တောက်ပတဲ့ လင်းရောင်ခြည်များ စိမ်းလဲ့တဲ့တောင်ပြာတန်းတွေ
ဆိုတဲ့ထူးအယ်လင်း သီချင်းလေးနဲ့ညီတဲ့ နှင်းဆီဖြူလေးရဲ့ဇာတိ ချန်းချင်လေးတို့ရှိရာ မိုးညှင်းမြို့လား?
ဆည်းဆာနေညိုချိန်မှာ ဧရာဝတီမြစ်ကမ်းနဘေးက
ငွေယောင်ယံကမ်းရဲ့ အထက်မှာ
မကွေးမြို့စွန် မြသလွန်ကို အတူဖူးခဲ့တာတွေ
ဆိုတဲ့ အောင်သူသီချင်းလေးထဲက ကိုယ့်ရဲ့ဇာတိ၊ မိဘတွေ နေထိုင်ရာ မကွေးမြို့လား?
အဲဒီမြို့ ၂ မြို့လုံးမှာ အခြေချနေထိုင်ချင်စိတ်မရှိဘူး ဆိုရင် သီဟသစ်ကို အပြစ်တင်ကြမလား မသိ။ တကယ် သီဟသစ်ရင်ထဲမှာ ရှိနေတဲ့မြို့က
ငါ့အိပ်မက်များ ဟိုးအတိတ်ဆီ လွင့်မျောမိ ၁၀ စုနှစ် ..
နဲ့စတဲ့ အငဲ သီချင်းလေးထဲက မန္တလေး မြို့ပါပဲ။
မွေးကတည်းကနေ ဆယ်စုနှစ် ၂ ခုလောက် နေလာတဲ့ မကွေးမြို့ထက် ၈ နှစ်လောက် နေလာခဲ့တဲ့ မန္တလေးမြို့ကို ဘာကြောင့်သဘောကျသလဲဆိုတာ ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်တော့ လူငယ်ဘ၀မှာ တကယ်ပျော်ရွှင်ခဲ့၊ တက္ကသိုလ်တက်ခဲ့၊ အိပ်မက်တွေ စမက်တတ်ခဲ့တဲ့ မြို့မို့လို့ပါပဲ ဆိုတာတွေ့ရတယ်။
မန္တလေးမြို့ကို စရောက်ဖူးတာ တက္ကသိုလ်မတက်ခင် 1998 ခုနှစ် 9 လပိုင်းလောက်က သင်တန်းတက်ဖို့ စရောက်ခဲ့တာပါ။ စစချင်းကြုံရတဲ့ မန္တလေးစကားကတော့ တစ်ပြ၊နှစ်ပြဆိုတာပါ။ ရန်ကုန်က တစ်ဘလောက်၊ နှစ်ဘလောက်လို ဟာမျိုးပါ။ သူငယ်ချင်းရဲ့ ဆွေမျိုး ဘုန်းဘုန်းက ရှေ့တစ်ပြပါကွ ရှေ့တစ်ပြပါကွ နဲ့ ခေါ်သွားတာ ခြေကိုညောင်းရော။ တော်တော်ကို အီသွားတယ်။ (အဲဒါနဲ့ မန္တလေးသားတွေ မကွေးလိုက်လည်တော့ ဘယ်ရမလဲ တစ်ကွေ့ တစ်ကွေ့ဆိုပြီး ခေါ်ပြီးလျှောက်ခိုင်းပစ်လိုက်တယ်။ တကယ်က မကွေးမှာ တစ်ကွေ့ဆိုတာ မသုံးပါဘူး။ သီဟသစ်က သူတို့ကိုစချင်လို့ ပြောလိုက်တာပါ။)
နေတာက မြို့သစ်ဘက်ဆိုတော့ သင်တန်းကိုသွားဖို့ လိုင်းကားစီးရပါတယ်။ မှတ်တိုင်ကနေ သင်တန်းရှိရာဘက်ကို ဘယ်လိုမှတ်လဲဆိုတော့ ရှမ်းတောင်တန်းကြီးတွေ ရှိတဲ့ဘက်လို့ မှတ်ထားပါတယ်။ ရောက်တာမကြာသေးဘူး ဆိုတော့ အရှေ့အနောက်မခွဲတတ်ဘူး။ အဲဒါနဲ့ တစ်နေ့ကျတော့ မိုးတွေတအားရွာရော ရှမ်းတောင်တန်းကြီးလည်းပျောက်၊ မျက်စိတွေလည်ပါလေရော။ ဟိုလျှောက်ဒီလျှောက်လုပ်ပြီးမှ သင်တန်းကို ပြန်တွေ့တော့တယ်။
မန္တလေးမှာ အရှေ့ပြင် အနောက်ပြင် တောင်ပြင် မြောက်ပြင် ဆိုပြီး နန်းတော်ကြီးကို ဗဟိုထားပြီး အရပ်တွေကို နာမည်မှည့်ထားတာ သီဟသစ်မနေဖူးတာဆိုလို့ မြောက်ပြင် တစ်ခုပဲ ကျန်ပါတယ်။ နန်းတော်ကြီးကိုတော့ အတွင်းပိုင်းထက် အပြင်က မြို့ရိုးနဲ့ ကျုံးရှုခင်းကို ပိုပြီးသဘောကျပါတယ်။ တစ်ခါလားဟာ မီးသတ်ကားက ကျုံးဘေးမှာ ရပ်ပြီး ရေထည့်နေတာကို ကျုံးထဲက ရေတွေကုန်မှာစိုးလို့ ထပ်ဖြည့်ပေးနေတာလား ဆိုပြီးတော့လည်း ရွှေဥာဏ်တော်စူးရောက်စွာ တွေးခဲ့ဖူးပါတယ်။

Credits to http://www.flickr.com/photos/meckleychina/2264860362/
မန္တလေးကိုကြိုက်တဲ့တစ်ချက်က စက်ဘီးဆိုင်ကယ်ရှိရင် ဘယ်နေရာမဆို သွားလို့ရတာကိုပါ။ ကျောင်းသားဘ၀တုန်းက စက်ဘီးနဲ့ပဲ တစ်မြို့လုံးပတ်နေတာပါ။ ဘုရားကြီး၊ မန္တလေးတောင်၊ စန္ဒာမုနိ ဘုရား ၊ ကျောက်တော်ကြီး ဘုရား ၊ ကုသိုလ်တော်ဘုရား ၊ အတုမရှိကျောင်းတော်ကြီး၊ ရွှေကျောင်း စုံလို့ပါပဲ။ နည်းနည်းလှမ်းတဲ့ ဦးပိန်တံတားထိ လည်းရောက်ပါတယ်။ တစ်ခါတစ်လေ စစ်ကိုင်းမြို့ကိုတောင် စက်ဘီးနဲ့ သွားချင်သွားတာပါ။ ဘယ်လိုနင်းလဲ မမေးပါနဲ့။ စက်ဘီးကို လိုင်းကားပေါ်တင်သွားတာပါ။ (မြန်မာပြည် သိန်းတန် သီချင်းထဲက ဘုရားကြီးနဲ့ အိမ်တော်ရာ တနင်္ဂနွေ နေ့တိုင်း ဆီမီးကပ်လှူတာ ဆိုတဲ့ သီချင်းလေးကို မန္တလေးရောက်မှ ပြန်စဉ်းစားကြည့်တာ နည်းနည်းလွဲနေသလိုပါပဲ။ နည်းနည်းလှမ်းတဲ့နေရာ နှစ်ခုကို တစ်ရက်တည်းသွားတယ်ဆိုတော့ သူတို့ခေတ်က ကိုယ်တွေထက် ခြေရှည်ပုံရပါတယ်။)

မြန်မာမှုလက်ရာတွေနဲ့ ရွှေကျောင်းကြီး ရဲ့ပုံပါ
Credits to http://www.flickr.com/photos/10186213@N07/2343509987/

Credits to http://nettar.myanmarbloggers.org/2007_05_01_archive.html

စန္ဒာမုနိ ဘုရားပါ။ ဘုရားထဲမှာ တူတူပုန်းတမ်းကစားရတာ ပျော်စရာကောင်းပါတယ်
http://www.flickr.com/photos/14152780@N08/1433236163/in/photostream/
ပြင်ဦးလွင်နဲ့နီးတာကလည်း ပျော်စရာတစ်မျိုး ကောင်းပါတယ်။ ကျောင်းနည်းနည်းအားတာနဲ့ ပိုက်ဆံစု ကားငှားပြီး တက်ကြတာပါ။ ဓါတ်တော်ချိုင့်ရေတံခွန်၊ ပွဲကောက်ရေတံခွန်၊ ပြည်ချစ်ဘုရားဖူး အနှံ့ပါပဲ။ ပြင်ဦးလွင်အလွန်က သုံးထပ်ရေတံခွန်ကိုတော့ ကျောင်းပြီးမှ ရောက်ဖြစ်တာပါ။ တက္ကသိုလ် ကျောင်းသားဘ၀က သူငယ်ချင်းစုံတွဲကိုလည်း သတိရပါတယ်။ ကောင်လေးက ကားရှိတော့ သူတို့ရည်းစားမဖြစ်ခင်တုန်းက တစ်ဖွဲ့လုံးခေါ်ပြီး ပြင်ဦးလွင်တက်ကြတာပါ။ သူတို့လည်းရည်းစားဖြစ်ရော ငြမ်းလေးတွေ ကျန်ခဲ့ရောပေါ့လေ။
ရေးရင်းနဲ့ အရှိန်ရပြီးနည်းနည်းရှည်သွားလို့ ခွဲရေးပါရစေ..
ဆက်ရန်..
ခင်မင်စွာဖြင့်
သီဟသစ်