ကွန်ပြူတာ တက္ကသိုလ်က အဲဒီအချိန်က ညနေ ၁ နာရီခွဲ အထိပဲတက်ရတာပါ။ နေ့လည် ၂ နာရီဆို အဆောင်ပြန်ရောက်ပြီ။ နေ့လည် တစ်ရေးတစ်မောအိပ် ညနေ သူငယ်ချင်းအရင်းတွေဆီ သွားလည်ပေါ့ဗျာ။ အဲဒီမှာ စတွေ့တာပေါ့ဗျာ။ ညှိ့မျက်ဝန်း ပိုင်ရှင်လေးနဲ့ပေါ့ဗျာ။ (ညီအစ်ကိုမောင်နှမတွေ နားလည်မှုလွဲမှာစိုးလို့ ရှင်းပြရရင် အီစီကလီ မျက်လုံးမျိုး မဟုတ်ပါဘူး။ သူ့ရဲ့ မျက်ဝန်းလေးက ကြည်ကြည်လေးပါ၊ အိုဘာဖြစ်တုန်း ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာပဲ။ :P) နှင်းဆီဖြူလေးနဲ့ သူတို့က အဆောင်အတူတူ ဆိုတော့ တစ်ခါတစ်ရံ သူကကြုံတဲ့အခါ စကားဝင်ပြောရင်း နည်းနည်းခင်သွားကြတာပေါ့။
သီဟသစ်လည်း ကျောင်းစာလေးက နည်းနည်းပိုရတော့ စာမေးပွဲနီးတဲ့ အခါ အင်္ဂလိပ်စာ ဖြေမယ့်နေ့ စာရှင်းပြဖြစ်တယ်။ နှင်းဆီဖြူ အပါအ၀င် တစ်ဖွဲ့လုံးပေါ့။ သူက စာရှင်းပြလို့ ဝေဖာထုပ်လေး ၀ယ်ကျွေးပါတယ်။ အဲဒါလေးကို တိုက်ခန်းကို ယူသွားဖြစ်တော့ ကျန်တဲ့ကောင်တွေ အံ့သြနေကြတာပေါ့။ တကယ်က နှင်းဆီဖြူတို့နဲ့ ကျွန်တော်တို့အဖွဲ့ နဲ့ အဆက်အစပ်မှ သိပ်မရှိခဲ့တာကိုး။
စာမေးပွဲဖြေပြီးတဲ့ နောက်ဆုံးနေ့ ထုံးစံအတိုင်း ရေလိုက်လောင်းကြပါတယ်။ ကျွန်တော်နဲ့ နှင်းဆီဖြူလေးတို့ အပြန်အလှန် ရေလောင်းဖြစ်ပါတယ်။ ပြီးတော့ သူငယ်ချင်း ဇောက်ထိုးနဲ့ အပြန်အလှန် အိုးမဲသုတ်နေတာနဲ့ သူတို့နား မရောက်တော့ဘူး။ အိုးမဲက ကားအိတ်ဇောဆီက ရတာပါ။ အမှန်အတိုင်းပြောရရင် အဲဒီအချိန်ထိ သီဟသစ်စိတ်ထဲမှာ နှင်းဆီဖြူနဲ့ ပတ်သက်ပြီး ဖြူစင်နေသေးတယ်။
ရောဂါက ဘယ်မှစတာလဲ ဆိုတော့ နွေရာသီ ကျောင်းပိတ်ချိန်မှာ စတာဗျို့။ သီဟသစ်က အိမ်ကခိုင်းလို့ ခြံသွားရရင် ခြင်းလေးဆွဲသွားတာကိုး။ အဲဒီမှာ ကျောင်းမှာ ခြင်းလေးယမ်းယမ်းနဲ့ လျှောက်တတ်တဲ့ နှင်းဆီဖြူလေးကို စိတ်ထဲမှာ သွားသွားမြင်ယောင်တာဗျ။ (ဘာမှတော့ မဆိုင်ဘူး။) တဖြည်းဖြည်းနဲ့ သတိရတာတွေ များလာလို့ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်တော့ သူ့ကိုချစ်နေမိပြီဆိုတာ သိလာတယ်ဗျ။ အဲဒီအချိန်မှာ သူ့ကိုတွေ့ချင်လို့လည်း မရဘူးလေ။ နေကြတာလည်း နီးနီးနားနား သူက ကချင်ပြည်နယ်၊ သီဟသစ်က မကွေးတိုင်း။
အဲဒီတော့ တစ်မြို့တည်းနေတဲ့ သူငယ်ချင်းအရင်းလေးကို ဖုန်းဆက်ခိုင်းတာပေါ့။ နင်ဆက်ဖြစ်ရင် ငါက သတိရတယ်ပြောပေးပါ ဘာညာသာရကာပေါ့ဗျာ။ အဲဒါနဲ့ သူဖုန်းဆက်ဖြစ်တဲ့ အခါ သီဟသစ်တို့ အိမ်နားက ဖုန်းနံပါတ်ကို ပေးလိုက်တော့ သီဟသစ် အရောင်တွေ ပြောင်းနေတာ မသိသေးတဲ့ နှင်းဆီဖြူလေးက ဖုန်းဆက်လာပါတယ်။ နည်းနည်းပါးပါးပဲ ပြောဖြစ်ပါတယ်။ ကျောင်းပြန်ဖွင့်ရင် သင်တန်းတက်မည့်အကြောင်း သီဟသစ်က ပြောတာပါ။ (မင်းနှယ် ရည်းစားစကားလေး ဘာလေးတန်းပြောပါလားလို့ မေးရင် အဲဒီအခါတုန်းက ဘလော့တွေ မရှိသေးလို့ ဘလော့ဂါကိုကို မမ တွေဆီက ပညာတွေ မရသေးတာနဲ့ ဘယ်က စရမှန်း မသိသေးပါဘူး :P)
ကျောင်းဒုတိယနှစ် Second Term ပြန်ဖွင့်တော့ သီဟသစ်က မန္တလေးကို အရင်ရောက်ပါတယ်။ နှင်းဆီဖြူလေးကို ဘယ်နေ့ပြန်လာမလဲ ဆိုတာ ဖုန်းဆက်မေးပါတယ်။ ဘူတာကို လာကြိုလှည့်မယ်လည်း ပြောလိုက်ပါတယ်။ သူတို့မြို့က ဖုန်းဆက်ရတာ အဲဒီအချိန်က တော်တော်ခက်ပါတယ်။ ဆက်ရတာလည်း ဈေးကြီးပါတယ်။ သူတို့မြို့ဖုန်းဆက်ရတာ ဈေးကြီးတဲ့ အကြောင်း မောင်ပွင့်လင်းကြီး သီဟသစ်က ပြောမိတော့ အဖွဲ့ကကောင်တွေ နည်းနည်းရိပ်မိလာကြပါပြီ။
သီဟသစ်ကလည်း ကိုယ့်အစွဲနဲ့ကိုယ်။ ပထမနှစ် သူကြီးသေနတ်လုပ်နေတုန်းက အဖွဲ့ကကောင်တွေ လိုက်စတာနဲ့ မဖြစ်တာလို့ သတ်မှတ်ထားတယ်။ ခုတစ်ခါ ကိစ္စတော့ ဒင်းတို့ကို အသိမပေးဘူးဆိုပြီး လျှိုထားတယ်။ အဲကောင်တွေက လူပျိုကြီးဖြစ်မယ့် အဖွဲ့တွေပါပဲ။ သီဟသစ် ပွဲဦးထွက်လေး ဒုတိယနှစ်မှာ ရည်းစားရပြီးမှ တတိယနှစ်မှာ ၂ ယောက်လောက် လိုက်စွံလာတာ။ (ဟာဟ ငါဝဋ် မလည်တော့ဘူး ခုတော့ သေချာပေါက်ပြောလို့ ရပြီ။)
အဲဒီလိုနဲ့ နှင်းဆီဖြူလေး ပြန်လာမည့်နေ့ မတိုင်ခင်ညကို ရောက်ပါပြီဗျာ။ တခြားတက္ကသိုလ်တွေလည်း ပြန်ဖွင့်ပြီဆိုတော့ ကျောင်းပြောင်းတက်မည့် သူငယ်ချင်းက တိုက်ခန်းမှာ ညနှုတ်ဆက်ပွဲလုပ်ပါရောဗျာ။ လူ ၄ ယောက် မြန်မာရမ် ၆ ပြား သွားပါလေရော။ မသောက်တဲ့ သူငယ်ချင်းနှစ်ယောက်က သီဟသစ်ကို အစ်မေးကြတယ် ပြောတယ်။ သီဟသစ် ချစ်နေတာ ဘယ်သူလဲပေါ့။ သီဟသစ်တော့ ပြန်မဖြေဘူး ထင်တာပဲ။ သူတို့က နှင်းဆီဖြူလေးလို့ သီဟသစ်က ပြန်ဖြေတယ် ပြောတာပဲ။ အဲဒီညက တော်တော်မူးသွားတယ်။ သီဟသစ်က မူးတယ်မူးတယ် အော်နေလို့ သူငယ်ချင်းက နားထဲ သံပုရာရည် ညှစ်ထည့်တယ်။ ဆက်အော်နေတုန်းမို့ ဒီကောင်က အမြင်ကတ်ကတ်နဲ့ မျက်လုံးထဲပါ သံပုရာရည် ညှစ်ထည့်မှ မအော်နိုင်တော့ဘူး။
အဲဒီအကျိုးဆက်ကတော့ နောက်နေ့ ၁၀/၀၅/၂၀၀၀ နှင်းဆီဖြူလေးကို ကြိုမည့်အချိန် ဘယ်လိုမှ မထနိုင်တော့ပါဘူး။ နေ့လည် ၃ နာရီမှ အိပ်ရာကထ ဆိုင်သွား အအေးသောက်တော့ လက်တောင်တုန်နေသေး။ နှင်းဆီဖြူတို့ အဆောင်ကို ဖုန်းလှမ်းဆက်တော့ ရောက်နေပြီတဲ့ သူက။ အဲဒါနဲ့ ညနေကျတော့ ရေမိုးချိုး ရှိုင်းပြီးတော့ သူ့ဆီသွားတာပေါ့။ ဒီလိုပဲ ဘာလေးညာလေးပြော သူတို့မြို့က ပါလာတဲ့ လက်ဆောင်လေးယူ၊ သူလက်ဆောင်ပေးမည့် ဆရာမရဲ့ အဆောင်ဆီကို ယောင်တောင်ပေါင်တောင်နဲ့ လိုက်သွားလုပ်တာပေါ့ဗျာ။
အဲဒီနေ့က စပြီးတော့ သီဟသစ်တစ်ယောက် နှင်းဆီဖြူလေးတို့ အဆောင်ကို ချောင်းပေါက်မတတ် သွားတော့တာပေါ့ဗျာ။ နှင်းဆီဖြူရဲ့ အဆောင်က မိန်းကလေး သူငယ်ချင်း အရင်းတွေကလည်း နှင်းဆီဖြူလေးကို ကြောက်လို့တဲ့ ဘာမှ ပြောမပေးကြဘူး။
သင်တန်းတက်မည့် ကိစ္စ သီဟသစ်က အချိန်ဆွဲနေတာနဲ့ နှင်းဆီဖြူလေးက စိတ်မရှည်ဘဲ တခြားသင်တန်းတစ်ခု အပ်ထားပြီ။ ၆ ယောက်ပဲ လက်ခံတဲ့ သင်တန်း တကယ်က ၆ ယောက်ပြည့်နေပြီ။ အဲဒီသတင်း သိရမှ သီဟသစ်လည်း အဲဒီသင်တန်းက ဆရာကို တောင်းတောင်းပန်ပန် သွားပြောရတယ်။ နှင်းဆီဖြူလေးနဲ့ အတူတူ တက်ချင်လို့ပါ ၊ အဲလိုသွားပြောရင် နားရင်းအုပ်ခံရမှာပေါ့။ ပညာလိုချင်လွန်းလို့ နောက်တစ်တန်း မစောင့်နိုင်ဘူးပေါ့ကွယ် အဲလိုပြောလိုက်တော့ တက်ခွင့်ရတာပေါ့။ အဲလိုနဲ့ ကျောင်းရယ် သင်တန်းရယ် အဆောင်မှာရယ်သာ သွားတွေ့နေတာ ဘာမှကို ဖွင့်မပြောရသေးဘူး။
တစ်ညမှာတော့ သီဟသစ်တို့ အဖွဲ့ ဂီတာ တီးတတ်တဲ့ စစ်ကိုင်းသား သူငယ်ချင်းကို ခေါ်ပြီး နှင်းဆီဖြူလေးတို့ အဆောင်ကို ဂစ်တာသွားတီးကြတယ်။ အဓိကကတော့ ထူးအိမ်သင်ရဲ့ “သူငယ်ချင်းအချစ်ထက်ပိုချစ်ပါ” သီချင်းရယ် “ကိုယ့်စိတ်တွေ မရိုးသားတော့ဘူး” သီချင်းရယ် ဆိုတာပါ။ နောက်နေ့ရောက်တော့ နှင်းဆီဖြူလေးကို တန်းမတွေ့ရဲလို့ နေ့လည်ပိုင်း ထမင်းစားချိန်လောက်မှ သွားတွေ့တာပါ။ ညက သီချင်းလာဆိုတာသိလားဆိုတော့ ၈ နာရီလောက်ကတည်းက အိပ်တာမို့ ဘာမှမသိလိုက်ဘူးတဲ့။ ကောင်းပါ့ အေးရော။ မထူးဘူး ဖွင့်ပြောမှ ဖြစ်တော့မယ် ဆိုတာ စဉ်းစားမိတယ်။
အဲလိုနဲ့ လွန်ခဲ့တဲ့ ၉ နှစ်တိတိ ၂၃/၀၆/၂၀၀၀ ညနေခင်း ၇ နာရီ ၄၅ မိနစ်လောက်မှာ နှင်းဆီဖြူလေးကို ဖွင့်ပြောဖြစ်ပါတယ်။ ပြောလို့ပြောတာ မဟုတ်ပါဘူး ပထမဆုံးစကား ပြောဖို့ အရှိန်ယူရတာ ငါးမိနစ်လောက်ကြာပါတယ်။ သီဟသစ်ချစ်နေတာ သူပါလို့ ဖွင့်ပြောဖို့ရာ။ ဆရာ့ဆရာကြီးတွေ ပြောခဲ့တဲ့ အတိုင်း ပထမ တစ်ခွန်းပဲ ခက်တာ ကလားဗျ။ နောက်ဆက်တွဲ စကားတွေများ ထွက်လာလိုက်တာ နန်းစတော့ဗျ။ အဲဒီတော့ နှင်းဆီဖြူလေးက သူငယ်ချင်းတွေလိုပဲ နေချင်တယ်။ စဉ်းစားအုံးမယ် ဆိုပြီး ပြန်ပြောပြီး အဆောင်ထဲဝင်သွားပါလေရောဗျို့။
ဆက်ရန်...
P.S:
၁) ဒုတိယနှစ် First Term မှာ တိုက်ခန်းမှာ ကြုံခဲ့ရတဲ့အကြောင်းတွေ၊ Drawing ဆွဲရတဲ့ အကြောင်းတွေကို သူငယ်ချင်းဇောက်ထိုးက ရေးပို့ထားတာရှိပါတယ်။ First Term စာမေးပွဲ အပြီး သူငယ်ချင်းတွေ ရွှေစက်တော်လိုက်လည်ကြတာရော ဒီပို့စ်ပြီးမှ ထည့်ရေးပါမယ်။
၂) Bonus ကို အာရုံရမှ ရိုက်ပါတော့မည်။
28 comments:
၁ ယူပြီး စာဖတ်ကြည့်မယ် .. :D
ကောင်းခန်းရောက်မှ စဉ်းစားဦးမယ်နဲ့ လာတွေ့နေတယ် ... ဟွင်းဟွင်း ...
ရပါတယ်လေ ... ထားပါတော့ ... Result ကတော့ ချန်းချန်လေးတောင် ဖြစ်နေမှပဲ ... ဘာအဖြေလာမလဲဆိုတာတော့ ခန့်မှန်းလို့ ရပါတယ် လေ ... But ... ရင်ခုန်ကြည်နူးခန်းလေး နားထောင်ချင်သေးတယ်ဗျာ .. လုပ်ပါမြန်မြန် နောက်တစ်ပိုင်း :D
နေဒေးသစ်။
အကိုရေ
စိတ်ဝင်စားစရာ အချစ်ဇာတ်လမ်းလေး
ကိုရီးယားကားလိုပဲ အခန်းဆက်တွေ စောင့်ဖတ်နေမယ်နော်...
ိအင်း ပညာရှာတော်ပါပေတယ်လေ
အဆောင်ထဲ ဝင်သွားတယ်ဆိုကတည်းက သိလိုက်တော့ပေါ့ ကိုကိုသစ်ရယ်...
း)
ချစ်ခင်စွာဖြင့်
ဖိုးစိန်
အကိုသီဟ ကလဲ
ခက်ပါဘိ.။စဉ်းစားအုန်းမယ်ဆိုသေချာပေါက်ပြန်ကြိုက်မှာ မပူနဲ့။ မိန်းကလေးဆိုတော့ ချက်ချင်းပြန်ကြိုက် ဘယ်ကောင်းမလဲ။အချိန်လေးတော့ယူအုံးမှာပေါ့။ မကြိုက်တဲ့သူဆိုရင်တော့မပူနဲ့ စဉ်းစားပါအုံးမယ်မပြောတော့ဘူး။ မကြိုက်ဘးတန်းပြောမှာ သိလား။အဟီးး(သိသလိုလိုနဲ့ ဆရာမကြီးလုပ်သွားပါတယ်)
လာလာဖတ်ရင်း...လိုက်လိုက်လွမ်းသွားပါတယ်.... :-)
ပညာအတော်ထူးချွန်ခဲ့တာပဲ...
ပါးစပ်ကြီး ဟ ပြီးစာလာဖတ်သွားပါတယ်
ကိုသီဟကြီးရေ
ကျောင်းတော်ထဲက ဖြစ်ပျက်သွားခဲ့ဖူးတဲ့ အချစ်ဇာတ်လမ်းလေးပေါ့နော်။ ဖတ်တဲ့သူ
တောင်မှ ဇာတ်လမ်းထဲမှာ မျောသွားရင် ဒီဇာတ်လမ်းရဲ့ 
ကာယကံရှင်ကတော့ ပြောမနေတော့ပါဘူး :)
ဆက်လက်မျှော်နေပါ့မယ်။ အပိုင်း(၅)
ခင်မင်ခြင်းနှင့်
တလနွန်
ချစ်ရည်ရွှမ်းတဲ့ မျက်ဝန်းလဲ့ပြာပြာ ဆိုတဲ့သီချင်းက ကိုသီဟ တို.ဆီကစတာကိုး D:(
ပျော်စရာလေးတွေ ပါဗျာ...
ပညာသာမက ကြင်ရာပါရှာနိုင်သူကြီးမို့
လေးစားစွာဖြင့်
မင်းအိမ်ဖြူ
ဒီချိန်ကျောင်းတော်ကြီးရဲ့ အလယ်မှာ စိန်ပန်းတွေလဲ ပွင်နေပီကွာ....သီချင်းလေးနဲ့ လာလွမ်းးးးးတယ်၊ ညန်ညန် ရေးပါ
သူ ရည်းစားစကားပြောတာ non stop ကြီး ဆိုပါ့လား..
ကြောက်ချာကြီး..။
ဘောနပ်စ်မပါလို့ သတ်ချင်တယ်။
ဘောနပ်စ်တွေနဲ့ အကျင့်ပါအောင်လုပ်ပြီးမှ အခုကျမှ ရေးချင်မှ ရေးပါတော့မည် ဆိုတော့ ဘယ်လိုလုပ်ကြမလဲ .. :( တော်တော်ဆိုးတဲ့လူကြီး.. နှင်းဆီဖြူက အချိန်အကြာကြီး ဆွဲပါစေဗျာ.........
ဗဒင် သီချင်းလေး လွမ်းမိသား...
လမ်းကြားမှာ အလစ်သုတ်ပြီး ခိုးနမ်းတုန်းကပေါ့...
သွားမုန်းတယ်... လူကြီးကိုကတဲ့
အစခက်တယ်ဆိုပြီး ခြေတွေ လက်တွေ ကိုရီးယားစတိုင် မစွဲခဲ့ဘူးထင်တယ် လွန်ခဲ့တဲ့ ၉ နှစ်က ဆိုတော့...။
တက္ကသိုလ်ကျောင်းသားဘ၀လောက်
လွတ်လပ်ပျော်ရွှင်တာ ဘာရှိမလဲ၊ အားလုံးဟာ အမှတ်ရစရာပေါ့၊ အဲဒီမှာ တစ်ထောင့်ငါးရာ ဆိုတဲ့ အပိုဆုက မပါမဖြစ်ပေါ့။ ငယ်မူပြန်ပြီး ပြန်လွမ်းရလို့ ကျေးဇူးတင်တယ်။
ပျော်ရွှင်လွမ်းမောဖွယ်ရာ တက္ကသိုလ်က ဇာတ်လမ်းလေးပေါ့...ပညာလည်းစုံ ကြင်ယာလည်း စုံခဲ့ပေါ့လေ..ဆက်ဖတ်မယ်နော်..ဒါမျိုးတွေ ဒီလိုအသေးစိတ်မှတ်မိနေတာလား..:))
အရေးအသားတွေ အရမ်းကိုကောင်းလာတယ်အစ်ကို
သီဟသစ်ရေ။ စိတ်ဝင်စားလာကာမှ ကြော်ငြာ ကပ်ဝင်သွားသေး။။:)
ဖတ်ပြီးတော့ဘာတွေးမိလဲဆိုတော့...ဂုဏ်ယူပါတယ်အစ်ကို။ သားလေးလဲရနေပြီ။
နှင်းဆီဖြူလေးအကြောင်းရယ်လို့ ခုလိုတန်ဖိုးထား
ပြီးပြောပြနေတာကိုဖတ်ရတော့ အစ်ကိုတို့ အစား
အေးချမ်းမှုကိုခံစားရတယ်။:)
အေးချမ်းတဲ့ မိသားစုဘဝလေး ထာဝရပျော်ရွှင်ပါစေ။
:)
မကျေနပ်ဘူး .. လုံးဝ မကျေနပ်ဘူး ....
ဘယ့်နှယ့် ကောင်းခန်းရောက်မှ မြ၀တီ အချိုးချိုးသွားတာ...ဟွန်းးးး...
ဆက်ရန်ကို မြန်မြန်ရေးပေးပါ... ဟတ်ဟတ်.. :P
ရက်စွဲကို သေသေချာချာ မှတ်ထားတာပဲ ဦးသစ်ကြီးတို့က ... ဟတ်ဟတ်...
:P
ဦးသစ်ကြီးဆီမှာ ပညာ ယူရဦးမယ်....
ကောင်းခန်းရောက်ပြီကွ ဆက်ရန်လေးမျှော်နေ
မယ်...။ကိုသီဟ စာရေးတာ အတော် ဖတ်လို့
ကောင်းလာတယ်....။
ကောင်းခန်းရောက်မှဆက်ရန်လုပ်သွားတယ်။ အနားမှာ ရှိရင်သနပ်ခါးတုံးနဲ့ပေါက်တယ်။ အဟုတ်။ :P
နှင်းဆီဖြူက မျက်လုံးလေးတင် လှတာမဟုတ်ပါဘူးအေ...တခါမြင်ဖူးရင် တသက် မမေ့တော့တဲ့ ရုပ်မျိုးပါ...ဒါတောင် ဓာတ်ပုံထဲပဲ ၀ိုးတ၀ါးမြင်ဖူးသေးတာ...(အိုဘာဖြစ်တုန်း သဟသငါးချဉ် တို့လည်းချဉ်လို့ရတာပဲ။ :P)
အမ်....
ဘာလို့ တို့ လို့ တန်းလန်း ကြီးဖြစ်ရတာလည်း
မြန်မြန်ဆက်
ကောင်းတယ်ဗျို့ဇာတ်လမ်းလေး... ဆက်ရန်လုပ်ပါဦး.း)
ဒါနဲ့ နှင်းဆီဖြူလေးက ကချင်ပြည်နယ်သူလား.. ဒါကြောင့်ထင်နေတာ ချောပါတယ်လို့. ha ha ha
နေဒေးတို့ကတော့ နေရာတကာလိုက်ပြီး သွားရည်ကျ
နေရရှာတယ်..သနားပါ၏။
ကိုကြီး..စဉ်းစားအုံးမယ်ဆိုရင်
မျှော်လင့်လို့ရသေးတယ်.....။
ကောင်းခန်းရောက်မှ ...ဆက်ရန်ရှိ...
စောင့်မျှော်ပြီး ဖတ်ပါ့မယ်.....
ခင်မင်လေးစားစွာဖြင့်....................
ဂျစ်
ဒီတစ်ခေါက် ဘော မနှိုက်နိုင်တော့ဘူး... အာရုံရမှ နှိုက်မယ် ဆိုပဲဗျ။
နန်းစတော့ လွှတ်တဲ့ စကားတွေ ပြန်ရေး ပြပါလား ခင်ဗျ။ ပညာယူချင်လို့ပါ။ အခုခေတ်မှာ ဘလော့တွေ ပေါ်လာပြီဆိုတော့ ဒီဘလော့ကနေ ပညာသင် သွားမယ်လေ။ ခွင့်ပြုပါဗျာ။
အောင်မလေး နောက်ဆက်တွဲက
လာမယ် ကြာမယ် မဟုတ်ဘူး
စိတ်ပါမှတဲ့ ။
ပညာရှာချက်က ကမ်းကုန်အောင်ပဲ
ကြိုးစားသမျှ အရာထင်ခဲ့တယ်မဟုတ်လား
ခန့်မှန်းသွားတယ်။ မှန်ရင် မုန့်ဝယ်ကျွေးရမယ်။
ကြိုမယ်ပြောပြီးမကြိုတာ အဲဒီတည်းက အမှတ်လျှော့ရမှာ :P
အချိန်တွေ နေရာတွေ အတိအကျပါလား
ယုံသွားပါပီ
သိပ်သိပ်ချစ်တယ်ဆိုဒါ :P
(နှင်းဆီဖြူလေးက အလွတ်ကျက်ခိုင်းထားလို့လားတော့မသိဘူး .. မမှတ်မိရင် ဗိုက်ခေါက်ဆွဲလိမ်တယ်ထင်တယ် :P)
Post a Comment