Thursday, May 21, 2009

အောင်မြင်ခြင်းသို့ နာရီ ၁၀,၀၀၀

အောင်မြင်သူ နဲ့ ကျဆုံးသူ၊ ဥာဏ်ကြီးရှင်နဲ့ ငတုံး တို့နောက်ကွယ်မှာ ဘာတွေ ကွာခြားချက်ရှိသလဲ...



သီဟသစ်တို့ရုံးမှာ လူတစ်ယောက် အလုပ်ထွက်တိုင်း ၀မ်းအနည်းဆုံးကတော့ မန်နေဂျာကြီး နေမှာပဲ။ ဘာဖြစ်လို့လဲ Farewell Dinner ဆိုပြီး စားသောက်ဆိုင်မှာ သူက လိုက်လိုက်ကျွေးရလို့လေ။

ဒီနေ့လည်း ရုံးက ဖိလစ်ပိုင်အမျိုးသမီးတစ်ယောက် အလုပ်ထွက်မှာမို့ မန်နေဂျာက အဖွဲ့လိုက်ကို စားသောက်ဆိုင်မှာ လိုက်ကျွေးပါတယ်။ လိုက်ကျွေးဖြစ်ရင်း သူပြောပြတာလေးတွေ ကိုမှတ်ထားပြီး ခုပြန်ပြောပြပါမယ်။

လူတစ်ယောက် အောင်မြင်ဖို့ဆိုတာ သူမွေးခဲ့တဲ့ အချိန်၊ ပတ်ဝန်းကျင်၊ နေရာဒေသ အပေါ်မှာ အများကြီးမူတည်ပါတယ်။ စစ်တမ်းတစ်ခုအရဆိုရင် Feb, March မွေးတဲ့သူတွေက ဟော်ကီ အစရှိတဲ့ အားကစားတွေမှာ ထူးချွန်ပါတယ်။ စဉ်းစားကြည့်ရင် သူတို့ကျောင်းစနေတဲ့ အချိန်မှာ သူတို့က လူကောင်ပိုကြီးနိုင်တယ်။ အဲဒီတော့ ပိုကစားဖြစ်နိုင်ပြီး အားကစားမှာ ထူးချွန်လာနိုင်ပါတယ်။

ဒါပေမယ့် မွေးခဲ့တဲ့ အချိန်၊ ပတ်ဝန်းကျင်၊ နေရာဒေသ ဆိုတာတွေကို သီဟသစ်တို့ ကိုယ်တိုင်ရွေးချယ်ခွင့် မရခဲ့ကြဘူးလေ။ အဲဒီတော့ အောင်မြင်အောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာ ဆက်ပါရစေ။

အဲဒီ ထူးချွန်တဲ့လူတွေ အကြောင်းပြောရင်းသူက စာအုပ်တစ်အုပ်အကြောင်းပြောပြတယ်ဗျ။ လူတစ်ယောက်အောင်မြင်ဖို့ ဆိုရင် အနည်းဆုံး နာရီ ၁၀, ၀၀၀ လေ့ကျင့်ခဲ့ဖို့ လိုတဲ့အကြောင်းရေးထားတဲ့ စာအုပ်ပေါ့။ Beatles တေးဂီတ အဖွဲ့ကစလို့ Bill Gates ထိ သူတို့ဟာ အနည်းဆုံး နာရီ ၁၀, ၀၀၀ စာ လေ့ကျင့်ခဲ့ကြ၊ ကြိုးစားခဲ့ကြတယ်။ မအောင်မြင်တဲ့သူတွေဟာ များသောအားဖြင့် နာရီ ၅, ၀၀၀ လောက်မှာရပ်သွားလို့ ဖြစ်တယ်။

သီဟသစ်ဆီစာလာဖတ်တဲ့ ညီအစ်ကို မောင်နှမတွေက smart ဖြစ်ပြီးသားမို့ ရေခင်းမပြချင်တော့ပါဘူး။ စာအုပ်ဖတ်မယ်ဆိုရင် link လေး အတိုင်းသာ သွားလိုက်ပါ။
Gladwell Malcolm : Outliers The Story of Success

သူပြောတာ ကြားပြီးတော့ သီဟသစ် စဉ်းစားမိတယ်။ ငါအောင်မြင်ထွန်းပေါက်တဲ့ အခြေအနေကို ရောက်နေပြီလား။ မရောက်သေးဘူး။ အဲဒါဆို ခုလက်ရှိလုပ်နေတဲ့ Professional လိုင်းမှာ နာရီဘယ်လောက်သုံးခဲ့ပြီလဲ။ နာရီ ၁၀, ၀၀၀ မပြည့်သေးတာ သေချာတယ်ဗျ။ သူဆိုလိုချင်တဲ့ နာရီတွေဆိုတာ ဒီအလုပ်တစ်ခုတည်းကိုပဲ စူးစူးစိုက်စိုက် အာရုံတကျလုပ်တာမျိုးကိုဆိုလိုတာ။ အင်း.... အများကြီး ကြိုးစားရအုံးမယ်ဗျ။

ဒီစာလေးကို ဖတ်ဖြစ်တဲ့ ညီအစ်ကို မောင်နှမတွေရော အောင်မြင်တဲ့ အခြေအနေတစ်ခုကို ရောက်နေပြီလား။ နာရီဘယ်လောက်သုံးခဲ့ပြီလဲ.. ဆိုတာလေးကို မေးချင်လိုက်တာ...

P.S အရင်ပို့စ် က ဆေးခန်းနာမည် မရေးတော့ပါ။ "သူလိုလူစား အများကြီး" ဆိုသလိုပဲ တော်တော်များများကြုံနေရတဲ့ ကိစ္စ မို့ပါ။ အားလုံးကို မဆိုလိုပါ။

Bonus:
၁) မှောင်ခိုသမား
အကောက်ခွန်အရာရှိက ကိုချူချာကိုပြောသည်။
"အကောက်ခွန်ဆောင်မလား မဆောင်ဘူးလား"

"ပစ္စည်းတွေ အားလုံးကို ကျွန်တော်မှောင်ခိုသယ်လာတာပဲ၊ ဘာဖြစ်လို့ဆောင်ရမှာလဲ မဆောင်ဘူး"
(အဲဒီလိုများ ရွှေနိုင်ငံက လေဆိပ်မှာ ပြောစမ်းကြည့်ပါလား)

၂)ယောက်ျားတို့ မျက်ရည်
စိန်ရွှေရတနာဆိုင်တွင်ဖြစ်သည်။
လာဝယ်သူ အမျိုးသမီးက ဈေးအကြီးဆုံး စိန်ဘယက်ကို နောက်ဆုံးရွေးလိုက်ပြီး ငွေစက္ကူထုပ်ကို ကမ်းပေးလိုက်သည်။ ဆိုင်ရှင်က ပြောသည်။
"ခင်ဗျား ငွေစက္ကူတွေ စိုနေပါလား"
"ကျွန်မကို ပိုက်ဆံ ထုတ်ပေးတဲ့ အခါမှာ ကျွန်မယောက်ျား မျက်ရည်ကျလို့ပါ"

30 comments:

khet myint myint said...

နာရီတွေဖြည့်ဖို့အများကြီးလိုသေးတဲ့သူ တယောက် လာဖတ်သွားပါတယ် အကို။ .. တကယ်ကြီးကို ဖြည့်ဖို့လိုသေးပါလားးး။

Ree Noe Mann said...

၅၀၀၀ ရောက်ခါနီးပြီ ဟေ့ လို့ပဲ အော်လိုက်တော့မယ်

ရီနို

ဇော် said...

ဟင်... ၁၉ မိနစ် အဂိုးဆိုလို့ အပြေးအလွှားလာလိုက်တာ ဘယ်နှယ့် ငါက ၃ယောက်မြောက်ဖြစ်သွားရတာဒုန်း။ များနေဘီ။ ဟွင်း ဟွင်း...။

မလိခ said...

စဉ်းစားသွားရပြီ ကိုယောက္ခမရေ..အဲ ကိုသီဟသစ်ရေ.. :P
နာရီ တစ်သောင်း... နာရီ တစ်သောင်း... မလိခ ... မလိခ (တကိုယ်တော် စဉ်းစားခန်းဝင်သွားပါပြီ..)

Bino said...

What a nice comedy as bonus.
Bino

ကြယ်သောကြာ said...

သုည သုံးလုံးလောက် ဖြုတ်ပေးလို့ ရဘူးလာဟင် ဒါဆိုရင်တော့ ပြည့်ပြီ

mgnge said...

ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ရဦးမယ်...။
သေချတာ ကတော့ နာရီ တစ်ထောင်တောင်ပြည့်ပါ့မလား
မသိ

yehtutnaung said...

ဟား ဟား.. ကိုချူချာ ပြောချက်ကတော့ ရှယ်ပဲ။

အင်း နာရီ ၅,၀၀၀ ပြည့်ဖို့ .. လာလေ... ရော့ ......။

ဒါနဲ့ .. ကိုသီဟရေ တက်ဂ်ထားတယ်ဗျို့ ............။

Phyo Maw said...

ဘယ်လောက်ရောက်ပြီလဲ မသိသေးပါဘူးကွယ်။
အိပ်တဲ့အလုပ်ကိုသာ ချမ်းသာနိုင်တဲ့ စာရင်းထဲ ထည့်တွက်ရရင် အောင်မြင်တာ တကယ်သေချာနေဘီ။ :P

Anonymous said...

း)
ဘလော့လည်သလိုသာ စွဲစွဲမြဲမြဲလုပ်ဖြစ်မယ်ဆို မကြာခင်ပြည့်သွားနိုင်ပါတယ် .. :D

မိုးခါး

Anonymous said...

ကိုသီဟအသစ်ရေ အင်းဂလိပ်လိုကြီးကော
မဖတ်တတ်ဘူးဗျ။ ဘာသာပြန်ပေးပါ :P

ဒါနဲ့ တစ်ခုထက်ပိုပြီးပြောချင်စိတ်ပေါ်လာရင်ကော
ပြောခဲ့လို့ရလားဗျ

နွေးနေခြည် said...

တွက်မနေတော့ဘူး မပြည့်သေးတာသေချာတယ်။ pm ပြောသလိုပဲ အိပ်တဲ့အလုပ်ကို အောင်မြင်တဲ့အထဲထည့်လိုက်ရင်တော့ အောင်မြင်နိုင်တယ်...

သမီးပျို said...

အကိုသစ်ရေ စာအုပ်ကိုနဲနဲဖတ်သွားတယ်နော် ခုလက်ရှိကခရီးသွားရင်းတန်းလန်းကြီးမို့ ပြန်ရောက်မှပဲ ဖတ်တော့မယ် စေတနာတွေကိုကျေးဇူးတင်ပါတယ် ကြိုးစားပါ့မယ် တကယ်ပါ

myo said...

အင်္ဂလိပ်စကားပြောသင်တန်း တခုတက်တော့ ဆရာက ဘီဘီစီ အင်္ဂလိပ်ပိုင်းအစီအစဉ် ဒါမှမဟုတ် တခြားအင်္ဂလိပ်စကားပြောတွေကို နာရီ ၁၀၀၀ ပြည့်အောင် နားထောင်ပါတဲ့ အဲဒါဆိုတော်တော်လေးကို ပြောနိုင်ပြီတဲ့..

အခုထိ အဲဒီနာရီ ၁၀၀၀ပြည့်အောင် နားမထောင်ရသေးလို့ အင်္ဂလိပ်စကားကို ကဘောက်တိကဘောက်ချာပဲ ပြောနိုင်သေးတယ်.. :(

နွေးနွေးသဲမွန် said...

ွှအကိုရေ..နာရီတွေ အကျွေးဆပ်နေရတုန်းပါပဲ...
နွေးက March Born ပါ..ဒါပေမယ့်ဟော်ကီတော့ မကစားနိုင်ဘူး...ထုတ်စီးတိုးတမ်းတော့ကျွမ်းတယ်... :-P
မျက်ရည်စိုနေသော ပိုက်ဆံထုတ်ကိုကြောက်သဖြင့် ဒီတသက်လုံးယောင်္ကျားလုပ်စာ ထိုင်မစားပါကြောင်း... :-)

flowerpoem said...

ဖြည့်ဖို့ အများကြီးလိုသေးတယ် ကိုသီဟရေ..

တလနွန် said...

နာရီ တစ်သောင်း ရောက်ဖို့  အဝေးကြီးလိုသေးတယ်ဗျို့ ..တစ်နေ့  တစ်လံ တစ်သောင်း ဘယ်ရွှေ့ မလဲပေါ့နော်။။။။(စကားပုံ ဖျက်လိုက်သည်)။
အခုလို သတိပေးတာ ကျေးဇူးပါ အကို။

ခင်မင်ခြင်းနှင့်
တလနွန်

ကောင်းကင်ပြာ said...

အမလဲ ခုမှ ပြန်တွက်ကြည့်ရဦးမယ်

ZT said...

ဘလော့ရေးတာ ဖတ်တာ နာရီ ၁၀၀၀၀ မပြည့်သေးဘူး။ အဲဒီတော့ အောင်မြင်ဖို့ အလှမ်းဝေးသေးတယ်။ :D

ကိုလူထွေး said...

နာရီတစ်သောင်းဆိုတာ
တစ်နေ့ ကို ၇ နာရီ ပုံမှန်နဲ့ 
၎ နှစ်လောက်ဆက်တိုက်လုပ်ယူရင် ရပါတယ်...

သိပ်အခက်ကြီး မဟုတ်ဘူးလားလို့ ...

စိတ်စမ်းရေ said...

နာရီတွေ အများကြီးလိုသေးတယ်ဗျို့....
ငိုလောက်တယ်ပေါ့..ကိုသီဟကော ကြုံဖူးလားဗျ....

yegyi said...

အဟဲ အပေါ်ကပြောသလို သုညသုံးလုံး ဖြုတ်လိုက်ဗျာ

တောင်ပေါ်သား said...

နာရီ၁၀၀၀၀ မပြောနဲ့ အကိုရေ နာရီ ၅၀၀၀ တောင် မကျော်သေးဘူးထင်တာပဲး) တနေ့တော့ အောင်မြင်ရမယ် ငါ့တွ အဟီးးးးးးးး ဘယ်နေ့လဲတော့ သိဘူးနော့်


လေးစားလျက်
တောင်ပေါ်သား

မြစ်ကျိုးအင်း said...

နာရီသံချက်ချက်ညံ....

khin oo may said...

ဘလော့မှာ ... အဲသလို ကြိုးစားလို့ အခု အဲသလို..

ဂျူနို said...

မတွက်တော့ဘူး
ညံ့တဲ့ထဲမှာ ပါပြီးသား
ညံ့မညံ့တွက်ကြည့်ရလောက်အောင်တော့ မညံ့သေးဘူးထင်တယ်။

ထင်တာပါ။

Rita said...

ကျေးဇူးတင်လိုက်တာ
ကိုယ့်ဘာသာ ပြန်တွေးမိတယ်
၅ နာရီတောင် ပြည့်တယ် မထင်လို့

JulyDream said...

အချိန် ဘယ်လောက် သုံးခဲ့သလဲဆိုတာ မမှတ်ထားမိတာ ကွိုင်ပဲဗျာ။ အစကနေ ပြန်ရေရရင်လည်း ခက်ရချည်ရဲ့။

ကြည်ဖြူပိုင် said...

ဟဟ...ယောက္ခမကြီးရေ...၁၀၀၀ မပြောနဲ့ ၁၀ ပြည့်ရင်တောင် ထ ခုန်ရမယ့်အခြေအနေဗျ။

အချိန်ရရင် တဂ်ထားတာလေးရေးပါဦးနော်

Anonymous said...

ပြောရင်ယုံမယ်တောင် မထင်ဘူး ကျုပ်တော့ ၁၀၀၀ ကျော်သွားပြီဗျ ... အိပ်တာကို ပြောပါတယ် အဟီး
နေဒေးသစ်