Wednesday, July 29, 2009

အိပ်မက်တို့ မွေးဖွားရာမြေ

ဟိုးအဝေးက မြို့ငယ်လေး ကိုယ့်ဘ၀ရဲ့နှလုံးသားတစ်ခုပဲ .…....
တောက်ပတဲ့ လင်းရောင်ခြည်များ စိမ်းလဲ့တဲ့တောင်ပြာတန်းတွေ

ဆိုတဲ့ထူးအယ်လင်း သီချင်းလေးနဲ့ညီတဲ့ နှင်းဆီဖြူလေးရဲ့ဇာတိ ချန်းချင်လေးတို့ရှိရာ မိုးညှင်းမြို့လား?

ဆည်းဆာနေညိုချိန်မှာ ဧရာဝတီမြစ်ကမ်းနဘေးက
ငွေယောင်ယံကမ်းရဲ့ အထက်မှာ
မကွေးမြို့စွန် မြသလွန်ကို အတူဖူးခဲ့တာတွေ

ဆိုတဲ့ အောင်သူသီချင်းလေးထဲက ကိုယ့်ရဲ့ဇာတိ၊ မိဘတွေ နေထိုင်ရာ မကွေးမြို့လား?

အဲဒီမြို့ ၂ မြို့လုံးမှာ အခြေချနေထိုင်ချင်စိတ်မရှိဘူး ဆိုရင် သီဟသစ်ကို အပြစ်တင်ကြမလား မသိ။ တကယ် သီဟသစ်ရင်ထဲမှာ ရှိနေတဲ့မြို့က

ငါ့အိပ်မက်များ ဟိုးအတိတ်ဆီ လွင့်မျောမိ ၁၀ စုနှစ် ..

နဲ့စတဲ့ အငဲ သီချင်းလေးထဲက မန္တလေး မြို့ပါပဲ။

မွေးကတည်းကနေ ဆယ်စုနှစ် ၂ ခုလောက် နေလာတဲ့ မကွေးမြို့ထက် ၈ နှစ်လောက် နေလာခဲ့တဲ့ မန္တလေးမြို့ကို ဘာကြောင့်သဘောကျသလဲဆိုတာ ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်တော့ လူငယ်ဘ၀မှာ တကယ်ပျော်ရွှင်ခဲ့၊ တက္ကသိုလ်တက်ခဲ့၊ အိပ်မက်တွေ စမက်တတ်ခဲ့တဲ့ မြို့မို့လို့ပါပဲ ဆိုတာတွေ့ရတယ်။

မန္တလေးမြို့ကို စရောက်ဖူးတာ တက္ကသိုလ်မတက်ခင် 1998 ခုနှစ် 9 လပိုင်းလောက်က သင်တန်းတက်ဖို့ စရောက်ခဲ့တာပါ။ စစချင်းကြုံရတဲ့ မန္တလေးစကားကတော့ တစ်ပြ၊နှစ်ပြဆိုတာပါ။ ရန်ကုန်က တစ်ဘလောက်၊ နှစ်ဘလောက်လို ဟာမျိုးပါ။ သူငယ်ချင်းရဲ့ ဆွေမျိုး ဘုန်းဘုန်းက ရှေ့တစ်ပြပါကွ ရှေ့တစ်ပြပါကွ နဲ့ ခေါ်သွားတာ ခြေကိုညောင်းရော။ တော်တော်ကို အီသွားတယ်။ (အဲဒါနဲ့ မန္တလေးသားတွေ မကွေးလိုက်လည်တော့ ဘယ်ရမလဲ တစ်ကွေ့ တစ်ကွေ့ဆိုပြီး ခေါ်ပြီးလျှောက်ခိုင်းပစ်လိုက်တယ်။ တကယ်က မကွေးမှာ တစ်ကွေ့ဆိုတာ မသုံးပါဘူး။ သီဟသစ်က သူတို့ကိုစချင်လို့ ပြောလိုက်တာပါ။)

နေတာက မြို့သစ်ဘက်ဆိုတော့ သင်တန်းကိုသွားဖို့ လိုင်းကားစီးရပါတယ်။ မှတ်တိုင်ကနေ သင်တန်းရှိရာဘက်ကို ဘယ်လိုမှတ်လဲဆိုတော့ ရှမ်းတောင်တန်းကြီးတွေ ရှိတဲ့ဘက်လို့ မှတ်ထားပါတယ်။ ရောက်တာမကြာသေးဘူး ဆိုတော့ အရှေ့အနောက်မခွဲတတ်ဘူး။ အဲဒါနဲ့ တစ်နေ့ကျတော့ မိုးတွေတအားရွာရော ရှမ်းတောင်တန်းကြီးလည်းပျောက်၊ မျက်စိတွေလည်ပါလေရော။ ဟိုလျှောက်ဒီလျှောက်လုပ်ပြီးမှ သင်တန်းကို ပြန်တွေ့တော့တယ်။

မန္တလေးမှာ အရှေ့ပြင် အနောက်ပြင် တောင်ပြင် မြောက်ပြင် ဆိုပြီး နန်းတော်ကြီးကို ဗဟိုထားပြီး အရပ်တွေကို နာမည်မှည့်ထားတာ သီဟသစ်မနေဖူးတာဆိုလို့ မြောက်ပြင် တစ်ခုပဲ ကျန်ပါတယ်။ နန်းတော်ကြီးကိုတော့ အတွင်းပိုင်းထက် အပြင်က မြို့ရိုးနဲ့ ကျုံးရှုခင်းကို ပိုပြီးသဘောကျပါတယ်။ တစ်ခါလားဟာ မီးသတ်ကားက ကျုံးဘေးမှာ ရပ်ပြီး ရေထည့်နေတာကို ကျုံးထဲက ရေတွေကုန်မှာစိုးလို့ ထပ်ဖြည့်ပေးနေတာလား ဆိုပြီးတော့လည်း ရွှေဥာဏ်တော်စူးရောက်စွာ တွေးခဲ့ဖူးပါတယ်။



Credits to http://www.flickr.com/photos/meckleychina/2264860362/

မန္တလေးကိုကြိုက်တဲ့တစ်ချက်က စက်ဘီးဆိုင်ကယ်ရှိရင် ဘယ်နေရာမဆို သွားလို့ရတာကိုပါ။ ကျောင်းသားဘ၀တုန်းက စက်ဘီးနဲ့ပဲ တစ်မြို့လုံးပတ်နေတာပါ။ ဘုရားကြီး၊ မန္တလေးတောင်၊ စန္ဒာမုနိ ဘုရား ၊ ကျောက်တော်ကြီး ဘုရား ၊ ကုသိုလ်တော်ဘုရား ၊ အတုမရှိကျောင်းတော်ကြီး၊ ရွှေကျောင်း စုံလို့ပါပဲ။ နည်းနည်းလှမ်းတဲ့ ဦးပိန်တံတားထိ လည်းရောက်ပါတယ်။ တစ်ခါတစ်လေ စစ်ကိုင်းမြို့ကိုတောင် စက်ဘီးနဲ့ သွားချင်သွားတာပါ။ ဘယ်လိုနင်းလဲ မမေးပါနဲ့။ စက်ဘီးကို လိုင်းကားပေါ်တင်သွားတာပါ။ (မြန်မာပြည် သိန်းတန် သီချင်းထဲက ဘုရားကြီးနဲ့ အိမ်တော်ရာ တနင်္ဂနွေ နေ့တိုင်း ဆီမီးကပ်လှူတာ ဆိုတဲ့ သီချင်းလေးကို မန္တလေးရောက်မှ ပြန်စဉ်းစားကြည့်တာ နည်းနည်းလွဲနေသလိုပါပဲ။ နည်းနည်းလှမ်းတဲ့နေရာ နှစ်ခုကို တစ်ရက်တည်းသွားတယ်ဆိုတော့ သူတို့ခေတ်က ကိုယ်တွေထက် ခြေရှည်ပုံရပါတယ်။)


မြန်မာမှုလက်ရာတွေနဲ့ ရွှေကျောင်းကြီး ရဲ့ပုံပါ

Credits to http://www.flickr.com/photos/10186213@N07/2343509987/




Credits to http://nettar.myanmarbloggers.org/2007_05_01_archive.html


စန္ဒာမုနိ ဘုရားပါ။ ဘုရားထဲမှာ တူတူပုန်းတမ်းကစားရတာ ပျော်စရာကောင်းပါတယ်
http://www.flickr.com/photos/14152780@N08/1433236163/in/photostream/

ပြင်ဦးလွင်နဲ့နီးတာကလည်း ပျော်စရာတစ်မျိုး ကောင်းပါတယ်။ ကျောင်းနည်းနည်းအားတာနဲ့ ပိုက်ဆံစု ကားငှားပြီး တက်ကြတာပါ။ ဓါတ်တော်ချိုင့်ရေတံခွန်၊ ပွဲကောက်ရေတံခွန်၊ ပြည်ချစ်ဘုရားဖူး အနှံ့ပါပဲ။ ပြင်ဦးလွင်အလွန်က သုံးထပ်ရေတံခွန်ကိုတော့ ကျောင်းပြီးမှ ရောက်ဖြစ်တာပါ။ တက္ကသိုလ် ကျောင်းသားဘ၀က သူငယ်ချင်းစုံတွဲကိုလည်း သတိရပါတယ်။ ကောင်လေးက ကားရှိတော့ သူတို့ရည်းစားမဖြစ်ခင်တုန်းက တစ်ဖွဲ့လုံးခေါ်ပြီး ပြင်ဦးလွင်တက်ကြတာပါ။ သူတို့လည်းရည်းစားဖြစ်ရော ငြမ်းလေးတွေ ကျန်ခဲ့ရောပေါ့လေ။

ရေးရင်းနဲ့ အရှိန်ရပြီးနည်းနည်းရှည်သွားလို့ ခွဲရေးပါရစေ..
ဆက်ရန်..
ခင်မင်စွာဖြင့်
သီဟသစ်

41 comments:

kaungkinpyar said...

မန်းလေးသားရေ၊ ဦးပိန်တံတား သွားပြီး အကြော်စား လှေစီးရအောင်၊ ဘုရားကြီး မျက်နှာ သစ်ချိန်လဲ သွားချင်တယ်၊ တို့လဲ တနှစ်တခေါက်ရောက်တဲ့ မန်းလေးကို လွမ်းတယ်

ZT said...

လော်စပီကာ အော်တဲ့အသံကြောင့် နိုးလာ၊ မီးပြတ်တော့ ပန်ကာဖွင့်မရ၊ ခြင်လုံ စကာ တပ်ထားတော့အိုက်၊ ခြင်လုံစကာ အပြင်ထွက်တော့ ခြင်ကိုက်ဆိုတာနဲ့ အိပ်မရလို့ အာရုဏ် မတက်ခင် ဝရန်တာ ထွက်ထိုင်ခဲ့ရတဲ့ မန္တလေး မနက်ခင်းတွေကို ကဗျာ မဆန်စွာ သတိရသွားပါတယ်။ :D

မငုံ said...

မန္တလေးသား လုပ်ချင်တယ်လား။ ကောင်းတယ်။ ကောင်းတယ်။ နောက်ဆို အလည်ရောက်ရင် စားအိမ်တစ်အိမ် တိုးလာပြီ။ :) မန္တာလေးတပြ တဲ့နော်။ မငုံလဲ သဘောကျတယ်။ မကြီးကောင်းကင်လိုပဲ တနှစ်တခါလောက်တော့ ရောက်ဖြစ်တယ်။

ATN said...

အော
ငါ့ညီကြီးက မကွေးသားကိုး...

တခုသွားသတိရမိတယ်
သည်ပို့စ်နဲ့တော့ ဘာမှတော့ မဆိုင်ပါဘူး
တိုင်းနဲ့ပြည်နယ် ဘောလုံးပွဲတွေ ရှိတဲ့ ခေတ်တုန်းက
မကွေးနဲ့ ပဲခူး ကန်ကြတဲ့ပွဲကို
မြန်မာ့အသံက လွှင့်တာမှာ ကြားခဲ့ဖူးလိုက်တဲ့ အသံလွှင့်ချက်ကလေးပါ...

“ပဲခူး ရှေ့တန်းတိုက်စစ်မှူး ဖြတ်သယ်သွားတယ်ချင်ဗျ... အခု ဂိုးသမားနဲ့ တယောက်ချင်းတွေ့နေပါပြီ... ကန်ထည့်လိုက်ပါပြီ... ဟား.... မဂိုးဂွေးသမား မိသွားပါတယ် ခင်ဗျား... ” ဆိုတာလေး သွားသတိရလို့ပါ...း)

သူလည်း မကွေးဂိုးသမားဆိုတာကို အမြန်ပြောရတော့ လျှာလိပ်သွားရှာပေသကိုး...

ရေတမာ said...

တနေ့နေ့တော့ ပြန်တွေ့မယ် ထင်ပါရဲ့

Sein Lyan Tun said...

မန္တလေး မရောက်ဖူးသေးဘူး...

ခုတော့ တည်းမယ့်အိမ် တစ်အိမ်တော့ တွေ့ထားပြီးပြီးပေါ့.

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Anonymous said...

မန္တာလေးတပြ တဲ့... ပြင်ဦးလွင် ဒီတောင်ကုံးလေး ကျော်ရင်ရောက်ပြီး လိုပြောပြီ ကိုသီဟသစ်ကို ဘုံကျောင်းခေါ်သွားရမယ်... :P

ဂျပန်ကောင်လေး said...

ကျွန်တော်လည်း မန္တလေးကို ချစ်တယ်.. ဘာလို့မှန်းကိုမသိဘူး..ရင်ထဲမှာ တမျိုးပဲ..နွေးထွေးသလိုပဲ.....

မျက်မှန်လေး said...

ဟုတ်တယ် ကိုသီဟရေ..
မန္တလေးကို ကြိုက်တယ်။
ဘယ်ခရီးဘဲထွက်ထွက် မန္တလေး ၀င်ရင်ဝင်
မ၀င်ရင် ပုဂံကတော့ဝင်တယ်.

Photo_vigor said...

love your pictures..especially the first one..
Cheers..

နွေးနေခြည် said...

မန်းလေးလား.. ခဏခဏ ရောက်တယ်။ သွားတိုင်းပျှော်တယ်။ မန္တလေးရောက်ရင် မန္တလေးနဲ့တင် မကျေနပ်ဘူး မေမြို့၊ စစ်ကိုင်း၊ မုံရွာ၊ အင်းဝ တို့လည်း အမြဲသွားတယ်။ မင်းဘူးတော့ မရောက်ဖူးဘူး။
လက်ဖက်သုတ်ကို ပဲမှုန့်နဲ့သုတ်တာ မန်းလေးစတိုင်ထင်တယ်။ ထပ်တရာ၊ အုန်းပေါင်း၊ မှိုဆီစိမ်... etc ...

သတိရကုန်ပြီ။

မေဇင် said...

ပျော်စရာကြီးနော်.... နောင့် လဲ ရန်ကုန် ထက် မန္တလေးမှာ ပိုပျော်တယ်... စက်ဘီး ဆိုင်ကယ် စီးလို့ရလို့...။ တောင်ငူမှာလဲ စီးလို့ရတယ်ဆိုပေမယ့် မန္တလေး နဲ့ ကတစ်ခြားစီလေနော်...။ အဲ့လို ကျောင်းပဲ တတ်ချင်တာ.... တကယ်တမ်း အပြီးတော့မနေချင်ဘူး။ ရွာ ကသေနပ်သံတွေကြားထဲမှာပဲ နေချင်တယ်....း)

ဏီ(န်)ကင်း said...

မန်းလေးမှာ၎၊၅လလောက်နေဖူးပါတယ်။အကိုပြောတဲ့နေရာတွေကိုတော့အနှံ့မရောက်ဖူးဘူး။ဒါပေမယ့်ပျော်စရာကောင်းတယ်ဆိုတာကတော့လက်ခံတယ်။ညနေတိုင်းစက်ဘီးလေးတွေစီးတာ။နွေရာသီမှာမန်းကျည်းဖျော်ရည်လှည်းလေးတွေဆီကဖျော်ရည်ဝယ်သောက်ပြီးသစ်ပင်အရိပ်မှာအပန်းဖြေရတာ..အခုထိပြန်တွေးလိုက်ရင်ရင်ထဲအေးသွားတုန်းပဲဗျ။အခုပြန်တွေးရင်ပြန်ထပ်သွားချင်တယ်။အစ်ကိုနဲ့သွားရင်တကွေ့နှစ်ကွေ့တော့မလုပ်နဲ့ပေါ့..ဟဲဟဲ

Mann Khine said...

သတိရပါတယ်ကွယ်
နင်ပြောတဲ့ တစ်ကွေ့ကို

တလနွန် said...

မန္တလေးကိုတော့ ခဏခဏ ရောက်ဖြစ်တယ်။ ဘုရားကြီး ကိုဖူးရတာရယ်..ဈေးချိုမှာ ဒိန်ချဉ်သောက်ခဲ့တာရယ်..ညနေပိုင်းမှာ လှည်းနဲ့ ရောင်းတဲ့ ဆီထမင်းနှင့်အကြော်တွေရယ် ..ရှမ်းခေါက်ဆွဲရယ် အားလုံးကို သတိရသွားပြီး... ဒါပေမဲ့ ကျနော့က ပြင်ဦးလွင် ကို ပိုသဘောကျမိတယ်

ဇော် said...

ကျနော်က မန်းလေးသူနော။
တစ်ပြ ဆိုပြီး ဘလော့တစ်ခွင် ပြဲပြဲစင် သွားလည်ရအောင် ကိုဂျီး။ အဟီး။

Anonymous said...

မန်းမြို့လေးကို ကြည့်ရင် လွမ်းသွားတယ် ကိုသီရေ။ အဲဒီနေရာလေးတွေက ရောင်ရဲ့ ဘ၀အမှတ်တစ်ရ နေရာလေးတွေပါ။

နဒီမိုးညို said...

ဓါတ်ပုံလေး..တွေက..အလွမ်းဖြေစရာပဲ..နော်
မန္တလေးရောက်တုန်းက..အမှတ်ရစရာတွေကတော့..
ခြင်ကိုက်တာ..ရယ်..မန္တလေး.ပေါက်စီ၇ယ်.
ဦးပိန်တံတား...တွေကို..လွမ်းမိပါတယ်..ရှင်.

မေလေး said...

ယောက်ခမ မန်းသားလေးရေ
ပုံလေးတွေ ကြည့်ပြီး မန်းလေးကို လွမ်းသွားတယ်။ တနှစ်ဘဲနေခဲ့ရပေမဲ့ မန်းလေးကိုလဲချစ်တယ်။အထူးသဖြင့် မန်းသင်္ကြန်လေ။

လင်းဒီပ said...

ရေးပါဗျာ ဖတ်လို့ကောင်းတယ်။

ကျွန်တော် မန္တလေးကို နှစ်ရက်လောက်ပဲ ရောက်ဖူးတယ် ။ ဒါပေမယ့် ထူးဆန်းတာက ထပ်သွားချင်နေသေးတယ် ။ ဘယ်သူတွေ ဘယ်လိုပြောပြော ကျွန်တော်တော့ ခင်ဗျားလိုပဲ မန္တလေးကို စွဲလမ်းမိတယ် ။ ခင်ဗျားနဲ့ မတူတာကတော့ နှစ်ရက်ထဲ ခြေချဖူးတာ...။

လင်းဒီပ said...

သင်္ကြန်သီချင်းခွေတစ်ခုထဲက ဖြိုးကြီးရဲ့ .......မြွေနှစ်ကောင်နှင့်ဘိုးဘိုးကြီးဆီ မကြာခဏပဲ သွားဆုတောင်းမည်...... မန္တလေးသားဖြစ်ဖို့ .....ဆိုတာလေး သတိရသွားတယ်။

နန်းညီ said...

ကန့်လန့်တိုက်တယ်တော့ မဟုတ်ပေမယ့် မန်းလေးကို အတော်မကြိုက်တာဗျ .. သိလား.. အဟီး

Lucifer said...

မြန်မာပြည်ပြန်ချင်တယ်..

မီးမီးချစ် said...

အောက်တိုဘာ မန်းဒလေး ကို သွားမယ်.. ဟဲဟဲ

မင်းအိမ်ဖြူ Minn Eain Phyu said...

ပျော်ရာမှာနေရမှာပေါ့ဗျ

Good

မင်းအိမ်ဖြူ Minn Eain Phyu said...

မကွေးသားကို ဗျ

ဟာဟ အညာသားစစ်စစ်ပေါ့

Phyo Maw said...

ဟဲဟဲ မန်လေးကို ရောက်ခဲ့ နေခဲ့ဖူးတာပေါ့ တာကိုးရယ်။
မန်းလေးသူတွေ ဆိုင်ကယ်စီးရင် ခြေသလုံးက တုတ်တုတ် ဆိုင်ကယ်က တဘုတ်ဘုတ်ပါပဲ။
မင်းတုန်းမင်း ထိုင်ခုံမှာတောင် မထိုင်ရဆိုတာ ဝင်ထိုင်ပြီး ဓာတ်ပုံရိုက်ခဲ့သေးတယ်

Rita said...

ကိုယ်တောင် မင်းတုန်းမင်း ထိုင်ခုံ ၀င်ထိုင်ချင်လာပြီ။

အစက အတည်ရေးမလို့ပဲ။ ဖြိုးမော်ရေးတာ ဖတ်ပြီး ရီချင်လာလို့

littlebrook said...

မန်းလေးက မြန်မာအဆန်ဆုံးမြို့လို့ပြောရမယ် မြို့နယ်နာမည်တွေက မဟာအောင်မြေ ၊ ချမ်းအေးသာဇံ၊ ပြည်ကြီးပျော်ဘွယ်...နာမည်တွေက နန်းဆန်တယ် ... ဈေးချိုညဈေးတန်းမှာ လိုက်ငေးရတာ မိုက်တယ်.. စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ်လိုက်မြည်းဖတ်.. အပြောချိုချိုနဲ့ ထိုးမုန့်သည် မမတွေ ... ပြီးတော့ တမာနံ့..

တီချမ်း said...

မုန့်တီသုပ်
မြီးရှည်
မုန့်ဟင်းခါး
မာလာဟင်း
အကင်
ရှမ်းခေါက်ဆွဲ
လမ်းသရဲမုန့်
အမဲအူ
အသုပ်စုံ(ဗထူးကွင်း)
မလိုင်နံပြား(၃၅ လမ်းတံတားအောက်ကွေ့)
အက်စက်ထရာ
အက်စက်ထရာ
(သရေများထိန်းမနိုင်သိမ်းမရ ဖြစ်လာ၍ ရပ်လိုက်သည် နောက်မှ ဆက်မန့်မယ် ကိုကိုကာကာရေ )

တီချမ်း said...

ပြည်ကြီးတံခွန် ပါမြောင်းကောင် တီပြင်ပေးသွားတယ်
ချမ်းမြသာစည် တခုကျန်သေးတယ် တီမေ့နေတယ်

နောက်တိုးနှစ်မြို့နယ် က
ပုသိမ်ကြီးနဲ့ မဏိပူရ

ဂျစ်တူး ( မုံရွာ ) said...

စာကိုဖတ်ပြီးတော့ကျောင်းသားဘဝကိုပြန်ရောက်သွားသလိုခံစားရတယ်-မမောနိုင်မပန်းနိုင်စက်ဘီးစီးခဲ့ရတဲ့ဘဝတွေ
ကိုပြန်ပြီးမြင်ရောင်နေမိတယ်-ကျုံးဘေးနားက-
စာကြည့်တိုက်ကြီးကိုလည်းအထူးသတိရတယ်-အဲဒီစာ
ကြည့်တိုက်ထဲမှာနောက်ဆုံးမင်းဆက်ဖြစ်တဲ့  (သီပေါမင်း နဲ့ စုဘုရားလတ်)တို့ ရဲ့ 
အဝတ်အစားတွေနဲ့ ဓါတ်ပုံတွေရှိတယ်-

ahphyulay said...

မန္တလေးသွားခဲ့ ရတုံးက မသိလို့  မေးရင် ညွှန်လေ့ ရှိ
တဲ့  တစ်ပြလေ သိတဲ့ အတိုင်းလျှောက်လိုက်ရတာ
နေပူထဲမှာလေ။ဦးပိန်တံတားအောက် ကမ်းစပ်ကအရိပ်
ကောင်းကောင်း အပင်ကြီးတွေအောက်မှာ ရောင်းတဲ့ 
ပုဇွန်ကြော်နဲ့ ဘီယာသောက်ယင်း တံလျှပ်တဖွေးဖွေး
ထဲက ဦးပိန်တံတားကြီးကို ပြန်ငေးရတာဟာ မမေ့ နိုင်
တော့ တဲ့ ကဗျာတစ်ပုဒ်လိုပါပဲကိုသီဟရာ...။

ကျောပိုးအိတ် said...

ယောက်ခမကြီးရေ

မန်းလေးမုန့် တီစားချင်တယ်။
း)

ကြည်ဖြူပိုင် said...

ဟုတ်တယ်နော် မန္တလေးက ပျော်ဖို့အကောင်းသား။ အနော်ကြိုက်တာက ပြင်ဦးလွင်ကိုလည်းသွားလို့ရတယ်။တောင်ကြီးလဲတက်လို့ရတယ်။အဲဒါကိုကြိုက်တာ။ မန္တလေးကို ၆ ခေါက်လောက်တော့ရောက်ဖူးတယ်။ ခုသက်ကြီးပိုင်းမှာတော့အရောက်ကြဲသွားတယ် :D

jr.လွင်ဦး said...

ကိုယ်လဲ ဘာလို့မှန်းမသိဘူး။
ရန်ကုန်သူသာဆိုတယ် ပူတာ ခြင်ကိုက်တာကလွဲ မန္တလေးကို အရမ်းသဘောကျမိတယ်။ လည်စရာတွေလည်းများကြီးနော်....

မေ့သမီး said...

မန္တလေးမရောက်ဖူးသေးဘူး။ မြန်မာလူမျိုးဖြစ်ပြီး လူဖြစ်ရှုံးနေသလိုပဲ။ နောက်တခေါက်ပြန်ရင် သွားလည်မယ်လို့ အားခဲထားတယ်။ ကိုသီဟရေးတာ ဖတ်ထားတော့ဘယ်တွေသွားလည်ရမလဲ ပိုသိတာပေါ့။ ကျေးဇူး။

Anonymous said...

i misss.....

thanks for sharing.
For me, I been there many times.
But I don't know how to go there.
All the time, they who lived in Mandalay arranged for me.So, if I am alone in there, I cannot go anywhere.

Even I am working , sometimes I been to there , they arranged where I want to go and where I want to eat.

I like food also. Myanmar food , Chinese food.

I miss food esp.

Myatnoe

ဆောင်းနှင်းရွက် said...

မန်းလေး က တကယ်ကို နေချင်စဖွယ် ကောင်းတဲ့
မြို့လေး တစ်မြို့ပါပဲ ။
ညဘက် ကျူံးဘက်မှာ လမ်းလျှောက်ထွက်ရတာလည်း
အရသာ တစ်မျိုးပဲ မလား . . ?

Medical Books said...

hello have a nice day,
interesting post

from
Medical Books

မိုးခါး said...

အင်း
အလွမ်းတွေ အလွမ်းတွေ :D