Saturday, September 12, 2009

L for Langkawi - 3 : Island Hopping Second Part

တောင်ပံတွေမှာ အားသစ်တစ်ခု
လေဟုန်ကိုဆန်ကာ အမြင့်မှာပျံမယ်
တိမ်နံရံတွေ ထိုးဖောက်ထွက်
အာကာပြင်မှာ မင်းမူချင်တယ်..
(သီချင်းငှက်ရဲ့ ပျံသန်းမှု - ဆောင်းဦးလှိုင်)



Credits to Ko Lin


Lake of Pregnant Lady နေရာကနေ ပြန်လာပြီး နောက်တစ်နေရာကတော့ လင်းယုန်တွေ အစာကျွေးတဲ့ နေရာပါ။ Eagle Feeding ဆိုပြီး လင်းယုန်တွေကို အစာကျွေးတဲ့ နေရာ မဟုတ်သေးပါဘူး။ စက်လှေမှာပါလာတဲ့ အိန္ဒိယ စုံတွဲက အဲဒီနေရာက ငှက်တွေထက် ဒီငှက်တွေက အကောင်ပိုကြီးတယ်လို့ ပြောပါတယ်။ စက်လှေသမားက ငှက်တွေကို ဘာတွေချကျွေးလိုက်မှန်း သတိမထားလိုက်မိပါဘူး။ ငှက်တွေ တဝုန်းဝုန်းကို အားရပါးရကြည့်နေတာမို့ပါ။

အဲဒီနောက်မှာတော့ Beras Basah Island ဆိုတဲ့ ကျွန်းလေးကို လိုက်ပို့ပါတယ်။ သောင်ပြင်ဖွေးဖွေးနဲ့ ရေဆော့လို့ တော်တော်ကောင်းမယ့် နေရာပါ။ သီဟသစ်တို့က အဝတ်ပိုတွေ ယူမသွားလိုက်ရလို့ ရေမဆော့ခဲ့ရပါဘူး။



သွားလည်တဲ့ ကျွန်းတိုင်းလိုလို ဒီလို ဆိပ်ခံတံတားလေးတွေရှိပါတယ်

ဒီလိုနဲ့ သူများတွေ ရေဆော့တာကြည့် ဓါတ်ပုံတွေ ဟိုရိုက်ဒီရိုက် လုပ်ပြီးသကာလ Lankawiကို ပြန်လာကြပါတယ်။ စက်လှေဆိပ်က အပြန်လမ်းမှာ ကားဒရိုင်ဘာကို seafood ကောင်းတဲ့ဆိုင်ကို မေးကြည့်ပါတယ်။ သူက Orkid ဆိုတဲ့ ဆိုင်ကို ညွှန်းပါတယ်။ ဟိုတယ်ပြန်ရောက်၊ ကမ်းခြေသွားကြည့် ၊ ခဏနားပြီး သကာလ ရေကူးဖို့ လုပ်ပါတယ်။ ဟိုတယ်နားက ကမ်းခြေက ရေသိပ်မသန့်သလိုပါပဲ။ ဘယ်သူမှလည်း ရေဆော့တာမတွေ့တာနဲ့ ဟိုတယ်က ရေကူးကန်မှာပဲ ရေစိမ်လိုက်ပါတယ်။

ဟိုတယ်နား ကမ်းခြေက မြင်ရတဲ့မြင်ကွင်း၊ ဟိုးဝေးဝေးက တံတားလို နေရာလေးကို သွားလို့ရတယ် ထင်နေတာ မရဘူးတဲ့ဗျ။ ဆူနာမီ လှိုင်းတွေကို တားထားတာဆိုပဲ။

ဟိုတယ်က အဆင်မပြေတာ တစ်ခုက စားသောက်ဆိုင်တွေနဲ့ သိပ်မနီးတာပါ။ (ကိုမိုးစက်တို့ သွားတုန်းက တည်းတဲ့ CD motel က ဆိုင်တန်းတွေနဲ့ နီးတာ တွေ့ခဲ့တယ်။) အဲဒီတော့ ညစာထွက်စားဖို့ရာ နီးနီးနားနား လေဆိပ်နားက ဈေးဆိုင်တန်း တွေ့ခဲ့တယ်၊ သွားစားကြမယ် ဆို လမ်းလျှောက်သွားကြပါလေရော။ ဟိုရောက်တော့ ညနေတွေ့တုန်းက ကြိတ်ကြိတ်တိုးနေတဲ့ ဆိုင်ခန်းတွေက သိမ်းခါနီးပြီ။ သေချာမေးကြည့်မှ သူတို့တွေ ဥပုသ်ထွက်ထွက်ချင်း လာစားကြတဲ့ နေရာဆိုပဲ။ ကိုယ်တွေကလည်း seafood ဈေးတန်းမှတ်လို့လာတာဆိုတော့ Ctrl+Z ပြန်နှိပ်ပြီး လေယာဉ်ကွင်းဘက်ကို Taxi သွားငှားပြီး သကာလ Orkid ဆိုတဲ့ဆိုင်ကို ချီတက်ကြပါတယ်။

 

ဆိုင်ထဲကို ဝင်ပြီးထိုင်ထိုင်ချင်း အစ်ကိုတို့ ဘာများစားမလဲ ဆိုပြီး မြန်မာသံပီပီသသနဲ့ လာမေးလို့ အံ့သြသွားပါသေးတယ်။ နောက်မှ အဲညီလေးက သူတို့ဆိုင်မှာ မြန်မာ waiter ၅ ယောက်တောင်ရှိဆိုပဲ။ ကိုယ်တွေလည်း ဟင်းတွေမှာရပြုရတာ အဆင်ပြေသွားတာပေါ့ဗျာ။ ဂဏန်းမှာတော့ ဝိနည်းလွတ်ပေါ့ ငါတို့ မရွေးတော့ပါဘူးကွာ မင်းတို့ပဲကြိုက်တာ ရွေးလိုက်ပါ ဆိုပြီး လုပ်ပါတယ်။ ဈေးကလည်း မဆိုးပါဘူး။ အားလုံးပေါင်းမှ RM 178 ကျပါတယ်။

နောက်နေ့သွားလည်ဖို့ နေရာတွေကို သူတို့တွေနဲ့ မေးကြည့်ပါတယ်။ Waiter ညီလေးက သူသိတဲ့ မြန်မာTourist Guide အစ်ကိုကြီး တစ်ယောက်ရဲ့ ဖုန်းနံပါတ်ပေးပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ အဲဒီအစ်ကိုကြီးက ကိုမိုးစက်တို့ သွားတုန်းက တွေ့တဲ့လူပါပဲ။ (ကိုကျော်ဝင်း(Joe)၊ Ph 012-5333 961, 016-4553 451 အခမဲ့ ကြေငြာပေးလိုက်တာပါ။ ရုပ်တည်တည် ခပ်အေးအေး စကားနည်းတဲ့ လူတစ်ယောက်ပါတဲ့ အဖွဲ့က ညွှန်တာပါ လို့ပြောလိုက်ပါ။)ဖုန်းဆက်ပြီး လှမ်းမေးကြည့်တော့ နောက်နေ့ နေရာတွေ လည်ဖို့ရာ တစ်နေကုန်ကို RM 200 နဲ့ ဈေးတည့်သွားပါတယ်။

ကိုကျော်ဝင်းလည်း ခဏနေတော့ Orkid ကိုလာတွေ့ပါတယ်။ ဒူးရင်းသီးမြင်ရင် မနေနိုင်တဲ့ အမောင် Villager တစ်ယောက်ကြောင့် ဒူးရင်းသီးဆိုင်ကိုလဲ သွားခဲ့ပါသေးတယ်။ ဒူးရင်းသီး ၂ လုံးကို RM 24 တဲ့။ စင်္ကာပူနဲ့စာရင် တန်တယ်ဆိုပဲ။ သီဟသစ်ကတော့ စားနေကျ မဟုတ်လို့မသိ။


ဒုတိယနေ့ လည်ကြတဲ့ အကြောင်းကို ဆက်ပါဦးမည်။

ခင်မင်စွာဖြင့်
သီဟသစ်

P.S
၁) တစ်ချို့ရှူခင်းပုံတွေက သီဟသစ် ပုံထဲမှာမပါရင် တော်တော်ကြည့်ကောင်းမယ့်ပုံလေးတွေပါ။ မိတ်တွေပျက်ကုန်မှာစိုးလို့ မတင်တော့ပါဘူး။ :D (ကိုယ့်ပေါင်ကိုယ် လှန်ထောင်းထားတာ သက်သာ၏။)

၂) လန်ကာဝီသွားတာ ပြောမသွားလို့ သူတို့လည်း လိုက်ချင်တာ ဆိုပြီး ညီအစ်ကို မောင်နှမ တစ်ချို့က ပြောကြ၏။ နောက်တစ်ခါ ဖူးခက်၊ ဘာလီ သွားဖို့ စီစဉ်ရင် တွေ့တဲ့သူ လိုက်ခေါ်မည်။ မလိုက်ရင် လူပျိုကြီး အပျိုကြီးဖြစ်ပါစေ ကျိန်စာတိုက်မည်။

Bonus:
လွတ်သွားသော အခွင့်အရေး

နိုင်ငံခြားရှိ ပင်လယ်ကမ်းခြေ တစ်ခုခုတွင် ဇိမ်ခံအနားယူရန် ရုရှားအီဗန်ကြီး ဆုံးဖြတ်လိုက်သည်။ လိုသောငွေကို ကုတ်ကပ်စုသည်။ ပိုက်ဆံပြည့်သောအခါ ခရီးသွားဌာနတွင် လင်မယားနှစ်ယောက်အတွက် လေယာဉ်စရိတ်၊ သုံးပတ်စာ ဟိုတယ်နှင့် အစားအသောက်စားရိုက်တို့ကို ပေးချေကာ ခရီးထွက်သည်။ စိတ်ကြိုက်အနားယူသည်။ ရက်စေ့သောအခါ ဟိုတယ်မှ ထွက်မည်လုပ်သည်။ ဤတွင် ဟိုတယ်မန်နေဂျာရောက်လာပြီး ဒေါ်လာတစ်သောင်း ပေးချေရမည့် ဘောက်ချာလာပေးသည်။ အီဗန်ကြီး နားမလည်သဖြင့် ပြန်မေးသည်။

“ဘာအတွက် ပေးရမှာလဲဗျ”

မန်နေဂျာ ရှင်းပြသည်။

“ဟောဒီမှာ ကြည့်ပါ။ ဝိုင်အရက် မြည်းရန် ဝိုင်စိုက်ခင်းသို့ မော်တော်ယဉ်ဖြင့် ခရီးထွက်ခြင်း ဒေါ်လာ နှစ်ထောင်လို့ ရေးထားပါတယ်”

“ဟာမဟုတ်တာဘဲ။ ကျွန်တော်တို့ လင်မယား အဲဒီခရီးကို မလိုက်ခဲ့ပါဘူးဗျ”

“ဒါ... လူကြီးမင်းတို့ အပြစ်ပဲလေ။ ကျွန်တော်တို့ကတော့ ဒီခရီးစဉ်ရှိမယ် ဆိုတာ နေ့တိုင်းကြေငြာနေတာပဲဗျ။ ဟောဒီမှာ အထူးသင်္ဘောနှင့် ပင်လယ်ထဲ ငါးမျှားထွက်ခြင်း .. ဒေါ်လာ သုံးထောင်”

“အဓိပ္ပါယ် မရှိတာပဲ။ ကျုပ်တို့ တစ်ရက်မှ ငါးမမျှားခဲ့ဘူး။ ခင်ဗျားတို့ သင်္ဘောလည်း မစီးခဲ့ပါဘူးဗျာ”

“ဒါ လူကြီးမင်းတို့ အပြစ်ပဲလေ။ မနက်တိုင်း ဟိုတယ်ရှေ့ ဆိပ်ကမ်းကို သင်္ဘောလာဆိုက်တာပဲ။ ဂရုတစိုက်ကြည့်မှပေါ့။ ဟော.. ရဟတ်ယာဉ်ဖြင့် မြို့ကို လှည့်ပတ်ကြည့်ရှုခြင်း ဒေါ်လာ ငါးထောင်”

“ဘယ်ကနေ ... ဟယ်လီကော်ပတာ ပေါ်လာရပြန်တာလဲ”

“ကိုယ့်ဟာကိုယ် မစီးတာတော့ ကျွန်တော်တို့ မတတ်နိုင်ဘူး။ ရဟတ်ယာဉ်ကတော့ နေ့တိုင်း ဟိုတယ်ကို ပတ်ပြီး ပျံနေတာပဲ”

မန်နေဂျာကို ပြန်လည်ထိုးနှက်ရန် အီဗန် ဆုံးဖြတ်လိုက်သည်။

“ကောင်းပြီ .. ဒါဆို ကျုပ်ကလည်း ခင်ဗျားဆီက နစ်နာကြေး ဒေါ်လာ တစ်သောင်းခွဲ တောင်းဆိုရလိမ့်မယ်”

“ဘာအတွက်နစ်နာကြေးလဲ”

“ကျုပ်ရဲ့ မိန်းမကို မဟားဒရားလုပ်တဲ့အတွက်”

“ဟာမဖြစ်နိုင်တာ မပြောပါနဲ့ဗျ။ ခင်ဗျားရဲ့ မိန်းမအနားကို ကျွန်တော် လုံးဝ မကပ်ခဲ့ပါဘူးဗျ”

“ဒါ ... ခင်ဗျား အပြစ်နဲ့ ခင်ဗျားပဲလေ။ ပင်လယ်ကမ်းစပ်မှာ ကျုပ်မိန်းမ ဘီကီနီရေကူးဝတ်စုံလေးနဲ့ နေ့တိုင်းနေပူစာ လှုံနေခဲ့တာပဲ”

17 comments:

jr.lwinoo said...

ဟော့ပင်းထက် ဘောနပ်စ် ကပိုရယ်နေရတယ်။
ဟားဟား။
အချိန်မရတဲ့ကြားက ဗဟုသုတတွေ ဝေငှတာ ကျေးဇူးပါကိုသီဟရေ။
း)

မမသီရိ said...

လည်ချင်စရာ လန်ကာဝီပါပဲ
သိန်းငှက်ပုံတွေ သဘောကျတယ်

ဘောနပ်က လူကြီး ဥာဏ်သွားပုံလဲ ပြုံးရရဲ့..


နှင်းဆီဖြူနဲ့ချန်းချန်ကို သတိမရဘူးလား ချန်းချန်ဖေဖေ ရ..း)

ကိုလူထွေး said...

Ctrl + Z ဆိုတာ ဘာကိုပြောတာလဲ ခြင်သေ့သစ်ရ...

းဝ)

တောင်ပေါ်သား said...

သူကလဲ လန်ကာဝီ ပြန်လာမှ နောက်တခါ မလိုက်ရင် ကျိန်စာတောင် တိုက်ဦးမယ် ဟုတ်လားး)) တော်တော်ဆိုးတဲ့ ယောက္ခထီးးးးးးး))

လေးစားလျက်
တောင်ပေါ်သား

kaungkinpyar said...

အော် လန်ကာဝီ လန်ကာဝီ နောက်တခါများ မခေါ်နဲ့ ကိုယ်ဘာသာ သွားမှာာာာ ဟွန်းးး

yangonthar said...

အစ်ကိုရေ ခရီးအကြောင်းလေး စိတ်ဝင်စား ဖို့ ကောင်းတယ်ဗျာ ဆက်ပါဦး
ဘိုးနပ်စ် ကတော့ အမြဲ တွေးတွေးပြီးရယ်ရလို့  ကျေးဇူးဗျ
အေးမြသာယာရှိပါစေ
ရန်ကုန်သား

Angel Shaper said...

လန်ကာဝီလိုက်ပို့ ပါ။ လန်ကာဝီလိုက်ပို့ ပါ။ ပျော်စရာကောင်းတဲ့နေရာလေးတစ်ခုပါပဲလား။
Bonus လေးလဲ အားပေးသွားတယ်ဗျိုးးးးးးး

ရွက်လွင့်ခြင်း said...

စောင့်မျှော်နေပါတယ် တတိယပိုင်း
ဒါဗြဲ
း))

flowerpoem said...

ပုံတွေလည်းလှတယ် Bonus လည်းကောင်းတယ်

ရေတမာ said...

အခုလို information တွေပေးတာ ကျေးဇူးပါအကို။ သွားလည်ရင် အဆင်ပြေတာပေါ့။ သူက သိပ်သွားချင်နေတာအကိုရ။

Beauty Studio USA Branded Store said...

အခန်းဆက်ကို လာဖတ်ဖြစ်အောင်ကိုဖတ်သွားတယ်။ မရောက်ဖူးသေးလို့ပါ။

ရွှန်းမီ said...

bonus ကြည့်ပြီး တွေးသွားတယ်..
ဘာအခွင့်အရေးတွေ လွတ်သွားသေးလဲ =)

သံလွင် HeRo said...

စရိတ်ငြိမ်းဆိုရင်တော့ လိုက်မယ်ဗျို့ :P

နှင်းနဲ့မာယာ said...

လန်ကာဝီရဲ့ အလှအပတွေကို ကြားဖူးနေတာကြာပေါ့...
ကိုသီဟကတော့ ကိုယ်တိုင်ခံစားဖူးသွားပီနော်....
နှင်းလဲ သွားလည်ချင်သေးတယ်...
တနေ့နေ့ပေါ့...
အခုတော့ ဒီဓါတ်ပုံလေးတွေနဲ့ပဲ စိတ်ဖြေလိုက်တော့မယ်....

တလနွန် said...

လန်ကာဝီကို သွားချင်သွားပြီး

ရွှေပြည်သူ (ShwePyiThu) said...

နေ့လည်က ရုံးမှာအားတုန်းလေး Lankawi ခရီးကို အပြေးလာငေးတာ... အပြီးသတ် Bonus ဖတ်ပြီး အသံထွက်ရယ်မိလို့ မနည်းထိန်းလိုက်ရတယ် အစ်ကိုသီဟသစ်ရေ... (လူကြီးက ၃ပေ အကွာလောက်မှာ မို့လို့း)) ထုံးစံအတိုင်း ကျေးဇူးအထူးပါး)

ဆောင်းနှင်းရွက် said...

ပို့စ်ထဲမှာ စာရေးတာ ကျန်နေပါတယ်ဗျို့ ..

နောက်တစ်ခါ ဖူးခက်၊ ဘာလီ
သွားဖို့ စီစဉ်ရင် တွေ့တဲ့သူ လိုက်ခေါ်မည်။
ကုန်ကျစရိတ်ကိုလည်း
ကျွန်တော် ကိုသီဟသစ် မှ
ရက်ရက်ရောရော ကျခံပေးပါမယ် ။

ဆိုတာ ဆက်ရေးလေ ..>>>
အဟိ ..
အဟိ ..

Bonus နဲ့ သိမ်းဌက်ပုံ ရိုက်ထားတာ
သဘောကျတယ် ..;