Credits to http://www.vectorjunky.com/gallery/m/Monkey-Attacking-Coconut.jpg
အားလပ်ရက် ညပိုင်းတွေမှာ Marina Bay ဘက်ကို သွားထိုင်ရင် ကင်မရာကြီးတွေ တလွယ်လွယ် နဲ့ လူတွေ အတော်များများ တွေ့ရပါတယ်။ အတူထိုင်တဲ့ သူငယ်ချင်းကိုလည်း တွေ့လား လူတွေများ အုန်းသီးကြီး တလွယ်လွယ်နဲ့ ရိုက်စရာမရှိ လျှောက်လိုက်ရိုက်နေတယ် လို့တောင် ပြောဖြစ်သေးတယ်။ ကိုယ်ကိုယ်တိုင် ၀ယ်ဖို့လည်း စိတ်ကူးမပေါ်ခဲ့ပါဘူး။
DSLR ၀ယ်ထားတဲ့ ကျောင်းတုန်းက သူငယ်ချင်း လူပျိုကြီးက ရိုက်ထားတဲ့ပုံတွေကို Facebook, Flickr မှာတွေ့တော့ မဆိုးဘူး၊ ကောင်းသားဟ ဆိုပြီး သဘောတော့ကျမိတယ်။ သူဓါတ်ပုံရိုက်တဲ့ Marina Barrage ကိုလိုက်သွားတော့လည်း ရှုခင်းပုံတွေ ရိုက်တာဆိုတော့ ခဏကြာတော့ ပျင်းသွားရော။ ကင်မရာရော၊ Tripod ရော သယ်လာရတဲ့ သူငယ်ချင်းကို သနားတောင် သနားမိတာပ။
အဲ.. ကင်မရာအကြီး လိုချင်တဲ့ ဟာက လူပေါင်းမှားတာက စပါတယ်။ ဘလော့စရေးဖြစ်တဲ့ နောက်ပိုင်း သူငယ်ချင်း အသစ်တွေ ထပ်ရတော့ မောင်ရင် Villager နဲ့ စတွေ့ပါတယ်။ တစ်ရက်လားဟာ ကိုယ့်ဘာသာ အိမ်မှာ နှပ်နေတုန်း သူက ဖုန်းဆက်ပြီး Chinese Garden မှာ ဓါတ်ပုံရိုက်နေတယ် ကြည့်ချင်လာခဲ့ ဆိုတာနဲ့ သွားလိုက်ပါရော။ ဟိုရောက်တော့ Villager အပါအ၀င် ကင်မရာမင်း ၄ ယောက်လောက်က တရုက် စပျစ်သီးတွေကို ဓါတ်ပုံရိုက်နေကြတာကိုး။ ကိုယ်က သူတို့လို အုန်းသီးလည်း မရှိတော့ ဘာလုပ်ပေးရတုန်းဆိုတော့ မီးထိုးမှန်ထိုးလုပ်ခဲ့ရတယ်။ အဲဒီမှာ သင်ခန်းစာနည်းနည်းရတယ်။ အုန်းသီးမရှိရင် တယ်ငုပ်သကိုး ဆိုတဲ့ဟာ။
ဒါပေမယ့် အုန်းသီးဈေးတွေကြည့် ငါနဲ့ မဆိုင်ပါဘူးလေ ဆိုပြီး ခဏချဉ်ထားလိုက်ပါရော။ နောက်ပိုင်း လန်ကာဝီလည်းသွားဖြစ်ရော ကိုရင်Villager ရယ်၊ နောက်သူ့သူငယ်ချင်း အကိုကြီး တစ်ယောက်ရယ်က DSLR တွေနဲ့ဆိုတော့ သူတို့ဆီက ယူရိုက်ရင်း၊ သူတို့ကို ရိုက်ပေးရင်းနဲ့ ကင်မရာ View Finder ထဲက ကြည့်ရတဲ့ မြင်ကွင်းတွေကို သဘောကျလာပါတယ်။ အပြင်မှာ မြင်ရတဲ့ အတိုင်း ကြည်ကြည်လင်လင် ရှင်းရှင်းလင်းလင်းလေးမြင်ရတာကိုး။
အဲဒီမှာ အုန်းသီးရောဂါ စထပါတယ်။ သတင်းစာတွေထဲမှာ အုန်းသီးကြော်ညာတွေ တွေ့ရင်ဖတ်၊ ဈေးတွေကြည့် လုပ်ပါတော့တယ်။ တွေ့သမျှ ကင်မရာရှိတဲ့ သူငယ်ချင်းတိုင်းကိုလည်း လျှောက်မေးပါတယ်။ Canon ကောင်းတာလား၊ Nikon ကောင်းတာလား ဘာညာပေါ့၊ ကိုယ်သိတာ တံဆိပ်လောက်ပဲ သိတာကိုး။ ရုံးက လုပ်ဖော်ကိုင်ဖက် အစ်မတစ်ယောက်ကလည်း မြှောက်ပေးပါတယ်။ ကိုယ်က သူများတွေပဲ ပေးနေရတာ၊ ကိုယ့်ကိုပေးမယ့်သူ မရှိဘူး၊ ကိုယ့်ဘာသာကိုယ် ၀ယ်ပေးလိုက် ဆိုပြီးတော့ပေါ့။ ဒါပေမယ့်လည်း ထုံးစံအတိုင်း ၀ယ်မလိုလို မ၀ယ်မလိုလိုနဲ့ အီလည်လည် လုပ်နေပါသေးတယ်။ နောက်ဆုံးတော့ နားကြားပျင်းကပ်လာတဲ့ မောင်ရင် Villager က By Force နဲ့ဝယ်ခိုင်းပါတော့တယ်။
ဝယ်တဲ့နေ့မှာ သူ့သူငယ်ချင်းကို လှမ်းခေါ်တော့ ဟိုလူက ကိုယ့်ထက်တောင် စိတ်အားထက်သန်ပါသေးတယ်။ တစ်ခါတည်းရောက်လာပြီး ကိုယ်က ပုံမှန် ဟာ(Canon 500D) လောက်ဝယ်မလို့ဟာကို သူက အဲဒီModel ကို အပြောကို မခံဘူးဗျ၊ သူစိတ်တိုင်းမကျဘူး ဆိုပဲ။ သူက Canon 50D ကို ၀ယ်လိုက်လို့ ဇွတ်ပြောနေတာနဲ့ ၀ယ်ဖြစ်သွားပါတယ်။ အဲဒါတောင် ကိုယ့်လူက 1000 ကျော်တန် lens တွေ တစ်ခါတည်း ၀ယ်ခိုင်းပါသေးတယ်။ သည်းခံလော့ ဒကာ ပြောလိုက်ရသေးတယ်။ ၀ယ်တာက Harvey Norman က၀ယ်ဖြစ်တာပါ။ Boss မဟုတ်တော့ Installment နဲ့ပဲ ၀ယ်ရတာပ။ ၀ယ်ပြီးမှ မောင်ရင် PM က အဲဒီက ဈေးများတဲ့ အကြောင်း ပြောနေသေးတယ်။ ၀ယ်ပြီးမှတော့ ဘာမှ မစဉ်းစားတော့ဘူး။ ဒါပေမယ့် Cash Down ပေးဝယ်မယ်ဆိုရင်တော့ တစ်ချို့ဆိုင်တွေမှာ 200 လောက်သက်သာတယ်လို့ ဆိုပါတယ်။ ၀ယ်တာက 18-55 lens နဲ့ ၀ယ်ဖြစ်တာပါ။ အပြင်မှာ ရှုခင်းပုံတွေ လိုက်ရိုက်တော့အဝေးကို လှမ်း Zoom ဆွဲလို့ မရတော့မှ Lens အရှည်ကို လိုချင်သွားပါတယ်။ အဲဒါကြောင့် နောက်ထပ်ဝယ်မဲ့သူတွေများရှိသေးရင် 18-200 lens ကို တစ်ခါတည်း ၀ယ်ဖို့ ပြောချင်ပါတယ်။ မိုက်မှမိုက်ရင်တော့ အဆုံးစွန်လောက်နီးနီး မိုက်တာပဲ ကောင်းပါတယ်။
ကင်မရာလည်း ၀ယ်ပြီးရော သူများကို ပြောထားတဲ့ ၀ဋ်စပြီး လည်ပါတော့တယ်။ တကယ့်ကို မျောက်အုန်းသီးရပါပဲ။ ဘယ်နေရာက ဘယ်လိုစရမှန်းကို မသိပါဘူး။ အမှန်အတိုင်း ၀န်ခံရရင် အရင်ဒီကင်မရာ မရှိခင်တုန်းက သူများတွေDSLR နဲ့ ရိုက်ထားတဲ့ ပုံကိုကြည့်ပြီး ကင်မရာ ကောင်းလို့ ပုံကောင်းထွက်တယ် လို့ ထင်ခဲ့တာပါ။ ကိုယ့်ဘာသာကိုယ် ရိုက်ကြည့်မှ အဲဒါ မဟုတ်မှန်းသိတော့တယ်။ ဒီကြားထဲ ဘလော့ဂါ အစ်မတစ်ယောက်က သီဟ ငါ့ကိုဓါတ်ပုံရိုက်ပေးစမ်းလို့ ဆိုတော့ အမရယ်၊ ကျွန်တော် ကိုယ့်ကိုယ်ကို သံသယဖြစ်အောင် မလုပ်ပါနဲ့ဗျာ လို့ ပြောလိုက်ရတယ်။ ကင်မရာ မကောင်းတာလား၊ ငါရိုက်တာ ညံ့တာလား၊ သူ့ပုံက နဂိုကတည်းက မလှတာလား ဆိုပြီး စိတ္တဇညတွေ ဖြတ်နေရမှာ စိုးလို့ ဆိုပြီး ပြောလိုက်ရသေးတယ်။ သူ့မို့လို့လည်း နောက်ရဲတာပါ။ ကျန်တဲ့သူဆို မိတ်ပျက်ပြီ။
ကင်မရာ ၀ယ်ပြီး ဘာမှ မလုပ်တတ်တဲ့ ကိုယ့်ကို သူငယ်ချင်းတွေကလည်း အားပေးပါတယ်။ ပိုက်ဆံ အများကြီး ပေးထားရမှတော့ ခလုပ်တစ်ခုထဲနှိပ်ပြီး တန်းရိုက်လို့ ရအောင် Auto နဲ့ရိုက်ပါလား ဆိုပဲ။ နောက်သူငယ်ချင်း လင်မယားကို ဓါတ်ပုံရိုက်ပေးတော့လည်း ညပိုင်းက မရိုက်တတ်သေးတာနဲ့ ပုံက ထွက်မလာပါဘူး။ သူငယ်ချင်းကတော့ ပြောပါတယ်။ မင်းပိုက်ဆံ သိပ်မရှိတုန်း အဲဒါဝယ်ထားပေါ့ကွာတဲ့ ၊ ပိုက်ဆံရှိမှ ငါတို့လို ကင်မရာ အသေးဝယ် တဲ့။ နောက်တော့ သူငယ်ချင်း လူပျိုကြီးနဲ့ တစ်ရက် ဓါတ်ပုံရိုက်လိုက်ထွက်ပြီး သင်တန်း ပြန်တက်ရပါတယ်။ တစ်ရက်တည်းနဲ့ ဆိုတော့လည်း သိတဲ့ အတိုင်းပဲ ခုထိယောင်ယောင်လည်လည်ပဲ။
သီဟသစ်ရဲ့ တစ်လလုံးရိုက်မှ ထွက်လာသော ဓါတ်ပုံတစ်ပုံ http://www.flickr.com/photos/thihathit_endeavour/4233340661/sizes/l/
တစ်ရက်လားဟာ ဘလော့ဂါ ညီအစ်ကို မောင်နှမတွေကို ဓါတ်ပုံလိုက်ရိုက်ပေးရင်း တွေ့တဲ့ပန်းအိုးလေးကို ရိုက်ဖြစ်တော့ အထက်ပါ ပုံလေးရလာပါတယ်။ အဲဒီပုံလေးကို ၀မ်းသာအားရ Facebook ပေါ်လည်း တင်လိုက်ရော ကျောင်းက သူငယ်ချင်းတွေက ပြောကြတယ်။ မင်းရိုက်တာမှ ဟုတ်ရဲ့ လားလို့၊ google images မှာ ဘယ်လိုရိုက်ပြီး ရှာသလဲ လို့ etc... etc ပေါ့လေ။
ဒီပို့စ်လေးကို ကင်မရာလေး ၀ယ်ဖြစ်တာ တစ်လပြည့်တဲ့ အမှတ်တရ အနေနဲ့ ရေးလိုက်တာပါ။ မကြာခင် ရွှေနိုင်ငံ ပြန်လည်ရင် မော်ဒယ်လ် ၂ ယောက်နဲ့ ဓါတ်ပုံရိုက်မှာဖြစ်ကြောင်း ကြိုတင်အသိပေးလိုပါ၏။ (ဘယ်သူတွေရှိရမလဲ နှင်းဆီဖြူလေးနှင့် သားလေး ချန်းချန်တို့ ပေါ့)
English နှစ်ကူးတုန်းက Happy New Year လို့ လိုက်မပြောဖြစ်ခဲ့တဲ့ အတွက် ညီအစ်ကို မောင်နှမ အားလုံးကို တရုတ်နှစ်သစ်ကူးရယ်၊ မြန်မာနှစ်သစ်ကူးရယ် အတွက် ကြိုပြီး Happy New Year လုပ်လိုက်ပါကြောင်း..
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ
ခင်မင်စွာဖြင့်
သီဟသစ်