၁။ စိတ်ညစ်တယ် စိတ်ပျက်တယ် စသည့်အရာများကို ဘာကြောင့်ဖြစ်တယ် ဆိုတာ မဖော်ပြနိုင်ရင် လုံးဝကို Status အနေနဲ့ မရေးသင့်ပါ။ ကိုယ့်ကိုမုန်းသူများပျော်စေပြီး
ကိုယ့်ကိုခင်မင်သူများ ဘာကြောင့်ဖြစ်ရတာပါလိမ့်၊ ငါကြောင့်များလား တွေးမိပြီး စိတ်ပူလောင်စေသောကြောင့်ဖြစ်ပါသည်။လူတိုင်းကို ပျော်အောင် သင်လုပ်မပေးနိုင်ပါ။ သို့သော် လူတိုင်း ကိုယ်ကြောင့် စိတ်အနှောင့်အယှက် မဖြစ်နိုင်အောင်တော့ အတတ်နိုင်ဆုံးကြိုးစားနိုင်ပါသည်။
၂။ ပေါက်တတ်ကရပုံ အများအမြင် မတင့်တော်သောပုံများကို သူငယ်ချင်းများအား Tag မလုပ်ပါနဲ့။ သူတို့ကို လေးစားမှုမရှိရာ ရောက်သောကြောင့် ဖြစ်ပါသည်။ကိုယ့်ကို Tag အလုပ်ခံရလျှင်လည်း သူငယ်ချင်း အရင်းဖြစ်လျှင် မကြိုက်ကြောင်း သတိပေးစကား လှမ်းပို့ပါ။ အရင်းမဟုတ်ပါက ကိုယ့်ကို သေချာလည်း မသိ၊ လေးလည်း မလေးစားသူကို Unfriend လုပ်ပါ။
၃။ တစ်ခုခုကို Statusတင်/Comment/ Share မလုပ်ခင် ကိုယ့်ရဲ့ ရယ်ရွယ်ချက်ကို သေချာ စဉ်းစားပါ။THINK!T - is it True?H - is it Helpful?I - is it Inspiring?N - is it Necessary?K - is it Kind?သူငယ်ချင်းတွေကို စချင်နောက်ချင်၊ ပျော်စေချင်တယ် ဆိုလျှင် ကိစ္စမရှိသော်လည်း အားလုံးကို စိတ်အနှောင့်အယှက် ဖြစ်စေရုံသက်သက်အတွက်တော့ မလုပ်သင့်ပါ။
၎။ သူငယ်ချင်းရဲ့ အတွင်းရေး ကိုယ်ရေးကိုယ်တာ ကိစ္စများကို မေးမည်ဆိုပါက သူ့wall/timeline ပေါ်သွားမေးခြင်းထက် FaceBook Message ပို့ပြီး မေးပါ။
၅။ ကိုယ့်Friend List ထဲကတစ်ယောက်ယောက်တို့ (သို့) တစ်ဖွဲ့ဖွဲကို ဘယ်လိုမှ သဘောမကျနိုင်လို့ မဖြစ်မနေ ဆဲချင်တယ် ဆိုရင်လည်း အဲဒီလူတွေကို FaceBook List ဖွဲ့ထားပြီး
Status တင်တဲ့ အချိန်မှာ Show/Hide မှာ အဲဒီ List ရွေးလိုက်ပါ။ မဆိုင်တဲ့သူတွေ စိတ်အနှောင့်အယှက် ဖြစ်စရာ မရှိတော့သောကြောင့် ဖြစ်သည်။
၆။ ကိုယ့် wall/timeline ပေါ် ကြိုက်တာ တင်လို့ရတယ်ဆိုပြီး ရိုင်းစိုင်းတဲ့ စကားလုံးများ သုံးကာ မတင်သင့်ပါ။ အပြင်က ဥပမာအနေနဲ့ ပြောရရင် အိမ်ရှေ့ထွက်ဆဲနေသလို
ဖြစ်နေသောကြောင့်ဖြစ်ပါသည်။
၇။ FaceBook Profile တွင် အလုပ်နဲ့ ပတ်သက်တဲ့ information ဖြစ်နိုင်ရင် မထည့်သင့်ပါ။ ထည့်ချင်တယ်ဆိုရင်လည်း FBတွင် ပေါက်တတ်ကရတွေ သိပ်မလုပ်သင့်ပါ။ ကိုယ့် အဖွဲ့အစည်းကို ကိုယ်က ကိုယ်စားပြုနေသလို ဖြစ်နေသောကြောင့် ဖြစ်ပါသည်။
၈။ ကိုယ်ရောက်နေတဲ့ နိုင်ငံ/လူမျိုး (အထူး သဖြင့် စလုံး) နဲ့ ပတ်သက်ပြီး သူတို့၏ Page များတွင် Negative ဆန်သော ကောမန့်များပေးခြင်း ဆင်ခြင်ပါ။ အလုပ်တွင် ထိခိုက်မှု
ရှိနိုင်သောကြောင့်ဖြစ်ပါသည်။ e.g http://www.asiaone.com/News/Latest%2BNews/Singapore/Story/A1Story20121008-376209.html
၉။ ထို့အတူ ဘာသာရေး၊လူမျိုးရေးနဲ့ ပတ်သက်သော ကိစ္စများကို သူတို့၏ Page များတွင် Negative ဆန်သော ကောမန့်များ မပေးသင့်ပါ။ Facebook တွင် Racist comment
ကြောင့် အဖမ်းခံရသည်ဆိုသော သတင်းများကြောင့်ဖြစ်ပါသည်။ e.g http://www.channelnewsasia.com/stories/singaporelocalnews/view/1211003/1/.html
၁၀။ ကိုယ့်သူငယ်ချင်းများထဲမှ နိုင်ငံခြားသား မိတ်ဆွေများကို list သတ်သတ်ဖွဲ့ပါ။ မြန်မာလို status တင်ချင်သောအခါ ထို list ကို hide လုပ်ထားခြင်းဖြင့် သူတို့ရော ကိုယ်ရော စိတ် အနှောင့်အယှက် ဖြစ်ခြင်းမှ ကင်းဝေးစေနိုင်ပါသည်။
FaceBook မှာ ကြုံရတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး ပြောထားတဲ့ podcast ကိုအောက်က link မှာ နားထောင်ကြည့်ပါ။
http://soundcloud.com/myanmarnetwork/facebook-issues-by-daw-haymar
FaceBook တွင်ရှိသင့်သည် ထင်သော ယဉ်ကျေးမှုများကို စိတ်ထဲ ရှိသလို ရေးထားတာပါ။ လိုအပ်တာတွေ တွေ့ရင် ဖြည့်စွက်ပြင်ဆင်ပေးကြပါ။
ခင်မင်စွာဖြင့်
သီဟသစ်
ကျွန်တော်ရဲ့ အတွေးတွေ၊ အတွေ့အကြုံတွေ ချရေးဖို့ ထားတဲ့နေရာလေးပါ။ လာရောက် လည်ပတ်ဖတ်ရှုတဲ့ အတွက် ကျေးဇူးပါ။
Wednesday, October 17, 2012
Thursday, March 3, 2011
သားလေး ချမ်းချမ်း ရဲ့ ဒိုင်ယာရီ (၁)
ကိုယ့်ဘလော့ကိုယ် သွားမလည်ဖြစ်တာလည်း တစ်နှစ်ပြည့်ပါတော့မယ်။ အဲဒီရက်ပိုင်းတွေ အတွင်း ကျွန်တော်ရေးတဲ့ စာအသစ်တွေနဲ့ ပတ်သက်ပြီး အကောင်းလည်း အပြောမခံ ရပါဘူး၊ အဆိုးလည်း အပြောလည်း မခံရပါဘူး၊ အသစ်လည်း တစ်ပုဒ်မှမရေးဖြစ်ပါဘူး။ (မော့စ် စကား ငှားပြောတာပါ။)
မနှစ်က နောက်ဆုံးပို့စ် ရေးပြီး ရက်ပိုင်းအတွင်း သားလေးနဲ့ နှင်းဆီဖြူ စင်္ကာပူရောက်လာပါပြီ။ အရင် သားလေးနဲ့ အတူမနေရခင်တုန်းက အဝေးကနေပဲ ချစ်နေတာဆိုတော့ ပင်လည်းမပင်ပန်းဘူး၊ တအားလည်း မလေးနက်သလိုပါဘဲ။ သားလေးနဲ့ အတူတူနေရမှ လူပင်ပန်း၊ စိတ်ပင်ပန်းတွေ ဖြစ်ရပေမယ့် ပိုလည်းပျော် သူ့ကိုလည်းပိုပြီး ချစ်လာပါတယ်။ ပြီးတော့ လူကြီးလည်း မဆန်လို့ မရတော့ဘူး။ ကလေးတစ်ခုခု နေမကောင်းဖြစ်ခဲ့ရင် နှင်းဆီဖြူနဲ့ပဲ နှစ်ယောက်သား တိုင်ပင်၊ လုပ်စရာ ရှိတာ တန်းလုပ်ရတာမျိုးမို့ပါ။ ကလေးကို ဂရုစိုက်နေရတာမို့ စာလည်းမရေးဖြစ်တော့ပါဘူး။
သားလေးကလည်း အံ့သြစရာပါ။ ဟိုမှာ ၁၀ ရက်လောက်ပဲ အတူတူနေခဲ့ရပေမယ့် ဒီကို သူတို့လာတဲ့အခါ လေဆိပ်မှာ သွားကြိုတော့ တန်းပြန်မှတ်မိပြီး လူကို ချက်ချင်းလက်ကိုတန်းပုတ် နှုတ်ဆက်တာပါ။ နောက်တော့ တဖြေးဖြေးနဲ့ တအားတတ်လာပါပြီ။ မွေ့ရာပေါ် လမ်းစလျှောက်တတ်၊ အခန်းထဲလျှောက်တတ်၊ ခုတော့ မနည်းပြေးလိုက်နေရပြီ။ စကားကလဲ ကျွန်တော်တို့ သင်ပေးတာက ပါပါး၊ မာမား.သူ့ဘာသာသူ စပြောတာက ဖေဖေ၊ မေမေ တဲ့။ ပြောခိုင်းတိုင်းလည်း ပြောတာ မဟုတ်ပါဘူး၊ သူစိတ်ပါမှ ပြောတာပါ။ ခုသားလေးက တစ်နှစ်နဲ့ ၁၁ လထဲရောက်ပါပြီ။ ခုထိတော့ သူ့ဘာသာသူပဲ နားလည်တဲ့ Baby Language နဲ့ ပဲ ပြောနေတာပါပဲ။ သူကလဲ ပြောချင်တာပြော၊ ကိုယ်ကလဲ ဘာသာပြန်ချင်သလိုပြန် ကိုက်တော့ ကိုက်နေတာပါပဲ။
သားလေးက ဒီကိုရောက်ခါစတုန်းက ညညဆို ထထငိုတတ်ပါတယ်။ အဲဒီအခါတိုင်း ဘေးက တိုက်ခန်းချင်းကပ်ရက်နေတဲ့ တရုတ်မက အိပ်မရလို့ ထင်ရဲ့၊ သူ့အိမ်တံခါးမကြီး ဒုန်းဒိုင်းဖွင့်ပြီး ကျွန်တော်တို့ အခန်းရှေ့ ချောင်းလာလာဆိုးတတ်ပါသေးတယ်။ ကျွန်တော်လည်း ပြတင်းပေါက်တံခါးတွေ ပိတ်ထားတာမို့ မကြားချင်ယောင်ဆောင်ပြီး ကိုယ့်ကလေးကိုယ်ပဲ အငိုတိတ်အောင် ချော့ရပါတယ်။
နောက်တစ်မျိုးကတော့ အောက်ထပ်ကလူပါ။ သားလေးက ယောက်ျားလေးပီပီ ပစ္စည်းတွေ ထုရိုက်အသံထွက်နေရတာ သဘောကျပါတယ်။ အဲဒီတော့ သူက ကြမ်းပြင်ကို တ၀ုန်းဝုန်းထု၊ ကိုယ်က မီသလောက်လိုက်ဆွဲပေမယ့် မမီ၊ အဲဒီအခါကျတော့ အောက်ထပ်က တ၀ုန်းဝုန်းနဲ့ သူတို့မျက်နှာကျက်ကို ပြန်ရိုက်ပါတယ်။ အဲဒါကို သားတော်မောင်က သူမရိုက်ဘဲ ဘယ်လိုအသံထွက်ပါလိမ့်ဆိုပြီး သွားစပ်စုနေပါသေးတယ်။ တစ်ရက်လားကျတော့ သားလေးက ခုံပုလေးပေါ်က လိမ့်ကျလို့ အသံမြည်သွားတာကို အောက်ထပ်ကလူ တက်လာပြီး ဟောက်စားလုပ်ပါတော့တယ်။ ကျွန်တော်က ပုဆိုးဝတ်ထားတာတွေ့တော့ ဒါစင်္ကာပူ၊ ရဲတိုင်လို့ ရတယ် ဆိုတာက ပါသေးတယ်။ ကျွန်တော်က အဲဒီမတိုင်ညက သားလေးငိုလို့ အိပ်ရေးပျက်ထားတာမို့ အာရုံမရပြီး ဘာမှ သိပ်ပြန်မပြောနိုင်ပါဘူး။ တမင်သက်သက်လုပ်တာ မဟုတ်ဘူး၊ ကလေးလုပ်တာဆိုပြီးတော့ပဲ ပြောနိုင်ပါတယ်။ နောက်တော့ ဗလကောင်းတဲ့ အခန်းဖော်သူငယ်ချင်း ကျွန်တော့်နား လာရပ်မှပဲ ကိုယ့်လူလဲ ပြန်ဆင်းသွားပါတော့တယ်။
သားလေးတတ်တာတွေ ပြောရရင်တော့ အများသားပါ။ ကျွန်တော်ဘုရားရှိခိုးရင် သူက ကူညီတဲ့ အနေနဲ့ အနောက်ကနေ တွန်းပေးတတ်ပါသေးတယ်။ ဘုရားပုံတော်တွေကို သူ့အမေက လက်အုပ်ချီခိုင်းပြီး သြကာလို့ သင်ထားပေးတော့ သူ့ကို ပြတဲ့ သီချင်းထဲမှာ စေတီပုံတော်၊ ဘုရားပုံတော်တွေပါရင် သူ့ဘာသာသူ သြကာ မပီမသလေးပြောပြီး လက်အုပ်ချီတတ်နေပါပြီ။ သားလေးက သူ့အမေရိုက်ရင်လည်း ကျွန်တော့်ဆီ ပြေးလာပြီး ချီခိုင်းတတ်ပါတယ်။ သူ့ကို ဂရုမစိုက်ရင်လည်း သူ့ခေါင်းကို နံရံနဲ့ သာသာလေးသွားဆောင့်ပြီး ကျွန်တော်တို့ လက်ကိုယူပြီး သူ့ကိုပွတ်ခိုင်းတတ်ပါတယ်။ သူ့ကို နမ်းခိုင်းရင်လည်း စိတ်ပါလက်ပါရှိရင် နမ်းပါတယ်။ သူစိတ်မပါရင်တော့ အလုပ်များချင်ယောင်ဆောင်နေတတ်တာမျိုးပါ။ တစ်ခါလားကျတော့ နှင်းဆီဖြူနဲ့ ကျွန်တော်က သူ့ကို အလယ်ကထားပြီး နမ်းခိုင်းတာပါ။ သူက မနမ်းချင်တာနဲ့ စိတ်မရှည်ဖြစ်လာပြီး ဒီလောက် အနမ်းခံချင်တဲ့ နှစ်ယောက် အချင်းချင်း နမ်းကြဆိုပြီး နှစ်ယောက်လုံးရဲ့ ခေါင်းတွေကို သူ့လက်နဲ့ဆွဲပြီး မျက်နှာချင်းတွေ ဆုံပေးလိုက်ပါတော့တယ်။
သားလေးက ကျွန်တော်နဲ့ တူတာက စကားများတတ်ပြီး သူ့အမေနဲ့ တူတာက စိတ်ကောက်တတ်ပါတယ်။ တစ်ခါတစ်လေတော့ နှင်းဆီဖြူနဲ့ ပြောဖြစ်ပါတယ်။ တို့ဆီက ကောင်းတာတွေ မရပါလား၊ တို့ဆီမှာပဲ ကောင်းတဲ့အချက်များ မရှိတာလား ကိုယ့်ဘာသာကိုယ် သံသယဖြစ်လာပြီ လို့ပါ။
ခုတော့သားလေးက ဟိုမှာ ခဏနေခဲ့လို့ လွမ်းနေတာပါ။ နှင်းဆီဖြူဆီ ဖုန်းဆက်တော့လည်း သူက စကားလုပြောပါသေးတယ်။ သူ့Baby Language နဲ့ပါပဲ။ အလွမ်းပြေပေါ့လေ။ သားလေးအကြောင်းတွေ ဆက်ရေးပါအုံးမယ်။ ခုပို့စ်က စာမရေးဖြစ်တာကြာလို့ စရေးဖြစ်အောင် စနွှေးလိုက်တဲ့ပို့စ်ပါ။
ညီအစ်ကို မောင်နှမအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
ခင်မင်စွာဖြင့်
သီဟသစ်
Bonus
၁) အလုပ် အင်တာဗျူး
အင်တာဗျူးတွင် အလုပ်လျှောက်သူက အလုပ်ရှင်ကို မေးသည်။
“မိသားစုအတွက် အချိန်ပေးဖို့ ဆိုတာ ကျွန်တော့်အတွက် အရေးကြီးဆုံးပဲ။ အဲဒီတော့ ကျွန်တော် အိုဗာတိုင် အတွက် အချိန်ဘယ်လောက်ဆင်းရမလဲ သိပါရစေ။”
အလုပ်ရှင်က သူ့ကို သက်သာရာ သက်သာကြောင်း ချက်ချင်းပြန်ဖြေသည်။
“ဒါပေါ့၊ မိသားစုဆိုတာ ပထမဆုံးထားရမှာပေါ”့
ပြီးတော့ အလုပ်ရှင်က ဆက်ပြောသည်။
“ဒီမှာ ၀န်ထမ်းအားလုံးက တို့အလုပ်ရှင်တွေကို မိသားစုလို့ သဘောထားခိုင်းထားတယ်”
၂) တရုတ်စာလေ့လာခြင်း
တရုတ်စားတော်ဆက်တွင် ထမင်းသွားစားသော ရောဘတ်၏ ဇနီး ရေချယ်တစ်ယောက် ဆိုင်မီနူးတွင် ရေးထားသော တရုတ်စာလုံး ပုံစံလေးကို သဘောကျနေသည်။ ထို့ကြောင့် မီနူးစာရွက်လေး အိမ်ယူခဲ့ပြီး ရှေ့ပိုင်းတွင် ထိုတရုတ်စာလုံးပါသော ဆွယ်တာလေး ထိုးသည်။ Cocktail ပါတီတစ်ခုတွင် ရေချယ် ထိုဆွယ်တာလေး ၀တ်သွားသည်။ တရုတ်စာလုံးကို သတိထားမိသော တရုတ်သမားတော်က မေးသည်။
အဲဒီစာလုံးဘယ်က ရတာလဲ
ရေချယ်: မီနူးထဲကပါ
သမားတော်: ဘာဆိုလိုတာလဲသိလား
ရေချယ်က: ကျွန်မ မမေးခဲ့မိဘူး။ ရှင်သိရင်ပြောပြပါလား
သမားတော်: အဲဒီစာသားဆိုလိုတာက “Cheap But Good” တဲ့ဗျ။
၃) ပြောင်းလဲလာသော မေးခွန်းများ
အသက်လေးဆယ်အရွယ် အပျိုကြီး မမ အဖို့ သူ့ အချစ်ရေးအခြေအနေကို သူငယ်ချင်းများ၊ အမျိုးများ၊ လုပ်ဖော်ကိုင်ဖက်များ မေးခွန်းထုတ်ကြသည်မှာ ရိုးလို့နေပြီ ဖြစ်သည်။ သို့သော် အသက်အရွယ်ပြောင်းလာသည်နှင့် အမျှ မေးခွန်းလည်း ပြောင်းလာတာ သတိထားမိသည်။
ဆယ်ကျော်သက်အရွယ်တုန်းကဆို သူငယ်ချင်းတွေက
ခုစနေ၊ တနင်္ဂနွေ ဘယ်သူနဲ့ အပြင်ထွက်လည်မလဲ မေးကြသည်။
နှစ်ဆယ်ပိုင်းအရွယ်ရောက်တော့ အမျိုးတွေက
ညည်းဘယ်သူနဲ့ ချစ်သူဖြစ်နေလဲ မေးကြသည်။
သုံးဆယ်ပိုင်းရောက်တော့ လုပ်ဖော်ကိုင်ဖက်တွေက
တစ်ယောက်ယောက်နဲ့များ အဆက်ဖြစ်နေသေးလား မေးကြသည်။
အခုတော့ လူတွေက
အဲဒီပိုက်ဆံအိတ်လှလှလေးကို ဘယ်က၀ယ်ခဲ့တာလဲဟင် လို့သာမေးကြတော့သည်။
(ဘလော့ဂါ အပျိုကြီးမမများ တိုက်ဆိုင်မှုရှိလျှင် ထိုသူများသို့သာ ရည်ညွှန်းပါသည်။ :P )

Subscribe to:
Posts (Atom)