဒံပေါက် Sponsor ပေးပါတယ်။ မန္တလေးမှာ နာမည်ကြီးတဲ့ အော်ဒါမှာရတဲ့ ကေမီမွန် ဒံပေါက်က တစ်လမ်းကျော်မှာ ရှိတာမို့ပါ။ ဒံပေါက်စားပြီး သကာလ ၁၂ ထိုးခါနီးတော့ မိန်းဘက်သွား၊ ကျုံးဘေးသွားပြီး Happy New Year အော်ကြပါတယ်။ ရန်ရှာတတ်တဲ့သူတွေ မရှိရင်တော့ New Year ကပျော်စရာကြီးပါ။ တိုက်ခန်းပြန်ရောက်တော့ သူငယ်ချင်းတွေချည်း ဖဲရိုက်နေတဲ့ဝိုင်းထဲကို ရပ်ကွက်ထဲကလူက လာပြီး မူးပြီးလာရစ်နေတာနဲ့ ပျော်စရာနည်းနည်းလျော့သွားပါတယ်။ သီဟသစ်တို့အဖွဲ့လည်း အလကားနေရင်း ရပ်ကွက်ထဲမှာ နာမည်ဆိုးထွက်တာပေါ့။ (သူငယ်ချင်းတို့အိမ်က ရောင်းမစွံတဲ့ တိုက်ခန်းကြီး ရောင်းစွံသွားတာမှာ အဲဒါတွေလည်းပါပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အိမ်နီးနားချင်းတွေက အခမဲ့ပွဲစားလုပ်ပေးလိုက်လို့ပါ။)

သီဟသစ်တို့ ဒုတိယနှစ် ၂၀၀၀ ခုနှစ် နွေရာသီ ကျောင်းပိတ်တော့ သူငယ်ချင်းတွေက မကွေးကို လိုက်လည်ကြပါတယ်။ မန်းရွှေစက်တော် ဘုရားဖူးလိုက်ကြတာပါ။ မကွေးရောက်တော့ သူငယ်ချင်းယောက်ျားလေးတွေက သီဟသစ်ရဲ့ အဖေ့ရုံးက ပုံမှန် ဘန်ဂလိုမှာတည်းပါတယ်။ မိန်းကလေးတွေက သူငယ်ချင်းကောင်မလေးတို့ အဖေရုံးက အရာရှိ ဘန်ဂလိုမှာတည်းပါတယ်၊ သူတို့အဖေက အရာရှိအကြီး မို့ပါ။ သူငယ်ချင်းတွေက ညော်ကြပါသေးတယ်၊ ကောင်မလေးတွေကျ ဘန်ဂလို အကောင်းမှာ တည်းရတယ် ဘာညာပေါ့လေ။ သီဟသစ်ကလည်း ပြန်ပြောရပါတယ်။ သူတို့အဖေက King လောက်ရှိတာကွ၊ ငါတို့အဖေက 10 တို့၊ Jack တို့လောက်ပဲရှိတာဆိုပြီးတော့ ပေါ့။ သူငယ်ချင်းအားလုံးကို အိမ်မှာ ထမင်းကျွေးကြတော့ အဖွဲ့ထဲမှာ စလို့ကောင်းတဲ့ ခင်စရာကောင်းတဲ့ သူငယ်ချင်း  ကောင်မလေးကို အမေ့ပြပြီး ဟောဒီမှာ အမေ့ချွေးမ ခေါ်လာပြီဗျ လို့ စလိုက်တာ သူက ထငိုနေလို့ အိမ်က လူကြီးတွေကပါ ချော့လိုက်ရသေးတယ်။


နောက်တစ်နေ့မနက်စောစောမှာတော့ မင်းဘူးဘက်ကမ်းကို ကူးဖို့ရာ ဇက်ဆိပ်ကိုဆင်းရပါတယ်။ အဲဒီအခါတုန်းက မကွေးတံတားတို့ ဘာတို့ဆိုတာ စီမံကိန်းတောင် မရှိသေးပါဘူး။ ဇက်နဲ့ သွားရတာလဲ တစ်မျိုး ပျော်စရာကောင်းပါတယ်။ သူငယ်ချင်းတို့အိမ်က ကားနှစ်စင်းနဲ့ လိုက်ပို့တာပါ။ ရွှေစက်တော်လမ်းမှာတော့ ထုံးစံအတိုင်း ဖုံထူထူတွေကို ဖြတ်ကျော်၊ ကားကို လှုပ်လှုပ်ခုန်ခုန်လေး စီးပြီးရင်တော့ အမောပြေစရာ မန်းချောင်းကို စတင်တွေ့ရပြီး အထက်စက်တော်ရာ၊ အောက်စက်တော်ရာ တို့ကို ဖူးမြင်နိုင်ပါပြီ။ ရောက်တာနဲ့ အထုတ်တွေ တည်းကျောင်းထဲမှာချ မန်းချောင်းထဲ ပြေးဆင်းကြတော့တာပါပဲ။ ရေထဲမှာ သူငယ်ချင်းတစ်သိုက် ဘောကွင်းတွေ စီးလိုက်၊ ဆော့လိုက် လုပ်ရတာ အင်မတန် ပျော်စရာကောင်းပါတယ်။ ပြီးတာနဲ့ ကြည်ညိုဖွယ်ရာ အောက်စက်တော်ရာ နှင့် အထက် စက်တော်ရာ တို့ကို သွားရောက် ဖူးမြော်ကြပါတယ်။


ပုံများကို မနိုင်းနိုင်း၏ ရွှေစက်တော် ပို့စ်ထဲမှ ယူထားပါသည်။ ကျေးဇူးပါ မနိုင်းနိုင်း

အဲဒီညမှာတော့ တဲကျောင်းမှာ လူတွေများနေလို့ ယောက်ျားလေးတစ်ခန်း၊ မိန်းခလေး တစ်ခန်းပဲ နေရာရပါတယ်။ သူငယ်ချင်းတွေက ခရီးပန်းပန်းနဲ့ အလျှိုအလျှိုဝင်အိပ်ကြတာ အခန်းထဲမှာ နေရာလွတ်ဆိုလို့  ဘောကွင်းပဲ ကျန်တာနဲ့ အဲဒီအပေါ်မှာပဲ သီဟသစ် တစ်ည အိပ်လိုက်ရပါတယ်။ နောက်နေ့ညရောက်တော့ ယောက်ျားလေးတွေ အတွက် အခန်း ၂ ခန်း၊ မိန်းကလေးတွေ အတွက် အခန်း ၂ ခန်း စီလည်းရရော ဘယ်သူမှမအိပ်ကြတော့ပါဘူး၊ အားလုံးစုပြီး တစ်ခန်းထဲမှာ PC ကစား(ဖဲရိုက်ကြ) တော့တာပဲ။ ဖဲရိုက်တော့လည်း သူငယ်ချင်းကောင်မလေးရဲ့ မောင်လေးနဲ့ ညီမလေး အနားလာနေလို့ ကလေးတွေ သွားဆော့ချေပြောခါမှ ဦး ဟို Spades 4 ကိုပစ်ချလိုက်၊ ဘာမှ မဆိုင်ဘဲ ကိုင်မထားနဲ့ လို့တောင် ကိုယ့်ကို ပြန်သင်သွားသေးတယ်။

ညပိုင်းရုပ်ရှင်ဖွက်တမ်းကစားလိုက်၊ PC ကစားလိုက်နဲ့ အချိန်တောင် ဘယ်လိုကုန်သွားမှန်း မသိဘူး။ ဒီကြားထဲ သူငယ်ချင်းကောင်မလေးက သူ့အဖေနဲ့ စိတ်ဆိုးပြီး ပျောက်သွားပါလေရော။ သူ့ကောင်လေးနဲ့ ကျန်တဲ့သူငယ်ချင်းတစ်ယောက်က လိုက်ရှာကြ၊ သီဟသစ်တို့ကတော့ ဟိုနားယောင်ယောင် ဒီနားယောင်ယောင် လိုက်ရှာပြီး ဆက်ကစားကြပါတယ်။ ပြီးတော့လည်း သူ့ဘာသာ ပြန်လာတာပဲကိုး။

ဒီလိုနဲ့ ရွှေစက်တော်ကပြန် မင်းဘူးကိုဝင် စက္ကိန်းတဲ ဘုရားဖူး၊ နဂါးပွက်တောင်ကိုလည်း သွားလည်ကြပါတယ်။ သူ့ဘာသာသူ ပွက်နေတဲ့ နဂါးပွက်တောင်ကို သူငယ်ချင်းတစ်ယောက်က သီဟသစ် လူပျိုကြီးဖြစ်ရင်ပွက် ဆိုပြီး ပြောတော့ သူ့အချိန်တန်ပွက်တဲ့ အခါ ၀ိုင်းစကြတာပေါ့။ တော်သေးတယ် တကယ်မဖြစ်လို့ :)   (အဲဒီအကြောင်းကို လူပျိုကြီး မဖြစ်ရခြင်း အကြောင်းရင်း ထဲမှာ တစ်ခါရေးဖူးပါတယ်)။ ဒီလိုနဲ့ သူတို့လည်း ပြန်သွား၊ နွေရာသီ ကျောင်းပိတ်ရက်များလည်း ချန်ထားချင်စရာ ကောင်းလောက်အောင် ပျင်းစရာကြီးပါ။ အိမ်မှာ စားကောင်းသောက်ကောင်းအောင် Teach Yourself C++ in 21 days စာအုပ်ထူထူကို ဖတ်သလိုလို လုပ်လိုက်၊ အပြင်ထွက်လည် လိုက် လုပ်ခြင်းများနဲ့ အချိန်ကုန်သွားပါတယ်။

အိမ်မှာပျင်းနေတုန်း ၁၀ တန်းတက္ကသိုလ်ဝင်ခွင့်နဲ့တုန်းက လျှောက်ထားတဲ့ MIT က ခေါ်စာရောက်လာပါလေရော။ ပထမနှစ်၊ ဒုတိယနှစ်ကတော့ မကွေးမှာပဲ စတက်ရမယ် ဆိုပါတယ်။ ကိုယ့်မြို့မှာကိုယ် ပြန်မတက်ချင်တာရယ်၊ အိမ်ကလည်း ကျောင်းတစ်ကျောင်းပဲရွေးလို့ ဆိုတာရယ်၊ နှင်းဆီဖြူလေးရယ် (အဲလေ ယောင်လို့) အဲဒါနဲ့ဘာမှဆက်မလုပ်တော့ဘဲ ကွန်ပျူတာ ကျောင်းပဲ ဆက်တက်ဖြစ်ပါတယ်။ အဲဒီတော့ အီလက်ထရောနစ် (သို့) ဆောက်လုပ်ရေး အန်ချင်စရာကြီး ဖြစ်မလာတော့ပဲ ဆော့ဝဲလ် အန်ချင်စရာကြီး ဖြစ်လာတာပေါ့လေ။

ကျောင်းပြန်တက်တော့ နှင်းဆီဖြူလေးကို ဇာတ်လမ်းနည်းနည်းစနေပြီမို့ ကျောင်းမှာ ရုပ်တည်ချင်ယောင်ဆောင်နေရတဲ့ နေ့ရက်တွေပေါ့။ သီဟသစ်တို့တုန်းက တတိယနှစ်မှာမှ Computer Science Major (or) Computer Technology Major အလွယ်ပြောရရင် Software, Hardware ခွဲတာမို့ ကိုယ်ဘယ်မေဂျာယူမလဲ ဆိုတာစဉ်းစားရမယ့်အချိန်ရောက်လာပါတယ်။ ကိုယ့်ကိုယ်ကို အီလက်ထရောနစ်ကို စိတ်ဝင်စားတယ်လို့ ထင်ခဲ့မိတာ ဒုတိယနှစ်မှာ Digital ဆိုတဲ့ ဘာသာသင်ရတော့ ကိုယ့်ကိုယ်ကို သိသွားပါတယ်။ ကိုယ်တကယ် စိတ်ဝင်စားတာ Programming ပဲဆိုတာကို။ သူငယ်ချင်းတွေကတော့ ဟိုဘက်လိုလို ဒီဘက်လိုလို ယောင်နေကြတုန်းပါ။

နောက်တစ်ပိုင်း ဆက်ရေးဖြစ်ရင် နှင်းဆီဖြူလေးနဲ့ ချစ်သူဖြစ်ပြီးနောက်ပိုင်း ကျောင်းတက်တဲ့ အချိန်တွေနဲ့ ပြန်ဆက်စပ်ပြီး ရေးသွားမှာပါ။ မှတ်သားစရာမပါ ၊ ရသမပါ တဲ့ စာစုလေးကို ပြီးတဲ့ အထိ ဖတ်ပေးလို့ ကျေးဇူးပါ။

ညီအစ်ကို မောင်နှမ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

ခင်မင်စွာဖြင့်
သီဟသစ်

P.S
၁) ခုရက်ပိုင်း အပျင်းထူပြီး ဘလော့တွေလိုက်မလည်ဖြစ်၊ Cbox ကို မပြန်ဖြစ်တာ ခွင့်လွှတ်ကြပါရန်
၂) အချိန်ရတာနဲ့ ပြန်လိုက်လည်ပါတော့မည်

Saturday, June 27, 2009

ဆိုခဲစေ မြဲစေ၊ ချစ်တယ် : ဒီအချိန် ကျောင်းတော်ကြီး ရဲ့ အလယ်မှာ (၅)

တွေ့သမျှ အရာအားလုံးဟာ လှပပြီး ချစ်စရာကောင်းနေတယ်လို့ ထူးထူးခြားခြား ခံစားဖူးပါသလား။ တစ်ကိုယ်လုံး လေထဲလွင့်ပြီး မြောက်တက်နေသလိုမျိုး ခံစားဖူးပါသလား။ အချစ်နဲ့ အလာ့ဂျစ် ဖြစ်ခဲ့ဖူးသော သူတစ်ချို့က ရူးသွပ်ခြင်းလို့ သတ်မှတ်ကြပေလိမ့်မည်။ တစ်ချို့ကတော့ ဘာမှ မထူးခြားပါလို့ ယူဆကြလိမ့်မည်။ သင်ကြိုက်သလို သတ်မှတ်နိုင်ပါသည်။ သီဟသစ်ကတော့ အချစ်လို့ သတ်မှတ်ပါသည်။

နှင်းဆီဖြူလေးကို ဖွင့်ပြောပြီးနောက် နောက်ရက်တွေမှာတော့ အတိအကျ သတ်မှတ်ထားခြင်းမရှိသော Probabation Period ကာလ ကိုရောက်သွားလေပြီ။ ကျောင်းသားကျောင်းပြန် အဆောင်မှ ဖယ်ရီဂိတ်ကို ကြို ပို့ခွင့်ရလာပြီ။ ညနေအဆောင်မှာလည်း စကားပြောလို့ရပြီ။ သီဟသစ်က ဖွင့်ပြောတဲ့နေ့ အမှတ်တရ ဆိုပြီး ၅၀ ကျပ်စေ့ လေး ပေးလိုက်သည်။ (ကဗျာမဆန်ဘူး လာမပြောနဲ့။ ပြောတဲ့သူ ကဗျာမဆန်တဲ့သူပဲ :D )။ သူက ယူထားပြီး ခဏနေတော့ အနားလွှင့်ပစ်လို့ ပြန်ရှာပြီး ပေးရသေးသည်။ အဲဒီညနေ အဆောင်က အပြန် သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တော့ “ဟေ့ကောင် သီဟသစ်၊ မင်း အဖြေ တောင်းပြီးပြီလား” လို့မေးတော့ သီဟသစ်လည်း အဲလိုကြီး တောင်းရမယ်လို့မှ မထင်တာ၊ ကိုယ်ဖွင့်ပြောပြီးရင် ကိုယ့်အပိုင်း ပြီးပြီ အောက်မေ့နေတာလေ။ နောက်နေ့တော့ တောင်းအုံးမှ ပေါ့လေ။

ဒီလိုနဲ့ နောက်နေ့ ကျောင်းရောက်တော့ ကွန်ပြူတာ စက်ခန်း က စာသင်ခန်း အပြန် နှစ်ယောက်တည်း ပြန်လာရင်း ကိုယ့်ကို အဖြေပေးအုံးလေ၊ သြဂုတ်လမှာ ကိုယ့်မွေးနေ့ရှိတယ်၊ အဲဒီနေ့ အမှတ်တရ ဖြစ်အောင် အဖြေပေးလေ ဆိုတော့ နှင်းဆီဖြူလေးက ဟင် အဲလောက်အကြာကြီး မစောင့်နိုင်ပါဘူးတဲ့။ သီဟသစ်လည်း ဘာမှ ဆက်မမေးဖြစ်ဘူး။ စာသင်ခန်းနား ရောက်သွားတာလည်း ပါတယ်။

အဲလိုနဲ့ တစ်နေ့မှာတော့..သီဟသစ်တို့ အဖွဲ့ရဲ့ အမေလို အစ်မလို ချစ်ရတဲ့ ဆရာမက ကျောင်းကားအပြန်မှာ လိုက်ပြီး သူ့တူအတွက် အဆောင်ရှာမယ်။ ငါ့သားလိုက်ပို့စမ်း လို့ပြောပါတယ်။ ဆရာမက ကျောင်းကားထွက်ခါနီးမှ ပြောတော့ နှင်းဆီဖြူလေးကို ဖယ်ရီဂိတ်က အဆောင်အပြန် လိုက်မပို့တော့ဘူး သွားပြောဖို့ အချိန်မရတော့ဘူး။ ဖယ်ရီဂိတ်ရောက်တော့လည်း ဆရာမက ကျောင်းဘက်ပြန်ရမှာမို့ မြန်မြန်ပဲ အဆောင်လိုက်ရှာကြပါတယ်။ ဆရာမရယ် သူ့တူရယ် သီဟသစ်တို့ သူငယ်ချင်း ၂ ယောက်ရယ် နည်းနည်းပတ်ရှာပြီးမှ အဆောင်ကလည်းတွေ့ပါတော့တယ်။

အားလုံးပြီးတော့ သူငယ်ချင်း အဆောင်သွား ရေမိုးချိုးပြီး နှင်းဆီဖြူတို့ အဆောင်သွားပြီး တွေ့တော့ သူက ထွက်မတွေ့ပါဘူး။ အဆောင်သာပိတ်သွားရော ဒီအတိုင်းပြန်ခဲ့ရတယ်။ မတွေ့ရတော့ဘူး။ နောက်နေ့မနက်ရောက်တော့ ကျောင်းသွားတဲ့ အချိန်သွားခေါ်တော့လည်း ခဏနေမှ ထွက်လာတယ်။ ရှင်းပြတော့လည်း မရဘူးဗျ။ ရည်းစားတောင် မဖြစ်သေးဘူး၊ သူ့ကို ဂရုမစိုက်တော့ဘူးတဲ့။ ဖဲဗေဒင် မေးတော့လည်း ကိုသီဟသစ်က အပျော်ကြိုက်တာ အတည်မဟုတ်ဘူးတဲ့။ (အဲ ဖဲဗေဒင်ကလည်း တစ်ခါတစ်လေ တော်တော်ရှုပ်သားဗျ။ :) ) နှင်းဆီဖြူတို့ အဆောင်မှာ သီဟသစ်တို့ အငယ်တန်းက ကောင်မလေးတွေ ရှိတော့ သူတို့ကလည်း ကွက်ကြည့် ကွက်ကြည့်ပေါ့လေ။

အဲလို မပြေမလည်ကြီးနဲ့ပဲ အငယ်တန်းတွေအတွက် ဆွဲပေးတဲ့ ကျောင်းကားနဲ့ ကျောင်းကိုသွားကြပါတယ်။ ကျောင်းရောက်တဲ့အခါ ကံကောင်းချင်တော့ တစ်တန်းလုံးနီးပါး ကျောင်းဘောလုံးပွဲကို သွားကြည့်နေလို့ လူနည်းနည်းပဲရှိတဲ့ အတွက် ထပ်ချော့လို့ ရပါတယ်။ ကံဆိုးချင်တော့ ဘယ်လိုချော့ချော့ အဆင်မပြေပါဘူး။ သီဟသစ်ကတော့ ဒီတစ်ခါလည်း Cupid က Stupid ဖြစ်ပြန်ပြီ ထင်တာပဲပေါ့။

ဘယ်လိုမှ ချော့လို့မရတဲ့ အဆုံး သီဟသစ်လည်း တစ်ယောက်တည်း ကျောင်းရဲ့ တစ်နေရာမှာရှိတဲ့ အခန်းလွတ်ကို သွားထိုင်နေဖြစ်တယ်။ ဘာဆက်လုပ်ရမှန်းလဲ မသိတော့ဘူးလေ။ မီးချောင်းအဟောင်းလေး ချထားတာတွေ့တယ်။ ထိုးတယ်ကွာဆိုပြီး ထိုးလိုက်တော့ ကွဲသွားပါတယ်။ ဖန်ချောင်းက။ လက်မရှပါဘူး။ ဘယ်ရမလဲ ထပ်ထိုးလိုက်တော့ လက်ရှသွားပါတယ်။ သူငယ်ချင်းတွေဆီသွားတော့ သူတို့က ပလာစတာပေးပါတယ်။ သီဟသစ် မကပ်သေးပါဘူး။ တစ်ရှူးလေးနဲ့ အုပ်ပြီး နှင်းဆီဖြူလေးတို့ ထမင်းစားဆင်းချိန် စောင့်တာပေါ့လေ။ သူငယ်ချင်းကိုလည်း ငါစီးကရက် သောက်ချင်တယ်ကွာ ဆိုတော့ သူက Vegas Lights တစ်ဘူးဝယ်ပေးပါတယ်။ သီဟသစ်က သောက်နေကျမဟုတ်တော့ လက်မှာ သွေးတွေပေနေတဲ့ တစ်ရှူးကြီးနဲ့ ၊ စီးကရက်သောက်နေတဲ့ ပုံကို အတန်းသားတွေ တအံ့တသြ ကြည့်သွားကြတယ်။ သီဟသစ်ကလည်း ရုပ်တည်ပဲ ဘယ်သူ့မှ နှုတ်မဆက်ဘူး။

နှင်းဆီဖြူတို့ အတန်းဆင်းလာတော့ ဒဏ်ရာလေးပြပြီး ကိုယ့်ကိုယ်ကို အပြစ်ပေးပြီးပြီ ကျေနပ်ပြီလား လို့မေးတယ်။ နှင်းဆီဖြူလေးက မျက်နှာမကောင်းဘူး။ တစ်ခုခုပြန်ပြောမယ် အလုပ် နှင်းဆီဖြူတို့ အဖွဲ့ရဲ့ ခေါင်းဆောင် အပျိုကြီးက လာလာထမင်းစားသွားမယ် ဆိုပြီး ဇွတ်ခေါ်သွားရော။ နှင်းဆီဖြူလေးက ညနေအဆောင်လာခဲ့ လို့ပြောပြီးလိုက်သွားပါလေရော။
ညနေရောက်တော့ အဆောင်ရှေ့မှာ ၂ ယောက်သား ငူငူကြီးထိုင်နေဖြစ်တယ်။ ဘာမှလည်းမပြောဖြစ်ဘူးဗျ။ ခဏနေတော့ နှင်းဆီဖြူလေးက ဘာပြောလည်းဆိုတော့ လက်က ဒဏ်ရာလေး မဖြစ်စလောက်ကို လဲသေလိုက်လို့ ပြောသင့်တာ၊ ဘာလို့မပြောတာလဲ မသိဘူးလား တဲ့။ သီဟသစ်လည်း မသိဘူးလေ ဘာဖြစ်လို့လဲ လို့ ပြန်မေးတော့ “သူ့ကို ချစ်လို့” တဲ့။ (အား… ခုပြောရင် ခုအသစ်ပြန်ဖြစ်တယ်။ ဘယ်လိုခံစားရတယ် ပြောမပြတတ်ဘူး။ တအားပျော်တယ်။ ပထမအပိုဒ်ထဲက ခံစားမှုမျိုးပဲ။) အဲဒီနေ့လေးကတော့ ဇူလိုင် ၆ ရက် ၂၀၀၀ ပေါ့ဗျာ။

ပြီးတော့ ၂ ယောက်သား အဆောင်နားက ထမင်းဆိုင်မှာ နှစ်ယောက်သား နေ့လည်စာ သွားစားကြတယ်။ ထမင်းစားပြီးတော့ နှင်းဆီဖြူလေးကို သရက်သီးခွံ့ကျွေးလို့ သီဟသစ်ကပြောလို့ သူကခွံ့ကျွေးနေတဲ့ အချိန် မနက်က ကွက်ကြည့်ကွက်ကြည့်လုပ်ခဲ့တဲ့ အငယ်တန်းက ကောင်မလေးတွေ့တော့ အံ့သြပြီး အဆောင်ရှေ့မှာ ထမင်းချိုင့်ကြီး လွတ်ကျသွားခဲ့တာတော့ အမှတ်တရပေါ့ဗျာ။ အဲဒီညနေက သီဟသစ်တို့ နှစ်ယောက်သား အမှတ်တရ ဖြစ်အောင် ဘုရားကြီးကို သွားပြီး ဖူးဖြစ်ပါတယ်။

P.S
၁) ဒီအချိန်ကျောင်းတော်ကြီးရဲ့ အလယ်မှာက အပိုင်းဘယ်လောက်ထိရှိမယ် ဆိုတာ ကျွန်တော်လည်း မပြောတတ်ပါဘူး။ ကွန်ပျူတာ တက္ကသိုလ် ပထမနှစ်ကနေ မာစတာတန်းအထိ ရေးမှာဆိုတော့ အများကြီးပါ။ သူငယ်ချင်း ဇောက်ထိုးပို့ထားပေးတာလည်း မတင်ရသေးဘူး။ လာဖတ်တဲ့ ညီအစ်ကို မောင်နှမ တွေ ရိုးအီ သွားမှာစိုးလို့ ကြားထဲမှာ ခြားခြားတင်ပါ့မယ်။

၂) မငြီးမငွေ့ ဖတ်ပေးတဲ့ ညီအစ်ကို မောင်နှမတွေကိုလည်း ကျေးဇူးတင်ပါတယ်။ နှင်းဆီဖြူနဲ့က ကလေးလေးတစ်ယောက်ရပြီဆိုတော့ ဇာတ်သိမ်းသိနေပြီးသား ဖြစ်နေမှာပါ။ Play Back ပြန်ပြတယ်လို့ပဲ သဘောထားပေးပါ။ အချစ်အလွမ်းစွန့်စားခန်းတွေလည်း ရေးအုံးမှာပါ။

Bonus:
၁) ကြားများကြားသွားသလား

ခြောက်နှစ်သမီးကို လက်ဆွဲကာ အမျိုးသမီး တစ်ဦး လမ်းလျှောက်လာသည်။ ရှေ့မှာ အင်းခွေးကြီး တစ်ကောင် လာနေသည်ကို မြင်ကြရသည်။
"မေမေ ရှေ့က ခွေးကြီးဟာ အိမ်ဘေးက ဦးဂျော်နီနဲ့ တူလိုက်တာနော်"
"ဟဲ့သမီး၊ အဲလို မပြောကောင်းဘူး"
"ဘာလဲ သမီးပြောတာကို ခွေးကြီးက ကြားသွားတယ် ထင်လို့တယ်ဟင်"

၂) မှန်ကြည့်မယ်ဆိုရင်

အမဲသားသည်အား ၄င်း၏ မိတ်ဆွေက မေးသည်။
"ချိန်ခွင်ဘေးမှာ ဘာလို့ ကြည့်မှန်ကြီးကို ထောင်ထားရသလဲ"
"ဪ…ဒါလား၊ အိမ်ရှင်မတွေက မှန်တွေ့ရင် မနေနိုင်ကြဘူး မို့လား၊ အဲ မှန်ကိုကြည့်နေတဲ့ အချိန်မှာ ချိန်ခွင်ပေါ်က အလေးကို ဘယ်သူမှ ဂရုမစိုက်ကြတော့ဘူးလေ"

၃)ရည်းစားစာ

ဂျက်သည် မိမိချစ်နေသော မေရီ့ထံသို့ ရည်းစားစာ ရေးလိုက်သည်။
အချစ်ရယ်၊ မင်းကို ကိုယ်သိပ်ချစ်တာပဲ၊ ကိုယ့်ကို လက်ထပ်ပါလားကွယ်။ အချစ်က သဘောတူမယ်ဆိုရင် စာပြန်စေလိုပါတယ်။ အကယ်၍ မကြိုက်နိုင်ဘူးဆိုရင်တော့ စာအိတ်ကိုတောင် မဖောက်ပါနဲ့။

Tuesday, June 23, 2009

နှစ်ကိုယ်တူညီ ချစ်ဖူးတဲ့ တက္ကသိုလ်ဆီ : ဒီအချိန် ကျောင်းတော်ကြီး ရဲ့ အလယ်မှာ (၄)

ကွန်ပြူတာ တက္ကသိုလ်က အဲဒီအချိန်က ညနေ ၁ နာရီခွဲ အထိပဲတက်ရတာပါ။ နေ့လည် ၂ နာရီဆို အဆောင်ပြန်ရောက်ပြီ။ နေ့လည် တစ်ရေးတစ်မောအိပ် ညနေ သူငယ်ချင်းအရင်းတွေဆီ သွားလည်ပေါ့ဗျာ။ အဲဒီမှာ စတွေ့တာပေါ့ဗျာ။ ညှိ့မျက်ဝန်း ပိုင်ရှင်လေးနဲ့ပေါ့ဗျာ။ (ညီအစ်ကိုမောင်နှမတွေ နားလည်မှုလွဲမှာစိုးလို့ ရှင်းပြရရင် အီစီကလီ မျက်လုံးမျိုး မဟုတ်ပါဘူး။ သူ့ရဲ့ မျက်ဝန်းလေးက ကြည်ကြည်လေးပါ၊ အိုဘာဖြစ်တုန်း ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာပဲ။ :P) နှင်းဆီဖြူလေးနဲ့ သူတို့က အဆောင်အတူတူ ဆိုတော့ တစ်ခါတစ်ရံ သူကကြုံတဲ့အခါ စကားဝင်ပြောရင်း နည်းနည်းခင်သွားကြတာပေါ့။

သီဟသစ်လည်း ကျောင်းစာလေးက နည်းနည်းပိုရတော့ စာမေးပွဲနီးတဲ့ အခါ အင်္ဂလိပ်စာ ဖြေမယ့်နေ့ စာရှင်းပြဖြစ်တယ်။ နှင်းဆီဖြူ အပါအ၀င် တစ်ဖွဲ့လုံးပေါ့။ သူက စာရှင်းပြလို့ ဝေဖာထုပ်လေး ၀ယ်ကျွေးပါတယ်။ အဲဒါလေးကို တိုက်ခန်းကို ယူသွားဖြစ်တော့ ကျန်တဲ့ကောင်တွေ အံ့သြနေကြတာပေါ့။ တကယ်က နှင်းဆီဖြူတို့နဲ့ ကျွန်တော်တို့အဖွဲ့ နဲ့ အဆက်အစပ်မှ သိပ်မရှိခဲ့တာကိုး။

စာမေးပွဲဖြေပြီးတဲ့ နောက်ဆုံးနေ့ ထုံးစံအတိုင်း ရေလိုက်လောင်းကြပါတယ်။ ကျွန်တော်နဲ့ နှင်းဆီဖြူလေးတို့ အပြန်အလှန် ရေလောင်းဖြစ်ပါတယ်။ ပြီးတော့ သူငယ်ချင်း ဇောက်ထိုးနဲ့ အပြန်အလှန် အိုးမဲသုတ်နေတာနဲ့ သူတို့နား မရောက်တော့ဘူး။ အိုးမဲက ကားအိတ်ဇောဆီက ရတာပါ။ အမှန်အတိုင်းပြောရရင် အဲဒီအချိန်ထိ သီဟသစ်စိတ်ထဲမှာ နှင်းဆီဖြူနဲ့ ပတ်သက်ပြီး ဖြူစင်နေသေးတယ်။

ရောဂါက ဘယ်မှစတာလဲ ဆိုတော့ နွေရာသီ ကျောင်းပိတ်ချိန်မှာ စတာဗျို့။ သီဟသစ်က အိမ်ကခိုင်းလို့ ခြံသွားရရင် ခြင်းလေးဆွဲသွားတာကိုး။ အဲဒီမှာ ကျောင်းမှာ ခြင်းလေးယမ်းယမ်းနဲ့ လျှောက်တတ်တဲ့ နှင်းဆီဖြူလေးကို စိတ်ထဲမှာ သွားသွားမြင်ယောင်တာဗျ။ (ဘာမှတော့ မဆိုင်ဘူး။) တဖြည်းဖြည်းနဲ့ သတိရတာတွေ များလာလို့ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်တော့ သူ့ကိုချစ်နေမိပြီဆိုတာ သိလာတယ်ဗျ။ အဲဒီအချိန်မှာ သူ့ကိုတွေ့ချင်လို့လည်း မရဘူးလေ။ နေကြတာလည်း နီးနီးနားနား သူက ကချင်ပြည်နယ်၊ သီဟသစ်က မကွေးတိုင်း။

အဲဒီတော့ တစ်မြို့တည်းနေတဲ့ သူငယ်ချင်းအရင်းလေးကို ဖုန်းဆက်ခိုင်းတာပေါ့။ နင်ဆက်ဖြစ်ရင် ငါက သတိရတယ်ပြောပေးပါ ဘာညာသာရကာပေါ့ဗျာ။ အဲဒါနဲ့ သူဖုန်းဆက်ဖြစ်တဲ့ အခါ သီဟသစ်တို့ အိမ်နားက ဖုန်းနံပါတ်ကို ပေးလိုက်တော့ သီဟသစ် အရောင်တွေ ပြောင်းနေတာ မသိသေးတဲ့ နှင်းဆီဖြူလေးက ဖုန်းဆက်လာပါတယ်။ နည်းနည်းပါးပါးပဲ ပြောဖြစ်ပါတယ်။ ကျောင်းပြန်ဖွင့်ရင် သင်တန်းတက်မည့်အကြောင်း သီဟသစ်က ပြောတာပါ။ (မင်းနှယ် ရည်းစားစကားလေး ဘာလေးတန်းပြောပါလားလို့ မေးရင် အဲဒီအခါတုန်းက ဘလော့တွေ မရှိသေးလို့ ဘလော့ဂါကိုကို မမ တွေဆီက ပညာတွေ မရသေးတာနဲ့ ဘယ်က စရမှန်း မသိသေးပါဘူး :P)

ကျောင်းဒုတိယနှစ် Second Term ပြန်ဖွင့်တော့ သီဟသစ်က မန္တလေးကို အရင်ရောက်ပါတယ်။ နှင်းဆီဖြူလေးကို ဘယ်နေ့ပြန်လာမလဲ ဆိုတာ ဖုန်းဆက်မေးပါတယ်။ ဘူတာကို လာကြိုလှည့်မယ်လည်း ပြောလိုက်ပါတယ်။ သူတို့မြို့က ဖုန်းဆက်ရတာ အဲဒီအချိန်က တော်တော်ခက်ပါတယ်။ ဆက်ရတာလည်း ဈေးကြီးပါတယ်။ သူတို့မြို့ဖုန်းဆက်ရတာ ဈေးကြီးတဲ့ အကြောင်း မောင်ပွင့်လင်းကြီး သီဟသစ်က ပြောမိတော့ အဖွဲ့ကကောင်တွေ နည်းနည်းရိပ်မိလာကြပါပြီ။

သီဟသစ်ကလည်း ကိုယ့်အစွဲနဲ့ကိုယ်။ ပထမနှစ် သူကြီးသေနတ်လုပ်နေတုန်းက အဖွဲ့ကကောင်တွေ လိုက်စတာနဲ့ မဖြစ်တာလို့ သတ်မှတ်ထားတယ်။ ခုတစ်ခါ ကိစ္စတော့ ဒင်းတို့ကို အသိမပေးဘူးဆိုပြီး လျှိုထားတယ်။ အဲကောင်တွေက လူပျိုကြီးဖြစ်မယ့် အဖွဲ့တွေပါပဲ။ သီဟသစ် ပွဲဦးထွက်လေး ဒုတိယနှစ်မှာ ရည်းစားရပြီးမှ တတိယနှစ်မှာ ၂ ယောက်လောက် လိုက်စွံလာတာ။ (ဟာဟ ငါဝဋ် မလည်တော့ဘူး ခုတော့ သေချာပေါက်ပြောလို့ ရပြီ။)

အဲဒီလိုနဲ့ နှင်းဆီဖြူလေး ပြန်လာမည့်နေ့ မတိုင်ခင်ညကို ရောက်ပါပြီဗျာ။ တခြားတက္ကသိုလ်တွေလည်း ပြန်ဖွင့်ပြီဆိုတော့ ကျောင်းပြောင်းတက်မည့် သူငယ်ချင်းက တိုက်ခန်းမှာ ညနှုတ်ဆက်ပွဲလုပ်ပါရောဗျာ။ လူ ၄ ယောက် မြန်မာရမ် ၆ ပြား သွားပါလေရော။ မသောက်တဲ့ သူငယ်ချင်းနှစ်ယောက်က သီဟသစ်ကို အစ်မေးကြတယ် ပြောတယ်။ သီဟသစ် ချစ်နေတာ ဘယ်သူလဲပေါ့။ သီဟသစ်တော့ ပြန်မဖြေဘူး ထင်တာပဲ။ သူတို့က နှင်းဆီဖြူလေးလို့ သီဟသစ်က ပြန်ဖြေတယ် ပြောတာပဲ။ အဲဒီညက တော်တော်မူးသွားတယ်။ သီဟသစ်က မူးတယ်မူးတယ် အော်နေလို့ သူငယ်ချင်းက နားထဲ သံပုရာရည် ညှစ်ထည့်တယ်။ ဆက်အော်နေတုန်းမို့ ဒီကောင်က အမြင်ကတ်ကတ်နဲ့ မျက်လုံးထဲပါ သံပုရာရည် ညှစ်ထည့်မှ မအော်နိုင်တော့ဘူး။

အဲဒီအကျိုးဆက်ကတော့ နောက်နေ့ ၁၀/၀၅/၂၀၀၀ နှင်းဆီဖြူလေးကို ကြိုမည့်အချိန် ဘယ်လိုမှ မထနိုင်တော့ပါဘူး။ နေ့လည် ၃ နာရီမှ အိပ်ရာကထ ဆိုင်သွား အအေးသောက်တော့ လက်တောင်တုန်နေသေး။ နှင်းဆီဖြူတို့ အဆောင်ကို ဖုန်းလှမ်းဆက်တော့ ရောက်နေပြီတဲ့ သူက။ အဲဒါနဲ့ ညနေကျတော့ ရေမိုးချိုး ရှိုင်းပြီးတော့ သူ့ဆီသွားတာပေါ့။ ဒီလိုပဲ ဘာလေးညာလေးပြော သူတို့မြို့က ပါလာတဲ့ လက်ဆောင်လေးယူ၊ သူလက်ဆောင်ပေးမည့် ဆရာမရဲ့ အဆောင်ဆီကို ယောင်တောင်ပေါင်တောင်နဲ့ လိုက်သွားလုပ်တာပေါ့ဗျာ။
အဲဒီနေ့က စပြီးတော့ သီဟသစ်တစ်ယောက် နှင်းဆီဖြူလေးတို့ အဆောင်ကို ချောင်းပေါက်မတတ် သွားတော့တာပေါ့ဗျာ။ နှင်းဆီဖြူရဲ့ အဆောင်က မိန်းကလေး သူငယ်ချင်း အရင်းတွေကလည်း နှင်းဆီဖြူလေးကို ကြောက်လို့တဲ့ ဘာမှ ပြောမပေးကြဘူး။

သင်တန်းတက်မည့် ကိစ္စ သီဟသစ်က အချိန်ဆွဲနေတာနဲ့ နှင်းဆီဖြူလေးက စိတ်မရှည်ဘဲ တခြားသင်တန်းတစ်ခု အပ်ထားပြီ။ ၆ ယောက်ပဲ လက်ခံတဲ့ သင်တန်း တကယ်က ၆ ယောက်ပြည့်နေပြီ။ အဲဒီသတင်း သိရမှ သီဟသစ်လည်း အဲဒီသင်တန်းက ဆရာကို တောင်းတောင်းပန်ပန် သွားပြောရတယ်။ နှင်းဆီဖြူလေးနဲ့ အတူတူ တက်ချင်လို့ပါ ၊ အဲလိုသွားပြောရင် နားရင်းအုပ်ခံရမှာပေါ့။ ပညာလိုချင်လွန်းလို့ နောက်တစ်တန်း မစောင့်နိုင်ဘူးပေါ့ကွယ် အဲလိုပြောလိုက်တော့ တက်ခွင့်ရတာပေါ့။ အဲလိုနဲ့ ကျောင်းရယ် သင်တန်းရယ် အဆောင်မှာရယ်သာ သွားတွေ့နေတာ ဘာမှကို ဖွင့်မပြောရသေးဘူး။

တစ်ညမှာတော့ သီဟသစ်တို့ အဖွဲ့ ဂီတာ တီးတတ်တဲ့ စစ်ကိုင်းသား သူငယ်ချင်းကို ခေါ်ပြီး နှင်းဆီဖြူလေးတို့ အဆောင်ကို ဂစ်တာသွားတီးကြတယ်။ အဓိကကတော့ ထူးအိမ်သင်ရဲ့ “သူငယ်ချင်းအချစ်ထက်ပိုချစ်ပါ” သီချင်းရယ် “ကိုယ့်စိတ်တွေ မရိုးသားတော့ဘူး” သီချင်းရယ် ဆိုတာပါ။ နောက်နေ့ရောက်တော့ နှင်းဆီဖြူလေးကို တန်းမတွေ့ရဲလို့ နေ့လည်ပိုင်း ထမင်းစားချိန်လောက်မှ သွားတွေ့တာပါ။ ညက သီချင်းလာဆိုတာသိလားဆိုတော့ ၈ နာရီလောက်ကတည်းက အိပ်တာမို့ ဘာမှမသိလိုက်ဘူးတဲ့။ ကောင်းပါ့ အေးရော။ မထူးဘူး ဖွင့်ပြောမှ ဖြစ်တော့မယ် ဆိုတာ စဉ်းစားမိတယ်။

အဲလိုနဲ့ လွန်ခဲ့တဲ့ ၉ နှစ်တိတိ ၂၃/၀၆/၂၀၀၀ ညနေခင်း ၇ နာရီ ၄၅ မိနစ်လောက်မှာ နှင်းဆီဖြူလေးကို ဖွင့်ပြောဖြစ်ပါတယ်။ ပြောလို့ပြောတာ မဟုတ်ပါဘူး ပထမဆုံးစကား ပြောဖို့ အရှိန်ယူရတာ ငါးမိနစ်လောက်ကြာပါတယ်။ သီဟသစ်ချစ်နေတာ သူပါလို့ ဖွင့်ပြောဖို့ရာ။ ဆရာ့ဆရာကြီးတွေ ပြောခဲ့တဲ့ အတိုင်း ပထမ တစ်ခွန်းပဲ ခက်တာ ကလားဗျ။ နောက်ဆက်တွဲ စကားတွေများ ထွက်လာလိုက်တာ နန်းစတော့ဗျ။ အဲဒီတော့ နှင်းဆီဖြူလေးက သူငယ်ချင်းတွေလိုပဲ နေချင်တယ်။ စဉ်းစားအုံးမယ် ဆိုပြီး ပြန်ပြောပြီး အဆောင်ထဲဝင်သွားပါလေရောဗျို့။

ဆက်ရန်...

P.S:
၁) ဒုတိယနှစ် First Term မှာ တိုက်ခန်းမှာ ကြုံခဲ့ရတဲ့အကြောင်းတွေ၊ Drawing ဆွဲရတဲ့ အကြောင်းတွေကို သူငယ်ချင်းဇောက်ထိုးက ရေးပို့ထားတာရှိပါတယ်။ First Term စာမေးပွဲ အပြီး သူငယ်ချင်းတွေ ရွှေစက်တော်လိုက်လည်ကြတာရော ဒီပို့စ်ပြီးမှ ထည့်ရေးပါမယ်။
၂) Bonus ကို အာရုံရမှ ရိုက်ပါတော့မည်။

Saturday, June 20, 2009

ဒီအချိန် ကျောင်းတော်ကြီး ရဲ့ အလယ်မှာ (၃)

ဒီလိုနဲ့ ပထမနှစ် Second Term ရောက်လာပါရော။ သူငယ်ချင်းတွေနဲ့ ပြင်ဦးလွင် အနီးစခန်းနားက ရေတံခွန်သွားမယ် ဆိုစီစဉ်ကြတယ်။ ဓါတ်တော်ချိုင့်ရေတံခွန်ပေါ့ဗျာ။ ကားနဲ့သွားလို့ ရတဲ့နေရာထိသွား ပြီးရင် လမ်းဆက်လျှောက် တစ်နာရီ ကျော်ကျော်လောက် လျှောက်ရတယ်ဗျ။ မိုးတွင်းရောက်ခါစ ဆိုတော့ မိုးလေးကလည်းရွာ လမ်းကလည်းတောင်ဆင်းလမ်းဆိုတော့ တဘိုင်းဘိုင်း ချော်လဲကြတာပေါ့။ သူငယ်ချင်းကောင်မလေး တစ်ယောက်ဆို ချော်လဲလွန်းလို့ သူ့ကို ချော်ကွင်းဆိုပြီး စလာတာ။ ခရီးအဆုံး ရေတံခွန်ကြီးလည်း မြင်ရော သီဟသစ် တစ်ယောက် ၀ဋ်လည်ပါလေရော။ ပျော်ပြီး ပြေးမိတာ သုံးခါတောင် ချော်လဲတယ်။ (ဒါနဲ့ စကားမစပ် ဟိုနေ့က ကိုကိုရွာသား ကောင်းမှုနဲ့ Jurong Bird Park ရောက်တော့ လူလုပ်တဲ့ ရေတံခွန်ထဲမှာ အကြီးဆုံးလို့ သူတို့ညွှန်ထားတဲ့နေရာ ရောက်ခဲ့သေးတယ်။ အလှချင်း ခံစားရတာချင်း ဘာမှမဆိုင်ဘူး)။ အဲဒီခရီးစဉ်မှာ နှင်းဆီဖြူလေးပါလာပါတယ်။ သူငယ်ချင်းအရင်းတစ်ယောက်နဲ့ အဆောင်တူနေတော့ သူပါပါလာတာပါ။ ဒါပေမယ့် ဘာမှကို မဘာမှ သေးပါဘူး။ အဲဒီအချိန်က။ တိုက်တိုက်ဆိုင်ဆိုင် ပြောရရင်တော့ အုပ်စုပုံရိုက်ဖြစ်တဲ့ ၃ ပုံလုံးမှာ သီဟသစ်က သူ့နောက်မှာ ရပ်မိနေတာချည်းပဲ။ ရည်းစားဖြစ်ပြီးနောက်ပိုင်း သူက ပြန်ပြောမှ သတိထားမိတာပါ။


Credits to http://www.flickr.com/photos/21395558@N05/2078651738/
ဓါတ်တော်ချိုင့်ရေတံခွန်ပုံ

အဆောင်မှာ နေရင်း ဖဲကလည်း နည်းနည်းရိုက်တတ်လာတယ်။ ပထမဆုံးကတော့ တွမ်တီဝမ်းက စတာပေါ့လေ။ ပရော်ဖက်ရှင်နယ် အဆင့်တော့ မရောက်ပါဘူး။ အပျော်ပါဘဲ။ နောက်အတန်းတွေ ကြီးလာတေ့ ပိုကာ၊ ရှမ်း၊ ဟောင်ကောင်ရှိုးတဖြည်းဖြည်းချင်း တက်လာတာပေါ့။ ဟောင်ကောင်ရှိုးဆိုတာ သိကြလားမသိဘူး။ ၂ ကို အကြီးဆုံးထား ကစားရတာလေ။ ဒါတောင် အုန်းခွဲတာတို့၊ ရှိုးတို့၊ ဟောလိဝုဒ် စတဲ့ ပညာရပ်တွေ မတတ်လိုက်ရဘူး။

တဖြည်းဖြည်းနဲ့ ပထမနှစ် Second Term စာမေးပွဲဖြေချိန်ရောက်လာပြန်ရော။ သီဟသစ်မှာ အကျင့်တစ်ခုရှိတာက ကိုယ်တခြားဟာလုပ်နေချိန် သူများကျောင်းစာကြည့်နေရင် မနေတတ်ဘူး။ ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ အတူတူနေခဲ့တဲ့ သူငယ်ချင်းတွေကလည်း ညညဆို စာတွေကြည့်ကြတာဗျ။ အဲဒါနဲ့ ကိုယ်လည်း မလိမ်မာချင်ရက်နဲ့ သူများဖျက်တာနဲ့ စာတွေလိုက်ကြည့်ဖြစ်ရော ဆိုပါတော့လေ။ (ရိုးတွေ ပုံမှန်လောက်ရှိခဲ့တာ သူတို့ကျေးဇူးတွေ ပါပါတယ်။) အဲဒီတုန်းက စစ်ကိုင်းက သူငယ်ချင်းကလည်း စာမေးပွဲတွင်း စာလာကျက်တယ်။ (ခုဘလော့ဂါ မိုးကောင်းသူ ရဲ့ ကိုယ်တော်ကြီး အလောင်းအလျာပေါ့)။ သူက အဲဒီကတည်းကတိုင် မျက်မှန်ပါဝါများတာ တပ်ရတာ။ အဆောင်က ရေကန်မှာ ရေချိုးတော့ သူက မျက်မှန်ကို ရေကန်ဘေး အုတ်ခဲပေါ်တင်ထားခဲ့တာ။ တခြားသူငယ်ချင်းက တက်နင်းတော့ မျက်မှန်လည်း အေးချမ်းမေဖြစ်သွားရော။ ဒီကြားထဲ သူဝမ်းလျောတာကို သီဟသစ်က ယမ်ယမ် ချဉ်စပ်တွေ ပြုတ်ကျွေးမိလို့ သူငယ်ချင်းခမျာ ပန်းသခင်ဇာတ်ကားမှာ ဆက်လက် သရုပ်ဆောင်လိုက်ရသေးတယ်။

ဒုတိယနှစ်ပြန်ဖွင့်ပြီး သိပ်မကြာခင် သူငယ်ချင်းတွေက ပုဂံကို Excursion ထွက်မယ်ဆိုပြီး စီစဉ်တော့ သီဟသစ်လည်း ဘယ်ရမလဲ။ လိုက်တာပေါ့။ အဲဒီတုန်းက(၁၉၉၉ ခုနှစ်က) တစ်ယောက် ၃ ထောင်နဲ့ ကို ၂ ညအိပ် ၃ ရက် ခရီးပေါ့။ (သူငယ်ချင်းတစ်ယောက်ကတော့ အိမ်ကို Drawing ဆွဲတဲ့ ပစ္စည်းဖိုး ၅၀၀၀ တောင်းပြီး တကယ်ဝယ်တော့ ၂၀၀၀ တန်ဝယ၊် ကျန်တာနဲ့ ပုဂံလိုက်လာတာပဲ။) ပုဂံရောက်တော့လည်း တည်းရတဲ့ တည်းခိုခန်းလေးက သပ်သပ်ရပ်ရပ်ပါပဲ။ အဲဒီကို ရောက်ရောက်ချင်းညက တိုးတိုးဝင်း ပုဂံဘူဖေးဆိုင်မှာ ထမင်းသွားစားကြတော့ သူငယ်ချင်းအဖွဲ့ချင်း ထမင်းစားပြိုင်ကြပါတယ်။ အအေးတိုက်ကြေးပါ။ ယောက်ျားလေး ၅ ယောက် အဖွဲ့နဲ့ မိန်းကလေး ၈ ယောက်အဖွဲ့ထင်တာပဲ။ နောက်ဆုံးကျတော့ သီဟသစ်တို့အဖွဲ့က ဇလုံ ၈ လုံး သူတို့အဖွဲ့က ၅ လုံးနဲ့လား မသိနိုင်သွားပါတယ်။ အအေးလည်းသောက်ပြီးရော အပြန်လမ်းမှာ သီဟသစ်ကို သူငယ်ချင်းတွေက တွဲကိုခေါ်ရတော့တာဗျို့။ အစားတွေလွန်ပြီး ဗိုက်အင့်နေတာလေ။ သူငယ်ချင်းတွေဆီက ဂျဲလမက်တွေ ဘားပလက်တွေ ယူသောက်ရသေးတယ်။ မနက်လင်းတော့လည်း Sun Rise ဆိုပြီးသွားကြည့်ကြသေးတယ်။ အပေါ်ကို တက်လို့ရတဲ့ ဘုရားတစ်ခုဆီကနေပေါ့။ အဲခါတုန်းကတော့ ပျင်းတောင်ပျင်းမိသေး နေထွက်တာများ ဘာထူးဆန်းလို့လဲပေါ့။ Excursion စီစဉ်တဲ့ သူငယ်ချင်း နှစ်ယောက်က တော်ကြပါတယ်။ သူတို့ စီစဉ်တဲ့ ခရီးတွေ အကြောင်းလည်းဆက်ရေးမှာပါ။

ဒုတိယနှစ်ရောက်တော့ မန္တလေးက သူငယ်ချင်းတစ်ယောက်က သူတို့ရဲ့ လွတ်နေတဲ့တိုက်ခန်းငှားပေးပါတယ်။ သူငယ်ချင်း ၄ ယောက်သွားနေကြတာပေါ့ဗျာ။ စာရင်းပေါက် ၄ ယောက်က နေ့ခင်းဆို ကျောင်းသွားကြတယ်။ ကျန်တဲ့ မန်းလေးက သူငယ်ချင်းတွေက နေ့ခင်းဖဲလာရိုက်နဲ့ ဟုတ်တော့နေတာပဲ။ အဲဒီအထဲမှာ သူငယ်ချင်းတစ်ယောက်က တော်တော်စလို့ကောင်းတယ်။ ၀ကြီးလို့ ခေါ်တယ်။ သူတို့ဖဲရိုက်နေတဲ့ အချိန်သူ့ကိုစတော့ တွေ့တာနဲ့ကောက်ပေါက်တာနေမှာ။ သီဟကျောင်းက ပြန်လာရင် နိုးစက်နာရီလေးက တစ်စစီဖြစ်၊ ကက်ဆက်ကလည်း ကိုင်းတွေပြုတ်နဲ့ ရှုပ်နေတာပဲ။ သီဟတို့က ညရောက်ရင် တော်တော်နဲ့ မအိပ်ကြဘူး။ ည ၂ နာရီ ၃ နာရီ လောက်မှ မိုးအလင်းဖွင့်တဲ့ ထမင်းကြော်ဆိုင်ကို သွာစားကြတယ်။ တိုက်ခန်းက အိမ်နီးနားချင်းတွေကတော့ သြဘာပေးပါတယ်။ ညညဂျပန်စစ်ဖိနပ်သံတွေ ကြားရတဲ့အတိုင်းပဲတဲ့။

သူငယ်ချင်း ၄ ယောက်ပေါင်းပြီးတော့ ကွန်ပျူတာ တစ်လုံးလည်း ၀ယ်ကြသေးတယ်။ အစ်မအကြီးဆုံးရဲ့ ရွှေဆွဲကြိုးလေးကနေ ကွန်ပြူတာဖြစ်သွားတာပေါ့လေ။ ကွန်ပျူတာသွားဝယ်တော့ သတိရသေးတယ်။ Casing ဆိုတာကြီးကို ဘာကြောင့်ဝယ်ရတာမှန်းမသိဘူး။ ကိုယ်သိတာက Hard disk Memory အဲလောက်ပဲသိတာ။ နောက်မှကွန်ပြူတာ ထည့်ဆင်တဲ့ပုန်း မဖြစ်မနေ၀ယ်ရမယ်ဆိုမှ သိတော့တာ။ ကွန်ပျူတာ ၀ယ်ခါစကတော့ လုကိုင်ကြတာပေါ့လေ။ တစ်ယောက်က Keyboard ဆို တစ်ယောက်က Mouse ကိုင်ရှုပ်နေတာပဲ။ နောက်တော့လည်း ဘယ်သူမှလှည့်မကြည့်ဖြစ်ပါဘူး။ နောက်ပိုင်းသီဟသစ် Hardware သင်တန်းတက်ပြီးမှ စက်ပုံးကို ဖွင့်ကြည့်မိတာ အထဲမှာ ဖုန်တွေက တစ်လက်မထုလောက်ထုရှိတယ်။

နှင်းဆီဖြူလေးနဲ့တွေ့တဲ့ အပိုင်းရောက်ပါတော့မယ်။ ကိုယ်ရေးတဲ့ ဇာတ်လမ်းမို့လို့သာ ကိုယ်က ဇာတ်လိုက်လုပ်လိုက်ရတာ တကယ်တော့ ထူးထူးခြားခြားကြီး မဟုတ်ပါဘူး။ နီကိုရဲရဲ့ စိတ်အိုင်ပက်သူ ဇာတ်လမ်းနဲ့ နည်းနည်းတော့ ဆင်သလိုပါပဲ။

ဆက်ရန်...

P.S အိပ်ငိုက်နေလို့ ဘောနပ်စ်မရိုက်လိုက်ရပါ။ မနက်ကလည်း ၀ါးတီးသွားစားရအုံးမယ်။

Tuesday, June 16, 2009

လွမ်းရယ်မပြေ : ဒီအချိန် ကျောင်းတော်ကြီး ရဲ့ အလယ်မှာ (၂)

“မင်းလေး ရယ်လိုက်ရင် ကိုယ့်ဘ၀ တစ်ခုလုံးဟာ အရာရာမှန်သမျှ အေးချမ်းသွားတယ် သိပ်ချစ်တဲ့ အကြောင်းတွေ ပြောပြချင်ပေမယ့်လည်း ကိုယ်မဆိုရဲ မင်းစိတ်ညစ်မှာစိုး”

အဲဒီ သီချင်းလေးက ပထမနှစ် Fresher Welcome မှာ သူငယ်ချင်းတွေကို အသံနဲ့ တက်နှိပ်စက် ခဲ့တဲ့ မျိုးကျော့မြိုင် သီချင်းလေးပါ။ ဒါတင်မကဘူး ဘိုဘို ရဲ့ တစ်နေ့နေ့ သီချင်းလည်းဆိုခဲ့သေးတယ်။ ခေတ်ကာလ သားသမီးများတော့ အဲဒီသီချင်းတွေ သိချင်မှ သိမယ်။ Welcome လည်းပြီးရော သီချင်းဆိုကောင်းတယ် ဆိုပြီး နာမည်ကြီးသွားတာပေါ့။ ဟာဟ သီဟသစ်တော့ မဟုတ်ပါဘူး။ အင်္ဂလိပ်သီချင်း အဆိုကောင်းတဲ့ ပဲခူးသား သူငယ်ချင်းပါ။ သီဟသစ်ကတော့ ထုံးစံအတိုင်း Stage စင်ပေါ်မှာ စည်းချက်လိုက်တဲ့ ပုံစံက ဟာသ ဖြစ်သွားလို့ ခဏခဏ ပြန် အစခံရတယ်။

သီဟသစ်က အနေအထိုင်အေး စကားလည်းနည်းတော့ သူငယ်ချင်းနည်းပါတယ်။ ယောက်ျားလေး ၁၇ ယောက် ပါတဲ့တစ်ဖွဲ့၊ မိန်းကလေး ၁၁ ယောက်လောက်နဲ့ ယောက်ျားလေး ၂ ယောက်ပါတဲ့ အဖွဲ့ သူငယ်ချင်းလေး ၂ ဖွဲ့ပဲရှိတာပါ။ မိန်းကလေး သူငယ်ချင်းထဲမှာ နှင်းဆီဖြူပါမယ် ထင်တယ် ဆိုရင် မှားပါတယ်။ အဲဒီအခါတုန်းက သူနဲ့ ခင်တောင်မခင်သေးပါဘူး။ သီဟသစ်က သူငယ်ချင်းအရင်းဆိုရင် ဘယ်လိုမှ ချစ်သူမထားဘူး လို့ ကိုယ့်ဘာသာကိုယ် သတ်မှတ်ထားလို့ နှင်းဆီဖြူကို စတွေ့ချင်းကတည်းက သူငယ်ချင်း တစ်ဝမ်းကွဲလောက်ပဲ ထားခဲ့တာပါ။

စာဖတ်တဲ့ ညီအစ်ကို မောင်နှမ တွေက နှင်းဆီဖြူလေးနဲ့ ဘယ်လိုဆုံခဲ့လည်းဆိုတာ ရေးခိုင်းကြတယ် ဆိုတော့ ဒုတိယ နှစ်ကို ကျော်ရေး ရမလို ဖြစ်နေပါတယ်။ ခဏစောင့်ကြပါ။ ပထမနှစ်ကတော့ သီဟသစ် ပညာရေးကလွဲရင် ဘာမှ စိတ်မ၀င်စားပါဘူး။ အဲလိုပြောလိုက်ရင် မယုံမှာ သိနေလို့ မပြောတော့ပါဘူး။ ပထမနှစ်ကတော့ ထုံးစံအတိုင်း သူကြီးသေနတ်လုပ်နေတာပါ။ ယောက်ျားလေး ၁၀၀၊ မိန်းကလေး ၂၅၀ ရှိတဲ့ အတန်းဆိုတော့ ဆင်ဖြူကျွန်းက သူငယ်ချင်းက အချိုးချလိုက်တာ၂.၅ : ၁ ရတယ်ပေါ့လေ။ စိုင်းစိုင်းထက်တောင် .၅ ပိုသေး။ (အင်းပွင့်လင်းမိပြန်ပြီ၊ ပြီးရင်ပြန်ဖျက်ထားမှ :P)

စကားမစပ်ပြောရရင် သီဟသစ်က မျက်လုံးတွေကို စိတ်ဝင်စားပါတယ်။ လူတစ်ယောက်ရဲ့ နှလုံးသားကို လေ့လာရင် မျက်လုံးတွေက တဆင့်ပဲ လေ့လာရမယ်လို့ထင်တယ်။ ပထမနှစ်မှာ အဆောင်တွေဘက်မှာ စက်ဘီးစီးလာရင်း “ငယ်စဉ်အခါက အသည်းကို ညှိ့ယူဖမ်းစားတယ် ရွှေသမင်မျက်လုံးပိုင်ရှင်ရယ်” လို့ ဆိုရလောက်အောင် (သီဟသစ်အတွက်ပြောပါတယ်) မျက်လုံးလှတဲ့ကောင်မလေး တစ်ယောက်ကို ဆုံခဲ့တယ်။ ကျောင်းက ကောင်မလေး မှန်းတော့ သိတယ်။ ဘယ်သူမှန်းမသိဘူး။ သူလေးကတော့ နှင်းဆီဖြူလေးပေါ့။ အဲဒီအခါက မှတ်မှတ်ထင်ထင်ရှိသွားခဲ့တာပဲ ရှိတာ။ ဘာမှဆက်မလုပ်ဖြစ်ခဲ့ပါဘူး။ ပထမနှစ်မှာတော့။

သီဟသစ်တို့ ပထမနှစ်ကျောင်းတက်ခါစက ကျောင်းကလည်း မန္တလေး စက်မှုတက္ကသိုလ် ၀င်းထဲမှာပဲ ဖွင့်ထားခဲ့တာပါ။ အဆောင်ကလည်း အဲဒီကျောင်းဝင်းထဲမှာ နားလည်မှုနဲ့ နေခွင့်ရသေးတယ်။ အဲဒီကျောင်းဝင်းကလဲ မြွေတယ်ပေါကိုးဗျ။ တစ်ရက်လားဟာ သူငယ်ချင်းသုံးယောက်သား ညဘက်ကြီး ၀န်ထမ်းအိမ်ယာဘက်ကို ခြေကျင်စာအုပ်သွားငှားရင်း အပြန်ကျ မြွေတွေ့လို့ဆို အဆောင်ကို ပြန်ပြေးခဲ့တာ လုံးနေတာပဲ။ နောက်တော့လည်း အဲဒီဝင်းထဲမှာ နေခွင့်မရလို့ မန္တလေး တက္ကသိုလ် မိန်း နားမှာ အဆောင်သွားနေကြတာပေါ့ဗျာ။

ဒီလိုနဲ့ First Term စာမေးပွဲကြီးဖြေတဲ့အချိန်ရောက်လာခဲ့ပြန်တယ်။ အဆောင်မှာ စာကြည့်လို့ ခေါင်းပူလာရင် မိန်းနားက ယူနီဆန်ကို သွားထိုင်ကြတယ်။ စာတွေထဲမှာ ထည့်ထည့်ဖွဲ့ခဲ့ကြတဲ့ ရေနီမြောင်း၊ ရေနီမြောင်းနဲ့ ဟာက သူတို့ခေတ်ကတော့ လှခဲ့သလားမသိ။ သီဟသစ်တို့ခေတ်မှာတော့ မြောင်းသေးသေးလေးပါပဲ။ ယူနီဆန်ဆိုင်က အဲဒီမြောင်းပေါ်မှာ ခွဆောက်ထားတာဆိုတော့ တံတားပေါ်မှာထိုင် လက်ဖက်ရည်သောက် ဗန်ဒါရွက်လေးတွေ ကြွေလာတာကြည့်၊ စပယ်ပွင့်လေးတွေ လေလွင့်လာတာကြည့် အဲလိုနဲ့ First Term စာမေးပွဲကြီး ပြီးတဲ့နေ့ ရောက်လာပါရော။ စာမေးပွက မတ်လဆိုတော့ သင်္ကြန်နဲ့လည်းနီးနေပြီလေ။ ကျောင်းဝင်းထိပ်မှာကလည်း ဆည်တော်ကြီးကလာတဲ့ ရေမြောင်းကြီးရှိတယ်။ သူငယ်ချင်းတွေနဲ့ စာမေးပွဲပြီးပြန်လာတဲ့ကားတွေကို တားပြီး ရေတွေကို ပုံးလိုက်လောင်းကြတာပေါ့ဗျာ။

ဆက်ရန်..

P.S ကျောင်းရဲ့ပုံကို တင်ပေးဖို့ရာ လိုက်ရှာနေပါတယ်။ မန္တလေး စက်မှုတက္ကသိုလ်ဝင်းထဲက တုန်းက ကွန်ပျူတာ တက္ကသိုလ်ရဲ့ပုံကို ရှာမတွေ့သေးပါဘူး။ တွေ့ရင်တင်ပါ့မယ်။

Bonus
၁) နားထောင်မိတာ မှားပြီ

ပြဇာတ်ရုံ၏ ၀င်ပေါက်ရှေ့တွင် ဖြစ်သည်။
ယောက်ျားက မိန်းမကိုပြောသည်။

"မိန်းမရေ၊ မင်းငါ့ကို ၀တ်စုံသစ် ၀တ်ခိုင်းတာ မှားပြီထင်တယ်"
"ဘာဖြစ်လို့ မှားရမှာလဲ၊ ဒီဝတ်စုံက ရှင်နဲ့သိပ်လိုက်တာပဲ"
"ဒါပေမယ့် ပြဇာတ်လက်မှတ်က ကုတ်အင်္ကျီ အဟောင်းထဲမှာကွ"

၂) ပြိုင်ပွဲ

"ရှင်ဘာဖြစ်လို့ အိမ်ပြန်နောက်ကျရတာလဲ"
"ရုံးက အဖွဲ့သားတွေနဲ့ ဘီယာသောက်ပြိုင်ပွဲ ကျင်းပနေလို့ဟေ့"
"သြော်ဟုတ်လား ဘယ်သူ ဒုတိယ ရလဲတော်"

Monday, June 15, 2009

ဒီအချိန် ကျောင်းတော်ကြီး ရဲ့ အလယ်မှာ (၁)

သီဟသစ်လည်း ကျောင်းတော်ကြီးကို လွမ်းလိုက်အုံးမယ်ဗျာ။ ကျောင်းသားဘ၀ အမှတ်တရလေး တွေ ရေးမယ်ဗျာ။

သီဟသစ်တို့ မန္တလေး ကွန်ပျူတာ တက္ကသိုလ် တက်တော့ ၁၉၉၈ နိုဝင်ဘာမှာပါ။ တကယ်တော့ အဲဒီအချိန်က အဲဒီကျောင်းကို စရောက်ခဲ့သူတွေရဲ့ ရည်မှန်းချက်ထဲမှာ ကွန်ပျူတာတက္ကသိုလ် ဆိုတာ ရှိခဲ့ကြတာ မဟုတ်ပါဘူး။ ကျောင်းတွေ ပိတ်ထားတဲ့အချိန် ဖွင့်တဲ့ တစ်ခုတည်းသော တက္ကသိုလ် ဆိုပြီး လာတက်ခဲ့ကြတာပါ။ နောက်ပိုင်း ကျောင်းတက်ရင်းနဲ့ ကျောင်းတော်ကြီးကို သံယောဇဉ် ဖြစ်သွားကြတာပါ။ ကျောင်းသူကျောင်းသားတွေက နယ်တော်တော်စုံပါတယ်။ အထက်ပိုင်း မြစ်ကြီးနားကနေ အောက်ပိုင်း မော်လမြိုင်၊ မြ၀တီ၊ အရှေ့ပိုင်း တောင်ကြီးကနေ အနောက်ပိုင်း မြောက်ဦး စသည်ဖြင့် နယ်အစုံက လူတွေ အတော်များများဆုံကြပါတယ်။

ကျောင်းသားဘ၀ စစချင်းတုန်းကတော့ တော်တော်ချွေတာခဲ့ဖူးသဗျ။ ဟင်းတစ်ပွဲမှာပြီး သူငယ်ချင်းသုံးယောက် ခွဲဝေစားတာမျိုးတို့၊ မန္တလေး စက်မှုတက္ကသိုလ်ဝင်းထဲက အဆောင်ကနေ ဈေးချိုထိ စက်ဘီးနဲ့သွားပြီး ထမင်းဆိုင်မှာ မစားပဲ ပေါင်မုန့်တစ်လုံး ၀ယ်ကာ ခွဲဝေစားတာမျိုးတို့ပေါ့လေ။ အဲဒါတွေ အိမ်ကို ရေးတဲ့စာထဲ ထည့်ရေးတော့ အစ်မတွေများ မျက်ရေတွေကျဆိုပဲ။ တကယ်ကတော့ ကျောင်းတက်ခါစ ၂ လ၊ ၃ လ လေးပါပဲ။ နောက်တော့လည်း လိမ္မာချင်ယောင် မဆောင်တော့ဘူး။

ကျောင်းသားဘ၀ အဆောင်အတူတူနေ စကားတွေပြောကြရင်း ခေါင်းစဉ်တစ်ခုကို စတည်မိတယ်။ ဘာလဲဆိုတော့ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျခြင်း ဆိုတာပါ။ သီဟသစ်တို့ သူငယ်ချင်းတစ်စုလည်း ငယ်ငယ်နဲ့ အိမ်ထောင်ကျတယ်ဆိုတာ တော်တော်ဆိုးတဲ့ဖြစ်ရပ်၊ လူညွန့်တုံးစေမယ့် ဘ၀ ဘာဖြစ် ညာဖြစ်ပေါ့လေ အလွန်ကြီးတွေ လျှောက်ပြောနေတာပေါ့ဗျာ။ အဖွဲ့ထဲက သူငယ်ချင်းတစ်ယောက် မျက်နှာတွေပျက်နေတာ ဘယ်သူမှ သတိမထားမိကြဘူး။ နောက်သီဟသစ်နဲ့ အဲဒီသူငယ်ချင်း နှစ်ယောက်ထဲ ဆုံမှ အဲဒီသူငယ်ချင်းက ပြောတယ် “ဟေ့ကောင် သီဟ၊ ဘ၀မှာ မပြင်နိုင်တော့တဲ့ အမှားကြီးတစ်ခု ကို ငါကျူးလွန်ခဲ့မိတယ်” ဆိုပြီး ယူကျုံးမရလေသံနဲ့ ပြောပါတယ်။ သီဟလည်း နားမလည်သလို ဖြစ်နေပေမယ့် ဘာမှဆက်မမေးခဲ့ဘူး။

နောက် ၄၊၅ လလောက်နေမှ သူကပြောတယ်။ သူ ဆယ်တန်းအောင်ပြီးပြီးချင်း မိန်းမယူထားလို့ ကလေးလေး တစ်ယောက်ရှိနေပြီ ဆိုတဲ့အကြောင်းပါ။ အဖွဲ့ထဲမှာ အအေးဆုံးသူငယ်ချင်း ဆိုတော့ အဲဒီအချိန်က အဖွဲ့ထဲမှာ Hot Topic ဖြစ်သွားတာပေါ့ဗျာ။ သီဟသစ်တို့လည်း စကားကျွံထားတဲ့ ငယ်ငယ်နဲ့ အိမ်ထောင်ကျရင် ဘာဖြစ်ညာဖြစ်ဆိုတာ နောက်မပြောကြတော့ပါဘူး။ နေ့ပြောနောက်ကြည့်ဆိုတာ တယ်မှန်ပါလား။ (အခုတော့ စိတ်ဓါတ်မကျဘဲ ကြိုးစားတတ်တဲ့ အဲဒီသူငယ်ချင်းတို့ မိသားစုလိုက် စင်္ကာပူမှာ ရောက်နေပါပြီ)

ကျောင်းသားဘ၀တုန်းက ထုံးစံအတိုင်း သူငယ်ချင်းတွေက ညီကြပါတယ်။ အတန်းက ကင်းကို စချင်တာနဲ့ သီဟနဲ့ နောက်သူငယ်ချင်းတစ်ယောက်က စာတွေစီ၊ မိန်းကလေး လက်ရေးနဲ့ တူတဲ့ သူငယ်ချင်းက ရေးပြီး ကင်းကိုကြိုက်နေတဲ့ ကောင်မလေးပုံစံနဲ့ စာရေးပြီး ပို့ကြပါရော။ ကျောင်းစာတိုက်ကတဆင့် စာတွေရောက်တော့ ငကင်းခဗျာ ပီတိတွေဖြာလို့။ သီဟတို့လည်း ကျိတ်ရယ်ကြရောပေါ့လေ။ ဒါတင်မကသေးဘူး။ ငကင်းရယ်၊ ကြည့်မရတဲ့ နောက်နှစ်ယောက်နာမည်လောက်ရယ် အဲဒီတုန်းက Top English Magazine က လုပ်တဲ့ Top Pen Friend List ကိုပို့ကြသေးတယ်။ ဒီကောင်တွေက စာအုပ်မဖတ်တော့ မသိကြဘူး။ နောက်မှ ဟိုကစာတွေရောက် ဒီကစာတွေရောက်နဲ့ ဒီကောင်တွေ ပဟေဠိတွေ ဖြစ်နေကြတာပေါ့။ ခုထိ ဒီကောင်တွေကို သီဟတို့လုပ်ထားတယ် မပြောပြဖူးဘူး။(သူငယ်ချင်းတွေကို နာမည်ကြီးပြီး မိတ်ဆွေပေါစေချင်တဲ့ စေတနာနဲ့လုပ်ခဲ့တာပါကွယ် :P)

သီဟသစ်တို့ ပထမနှစ်တုန်းက Minor မှာ Physics, Chemistry ပါတယ်။ Physics ပါတာ နားလည်နိုင်ပေမယ့် Chemistry ပါတာတော့ ခုထိနားမလည်သေးဘူး။ Chemistry ဆရာမကြီးကို ကျောင်းသားတွေက နာမည်ပေးထားတာ ချစ်စနိုးနဲ့ “ဘာလာရတီ” ဆရာမကြီးတဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ သူက စာသင်ရင် “ဘာလာလတီလဲဟေ့” “မိုလာရတီ(Molarity) မှာ ဆရာမ” အဲလို အတိုင်အဖောက်နဲ့သင်လို့လေ။

Physics ဆရာကြီးကတော့ အသေချောက်တယ်။ အစပိုင်းတော့ သူ့ဆီမှာ ကျူရှင်တက်ဖို့ရာ အိမ်က ပိုက်ဆံတောင်းထားပြီးသား။ သူက ဖိန့်တာလွန်သွားတာနဲ့ မသွားတော့ဘူး။ သူက ဘယ်လိုပြောလဲဆိုတော့ နင်တို့ ၀န်ကြီးက ကျောင်းဆင်းတုန်းက Best Cadet ရထားတာတဲ့။ မိုင်နာဘာသာမှာ စာမေးပွဲကျရင်လည်း ချမှာပဲတဲ့။ သူ့ဘာသူ ဘက်စ်ကတွတ် ရတာ ကိုယ်က ဘာလုပ်ရမှာတုန်း။ အမြင်ကတ်တာနဲ့ သွားမတက်တော့ဘူး။ ကျူရှင်လခလည်း ကက်ဆတ်တိတ်ခွေတွေ စာအုပ်တွေ ၀ယ်တာနဲ့ကုန်ရော။

ဆက်ရန်မျှော်နေမယ် ရေးကြမယ်လို့ မထင်သော်လည်း ဆက်ရန် ရေးခွင့်ပြုပါကွယ်။

P.S : တောင်းဆိုချက်တွေ အရ Bonus ထည့်လိုက်ပါတယ်။ ခုဏက မရိုက်ရသေးလို့ပါ။

Bonus:
၁)ဒီတစ်ခါ ကျွန်တော်ပဲ

အဝေးပြေးရထား၏ လေးယောက်အိပ်ခန်းတွဲတွင် ပြင်သစ်၊ အင်္ဂလိပ်၊ ရုရှား နှင့် အမျိုးသမီး တစ်ဦးတို့ လိုက်ပါလာကြသည်။

မမျှော်လင့်ဘဲ အမျိုးသမီးသည် အသံထွက် လေလည်လိုက်သည်။ ပြင်သစ်က ချက်ချင်းပြောသည်။

”တောင်းပန်ပါတယ်။ အဲဒါကျွန်တော်ပါ။”

အချိန်အနည်းငယ် ကြာသွားသည်။ အမျိုးသမီးထံမှ လေလည်သံထွက်လာပြန်သည်။ အင်္ဂလိပ်က ၀င်ပြောသည်။

”ခွင့်လွှတ်ပါ လူကြီးမင်းတို့၊ အဲဒါ ကျွန်တော်ပါ”

အချိန်အနည်းငယ် ကြာသွားသည်။ အပေါ့အပါးသွားချင်သည်နှင့် ရုရှား အခန်းပြင်သို့ ထွက်သည်။ အခန်းဝ အရောက်တွင် နောက်ပြန်လှည့်ပြီး ပြင်သစ်နဲ့ အင်္ဂလိပ်ကို ပြောသည်။

“ခင်ဗျားတို့ကို ကျွန်တော်မှာပါရစေ၊ နောက်တစ်ခါ သူလေလည်ရင် ကျွန်တော်ပါ လို့ ပြောပေးပါ”

၂) သက်သေ

အတန်းထဲတွင် ဖြစ်သည်။ ဆရာမက မေးသည်။

“ငါးဖယ်ဟာ ဘာဖြစ်လို့ ပြားပြားကြီး ဖြစ်နေတာလဲ၊”

ပီတာလေး လက်ညိုးထောင်ပြီး ဖြေသည်။

”ဝေလငါးနဲ့ အိပ်လို့”
”ပီတာ၊ နင် အခန်းထဲက ခုထွက်သွားစမ်း”

အမိန့်ပေးပြီးနောက် ဆရာမက စာဆက်မေးသည်။

”ကျောက်ပုဇွန်ရဲ့ မျက်လုံးတွေက ဘာဖြစ်လို့ ပြူးထွက်နေတာလဲ၊ ဘယ်သူသိကြလဲကွယ်”

ပီတာလေး နောက်ပြန်လှည့်ပြီး အော်ပြောသည်။

”အဲဒါတွေ အားလုံးကို သူမြင်လိုက်မိလို့”