တစ်ချို့အရာတွေက အနီးကနေကြည့်မှ သူ့ရဲ့တန်ဖိုး အမှန်ကို သိပြီးခံစားနိုင်သည်။ တစ်ချို့အရာတွေကတော့ အဝေးကနေကြည့်မှ ပိုပြီးသိနိုင်သည်။ အနီးကြည့်ကြည့် အဝေးကြည့်ကြည့် တန်ဖိုးမပြောင်းသော အရာအချို့လည်း ရှိပါသည်။
၁၀ တန်းအောင်ပြီးနောက် ကွန်ပျူတာ သင်တန်းတွေ တက်သည်။ ကွန်ပျူတာလောကရဲ့ ရှေ့ဆောင်ဂုရုကြီးတွေ အကြောင်းဖတ်သည်။ လေးစားအားကျခဲ့သည်။ ဒီလိုနဲ့ နောက် ၄၊၅ နှစ် လောက်ကြာလာတော့ ကွန်ပျူတာအသင်းက စစ်တဲ့စာမေးပွဲအောင်လို့ ပညာတော်သင် အင်တာဗျူးမှာ ဒီပုဂ္ဂိုလ်ကြီးတွေနဲ့ ဆုံရသည်။ အကျယ်အကျယ်တော့ မရေးလိုတော့။ ကွန်ပျူတာပညာရှင်များအဖြစ် လေးစားခဲ့ရသော ပုဂ္ဂိုလ်ကြီးများမှာ စီးပွားရေးလုပ်ငန်းရှင်များအဖြစ် ပို၍ကျွမ်းကျင်ကြောင်း သိလိုက်ရသည်။
စင်္ကာပူကို မလာခင်က တက္ကသိုလ်တုန်းက တူတူတက်ခဲ့သော သူငယ်ချင်း တော်တော်များများ အရင်ရောက်နေတော့ တွေ့ရမှာ ပျော်စရာကြီး ဟု တွေးခဲ့မိသည်။ ခုတော့ နေရထိုင်ရတဲ့ ကျွန်းပိစိလေးမှာ ကျောင်းကသူငယ်ချင်း ဘယ်သူနဲ့မှ သိပ်မတွေ့ဖြစ်။ Gathering လဲမလာကြ။ Gtalk မှာ အမြဲတမ်းတွေ့နေကြသော်လည်း နေကောင်းလားတောင် မမေးဖြစ်ကြ။ သူတို့လည်း သူတို့အလုပ်နဲ့သူတို့၊ ကိုယ်လည်းကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေတာ မို့လို့လည်း ဖြစ်နိုင်သည်။ နောက်ပြီး ထင်တာတစ်ခုက Facebook ကြောင့် လူတွေ virtual world ထဲမှာ ပိုပျော်နေကြပြီး မအားလို့ နှုတ်မဆက်နိုင်တာလည်း ဖြစ်နိုင်သည်။
ဘလော့တွေ ဖတ်ဖြစ်၊ နောက်ရေးဖြစ်လာသောအခါ ဘလော့ရေးသူ အချို့ကို စိတ်ထဲမှာ ရင်းနှီးလာသည်။ အဆင်ပြေ အခန့်သင့် သောအခါ အပြင်မှာ တွေ့ဖြစ်ကြသည်။ ထုံးစံအတိုင်း အနီးကြည့်ကြည့်သောအခါ နည်းနည်းလေးတော့ လွဲပါသည်။ ကဗျာနူးနူးညံ့ညံ့လေးတွေ ရေးတတ်သူက စိတ်ဆတ်တာမျိုး၊ လူကြီးဆန်ဆန်စာရေးတဲ့သူက လူနောက်ဖြစ်နေတာမျိုး၊…(..မျိုး၊ …မျိုး တွေ ဆက်မရေးတော့ပါ၊ ကောမန့်မှာ လာအော်ကြတော့မှာ သိနေသည်။) တော်တော်များများ တူတဲ့အချက်ကတော့ ခင်မင်စရာ ကောင်းခြင်း နှင့် ပျော်တတ်ခြင်း ဖြစ်သည်။ သီဟသစ်လို အရီအပြုံးနည်းသူတောင် ဘလော့ရေးတဲ့ ညီအစ်ကို မောင်နှမတွေနဲ့တွေ့ရင် နည်းနည်းရီဖြစ်ပါသည်။ :P
နီးနီးလေးတုန်းက သိပ်မမြင်ခဲ့ပေမယ့် ဝေးမှ သိသာလာတာကတော့ ဆရာ၊ ဆရာမကောင်းများရဲ့ မေတ္တာ စေတနာ ဖြစ်သည်။ ကိုယ်လက်ရှိရောက်နေတဲ့ နေရာတစ်ခုသည် သူတို့ရဲ့သင်ကြားမှုတွေ မပါဘဲ ဘယ်လိုမှ မဖြစ်နိုင်ပေ။ ဒုတိယနှစ်မှာတုန်းက တပည့်တွေ အားလုံးဖတ်ဖို့ Reference စာအုပ် အလေးကြီး ၇ အုပ်လောက်ကို ရန်ကုန်ကနေ မန္တလေး၊ မန္တလေးကနေ မကွေးထိ အလေးခံသယ်ပေး၊ အပြင်စာဖတ်ချင်စိတ်တွေ ပေါ်လာအောင် လုပ်ပေးခဲ့တဲ့ ဆရာမကိုဆို အမြဲသတိရပါတယ်။ ကျောင်းမှာ သင်ခဲ့ရတဲ့ ပျင်းစရာလို့ ထင်တဲ့ စာတွေက တစ်ခါတစ်လေ အသုံးဝင်လာတဲ့အခါ ပိုပြီး သိသာပါတယ်။
အနီးကနေ ကြည့်ကြည့်၊ အဝေးကနေ ကြည့်ကြည့် တန်ဖိုးမပြောင်းလဲတာကတော့ မိဘမေတ္တာပဲ ဖြစ်ပါသည်။ အနီးမှာရှိတော့လည်း မိဘတွေ အစ်မတွေ ရဲ့ နွေးထွေးစွာ ပြုစုစောင့်ရှောက်မှုကြောင့် စိတ်ချမ်းသာရသည်။ အဝေးမှာနေတော့လည်း မိဘတွေရဲ့ပို့သသော မေတ္တာကြောင့် စိတ်အေးချမ်းသာနေရသည်။ မိဘတွေ ဆရာ၊ဆရာမ တွေနဲ့ ပတ်သက်ရင် ကသီဟသစ် သေချာတာတစ်ခုကတော့ သားဆိုး၊ တပည့်ဆိုး မဖြစ်ခဲ့ဟု ကိုယ့်ကိုယ်ကို ယုံကြည်သည်။ တစ်ခုရှိတာက မဆိုးတာနဲ့ ကောင်းတာ ထပ်တူမကျခြင်း ဖြစ်သည်။ ကောင်းတဲ့ အပိုင်းရောက်အောင်တော့ ကြိုးစားနေဆဲ ဖြစ်ပါသည်။
စာလာဖတ်ဖြစ်တဲ့ ညီအစ်ကို မောင်နှမတွေ အားလုံးလည်း အနီးကြည့်ကြည့် အဝေးကြည့်ကြည့် ကြည်လင်စွာ မြင်နိုင်ကြပါစေသော်..
ခင်မင်စွာဖြင့်
သီဟသစ်
Bonus
၁) စာရေးတဲ့ အချိန်
"လူကြီးမင်းရဲ့ တစ်နေ့တာ အချိန်ဇယား ဘယ်လိုရှိပါသလဲ"
ဟုသတင်းထောက်က မေးရာ နာမည်ကြီး စာရေးဆရာက အောက်ပါအတိုင်းဖြေသည်။
"မနက် ၁၁ နာရီ အိပ်ရာထတယ်၊ မနက် ၁၂ နာရီမှာ မနက်စာ စားတယ်၊ အဲဒီနောက် လာတဲ့စာတွေကို ဖတ်ကြည့်တယ်၊ တယ်လီဖုန်းတွေ လာတာကို ဖြေတယ်၊ နောက် ပန်းခြံထဲ လမ်းလျှောက်တယ်၊ နေ့လည်စာစားတယ်၊ ပြဇာတ်သွားကြည့်တယ် ၊ ပြန်လာတာနဲ့ အိပ်ရာထဲ ၀င်တာပါပဲ"
"ဒီလိုဆို ဘယ်အချိန်မှာ စာရေးပါသလဲ ခင်ဗျာ"
"ဘယ်အချိန်ရေးရမလဲ၊ နောက်နေ့မှာပေါ့ဗျ"
၂) တွေ့ခဲ့ရသော ကြော်ငြာများ
တိရစ္ဆာန်ရုံရှေ့ - ၀က်ဝံကို မထိပါနဲ့၊ ၄င်းသည် ကုတင်ဘေးမှ ကော်ဇော မဖြစ်သေးပါ။
လေဆိပ်အတွင်း - အချိန်မီ ဖက်ယမ်းနမ်းရှုပ်ကြပါ။ လေယာဉ်များသတ်မှတ်ချိန်တွင် အတိအကျထွက်လိမ့်မည်။
ပန်းဆိုင်တံခါးရှေ့ - အိမ်ထောင်ရှင်ယောက်ျားများပင် ၀ယ်ချင်စိတ်ပေါက်လောက်အောင် ဈေးချိုသာပါသည်။
တယ်လီဖုန်းရုံးရှေ့ - သတ်ပုံအမှားကို ရှောင်ရှားလိုလျှင် စာမရေးပါနှင့်၊ တယ်လီဖုန်းပဲ ဆက်ပါ
Blogger.com Home Page -
(မသိသေးပါ ကိုယ့်ဘာသာကိုယ် ဖြည့်သွားကြပါရန်)
၃) ခက်အောင်မလုပ်ပါနဲ့
စိတ်ရောဂါ အထူးကုဆရာဝန်၏ ဆေးခန်းရှေ့တွင် ချိန်ဆွဲထားသောစာတမ်း
ဆရာဝန်နှင့် တွေ့ရန်စောင့်နေကြသော လူနာများခင်ဗျား၊ မိမိတို့ ခံစားနေရသော ရောဂါလက္ခဏာများကို အချင်းချင်း မဖလှယ်ကြပါနှင့်၊ ရောဂါဇစ်မြစ် ဖော်ထုတ်ရာတွင် အခက်အခဲ ဖြစ်စေနိုင်ပါသည်။
41 comments:
မသိပါဘူး ခေါင်းစဉ်မြင်လို့ မျက်မှန်များ ပျောက်သလားလို့။ Bi-Focal လုပ်ထားလေ အနီးရော အဝေးရော အဆင်ပြေတယ်
ဟဲ..ဟဲ..ဟဲ
ဖတ်ရတာလေး .. ကောင်းတယ်ဗျာ
အနီးကြည့်.. အဝေးကြည့်ဆိုတော့ မဖတ်ပဲ
တခဏ စဉ်းစားလိုက်တယ်.. ဘာများလဲပေါ့
ကိုစဉ်းစားတာနဲ့ တစ်ခြားစီပဲ
..ဟုတ်ပါ့ကိုသီဟသစ်ရေ..
ဘယ်ကနေပဲကြည့်ကြည့်
မပြောင်းလဲတာက မိဘမေတ္တာပါပဲ
ခင်မင်စွာဖြင့်
စည်သူ။
Virtual World နဲ့ Real World အများကြီး ကွာဟမှုရှိမယ်လို့တော့ ထင်တယ်အစ်ကို...။ အဲဒီအချက်ဟာ စိတ်ဝင်စားစရာ ကောင်းတယ်။ လူတစ်ယောက်ကို Virtual World မှာတင် သိကျွမ်းရင်းနှီးခဲ့ပြီး လက်တွေ့ဘ၀မှာ ရုတ်တရက်တွေ့လိုက်ရတဲ့အခါ အများကြီး ကွာဟချက်ရှိနေမှန်း ခံစားခဲ့ရဖူးတယ်...။ (အချစ်ကိစ္စမဟုတ်ပါ) Perception ကြောင့်လို့ ထင်မိပါတယ်။ ◘ တေဇာ ◘
"အနီးကြည့်ကြည့် အဝေးကြည့်ကြည့် တန်ဖိုးမပြောင်းသော အရာအချို့လည်း ရှိပါသည်။"
မျက်မှန်ဖိုးနဲ့ မျက်စိစမ်းသပ်ခတွေကတော့ ဈေးတက်သွားတယ်ကွ...
ဖေ့ဘွတ်ထဲ ၀င်မရလို့ ညစ်နေတယ်နော် ဟွန်းးး
သီဟသစ် အရယ်အပြုံးနဲလို့ အိမ်နီးချင်းတွေက တိုင်လို့ ခုဖြေရှင်းနေရတယ်:P
တွေးစရာလေးတွေ ပေးတဲ့ ပို့စ်ကောင်းလေးပါပဲ...
တခါတခါလည်း
အနီးဆုံးကလူက အဝေးဆုံး ဖြစ်နေတတ်ပြီး
အဝေးဆုံးကလူက အနီးဆုံး ဖြစ်နေတတ်တာမျိုးလည်း ကြုံရတတ်ပါတယ်...
တချို့က စာထဲမှာအသဲကွဲပြီး အပြင်မှာ စောတင်မောင်လုပ်နေတက်တာမျိုး၊
တချို့က လွမ်းလို့လွမ်းလို့ဆိုပြီး ကော်ဖီဆိုင်တကာ လိုက်ထိုင်တက်တာမျိုး...
ဆက်မရေးတော့ပါ၊ ညနေစာတွေ စားပေါက်ပိတ်မည်စိုး၍...
:D
ဒါလဲဟုတ်ပေ၏။
အနီးအဝေးကကြည့်မနေ
သာတယ်နာတယ်ဟုမယူ ဘယ်သူမဆိုကို ခင်မင်မိတာပါပဲ။သယ်ရင်းအတွေးလေးက ကောင်းတယ်။လက်တွေ့မှာလဲ ဒီလိုလေးတွေ ဖြစ်သွားတတ်တာကိုပြောတာပါ။စာရေးဆရာကြီးသော်တာဆွေပြောသလိုပဲ စာတွေနဲ့သာရင်းနှီးနေကြသူတွေ လက်တွေ့ အပြင်မှာတွေ့ကြတော့ တမျိုးစီလိုပါပဲ။လူတွေရဲ စိတ်ကို မခန်မှန်းချင်ဖူး။သာမာန်ရိုးကျ အရှိကိုအရှိအတိုင်းတော့ ခင်ပါတယ်။နဂိုလေးစားသမှုကြောင့်ပါ။ ရင်ဘတ်တွေတူညီရင် ပြီးတာပါပဲ။အနှစ်စစ်စစ်သယ်ရင်းစိတ်တွေရှိဖို့ပါပဲ။ဟန်ဆောင်မှုမှ ကင်းဝေးပါစေ။
လွင်မိုးမျက်မှန် ကြော်ငြာမှတ်လို့ “ အဝေးကြည့်ကြည့် အနီးကြည့်ကြည့် ကြည့်လို့ကောင်းဖို့အရေးကြီးတယ် “ ဆိုတာလေ...အဲဒါလားလို့ ။ အကိုသစ် က သိပ်မရယ် ဘူးလား သွားတွေ အအေးပတ်မှာစိုးလို့ထင် တယ် ။ ဟဲဟဲ ။ရယ်ပါ အကိုရဲ့ ရပါတယ် လက်ကလေး နဲ့ အုပ်အုပ်ပြီးရယ်ပေါ့ ခွိခွိ ဆိုပြီးလေ ။ အော်..စကားမစပ် ဘောနပ်စ်တွေလည်း လွှတ်ကောင်း နေပါလား
ကိုသီဟရေ... ယူနိုက်တက် ဗွီးရှင်းလားလို့။
ဟုတ်ပါတယ် အကိုရေ.... "အဝေးကြည့်ကြည့် အနီးကြည့်ကြည့် ယူနိုက်တက်ဗွီးရှင်းရှိတယ်"
ဟုတ်ပါဘူး...ယောင်လို့....
မိဘ၊ဆရာ၊မောင်နှမ၊အပေါင်းအသင်းဟာ ယူနိုက်တက် ဗွီးရှင်းပါပဲနော်။
လိမ္မာသော ကျွန်ုပ်အကို ပျော်ရွှင်ပါစေလို့။
အဝေးကြည့်ကြည့် အနီးကြည့်ကြည့် ကြည့်လို့ကောင်းဖို့အရေးကြီးတယ်.....
ဟဲဟဲ..ကြောက်ငြာဝင်တာ...
ဟုတ်ပ ကိုသီဟသစ်ဆို...အရီအပြုံး အင်မတန်နဲရှာတာ တွှေ့တောင် မတွေ့ရဘူး..... ဟားဟားဟား ဆိုတဲ့ အသံပဲကြားရတယ်....။
မှန်ပါတယ်...ဘယ်အချိန်ရောက်ရောက် အမြဲ အမှတ်ရစေဖို့.... ကိုယ့်အပြုအမူလေးတွေပေါ်မူတည်ပါတယ်ရှင်...
အကိုမရီတာ သိပါတယ်
မနည်းကို ရီအောင်လုပ်ရတယ် :P
အနီးနားကိုပဲကြည့်ကြည့်
အဝေးကြီးကိုပဲကြည့်ကြည့်
စီးဆင်းလျက် မပြတ်အေးမြတာ
မိဘမေတ္တာပါအကိုရေ..........။
အရီအပြုံးနည်းတဲ့ သီဟသစ်တဲ့....(ယုံ လိုက်ကြပါ)
မျက်မှန်ဆိုင်သွားတဲ့အကြောင်း ရေးတာထင်လို့
တော်သေးတာပေါ့ အပြုံးအရယ်နည်းပေလို့
ဟိုတနေ့က ဘာရာဒယ် အမ်အာတီကြီး ကွဲထွက်တော့မလို့ ကံကောင်းလို့။
ယုံလိုက်ကြပါဟယ် နာ့ယောက်ခမ အပြုံးအရယ်
နည်းရှာတယ်။
အနီးက..ကြည့်ကြည့်..
အဝေးက..ကြည့်ကြည့်
စိတ်ကတော့..တစ်ခုတည်းပါပဲ..
နဒီ။
ဟုတ်တယ် အနီးကြည့်နဲ့ အဝေးကြည့်မတူတာတွေ တွေ့ဖူးတယ်..
ကြော်ငြာဘောနပ်စ် ရယ်ရတယ်..။
ပိုစ့်ကိုတော့ အနီးကြည့်လိုက် အဝေးကြည့်လိုက်ပဲ
မန့်ထားတာတွေကတော့ ပြုံးရတယ် :P
အနီးအဝေးတွေကိုလည်းအဆင်ပြေသလိုနားလည်လိုက်တယ်။အကိုပြောတာနဲ့ကျွန်တော့်အမြင်နဲ့တူတူပါပဲ.
အဟား သီဟသစ်လို အရီအပြုံးနဲသူပင်ဆိုတော့ အကိုက ရမည်းသင်းစား သီလ၀လုပ်.. ကျန်တဲ့ဘလော့ဂ်ဂါတွေက ငတက်ပြားလုပ်မယ် .. အားရပါးရပြုံးဗျ...
ကိုသီဟရေ အပေါ်ကစာဖတ်ပြီး နည်းနည်းအတည်ပေါက်ဖြစ်နေတာ အောက်က bonus တွေဖတ်ပြီးလူလည်း စပ်ဖြီးဖြီးဖြစ်သွားတယ်။
>>>သီဟသစ်လို အရီအပြုံးနည်းသူတောင်
တကယ်လားဟင်။ :D
မဆိုးတာနှင့် ကောင်းတာထပ်တူမကျနိုင်တာဆိုတာ
လေးကိုကြိုက်လွန်းပါတယ်။မဆိုးတာကမဆိုးလိုက်
ရုံလေးပါ။ကောင်းသွားတဲ့ ဘက်ကိုမရောက်သေးတာ
ပေါ့ နော်။မေတ္တာဆိုတာကလဲ ကိုယ့် မှာအရင်ရှိအောင်
လုပ်ရတာ။ကိုယ့် မှာမေတ္တာရှိပြီးမှတည်ဆောက်ပြီးမှ
သူမှားကိုပို့ လို့ ရမှာကိုး။ဖတ်လို့ ကောင်းတာလေးလာ
ဖတ်ပြီးသွားပြီ။ဖတ်လို့ မကောင်းတဲ့ ကျွန်တော့် ဆီလဲလာဖတ်ပါအုံးလို့ ။
တကယ်တန်ဖိုးရှိတဲ့ ပို့စ်လေးပါ ချန်းချန်ရဲ့ဖေဖေ ရေ
ဒီလိုစာလေးတွေရေးတာလဲ ဖတ်လို့အကောင်းသား
အမ တို့အားလုံး အမြင်တွေ ကြည်လင်ဖို့ လိုတာအမှန်
အစ်ကိုသီဟသစ်ရေ...အရမ်းကောင်းတဲ့
post လေးပါ။ အနီးကြည့်၊ အဝေးကြည့်တဲ့.:)
ညီမတော့ Blogger နှစ်ယောက်ပဲ
အပြင်မှာတွေ့ ဖူးသေးတယ်။
ဘယ်လိုနေရာမျိုးကပဲကြည့်ကြည့် ဘယ်လို မှမပြောင်းလဲတာက မိဘ များ၏ မေတ္တာ။
:)။
ခင်မင်လေးစားလျှက်....ခင်မာလာအောင်..:)
စာဖတ်လိုက်ရတာ ကောင်းလိုက်တာဗျာ
ကျေးဇူးတင်ပါတယ် ကိုသီဟရေ
:)
ဟေ့လူ ကျုပ်က စိတ်တော့ မဆတ်လောက်ပါဘူးနော်.. :P..
(ဒီတခါ အိမ်လာရင် သတိထားနေမှ..)
ကိုသီဟသစ် အရယ်အပြုံး တကယ်နည်းပါတယ်။ အဲဒါအပြင် သူများတွေကို မျက်ရည်ကျအောင်လည်း လုပ်တတ်သေးတယ် (ရယ်ရလွန်းလို့)။ ဖတ်ပြီး အရင်ဆုံး ခေါင်းထဲဝင်လာတာက ငါ ဘယ် .....မျိုး ထဲမှာများ ပါပါလိမ့်ပေါ့။ နောက်မှ သေချာမေးတော့မယ် (အဲဒီအခါကျ အားမနာနဲ့ ပြောသာပြောနော် အစ်ကို။ အားတင်းပြီး နားထောင်ပါ့မယ်း))
အနီးကြည့် အဝေးကြည့်ကို တခြားရှုထောင့်တွေကနေ ရေးသွားတာ သိပ်ဖတ်လို့ကောင်းပါတယ် အစ်ကိုရေ။ အမြင်လည်း သစ်ပါတယ်။ ကိုသီဟသစ်ကိုတော့ အနီးကြည့်ကြည့်တဲ့အခါ တော်တော် ခင်စရာကောင်းမှန်း သိလိုက်ရပါတယ် (အတည်ကြီးပြောတာပါး)) Bonus ဟာသတွေကတော့ ထုံးစံအတိုင်းဖတ်လို့ ကောင်းနေတာပါပဲ...
အင်း
အဘက အနီးရော အဝေးရော မှုန်နေတော့ ဘယ်လို ကြည့်ကြည့် မမြင်ဘူးကွယ်။
မိဘမေတ္တာမျိုး၊ ဆရာသမားမေတ္တာမျိုး၊ မောင်နှမမေတ္တာမျိုး၊.. မျိုး.. မျိုး.. မျိုးးး တွေတော့ ကြည်ကြည်လင်လင် မြင်ရပါသေးတယ်။ အဲလောက်ောတ့ အဘ စိတ်မျက်စိက မွဲသေးဘူးကွဲ့။
အပေါ်က စာလေး ဖတ်ပီး တွေးရတယ်။ အောက်က ဘောနပ်စ်လေး ဖတ်ပီး ပြုံးရတယ်။
:-) ;-D
အနီးကြည့်အဝေးကြည့်ဆိုတော့ ပါဝါများ တက်နေသလားလို့ :) facebook ဆွဲဆောင်နေတာတော့ အမှန်ပဲ။ တနေ့တနေ့ ဂိမ်းပဲ ကစားနေလို့ ပြောချင်နေကြပြီ။ ဒါနဲ့ ကိုသီဟကော ဘယ်အချိန်စာရေးသလဲ။ နောက်တနေ့မှလား :))
ပျော်ရွှင်ပါစေ။
အနီးရော အဝေးရော အနေတော်ရော အဆင်ပြေပါစေ ကိုသီဟသစ် :P
အမြင်သစ်နှင့် ပိုစ့်ကောင်းလေးပဲ ကိုဝါးဟားဟား က အရယ်အပြုံးနည်းပါတယ်တဲ့ :)
ကိုဂျီးသီဟရဲ့ ခေါင်းစဉ်ကိုကြည့်ပြီး သွားသတိရမိတာ တစ်ခုရှိတယ်။
အနီးမှုန်ရင် အဝေးကကြည့်မှချောတဲ့ ဖြူချောကိုယူတဲ့။ အဝေးမှုန်ရင် အနီးကပ်ကြည့်မှချောတဲ့ညိုချောကိုယူတဲ့။
အခုက မိဘမေတ္တာဆိုတော့ ပိုစ့်နဲ့တော့ တစ်ခြားစီပေါ့နော်။ =)
အဝေးကြီးကပဲ ကြည့်ကြည့်အနီးကပ်ပြီး ပြူးတူးပြဲတဲပဲ ကြည့်ကြည့် ကိုသီဟကြီးက ခင်ဖို့ကောင်းတာအမှန်။
နဲနဲလွဲသွားတာပဲရှိတယ်။ ပိန်တာနဲ့ ၀တာ။ခင်ဖို့ကောင်းကြောင်းတော့
အနော် အပြည့်အ၀ထောက်ခံတယ်။ အနော်ကကျဘယ်လိုလူကြီးလဲဟင်။ လမ်းကြုံရင်ပြောပြပေးပါနော်။ ဟဲဟဲ
ကိုသစ်ရေ...စာမဖတ်သေးခင်တော့တွေးလိုက်သေးတယ်
ဘာအကြောင်းများလဲလို့ ပေါ့။အတွေးတွေမှန်ကန်ဖို့ တော့
လူတိုင်းမှာအရေးကြီးပါတယ်အစ်ကို။ဖတ်ရတာကောင်းတယ်ဗျ။
မမီး ကတော့ အနီးကြည့်ရင်တော့ အဆင်ပြေတယ်
အဝေးကြည့်ရင်တော့ အဆင်မပြေဘူး.. အဝေးမှုန်နေလို့
အဟဲ သားသားလေးရဲ့ ပါးပါးရေ ဖတ်သွားတယ်နော် များ မအားလို့ မလာနိုင်တာ ခွင့်လွှတ်နော်
ဘိုင်
ကိုသီဟ ကိုယ့်ကိုတွေ့ရင်လဲ အထင်နဲ့ အမြင် လွဲပြီ ထင်မှာပဲ
မရောက်တာကြာနေပေါ့ ကိုသီဟရေ..စိတ်ပဲရောက်နိုင်တယ်..တို့ ကိုသီဟ ဘာဘောနပ်စ်တွေများပေးနေမလဲ ဆိုတာကို..။
ဒီအကြောင်းအရာလေး သဘောကျတယ်..တွေးကြည့်ဖူးတယ်..။ ကိုယ်ဆိုးမယ်ထင်တဲ့သူတွေလည်း ကိုယ်ထင်သလောက်မဆိုးတာမျိုး၊ ကိုယ်သိပ်ကောင်းတယ်လို့ ထင်ထားပေမယ့် ထင်သလောက်မကောင်းပါလားဆိုတာ တွေ့လာရတာမျိုး။ နောက်တော့လည်း သူ့အရှိအတိုင်းထက် ကိုယ့်ထင်မြင်ချက်(မှန်းဆချက်)ကြောင့်လည်းဖြစ်မယ်လို့ ထင်တာပဲလေ။ မှန်းချက်နဲ့ မကိုက်တော့ နဲနဲ အီစလည်ဖြစ်ရတာပေါ့။ တကယ်တမ်းကျတော့ လူဟာ လူပဲ ဆိုတဲ့အတိုင်း အားနည်းချက် အားသာချက်တွေ ရှိနေမှာပါပဲ။
ဒီပို့စ်လေးတွက် ကျေးဇူး..:)
တစ်ခုရှိတာက မဆိုးတာနဲ့ ကောင်းတာ ထပ်တူမကျခြင်း ဖြစ်သည်.....
ဘလော့ဂ်တစ်ခုကိုအချိန်ပေးဖတ်လိုက်ရပြီး
တွေးစရာအကြောင်းအရာတစ်ခု ရလိုက်တိုင်း အဲဒီဘလော့ဂါတွေကို ကျေးဇူးအထူးတင်မိတယ်။
အခုလည်းတွေးစရာလေး တစ်ခုရလိုက်တယ်။
"လူ"ဆိုတာ ဖတ်ရအခက်ဆုံး ဖတ်စာအုပ်တစ်အုပ်လိုပဲလို့ ထင်မိပါတယ် (ကိုယ်ကိုယ်တိုင် အပါအ၀င်)
ဒါကြောင့် အနီးကနေ ဖတ်ဖတ် အဝေးကနေ ဖတ်ဖတ်
ဝါးတားတားဖြစ်နေတတ်တယ်လို့ထင်တယ်လေ
ဟားဟား..ကိုသီဟသစ်..အရယ်အပြုံးနည်းတယ်တဲ့လား..
ဟုတ်မှာပါ..
သူများတွေ ပါးစပ်မပိတ်ရအောင်ပဲ လုပ်တာပါနော်..:)
Post a Comment