Friday, June 12, 2009

လျှို့ဝှက်ခြင်း ပွင့်လင်းခြင်း Grow up Grow Old

အရင်ပို့စ်လေးမှာ သားလေး ချန်းချန်အတွက် နာမည်လေးတွေ ရွေးပေးသွားကြတဲ့ ညီအစ်ကို မောင်နှမ အားလုံးကို အထူး ကျေးဇူးတင်ပါတယ်ဗျာ။ မဒမ်သီဟသစ် နဲ့ တိုင်ပင်ပြီးရင် ဘယ်နာမည်လေး ရွေးဖြစ်တယ်ဆိုတာ ပို့စ်ရေးပါ့မယ်။ အများစုကတော့ မျိုးဆက်ပိုင်ကို အကြိုက်များကြတယ် ထင်တယ်။ လင်းသန့် ဆိုတဲ့ နာမည်ကတော့ ဟိုးလွန်ခဲ့တဲ့ ၈ နှစ်ကျော် ကျွန်တော်တို့ ရည်းစားစဖြစ်ခါစက ကျွန်တော် စိတ်ကူးယဉ်ပြီးစဉ်းစားထားတဲ့ နာမည်လေးပါ။

ကဲစာအသစ်လေး စလိုက်ရအောင်ဗျာ။

လူမှန်းသိတတ် လာကတည်းက သီဟအတွက် အခက်ခဲဆုံးက လျှို့ဝှက်ခြင်း ပဲဗျ။ အဲလိုပြောလို့ သူများလျှို့ဝှက်ချက်တွေကို လူတကာ လိုက်ပြောနေတယ် မထင်စေလိုပါဘူး။ ကိုယ့်အကြောင်းကို ပြောတာပါ။ အိမ်မှာလည်း အစ်မ သုံးယောက်နဲ့ အငယ်ဆုံးသား ဆိုတော့ တိုင်ပင်စရာ ညီအစ်ကို မရှိတာနဲ့ တစ်ခုခုဆို အိမ်ကို ပြောဖြစ်တာများတယ်။ ဘယ်ကောင်မလေးကို စိတ်ဝင်စားတယ်၊ ဘာညာ ဒါမျိုးပေါ့ဗျာ။ အိမ်ကို အသိမပေးတာဆိုလို့ ကွန်ပြူတာတက္ကသိုလ်တက်တဲ့ အချိန်တုန်းက အဆောင်မှာ PC ကစားတာ ကိုပဲ မပြောဖြစ်တာ။ အဲဒါလည်းမရပါဘူး။ သူငယ်ချင်းတစ်ယောက် ခရီးကြုံလို့ အိမ်ဝင်ပြီး တည်းခိုတဲ့အချိန် ကိုယ့်လူက သူ့အယ်လဘမ်ကို ကျွန်တော့်အိမ်ကို ပြတော့ သီဟသစ် မိန့်မိန့်ကြီး ကုလားကား ကြည့်နေပုံကြီး ပါပါရောလား။ အဲဒါနဲ့ အပျော်ရိုက်တာပါဆိုပြီး လျှောချရတယ်။

တက္ကသိုလ်တက်တဲ့အချိန်မှာတော့ မလျှို့ဝှက်တတ်တဲ့ အကျင့်က တစ်ခါတစ်လေ လောက်ပဲ ဒုက္ခပေးတာပါ။ ဥပမာ.. နှင်းဆီဖြူလေးကို ဖဲမရိုက်ဘူး ကတိပေးထားတယ်။ တစ်နေ့ကျတော့ သူ့ကို သူငယ်ချင်းတစ်ယောက် ဖဲနိုင်လို့ မုန့်ဝယ်ကျွေးတဲ့အကြောင်းသွားပြောမိတယ်။ အဲဒါနဲ့ ဖဲရိုက်တဲ့ အထဲပါသလား ဆိုပြီး မေးတော့ အေးဟုတ်တယ်လေ ပြောလိုက်မိတာ တော်တော်ချော့ယူရတယ်။ သူနဲ့ဆိုရင်လည်း သူငယ်ချင်းတွေက ၀ိုင်းညော်ကြလို့ စိတ်ကောက်တာနည်းနည်း၊ ကိုယ့်ဘာသာကိုယ် ဖော်မိလို့ စိတ်ကောက်တာတွေက များများဖြစ်နေတာ။

အလုပ်ထဲဝင်တော့ အဲဒီအကျင့်ကြီးက တော်တော်ဒုက္ခပေးတယ် ပြောရမယ်။ သင်တန်းဆရာ လုပ်တော့ ကျောင်းသားတွေကို ကိုယ်တတ်တဲ့ အရာ တတ်တယ် ပြောတယ်၊ မတတ်တဲ့အရာ မတတ်ဘူးပြောတယ်။ အဲလိုပြောမိတော့ ကိုယ်မတတ်တဲ့ အရာကို အခြေခံပြီး အထင်သေးတဲ့သူက သေးတယ်ဗျ။ ခု စင်္ကာပူမှာ အလုပ်လာလုပ်တော့လည်း ကိုယ့်user ကို ဆော့ဝဲလ်မှာ သူတို့လိုချင်တဲ့အပိုင်း ကိုယ်မလုပ်တတ်ဘူးဆို ကိုယ်က A to Z အကုန်ပြောမိရော။ User က အဲဒါကိုနင်းပြီး ညစ်တော့တာပေါ့။ Manager ကတောင် မင်းက So Open ဖြစ်လွန်းတယ် အပြောခံရသေးတယ်။

သူငယ်ချင်းတွေ ဆုံမိတဲ့အချိန် ကိုယ့်အားနည်းချက်တွေကို ဟာသအနေနဲ့ ပြောမိရင် တစ်ချို့တွေအတွက် အားသာချက်တွေ ဖြစ်သွားရော။ ကိုယ့်ကို ပြန်စတာမျိုးပေါ့လေ။ အဲဒီအကျင့်က သီဟသစ်ကိုယ် သီဟသစ် ပွင့်လင်းတယ်လို့လည်း မထင်ပါဘူး။ ကိုယ့်ကိုယ်ကိုဖော် မသူတော် လုပ်တတ်တာမျိုးလားမသိပါဘူး။

(ပွင့်လင်းတယ် ဆိုလို့ ရုံးက အစ်မ တစ်ယောက်အကြောင်းသတိရတယ်။ လစာက အစမ်းခန့်လစာအတိုင်းပဲ ရှိနေတာ။ ရုံးက ၂၀၀ ထပ်တိုးပေးရမှာကို မေ့ချင်ယောင်ဆောင်နေတာ။ ခုဆို ၁၀ လ ကျော်သွားပြီ၊ ရသင့်တာ။ သူက ပညာမာန လိုလို၊ ရှက်တာ လိုလိုနဲ့ HR ကိုလည်းဘာမှ သွားမပြောဘူး။ အဲလိုနေရာမျိုးတော့ သီဟသစ်တို့ ပွင့်လင်းခဲ့လို့ ထပ်တိုးတဲ့ဟာ ရခဲ့တာကြာပေါ့)

ကိုယ့်ကိုလည်း တစ်ခါတစ်လေ စဉ်းစားမိတယ်။ ငါများမရင့်ကျက်သေးတာလားမသိ ဆိုပြီးတော့လေ။ အသက်ကလည်း ကိုယ့်ကိုကိုယ် အသက်ကြီးတယ်လို့ကို ဘယ်ခါမှ မထင်ခဲ့တာလေ။ ငယ်ငယ် လေး၊ ငါးတန်းလောက်တုန်းက ၁၀ တန်းက အကိုကြီးတွေကိုကြည့် ငါငယ်သေးတယ်ပေါ့။ တက္ကသိုလ်တက်တော့ Final က လူတွေကိုကြည့် ငါအသက်မကြီးသေးပါဘူးပေါ့လေ။ ခုဒီအရွယ် အသက် ၃၀ ရောက်တော့လည်း အသက် ၃၅၊ ၃၆ လောက်လူတွေကိုကြည့်တယ်လေ။ ပြောသာပြောရတာ နောက်ပြန်လှည့်ကြည့်လိုက်တော့ ကိုယ်တက္ကသိုလ်ကျောင်းတက်ခါစ သူငယ်ချင်းရဲ့ ညီတွေ ညီမတွေက ခုကျောင်းပြီးပြီး လူကြီးတွေ ဖြစ်နေကြပြီလေ။ သူတို့ကို ကြည့်မိရင် ကိုယ်အသက်ကြီးတယ် ဆိုတာ သိသာလို့ နောက်ပြန်လှည့်မကြည့်တော့ဘူး။ တကယ်တော့ Grow Old ဖြစ်လာနေပါပြီ။

ကိုယ့်ကိုကိုယ် Grow Up ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ သီဟသစ် စဉ်းစားနေတယ်။ တရားထိုင်ရင်ကောင်းမယ်လို့တော့ စဉ်းစားမိတယ်။ တစ်ခါမှ မထိုင်ဖြစ်ဘူး။ ထိုင်လိုက်ရင် ငိုက်ငိုက်သွားတာနဲ့ အိပ်ခါးနီး တရားထိုင်မယ့်အချိန် "ရေးတတ်လိုက်တာကွယ်"တို့၊ "ဆက်ရန်မျှော်နေမယ်" တို့လိုက်လုပ်နေတာနဲ့ မထိုင်ဖြစ်ဘူး။ ကိုယ့် အပြစ်နဲ့ ကိုယ်ပေါ့ကွယ်။

ကဲညီအစ်ကို မောင်နှမတို့ရေ Grow Up ဖြစ်စေကြောင်း နည်းလမ်းကောင်းလေးများ ရှာတွေ့ရင် ပြောပါ့မယ်ကွယ်။ ခုတော့လည်း ပျော်ပျော်နေ သေခဲ၊ မော်တော်နေ ရေထဲ၊ တော်တော်နေ အမေဆဲ လေး တွေ လုပ်လိုက်အုံးမယ်ကွယ်။

ခင်မင်စွာဖြင့်
သီဟသစ်

Bonus:
၁) ကျန်းမာရေးအတွက်
သန်းကြွယ်သူဌေး တစ်ဦးကွယ်လွန်သည်။ ၄င်း၏ အလောင်းကို မြေချပြီးသောအခါ ဆွေမျိုးများအားလုံး ၄င်း၏ အိမ်တွင် စုဝေးသည်။ သေသူ၏ ၀တ်လုံတော်ရ က သေတမ်းစာကို ဖတ်ပြသည်။

"ကုမ္ပဏီ အစုရှယ်ယာများ အားလုံးကို ကျွန်ုပ်၏ ဇနီးသည်အား ပေးအပ်သည်။ သမီးအတွက် ပင်လယ်ကမ်းစပ်မှ တိုက်အိမ်ကြီးကို ထားခဲ့သည်။ သုံးခန်းတွဲ တိုက်ခန်း ကို အိမ်ဖော်မလေး အမည်နှင့် လွှဲပြောင်းပေးရမည်။ ငွေသည် အရေးမကြီး ကျန်းမာရေးသာ အရေးကြီးဆုံးဖြစ်သည် ဟု တစ်ချိန်လုံး ကျွန်ုပ်အားပြောခဲ့သူ ကျွန်ုပ်၏ တူတော်မောင်အတွက် Adidas အားကစားဖိနပ် အသစ်ကျပ်ကျွတ်တစ်ရံထားခဲ့သည်။"

၂) သိတယ်ဆိုတာကိုး
'စောရမင်းသား' ကိုချူချာ၏ အိမ်သို့ ရဲသားများ ရောက်လာပြီး တံခါးခေါက်သည်။
"ဟေ့ ချူချာ တံခါးဖွင့်စမ်း၊ တို့ရဲတွေကွ၊ မင်းစိန်ရွှေ ရတနာတွေ ခိုးသွားတယ်ဆိုတာ ငါတို့သိတယ်။ မင်းဝှက်ထားတဲ့ နေရာကိုလည်းတို့သိတယ်"
"ခဏနေအုံးနော်၊ ကျွန်တော်နေရာ ပြောင်းဖွက်လိုက်အုံးမယ်"

29 comments:

Anonymous said...

၁ ယူတယ် :D

kaungkinpyar said...

အဲနည်းလမ်း မပေါ်သေးဘူး သီဟရေ၊ တို့တော့ မေးထားလက်စနဲ့ ဆက် မေ့ချင်ယောင်ဆောင်နေပါတယ်

Anonymous said...

ဟုတ်ပါတယ် ကိုသီဟရေ .. ပွင့်လင်းလွန်းတာ အရမ်းကြီးလည်း မကောင်းပါဘူး .. လျှို့ဝှက်သင့်တာလေးတွေလည်း လျှို့ဝှက်ထားသင့်ပါတယ် ... ဒါမှ အရေးကြုံတဲ့အခါ ကိုယ့်အတွက် အသက်ရှုဖို့ တံခါးတစ်ချပ် ကျန်နိုင်ပါတယ် ... Grow up ဖြစ်ဖို့ နည်းလမ်းကောင်းကတော့ ကိုယ့်မိန်းမကို မြန်မြန်အိုစာအောင် လုပ်လိုက်ပါ ... ပြီးရင် သူ့ကိုကြည့်ပြီး ငါတော်တော် နုသေးပါလားလို့ ဖြေတွေးတွေးလိုက်ပါ .. :D

ပျော်ပျော်နေ သေခဲ၊ မော်တော်နေ ရေထဲ၊ တော်တော်နေ အမေဆဲ၊ မတော်တရော်တွေ အသေဆွဲ ( မစားကောင်းသော အစားများ စားတာကို ဆိုလိုပါတယ် ) အားလုံး အတူတူပါပဲ
နေဒေးသစ်။

ZT said...

အလုပ်ထဲမှာ စကားပြောတဲ့ အကျင့်ကတော့ တဖြည်းဖြည်းနဲ့ တိုးတက်လာပါလိမ့်မယ်။ ကျွန်တော်လည်း အစက စကားပြောမှားလို့ ပြသနာတက်ရတာ ခဏခဏ။ အခုထိလည်း တစ်ခါတစ်လေ ပြသနာက တက်တုန်း။ :D

ကိုလူထွေး said...

သားသားလေးကြီးလာရင် ဖေဖေကြီးလဲ ကြီးလာမှာပါ...

မပူပါနဲ့...

(ကြီးလာ = grow up)



းဝ)

tg.nwai said...

ရေးတတ်လိုက်တာကွယ်..
ဆက်ရန်မျှော်နေမည်...
:) :)

ပွင့်လင်းတာကတော့ စိတ်ရှင်းတာပေါ့လေ..လျို့ဝှက်ချက်တွေအများကြီး ရှိနေရင်တော့ မှတ်ဉာဏ်ကောင်းဖို့ လိုမယ်ထင်တယ်။

ရင့်ကျက်တာနဲ့ ကြက်ရင့်တာ..အဲ..ကြီးရင့်တာက.. ဘယ်လိုအချိုးချရသလဲ မသိဘူး..နည်းလမ်းတွေ့ရင် လက်တို့ဦး..:)

ဝသန်မိုး said...

ဟုတ်တယ်ဗျ ကိုသီဟသစ်ရေ
ကျွန်တော်လည်း ကိုယ့်ကိုကိုယ် အသက်ကြီးလာတယ်လို့ ကို မထင်သေးဘူး
ကိုယ့်ထက်ငယ်တဲ့သူတွေပြန်ကြည့်မှပဲ
ကိုယ်အသက်ကြီးမှန်းသိတော့တယ်
ဆက်လက်အားပေးနေမယ်
ဝသန်မိုး

တလနွန် said...

"ရေးတတ်လိုက်တာကွယ်" "ဆက်ရန်မျှော်နေမယ်" တို့ 
ကို ဖတ်တော့ ပြုံးမိသွားတယ်။
တရားထိုင်တဲ့အချိန်လေးတွေ ရင်းပေးထားတာပေါ့။ :)
Bonus ကိုလည်းဖတ်သွားပါတယ်။

ခင်မင်ခြင်းနှင့်
တလနွန်

Rita said...

ငယ်တဲ့လူတွေ တွေ့တာတောင် သူနဲ့ငါ ရွယ်တူတွေလိုပဲလို့ ကိုယ့်ဘာသာ assume လုပ်ချင်လုပ်တတ်သေးတယ် ဟားဟား
:D

Htoo Aung Lwin said...

အကိုရေ ပွင့်တိုင်းလဲ မကောင်းဘူးနော် ဟဲ ဟဲ

နွေးနေခြည် said...

အချိန်နဲ့ အတွေ့အကြုံက စကားပြောလာပါလိမ့်မယ် ကိုသစ်ရေ
ပွင့်လင်းတယ်ဆိုတာ စိတ်ရှင်းတာ ၊ စိတ်ရှင်းတယ်ဆိုတော့ ကောင်းတာပေါ့
တရားထိုင်ရင်း ခြင်ရိုက်နေတဲ့လူတွေ အများကြီးပါ။ တရားထိုင်မှ ရင့်ကျက်နိုင်တာမဟုတ်ပါဘူး။

တောင်ပေါ်သား said...

အင်း ကျနော်လဲ စဉ်းစားနေမိတယ် ဘယ်လို Grow up လုပ်ရမလဲလို့ အဟားးးးးးးဟားးးးးး အဲလိုတော့ မရီဘူးဗျာနော့်း) ပွင့်လင်းတာ ကောင်းတဲ့ အကျင့်လေးပါပဲ အကိုရ တကယ့်လူလောကမှာ လိုအပ်ပါတယ်


လေးစားလျက်
တောင်ပေါ်သား

Ko Boyz said...

ဘောနပ်စ်ကို ခုထိ အစဉ်အလာမပြတ် ကျင့်သုံးနေတာပါပဲလား ဟရို့...။

Anonymous said...

Grow old n Grow up.. old n grace.. ကြီးရင့်ခြင်းနဲ့ ကြီးမြင့်ခြင်း.. အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးပြီး အရွယ်တွေ ကြီးရင့် လာမှာကတော့ အသေအချာပဲ။ ဒီထဲက ဘယ်လို ကြီးမြင့်အောင် နေထိုင်သွားမလဲ ဆိုတာတော့ ကျနော်လဲ မသိသေးဘူး.. “စိတ်ကောင်း ရှိဖို့သည် ပထမ” ဆိုတာလေးကို လိုက်နာနိုင်အောင် ကြိုးစားနေတယ်။ ဝိပဿနာ အလုပ်ကတော့ လုပ်နိုင်ရင် ပစ္စုပ္ပန်.. အနာဂတ်.. လက်ရှိဘဝ.. နောင်သံသရာ နှစ်ဖြာ အကျိုးများမယ် ထင်ပါတယ်။ ဘောနပ်စ် လေးတွေလဲ ကောင်းတယ်။

မြစ်ကျိုးအင်း said...

ဝှက်ဖဲ ရှိဘို့ အရေးကြီးကြောင်းသိထားပေမယ့်
ကျွန်တော်လည်း ကိုသီဟလိုပါပဲ...ထုတ်ပြောမိတဲ့
ဝှက်ဖဲတွေ အတွက် ခဏခဏ ၀ှက်ဖဲ ပြန်ရှာရတာ
အလုပ်တခုဖြစ်နေပါပြီ...။
.......
ဘာပဲပြောပြောကိုသီဟ ကျွန်တော့်ထက်ကြီးတယ်
အတက် အဲလေ မှားလို့ အသက်ကြီးတာ...။
..............
ကိုသီဟရယ် ..ရေးတတ်လိုက်တာကွယ်...
ဘောနပ်လေးတွေလဲ မျှော်နေပါမယ်..ဟဲဟဲ

may16 said...

ငွေလည်းအရေးကြီးတယ် ကျန်းမာရေးလည်း အရေးကြီးတယ် ကိုသီဟ ဘာပေးခဲ့မလည်းမသိဘူးနော် :P

မေလေး said...

ကိုကြီးသီဟ
ပွင့်လင်းလွန်းတာ အရမ်းကြီးလည်း မကောင်းပါဘူး .. လျှို့ဝှက်ပေး သင့်တာလေးတွေလည်း လျှို့ဝှက်ပေးထားသင့်ပါတယ် ...တခြားသူအတွက် တစ်စုံ တရာ အကျိုးရှိမယ် ဆိုရင် ပြောပါတယ်
ကိုကြီးရေ အရမ်းအရေးကောင်းတာဘဲ
အားပေးနေမယ်နော်
ညီမလေး
မေလေး

မိုးစက်အိမ် said...

အဲကိုသစ်ရေ အကုန်လျောက်ပြောနဲ.နော်
ဆရာစားလေး ချန်ထားအုံး

WWKM said...

ဟဟားး တော်တော်ဆိုးတဲ့ မောင်နေဒေးပါလား.

အစ်မလည်းကိုယ့်အထက်ကလူတွေကိုကြည့်ပြီး ကိုယ့်
ကိုကိုယ်ငယ်ပါသေးတယ်လို့ ထင်နေတုန်းပဲလေ.း))

ပျော်ပျော်နေသေခဲ..မော်တော်တွေရေထဲ.ပေါ့.. အမေဆဲတာတော့ မသိဘူး...း)

ကျန်းမာပျော်ရွှင်ပါစေ
အမ၀ါ

Sein Lyan Tun said...

ဟုတ်တယ် ကိုကိုသစ်
ကျနော်ဆို ခုထက်ထိ ကိုယ့်ကိုယ်ကိုယ် မရင့်ကျက်သေးဖူးထင်နေတုန်းပဲ
ကိုယ်ထက်အငယ်တွေကိုလဲ အကို အမ ခေါ်ချင်တုန်းပဲံ
ကိုယ်ကပဲ နုနေလို့ လားတော့မသိဘူး
အသက်ကြီးလာတယ်လို့ မထင်ဘူး
အဟီးးး
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

မိုးခါး said...

ဟဲဟဲ
ညီမ အခုမပြောသေးဘူး
ဟီး
အကို့နှင်းဆီဖြူလေးနဲ့တွေ့တော့မှ ... :P

ဆောင်းချမ်းမိုး said...

တိုင်မယ်
တိုင်မယ်
အမကို တိုင်မယ်
အကုန်ဖော်မှာ
အနော်ကလည်း ပွင့်လည်းတယ်
အဟားဟား

မမသီရိ said...

အမလဲ so open type ပဲ မောင်လေး
သူများ အထင်သေးတာ အထင်ကြီးတာ
ခဏ ပါပဲ ကွာ..
ဘ၀ က နေပျော်ဖို့ အရေး ကြီးတယ်
အမ လဲ ဟိုတုန်းကတော့
အင်း.. ငါတော့ အကျင့်လေး ပြောင်းအုံးမှ လို့
မကြာခဏ စဉ်းခဲ့ဖူးသေးတယ်
ဒါပေမဲ့ အဲသလို နေ နေကြည့်တော့
ကိုယ်တိုင် မဟုတ်တော့ဘူးလေ
ဒါနဲ့နောက်ဆုံး တော့ လောကကြီးမှာ ကိုယ်နေတတ်သလိုနေတာ အကောင်းဆုံး ဆိုတဲ့
အဖြေရခဲ့တယ်..

စိတ်စမ်းရေ said...

ပွင်င့်္လင်းတာ တခါတလေတော့လဲ ကောင်းပါ
တယ်...။ တခါတလေတော့လဲ မကောင်းဘူး
ူ...။အပေါ်ကလူတွေ ပြောသွားတာလဲ အတော်
သဘောကျဖို့ ကောင်းပါတယ်...။

Ree Noe Mann said...

Grow Up အကြောင်း ကို ဟုတ်တယ် နှင်းဆီဖြူ လာမှပဲ ပြောတော့မယ်နော် ကိုသီဟ။

ပွင့်လင်းတာကောင်းပါတယ်ဗျာ။

ရီနို

မေတ္တာရောင်ပြန် said...

အဲလောက်ကြီး မပွင့်လင်းနဲ့လေကွယ်။ :P

Phyo Maw said...

၃၀ ဆယ် ဆိုတော့ ဆယ်ကျော်သက် ရှိသေး။
၄၀ ကျော်မှ ဘဝစတယ်တဲ့
သားလေး ဆယ်နှစ်သားရောက်မှ အဖော်ကူရှာပေးပေါ့ :D ဟိဟိ

mysterysnow said...

ကောမန့်တွေ ဖတ်ပြီးတော့
ရိုင်းပင်းကူညီ အားပေး မြှောက်ပေး သင်ပေး တတ်တဲ့
ညီအကိုတွေရဲ့ သဘာဝကို လေ့လာသွားပါတယ်...
ဒါပေမယ့် မမနဲ့တွေ့ရင်တော့ တိုင်ပြောမယ်နော်...

Anonymous said...

အဟား။ သဟသရဲ့ လျှို့ဝှက်ခြင်း၊ ပွင့်လင်းခြင်းက ရှော့ခ်ရိုက်သွားတယ်။ ဒီတော့ ---- အသက်လား။ ခဏနော်။ ၀ါးတားတားပဲ မှတ်မိတော့တယ်။
ရင့်ကျက်တာလား။ ဘယ်လိုပြုတ်ပြုတ် မနူးနိုင်တဲ့ မာကျောမှုတွေနဲ့ဆိုတော့ ကျက်မယ်လို့ မထင်ဘူး။ ရင့်တော့ ရင့်နေပြီ။
အကောင်ထွားလို့ တွက်ခြေကိုက်တာကလည်း စီပွါးဖြစ် မွေးမြူရေးတစ်မျိုးပဲ ရှိတယ်။ ကိုင်း.... စဉ်းစားစမ်း ... ကုမ်ကုမ်။
(မြင်တော်ကြားတော်မူကြသည့်အတိုင်း ကိုယ့်ကိုယ်ကို လက်ခံထားဆဲဖြစ်ပါသည်) အေးဆေးပေါ့ .. နှော