Monday, May 25, 2009

D For Dependant Pass

မနှစ်က သီဟသစ် စင်္ကာပူကို ရောက်လာ အလုပ်ရပြီး ၁ လကြာတော့ နှင်းဆီဖြူလေးကို လှမ်းခေါ်ပါတယ်။ သူဒီကို ရောက်လာတော့ ရွှေနိုင်ငံရဲ့ Human Resources တွေအလကား မဖြစ်စေရန်အလို့ငှာ လည်းကောင်း၊ ဦးနှောက်ယိုစီးမှုတွေ ပီပီပြင်ပြင်ဖြစ်ရန် အလို့ငှာ လည်းကောင်း သူ့ကို ရွေးစရာ ၃ ခုပေးပါတယ်။ ကျောင်းတက်မှာလား၊ အလုပ်လုပ်မှာလား၊ ကလေးယူမှာလားပေါ့လေ။

နံပါတ် ၁ ရွေးစရာကို သူက ငြင်းပါတယ်။ ကွန်ပြူတာ တက္ကသိုလ်မှာ Hons: နဲ့ Master ဆက်တက်တာတောင် သီဟသစ်က နင်ကျောင်းမတက်ရင် ငါတို့ တွေ့ဖို့မလွယ်ဘူးဆိုပြီး ပြောထားလို့ တက်တာဆိုတော့ ကျောင်းဆိုတာကြီးကို သူစိတ်ကုန်နေပြီဆိုပဲ။ ကဲထားတော့။

နံပါတ် ၂ ကျပြန်တော့ သူက ဟိုမှာ အလုပ်အတွေ့အကြုံမရှိခဲ့တာရယ်၊ ၀ါသနာ တအားကြီးမပါတာရယ်ကြောင့် မလုပ်ချင်ပါဘူး တဲ့။ နံပါတ် ၃ ကျတော့လည်း ကလေးအမေ မဖြစ်ချင်သေးဘူး တဲ့။ (ချန်းချန်လေး ရောက်လာတာကတော့ သူရောက်လာချိန်တန်လို့ ပေါ့ဗျာ :D ၊ ဒါလည်းရွှေနိုင်ငံရဲ့ Human Resources အတွက် မျိုးဆက်သစ်လေး မွေးထုတ်ပေးခြင်းပဲနော်။)

အဲဒါနဲ့ သူကအလုပ်လည်း မလုပ်၊ ကျောင်းလည်းမတက် ဆိုတော့ သူ့အတွက် Dependant Pass လျှောက်ပေးပါတယ်။ သူ့အတွက်က ဘာမှသိပ်ရစ်စရာ မရှိဘူးဆိုတော့ တန်းရပါတယ်။ ဒီလိုနဲ့ ချန်းချန်လေး ဗိုက်ထဲရောက်လာ၊နှင်းဆီဖြူကို ရွှေနိုင်ငံ လိုက်ပို့ပြီးတော့ သူနဲ့ အတူပဲ Dependant Pass ကကျန်ခဲ့ပါတယ်။ ခုတစ်ခေါက် ကလေးကို သွားကြည့်တဲ့ အခါထိ အဲဒီကဒ်ကို မယူခဲ့ပါဘူး။ သူကလည်း ဘယ်ထားမိမှန်းမသိဘူးတဲ့။

ရှေ့က နိဒါန်းလေးတွေကို ပြီးအောင်ဖတ်ပေးခဲ့လို့ ကျေးဇူးပါ။ တကယ်ပြောချင်တာက ခုမှ လာပါပြီ။

အဲဒါနဲ့ သီဟသစ် ဒီပြန်ရောက်ပြီး Pass ကိုနောက်တစ်နှစ်အတွက် သက်တမ်းတိုးတော့ MOM က ၂ လစောင့်ရမယ် ဆိုပြီး အကြောင်းပြန်လာပါရော။ ဘာကြောင့်လည်းဆိုတာလဲ တိတိကျကျမပြောပါဘူး။ Pass ကလဲ ၃ ပတ်တောင် မကျန်တော့ဘူး၊ Expire ဖြစ်တော့မှာဆိုတော့၊ အရေးကြီးလာပြီလေ။ ကိုယ့်ဘာသာကိုယ် ပြန်စဉ်းစားကြည့်တော့လည်း ဒီမှာ မဟုတ်တာ တစ်ခုမှ မလုပ်ဖူးသေးပါဘူးပေါ့လေ။

အဲဒါနဲ့ ရုံးက HR ကိုမေးကြည့်တော့ နင့်မိန်းမအတွက် Pass ကို Cancel မလုပ်ရသေးလို့ဖြစ်နိုင်တယ် ဆိုပြီးပြောပါတယ်။ အဲဒါနဲ့ လှမ်းဖုန်းဆက်၊ Pass ကို တွေ့အောင်ရှာခိုင်းပြီး ဒီကို EMS နဲ့ ပို့ခိုင်းရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ Cancel လုပ်ပြီးပြီးချင်း ၇ ရက်အတွင်း ကဒ်ကို MOM ကိုပြန်ပို့ရလို့ပါ။ ရောက်လာမှ Dependant Pass ကို ရုံးက Online ကနေ Cancel လုပ်ပေးပါတယ်။ အဲသလိုလုပ်ပြီး နောက်နေ့မှ Approved ဆိုတာဖြစ်သွားပါတယ်။

အဲသလို ဖြစ်တတ်တာကို ခုမှသိလို့ ညီအစ်ကို မောင်နှမတွေ သိထားရအောင် ပြောလိုက်ခြင်းပါ။ မသိသေးတဲ့သူတွေ အတွက်ပါ။ ပိုသိတဲ့သူများရှိရင် ဖြည့်စွက်ပြောခဲ့ပါဗျာ။

P.S:
ရွှေဖိနပ် ၀တ္ထူမှာ သီဟသစ် နဲ့ နှင်းဆီဖြူကို ကလေးရတဲ့ အထိရေးမထားတော့ ချန်းချန်လေး အတွက် နာမည်ကို ကိုယ့်ဘာသာကိုယ် မှည့်ရပါမည်။ အဖေနဲ့ အမေ က ဘုန်းကြီးကို နာမည်ပေးခိုင်းမယ်ပြောတော့ နာမည်ရိုးရိုးကြီးတွေ ထွက်လာမှာစိုးတာနဲ့ ရန်ကုန်က ကွန်ပြူဗေဒ သုခုမ အဖွဲ့ကို လှမ်းမေးထားပါသည်။ နာမည်ရွေးပြီးရင် ညီအစ်ကို မောင်နှမများကို ပြောပြပါမည်။

Bonus:

၁) ချွေတာတဲ့ ကိုချူချာ

ကိုချူချာ အလုပ်မှ ပြန်လာသည်။ ရောက်ရောက်ချင်း မီးဖိုချောင်ဘက်သွားပြီး ရေခဲသေတ္တာကို ဖွင့်သည်။ ချက်ချင်းဆောင့်ပိတ်သည်။ ထို့နောက် မိန်းမကို လက်သီးစာ ကျွေးသည်။ မိန်းမဖြစ်သူ တုန်လှုပ်ချောက်ချားသွားသည်။ ဘာကြောင့် ရိုက်ပါလိမ့် စဉ်းစားသည်။ အင်း ရေခဲသေတ္တာထဲမှာ စားစရာနည်းနေလို့ နေမှာပဲ။

နောက်နေ့ ကိုချူချာ အလုပ်သွားသောအခါ မိန်းမသည် ဆိုင်သို့ပြေးပြီး ဖွယ်ဖွယ်ရာရာတွေ ၀ယ်သည်။ ရေခဲသေတ္တာတစ်ခုလုံး စားစရာတွေနဲ့ ဖြည့်ထားသည်။ ညနေရောက်သော် ကိုချူချာ ပြန်လာသည်။ မနေ့က အတိုင်း မီးဖိုထဲဝင်ပြီး ရေခဲသေတ္တာ ကိုဖွင့်သည်။ ချက်ချင်ပြန်ပိတ်ပြီး မိန်းမကို လက်သီးစာ ကျွေးသည်။ ရှိုက်ကြီးတငင်ငိုရင်း မိန်းမဖြစ်သူ စဉ်းစားသည်။ ဘီယာမရှိလား လို့များလား။

မနက် ကိုချူချာ ထွက်သွားသွားချင်း ဘီယာ ပြေးဝယ်သည်။ ရေခဲသေတ္တာ ထဲ ထည့်သည်။ ဘီယာအေးအေးလေး သောက်လိုက်ရရင် သူရန်မရှာတန်ကောင်းရဲ့ ဟုတွေးသည်။

ကိုချူချာပြန်လာသည်။ မီးဖိုချောင်ဘက်သွားပြီး ရေခဲသေတ္တာကို ဖွင့်သည်။ မိန်းမဖြစ်သူ ရင်တမမနှင့်စောင့်သည်။ ရေခဲသေတ္တာ ဆောင့်ပိတ်သံ ကြားရသည်။ ကိုချူချာ အခန်းထဲ ၀င်လာပြီး မိန်းမကို လက်သီးစာ ကျွေးသည်။ မိန်းမဖြစ်သူ မအောင့်နိုင်တော့ဘဲ မေးလိုက်သည်။

"ရှင်ဘာဖြစ်လို့ ကျွန်မ ကိုရိုက်ရတာလဲ"
"မင်းရေခဲသေတ္တာထဲက မီးကို ဘယ်တော့ ပိတ်မလဲကွ ဟေ"

၂) နေရာကောင်း

ကိုချူချာ သစ်ပင်ပေါ် တွယ်တက်သည်။ ဖြတ်သွားသူက မေးသည်။
"ဟေ့လူ၊ ဘာတက်လုပ်မှာလဲ"
"သရက်သီးစားမလို့"
"ခင်ဗျား ရူးနေသလား၊ ဒါ မန်ကျည်းပင်ပဲဟာ"
"ကျွန်တော့် အိပ်ထောင်ထဲမှာ သရက်သီးပါတယ်ဗျ"

24 comments:

တလနွန် said...

နောက် ပီအာဖြစ်တဲ့အခါကျရင် Dependant Pass လျှောက်ပေးလို့ တတ်သွားတာပေါ့။။။(အဟဲ)
သေသေချာချာမှတ်သားသွားပါတယ်။
ပျော်ရွင်ပါစေ ကိုသီဟသစ်(ခ)ကိုဝါးဟားဟား

ခင်မင်ခြင်းနှင့်
တလနွန်

သီဟသစ် said...

ညီလေး နွန်နွန်ရေ..
PR အတွက် မဟုတ်ဘူးကွ။ EP အတွက်ပါ။ PR အတွက် က ငါလည်း မလျှောက်ရသေးတော့ သေချာမသိပါ။

khin oo may said...

ဗဟုသုတရသည်

ကောင်းကင်ပြာ said...

ဗဟုသုတလေး လာဖတ်တယ်၊ ဘောနပ်စ်လဲကောင်းတယ် မောင်လေး

ZT said...

PR ဆိုရင် အမျိုးသမီးကို PR လျှောက်မပေးခင် Long-Term Visit Pass လျှောက်ပေးလို့ ရပါတယ်။ ပတ်စ်ပို့စ် သက်တမ်း ရှိသလောက် ရပါတယ်။

(အိမ်ထောင်မရှိသော PR တစ်ဦး။ :D )

yehtutnaung said...

Dependant Pass အကြောင်းတော့ ဗဟုသုတ ရသွား တယ်ဗျာ။ ခက်တာက လူပျိုကြီး ဆိုတော့လေ.. ဟီ။ :P
ကိုချူချာ့ မိန်းမတော့ သနားတယ်ဗျာ။ လက်သီးစာ ကျွေးသတဲ့။ ကိုချူချာ့ကို ဒီတခါတော့ မရယ်ချင်။

Anonymous said...

ကိုသီဟရေ...မေလဲအဲလိုလျှောက်ပေးခွင့်ရချင်ပါတယ်...

မိုးခါး said...

ချန်းချန်လေး နာမည်ရရင်ပြောဦးနော် ..
ဗဟုသုတ ဖတ်မှတ်သွားပါတယ် .. ရှဲ့ရှဲ့ :D

နှင်းဆီနက် said...

နာမည်ရွေးပြီးသွားရင်ပြောဦးနော် ယောက်ခမကြီး :P

ခင်တဲ့

နှင်းဆီနက်

တောင်ပေါ်သား said...

Dependant Pass အကြောင်း လေ့လာသွားတယ် တနေ့နေ့ပေါ့ လျှောက်သင့်ရင် လျှောက်ရမှာပေါ့ ခုတော့ လူပျိုကြီး ဟီးး ဘူမှ မရှိဘူး ခေါ်စရာ


လေးစားလျက်
တောင်ပေါ်သား

မလိခ said...

ဗဟုသုတရပါတယ်ကိုသီဟသစ်ရေ... ဒါပေမဲ့ ခုထိ ဘယ်နားသွားသုံးရမှန်းမသိသေးဘူး.. (ယောက္ခမ ရှေ့မှာ အမှတ်ယူသွားသည်... ဟဲဟဲ):D

Dream said...

နောက်ကျရင် ဒီဦးဦးအိမ်ကို အမြဲလာမယ်..ဖတ်စရာ ဘောနပ်စ် ကလည်း ရယ်ရတယ်...ဗဟုသုတ တွေ မှတ်သားစရာတွေလဲ ပေးတယ်.... နောက်တခါ ဒီပန်းဒန့် လျှောက်ရင် သိရတာပေါ့...နော်....ဟဲဟဲ...

တီတီနှင်းဆီကို တော့အဲလိုသွားမလုပ်နဲ့နော်.... :P

Moe Cho Thinn said...

မိန်းမကို လက်သီးစာကျွေးတဲ့ကောင် မြန်မာပြည်က EPC က ဖြစ်မယ်။ မိန်းမကလဲ မိန်းမပဲ ပထမနေ့ ကတည်းက မေးလိုက်တာ မဟုတ်ဘူး။ :)

Anonymous said...

ဒီပို့စ်ကောမန့်မှာ လူပျိုကြီး၊ အပျိုကြီးတွေ ကြော်ငြာ ဝင်စရာနေရာဖြစ်လို့ ပါပကော...။


SDL

may16 said...

ကိုသီဟရဲ့ကိုချူခြာ ဟာသကိုနှစ်သက်တယ်

မြစ်ကျိုးအင်း said...

လိုလိုမယ်မယ် မှတ်ထားပါ့မယ်...။
မောင်သီဟလည်း bonus ကောင်းကောင်းပေး မယ့်ချွေးမနဲ့တွေ့ပါစေ...။

နွေးနေခြည် said...

Dependant pass ကရော အခွန်ဆောင်ရလား မြန်မာသံရုံးကို...

Rita said...

အမျိုးသမီးက Spass ဆိုရင်ရော အမျိုးသားကို D pass လျှောက်ပေးလို့ရလား

သီဟသစ် said...

To all,

SDL ပြောသွားသလို ကြေငြာဝင်စရာနေရာ ဖြစ်သွားပါလား။ ကိစ္စမရှိဘူး။ အကျိုးဆောင်ပေါ့လေ..

To နေခြည်
DP က အခွန်မဆောင်ရပါ။ ရွှေနိုင်ငံကို အလည်ပြန်ရင်တော့ အမျိုးသားရဲ့အခွန်စာရွက် မိတ္ထူနဲ့ အလုပ်မလုပ်ကြောင်းထောက်ခံစာယူရပါတယ်။ ၈ ကျပ်ပေးရတယ်

To Rita,
Spass က လခ 2500 ကျော်ရင် ခေါ်လို့ရပါတယ်။ အမျိုးသားဖြစ်ဖြစ်ပါ

ကြည်ဖြူပိုင် said...

ကြောက်ရတဲ့ ယောက္ခမဆိုတာပဲ ကြားဖူးပါတယ်။ ကြောက်ရတဲ့ချွေးမဆိုတာတော့ ကြားဖူးသေးပါ။
နရဲကြီးလိမ့်မယ်နော်။ ချာမကိုကြောက်ရဘူး:P

ဆောင်းချမ်းမိုး said...

အားကျလိုက်တာ..ဒီပန်းဒန့်လျှောက်ပေးချင်တာ..လူကလဲမရှိဘူး..:P

ကိုလူထွေး said...

ကလေးကို ပေးမယ့်နာမည်ကို စိတ်ဝင်စားနေတယ်...
အဲဒီအခါကျရင် သတင်းပိုစ့်ပါဦး

mgnge said...

ပိုစ် ရဲ့အကြောင်းအရာ ကတော့ အကျွမ် တ၀င်မရှိဘုး...
ဘောနပ်စ် ကိုတော့ ခိုက်တယ်ဗျာ

ourstream said...

ဘောနပ်စ်လေးကို သဘောကျပါတယ်...။