Wednesday, July 25, 2018

Untitled

🎼ရာသီတွေ ဟောင်းတိုင်း ပြန်ရခဲ့တဲ့ နွေဦးလေနဲ့ မင်းလေးရဲ့ အိပ်မက် တခါပြန်ပြီး လှမယ့် ဒီအချိန်တွေကို ကိုယ်မျှော်လင့်တယါ 🎼

Sunday, June 5, 2016

စူရမ်ဘုရင်ရဲ့ တရုတ်ပြည် ခရီး (စင်္ကာပူ ပုံပြင်)

တခါတုန်းက အိန္ဒိယပြည်မှာ စူရမ်ဆိုတဲ့ ဘုရင်တပါး စိုးစံသတဲ့။ သူ့လက်ထက်မှာ အားကောင်းတဲ့ နိုင်ငံတော်တည်ထောင်ပြီး ဘေးနားက နိုင်ငံငယ်တွေကို သိမ်း၊ သူ့ကို အခွန်တွေဆက်ပြီး လာခစားစေသတဲ့။ ဒါပေမယ့် သူ့သြဇာကို လက်မခံတဲ့ ဘုရင်တပါး ရှိနေသတဲ့။ သူကတော့ တရုတ် ဧကရာဇ်ပေါ့ကွယ်။ အဲဒါကို စူရမ်သိတော့ သိပ်ဒေါသထွက်၊ အားကြီးတဲ့ စစ်တပ်ဖွဲ့ပြီး တရုတ်ပြည်ကို သိမ်းမယ်ဆိုပြီး စစ်ချီလာကြသတဲ့ကွယ်။

ပြဿ နာ တခုက တရုတ်ပြည် ဘယ်နားလဲ ဆိုတာ သူမသိဘူးတဲ့ကွယ်။ တောင်ဘက်ပိုင်းမှာလို့ သူထင်ပြီး ကမ်းရိုးတန်း အတိုင်း မြန်မာပြည်၊ ထိုင်း၊ မလေးရှားကို ဖြတ်ပြီး အစွန်ဆုံး ခုစင်္ကာပူ နေရာ ရောက်လာသတဲ့။ အဲဒီတုန်းကတော့ တီမားဆက်လို့ နာမည်တွင်သတဲ့။

ကုန်းကြောင်းဆက်ချီတက်လို့ မရတော့ဘူး ဆိုတော့ ဆက်သွားဖို့ သင်္ဘောတွေ အများကြီး ဆောက်ခိုင်းသတဲ့။ ဒါပေမယ့် တရုတ်ပြည်ကို ဘယ်လမ်းကြောင်းအတိုင်း ဘယ်လောက်ကြာအောင် သွားရမယ်ဆိုတာ မသိသေးဘူးတဲ့။

စူရမ်ဘုရင်ရဲ့ သတင်းကို ကြားရတဲ့ တရုတ် ဧကရာဇ်က စိတ်ပူနေတာပေါ့။ ပညာရှိ သုခမိန်ကြီးက သူရဲ့ စိတ်ကူးကို ပြောပြသတဲ့။ ဧကရာဇ်လည်း သဘောကျတယ်တဲ့။ နောက်ရက်ကျတော့ သုခမိန်ကြီးက တီမားဆက် သွားဖို့ သင်္ဘောတစီးလိုက်ရှာတယ်။ အသစ်မဖြစ်ရဘူး၊ အိုဟောင်းပြီး သွားရတယ် ဆိုရုံဟာမျိုးပေါ့။ သင်္ဘောသားတွေကလည်း အသက်ကြီးကြီးတွေ ရွေးထားတာတဲ့။ သင်္ဘောပေါ်မှာလည်း အသီးပင်ကြီးတွေ မြေအိုးထဲ ထည့်စိုက်သယ်လာခိုင်းသတဲ့။ ပြီးတော့ အပ်အဟောင်းတွေလည်း အများကြီး သယ်လာခိုင်းသတဲ့။ လူတွေကတော့ နားမလည်နိုင်ကြဘူးပေါ့။

နောက်ရက်တော်တော်ကြာမှာတော့ ဒီသင်္ဘောအိုကြီးဟာ တီမားဆက်ကို ဆိုက်ပါလေရောတဲ့ကွယ်။ သင်္ဘောပေါ်မှာ အပင်တွေပေါက်နေတဲ့ သင်္ဘောသားအဘိုးတွေပါတဲ့ ထူးဆန်းတဲ့ သင်္ဘောကြီးကို လူတွေကြည့်ပြီး ရယ်နေကြတာပေါ့။ စူရမ်ဘုရင်ကြီးလည်း သတင်းကြားတော့ လာကြည့်သတဲ့။

ဒီလူတွေ ဘယ်ကလာကြသလဲ မေးတော့ အသက်အကြီးဆုံး သင်္ဘောသားကြီးက သူတို့က တရုတ်ပြည်ကလာကြောင်း၊ စထွက်လာတုန်းက သူတို့တွေဟာ လူငယ်လေးတွေ ဖြစ်ကြောင်း၊ မျိုးစေ့တွေနဲ့ သံချောင်းကြီးတွေ သယ်လာကြောင်း၊ ခရီးဝေးလွန်းလို့ သူတို့လည်း အသက်တွေကြီး၊ မျိုးစေ့တွေလည်း အပင်ပေါက်ရုံမက အပင်ကြီးတွေ ဖြစ်နေ၊ သံချောင်းတွေလည်း အပ်တောင်ဖြစ်ကုန်ပြီလို့ ဖြေသတဲ့။

ဒီအဖြေကို စူရမ်ဘုရင်ကြားတော့ အင်း ခရီးအဲလောက်ဝေးရင် ငါ့စစ်သည်တွေရော ငါရော အဘိုးကြီးတွေ ဖြစ်နေပြီ၊ စစ်လည်းတိုက်နိုင်တော့မှာ မဟုတ်ဘူးဆိုပြီး သူ့နိုင်ငံကိုသူ တပ်ကိုပြန်ချီသွားပါသတဲ့။

ပုံပြင်လေးကတော့ ဒါပါပဲကွယ်..:)

ငလက်မလေး ပုံပြင်

ဟိုးရှေးရှေးတုန်းက လင်မယား ၂ ယောက်မှာ အိမ်ထောင်သက် ကြာလာပေမယ့် ကလေး မထွန်းကားဘူးတဲ့။ ကလေးလေး ရချင်လို့ ရုက္ခစိုး နတ်မင်းကြီးဆီ သွားသွား ဆုတောင်းပေမယ့် မရတတ်ဘူးတဲ့။ အဲဒါနဲ့ ကလေးလေး ရပါရစေ၊ လက်မလောက်လေးပဲ ဖြစ်ချင်ဖြစ်ဖြစ်ဆိုပြီး ဆုတောင်းလိုက်သတဲ့။ အဲဒီအခါမှ ဆုတောင်းပြည့်သွားပြီး ကလေးလေးမွေးလာတော့ လက်မလောက်လေးပဲ ရှိသတဲ့။

ဘာပဲဖြစ်ဖြစ် သူတို့ကလေးဆိုတော့ ချစ်ကြတာပေါ့။ ငလက်မလေး ၁၆ နှစ်လောက် အရွယ်ရောက်တော့ နေရာသစ်တွေကို စွန့်စားပြီး သွားချင်ပါတယ် ဆိုပြီး မိဘတွေကို ခွင့်တောင်းသတဲ့။ မိဘတွေက သူ့အတွက် မြစ်ထဲမှာ ခရီးသွားဖို့ လှေ အဖြစ် ဟင်းချိုပန်းကန်လေး လှော်တက်အဖြစ်ဝါးတူလေး လက်နက်အဖြစ် အပ်ကလေး ထည့်ပေးလိုက် သတဲ့။

မြစ်အတိုင်းစုန်ဆင်းသွားပြီး ရွှေမြို့တော်ဆီ ရောက်သွားတော့ ငလက်မလေးက နန်းတော်ကြီးဆီသွား ဘုရင့်ဆီမှာ အမှုထမ်းလုပ်ချင်ပါတယ် သွားပြောသတဲ့။ ဘုရင့် သမီးတော်လေးက ငလက်မလေးက ချစ်စရာကောင်းတယ် ဆိုပြီး သူ့အတွက် ကစားဖော် အဖြစ်ထားပေးပါ ဆိုတော့ ဘုရင်ကြီးက ခွင့်ပြုလိုက်သတဲ့။

အဲဒီလိုနဲ့ တနေ့ မင်းသမီးလေးနဲ့ သူဥယျာဉ်တော်ထဲမှာ ကစားနေကြတုန်း ဘီလူးကြီး တကောင် ရောက်လာပြီ မင်းသမီးလေးကို ကိုက်စားမယ် လုပ်သတဲ့။ အဲဒီတော့ ငလက်မလေးက ငါကမင်းသမီးလေးရဲ့ ကိုယ်ရံတော်ကွ ငါသေမှ မင်းသူ့ကို ရမယ် ဆိုသတဲ့။ ဘီလူးကြီးက ဒီငလက်မလေးကများကွာ ဆိုပြီး ကောက်မျိုချလိုက်သတဲ့။

ငလက်မလေးက သူရဲ့လက်နက်ဖြစ်တဲ့ အပ်လေးနဲ့ ဘီလူးကြီးရဲ့ လည်ချောင်းတလျှောက် အူတလျှောက်ထိုးတာပေါ့။ ဘီလူးကြီးလည်း မခံနိုင်တော့ အမြန်ပြန်ထွေးထုတ်ပြီး ထွက်ပြေးရသတဲ့။ ဇွတ်ပြေးသွားရတော့ သူရဲ့ဆုတောင်းပြည့်အိတ်ကလေးတောင် ကျန်သွားသတဲ့။

အဲဒါလေးကို မင်းသမီးလေးက ကိုင်ကြည့်ပြီး ငလက်မလေး ပုံမှန် လူအရွယ်အတိုင်း ဖြစ်ပါစေ ဆုတောင်းလိုက်တာ ပြည့်သွားပြီး ငလက်မလေးကနေ လူချောလူခန့်လေး ဖြစ်သွားသတဲ့။ အဲဒါနဲ့ မင်းသမီးလေးနဲ့ အတူပေါင်းသွားကြပြီး ပျော်ရွှင်စွာ နေထိုင်သွားကြသတဲ့။

ပုံပြင်လေးကတော့ ဒါပါပဲကွယ်...

Friday, June 3, 2016

မြစ်ကမ်းဘေးက သစ်ပင်အို (ဇမ်ဘီယာ ပုံပြင်)

ဟိုးရှေးရှေးတုန်းက မြစ်ကမ်းဘေးမှာ သစ်ပင်အိုကြီး တပင်ရှိသတဲ့။ မြစ်ရေတွေ တက်လိုက်ကျလိုက်၊ မုန်တိုင်းတွေထန်ခဲ့ပေမယ့်လည်း အပင်ကြီးက မလဲသွားဘူးဆိုတော့ မှော်သစ်ပင်ကြီး ထင်ကြသတဲ့။ အဲဒီသစ်ပင်ကြီးရဲ့ အခေါင်းထဲမှာ ဖျံ လေး (Otter) တကောင်နေသတဲ့။ သူက ကုန်းနေ ရေနေသတ္တဝါမို့ ရေထဲက ငါးလေးတွေကို စားသလို ပြောင်းဖူး၊ မြေပဲ၊ ဖရဲသီး ချိုချိုလေးတွေ ကြိုက်တာမို့ အနီးအနား ယာခင်းက သွားသွားခိုးစားသတဲ့။ ယာခင်းပိုင်ရှင် အဘွားနဲ့ သူ့သမီးချောလေးကတော့ စိတ်တွေတိုတာပေါ့။

အဘွားက ဒီဖျံ ကိုလည်း ဖမ်းလို့ မမိနိုင်တာမို့ စိတ်တိုပြီး ကဲဖျံနေတဲ့ မှော်သစ်ပင်ကြီးကို လှဲပစ်နိုင်တဲ့ ဘယ်သူမဆို သမီးချောလေးနဲ့ ပေးစားမယ်ဆိုပြီး သတင်းလွှင့်လိုက်သတဲ့။ နောက်ရက်မနက်မှာတော့ ခွန်အားပြည့်စုံတဲ့ လူတွေနဲ့ တိရစ္ဆာန်တွေက သစ်ပင်ကြီးနားမှာ လာစုနေကြပြီပေါ့။ (ဟိုးရှေးတုန်းက တိရစ္ဆာန်တွေနဲ့ လူတွေလည်း အိမ်ထောင်ပြုကြတာ ရှိဖူးသတဲ့)

ပထမဆုံးကတော့ သူရဲကောင်းလူချောလေးပေါ့။ သူက သူ့ရဲ့ပုဆိန်ကို တညလုံး သွေးထားခဲ့တာ မိုးကြိုးသွားလို ထက်နေပြီပေါ့။ သစ်ပင်ရှေ့မှာ မာန်ပါပါရပ် ပုဆိန်ကို အားရပါးရလွှဲပြီး ခုတ်လိုက်တာ အပင်မှာ အရာသေးသေးလေးတောင် မထင်ဘူးတဲ့။ ထပ်ခါထပ်ခါခုတ်လည်း မထူးတာမို့ လက်လျှော့ပြီး ပြန်သွားသတဲ့။

နောက်တဦးက ဆင်ကြီးပေါ့။ အပင်ကို တောင့်တင်းလှတဲ့ အစွယ်ကြီးတွေနဲ့ထောက် နှာမောင်းနဲ့ပါတ် သူရဲ့ ကြီးမားတဲ့ ခန္ဓာကိုယ်နဲ့ လှုပ်ပြီးနှဲ့သတဲ့။ အပင်က လှုပ်တောင် မလှုပ်ဘူးတဲ့။ တောဘုရင် ခြင်္သေ့ကြီးက ငါစမ်းကြည့်မကွာဆိုပြီး အသက်ပြင်းပြင်းရှူ ကြောက်စရာ အသံကြီးနဲ့ ဟိန်းဟောက်သတဲ့။ အနားက လူတွေ၊ အကောင်လေးတွေသာ လန့်သွားတာ အပင်ကတော့ ဘယ်လိုမှမနေဘူးပေါ့။ ရေမြင်းကြီးကလည်း လာလေ့ကွာ ဆိုပြီး အပင်ကြီးကို ပြေးပြေးတိုက်တာ၊ သူသာခေါင်းမူးရော အပင်က နေမြဲပဲပေါ့လေ။

အဲဒါတွေကို အသာကြည့်နေတဲ့ ယုန်လေးက အင်း.. သူတို့လုပ်တာ တခုခုတော့ လွဲနေပြီလို့ စဉ်းစားရင်း စိတ်ကူးရပြီး အကောင်အထည်ဖော်ဖို့ အိမ်ပြန်သွားသတဲ့။

နောက်နေ့မနက်စောစောမှာတော့ သူက ခွေးရယ် ဆိတ်ရယ်၊ ငုတ်တိုင် ၂ ချောင်းရယ် ၊ မြက်ကောင်းကောင်းပါတဲ့ အိတ်ရယ်၊ အသားတွေအရိုးတွေပါတဲ့ အိတ်ရယ်၊ နွယ်ကြိုးတွေရယ်နဲ့ လာသတဲ့။ သစ်ပင်နဲ့ မလှမ်းမကမ်းမြေပေါ်မှာ ငုတ်၂ချောင်းကို စိုက်၊ တချောင်းမှာ ခွေးကို နွယ်ကြိုးနဲ့ ချည်ထား၊ နောက်တချောင်းမှာ ဆိတ်ကို ချည်ထားတာပေါ့။ ခွေးရှေ့မှာ မြက်အိတ်ကိုချ၊ ဆိတ်ရှေ့မှာက အသားအိတ်ကို ချထားသတဲ့။ နေရာနည်းနည်းလှမ်းတော့ ခွေးကလည်း အသားအိတ်နေရာမရောက်နိုင်၊ ဆိတ်ကလည်း မြက်အိတ်နေရာ မရောက်နိုင်ဘူးတဲ့။ ခဏနေတော့ ဆာလာတဲ့ အခါ ၂ ကောင်သား စိတ်တိုပြီး အော်နေကြတာပေါ့။

သစ်ပင်ရဲ့ အတွင်းပိုင်း အခေါင်းထဲက ကြည့်နေတဲ့ ဖျံက ဒီယုန်တော့ ငတုံးပဲကွာ၊ မြက်ကို ခွေးရှေ့ချ၊ အသားကို ဆိတ်ရှေ့ချ ရူးများနေလားမသိ ဆိုပြီး စဉ်းစားနေရင်း ကြည့်မရတော့တာနဲ့ပဲ အပြင်ထွက်လာ မြက်အိတ်ကို ဆိတ်ရှေ့သွားချ၊ အသားအိတ်ကို ခွေးရှေ့သွားချ လုပ်ပေးသတဲ့။ အဲဒီအချိန်မှာပဲ အသင့်စောင့်နေတဲ့ အဘွားနဲ့ သမီးချောလေးက အဲဒီ အကောင်ကို ဖမ်းခေါ်သွားတာပေါ့။

ယုန်လေးကအဘွားကို သူတို့ သဘောတူထားတာ သတိရဖို့ ပြန်ပြောတာပေါ့။ အဘွားလည်း ယုန်လေးက ဥာဏ်အထက်ဆုံးမို့ သူ့သမီးလေးနဲ့ သဘောတူ ပေးစားလိုက်တာပေါ့ကွယ်။

အပင်ကြီးလား. အရင်အတိုင်းရှိသေးတာပေါ့ကွယ်။ အထဲမှာ ဘာအကောင်မှ မနေတော့တာ တခုပဲ။

Thursday, February 27, 2014

Facebook မှာ မတင်ချင်တဲ့ ရောက်တတ်ရာရာ

၁။ Facebook မှာ ခက်နေတာ တစ်ခုက လူပုံ profile လည်းအတိအကျမရှိ၊ ဘယ်သူမှန်းလည်း မသိတဲ့ အခြေအမြစ်မရှိတဲ့ လူတွေရဲ့စာကို အခြေအမြစ်ရှိတဲ့လူတွေက ရှယ်နေကြတာ
၂။ သူ့ရဲ့စကားကိုတော့ မလိုက်နာဘဲ အလကားနေ အလကား လိုက်ချီးကျူးးနေတဲ့သူတွေကို ဦးဘိုးလှိုင်လို ပုဆိုးတကွင်းစီ ပေးလိုက်ချင်တယ်။ တစ်ဖက်က ကြည့်တော့လည်း ကောင်းတဲ့လူ အကြောင်းကောင်းတာ ပြောတာ တော်သေးတာပ တွေးမိတယ်။
၃။ မိုးကုတ်ဆရာတော် ဘုရားကြီးရဲ့ တရားမှာ ပါတယ်။ လူတွေဟာ တီကောင်တွေလိုပဲ မမြင်မကန်းနဲ့ ပုရွတ်ဆိတ်တွေရှိတဲ့နေရာ သွားမိသလိုမျိုး ကိုယ့်ကိုဒုက္ခပေးတဲ့ နေရာ ရောက်အောင်သွားတယ် တဲ့။ အဲဒါက တရားသဘောပေါ့။ Facebook မှာလည်း ကိုယ်အဲဒီနေရာကို သွားရင် စိတ်ညစ်မှာ သိရက်နဲ့ မရောက်ရောက်အောင်သွားပြီး စိတ်ညစ်စရာတွေ ရှာကြတယ်။
၎။ စင်္ကာပူမှာလည်း ပျော်စရာတွေများလာပြီ။ ပတ်စ်ကို သတ်တမ်းတိုးတာ approved ဖြစ်တာလည်း ပျော်ရတာပဲ။
၅။ မနှစ်ကတော့ ၂ နှစ်စာ လျှောက်ပါဆို ၁ နှစ်ပဲ လျှောက်တယ်။ ခုနှစ်တိုးမယ့်တိုးတော့ ၃ နှစ် တစ်ခါတည်း၊ အဲဒါလည်း ပြီးတာပဲ..:)

Sunday, October 21, 2012

For My Information (1) : မင့်ဥစ္စာမင်းစားတာ စားသာစား


တစ်ခါက လယ်ပိုင်ရှင် တစ်ယောက် နဲ့ သူ့ဆီမှာ သူရင်းငှား လုပ်တဲ့သူ တစ်ယောက်ရှိသတဲ့။ လယ်ပိုင်ရှင်က  ထုံးစံအတိုင်း သူရင်းငှားကို အစားအစာပါ ကျွေးမွေးထောက်ပံ့ရတာပေါ့။ ထမင်းစားတဲ့ အခါတိုင်း သူရင်းငှားက တန်အောင်ဆိုပြီး ထမင်းတွေရော ဟင်းတွေရော တအားစားသတဲ့။ အဲဒီတော့ လယ်ပိုင်ရှင်က “မင့်ဥစ္စာမင်းစားတာ စားသာစား” လို့ပြောသတဲ့။ သူရင်းငှားက နားမလည်နိုင်ဘူး။ ဘယ့်နှယ် သူ့ထမင်းဟင်းတွေ ငါစားနေတာကို အဲလိုပြောရသလားပေါ့။

နောက်ပိုင်းတော့ သူရင်းငှားလည်း ကြိုးစားရင်း တဖြေးဖြေးနဲ့ လယ်ပိုင်ဖြစ်လာသတဲ့။ အဲဒီအခါကျ အစားအသောက်ကို များများစားနေကျ အကျင့်က ပါခဲ့ပြီဆိုတော့ ဖျောက်လို့မလွယ်တော့ဘူးပေါ့။ အဲဒီအခါမှ လယ်ရှင်ပြောတဲ့ စကားကို နားလည်သွားသတဲ့။

ဒီပုံပြင်လေးက သူငယ်ချင်းအိမ်သွားရင်း ဖတ်ရတဲ့ စာအုပ်လေးထဲကပါ။ ထပ်ပြီး စဉ်းစားမိတာက ကျွန်တော်အပါအဝင်ပေါ့လေ တစ်ချို့တွေက တစ်ခါတစ်ရံ အလုပ်မှာ ယောင်လည်လည် လုပ်ပြီး အချိန်ဖြုန်းမိတာတွေ ရှိပါတယ်။ အဲဒါမှ တန်တာလို့လည်း ထင်မိကြပါတယ်။

သို့ပေမယ့် ကျွန်တော်တို့ အားလုံးဟာ တစ်သက်လုံး သူများအလုပ်ကို လုပ်သွားချင်ကြတဲ့သူတွေ တစ်ယောက်မှ မပါကြပါဘူး။ ကိုယ်ပိုင်အလုပ်ကို လုပ်မယ်၊ လုပ်ချင်တယ်လို့ စိတ်ကူးနေ၊ စိတ်ကူးယဉ်ကြတဲ့သူတွေ များပါတယ်။ တကယ်လို့သာ  ယောင်လည်လည် အချိန်ဖြုန်းတဲ့  အကျင့်ကြီး ပါသွားခဲ့ရင် တိုးတက်ဖို့ရာ မလွယ်နိုင်ပါဘူး။

တကယ်တော့ ကျွန်တော်တို့တွေဟာ ကျွန်တော်တို့ရဲ့ အချိန်၊ ကျွမ်းကျင်မှုတွေကို ရောင်းချသူ၊ manager တွေ ဘော့စ်တွေက ဝယ်ယူသူတွေပါ။ ခုမှဖတ်ဖြစ်တဲ့ စာအုပ်ဟောင်း Think and Grow Rich ထဲက Self-Analysis Questionnaire for Personal Inventory ထဲက မေးခွန်းတစ်ချို့မှာ ဒီလိုပါပါတယ်။ “ငါကိုယ်တိုင် ငါရဲ့ ကျွမ်းကျင်မှုတွေကို ဝယ်ယူသူ ဖြစ်ခဲ့ရင် အဲဒီဝယ်ယူမှုနဲ့ ပတ်သက်ပြီး ကျေနပ်မလား” ၊ “ငါရဲ့ ကျွမ်းကျင်မှုတွေကို ဝယ်ယူတဲ့သူဟာ ကျေနပ်မှုရှိသလား၊ မရှိရင် ဘာကြောင့်လဲ” စတဲ့ မေးခွန်းမျိုးတွေကို ကိုယ်ကိုယ်တိုင် မေးကြည့်သင့်တယ်လို့ ဆိုပါတယ်။

စာရေးတာက ဆရာကြီးလိုလို၊ တက်ကျမ်းလိုလိုပါသွားခဲ့ရင် ခွင့်လွှတ်ပါ။ ကျွန်တော့်ကို ကျွန်တော်ဆုံးမချင်လို့ ရေးထားတာ ဖြစ်လို့ For My Information လို့ နာမည်တပ်ထားတာပါ။

ခင်မင်စွာဖြင့်

 

Bonus:

၁)    အမူးသမားများ

အမူးသမား ၃ ယောက် taxi ငှားစီးကြသည်။ ကားသမားက အမူးသမားတွေကို လွယ်လွယ်လေးလှည့်ပြီး ပိုက်ဆံရဖို့ စဉ်းစားသည်။ ကားကို စက်နှိုး၊ မောင်းချင်ယောင်ဆောင်ပြီး ချက်ချင်း စက်ပိတ်လိုက်သည်။ ပြီးနောက်ရောက်ပြီ လို့ ပြောလိုက်သည်။

ပထမအမူးသမားက ကျေးဇူးတင်စကားပြောပြီး ပိုက်ဆံပေးသည်။ တတိယ အမူးသမားက ဒေါသတကြီးနှင့် ဒရိုင်ဘာခေါင်းကို လက်သီးနဲ့ထိုးသည်။ သူလှည့်တာ သိများသိသွားပြီလား ဆိုပြီး ဘာကြောင့်လဲလို့ ဒရိုင်ဘာကမေးသည်။

ထိုအခါ အမူးသမားက အဲလောက်ကြီး မြန်မြန်မောင်းလို့ ဟု ဆိုလေသည်။

၂)    ဟိုမှာဒီမှာ

တရားသူကြီးက တရားခံကို မေးသည်။ မောင်ရင်ဘယ်မှာ နေသလဲ

တရားခံပြန်ဖြေသည်။ ဟိုနား ဒီနား

နောက်ထပ်မေးသည်။ ဘာလုပ်သလဲ

ပြန်ဖြေသည်။ ဟိုဟာ ဒီဟာ

တရားသူကြီး စိတ်မရှည်ဖြစ်ပြီး ဒီကောင့်ကို ခေါ်သွားကြစမ်းလို့ ပြောလိုက်သည်။ ထိုအခါ တရားခံက

နေပါဦး ကျွန်တော်ဘယ်တော့လွတ်မလဲ ပြန်မေးသည်။ ထိုအခါ တရားသူကြီး ပြန်ဖြေသည်။

 အနှေးနဲ့ အမြန် ပေါ့။
 

၃)    သိုးများကို ရေတွက်ခြင်း

စစ်ဆေးသူ အရာရှိက တုံးအသည်ဟု နာမည်ကြီးသူ ဂျွန်ကိုမေးသည်။

နင့်မှာ သိုးဘယ်နှစ်ကောင် ရှိလဲ။

ဂျွန်ပြန်ဖြေသည်။

“မသိဘူး။ ငါသိုးအကောင်ရေကို လိုက်ရေတိုင်း ရေတိုင်း အိပ်ပျော်သွားတာပဲ”

 

Thursday, October 18, 2012

ချစ်သူသိလား ရှေးရေစက်တွေ ဘယ်သူဖျက်ဖျက် မပျက်နိုင်ပေ အပိုင်း (၄)

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃

Credits to https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQw2ZTCFDfLfzKDIkw1G6xvnE3HxQ4lHN_qjYeEC3QmGq-X0WpcaauxHPjAkcZtn-oN0-qTFisSqVJktoFCGYw1C6MyT5ETTOl_cFW01c0jcXnln4G6L8nlGRXqp2ypJU0usmtBnGMOKE/s400/broken-heart-cards-3.jpg

နောက်တစ်ပတ် ရဲထွဋ်ကျောင်းပြန်တက်သောအခါ အတန်းက သူငယ်ချင်းတွေက ပြုံးစိ ပြုံးစိ ကြည့်နေကြသဖြင့် ရဲထွဋ်တစ်ယောက် ဘာတွေဖြစ်ကုန်လဲ မစဉ်းစားတတ် ဖြစ်နေသည်။ အဖွဲ့ကို မေးသော်လည်း ဝေ့ဝိုက်နေကြသဖြင့် စိတ်မရှည်တော့ပဲ တစ်နယ်တည်းသား သူငယ်ချင်းဖြစ်သော ကြည်ဖြူပိုင့်ကို သွားမေးသည်။ ဟိုတစ်ယောက်ကလည်း သူ့ဘာသာသူ စာတွေနှင့် ခေါင်းရှုပ်နေသဖြင့် မရှိဘူး၊ မသိဘူး သွား လုပ်လိုက်သည်။ နောက်မှ ကျောင်းမှာ အပ်ကျတာက အစ သိသည်ဆိုသော မောင်ငယ် ကို သူဂိမ်းဆော့နေသော ကွန်ပြူတာစက်ခန်းထဲ လိုက်မေးရသည်။ ထိုအခါကျမှ ပြာပြာက ရဲထွဋ် နှင့် ပတ်သက်၍ မဟုတ်က ဟုတ်က တွေ ပြောထားကြောင်း သိရသည်။ (မည်သို့ မဟုတ်က ဟုတ်က များ ပြောသည်ကိုကား အတိအကျ မပြောတော့ပါ။ ဇာတ်လမ်းက ရဲထွဋ်နှင့် ပြာပြာက သီဟသစ်ကို ဘာမှ မလုပ်နိုင်သော်လည်း အပြင်က ရဲထွဋ်နှင့် ပြာပြာက သီဟသစ်ကို ရန်ပြုနိုင်သောကြောင့် ဖြစ်၏။ :P)

ကြေကြေကွဲကွဲ စိတ်ညစ်စွာ ထိုင်နေသော ရဲထွဋ်ကို ဘိုဘို တစ်ယောက်ကြည့် မနေနိုင်တော့ပေ။ ပြာ့ပြာ့ကို သွားရှင်းပြမယ် ဆိုပြီး ထွက်သွားသည်။

“ဟေ့ပြာပြာ၊ ရဲထွဋ် နဲ့ ပတ်သက်ပြီး ဘာတွေ လျှောက်ပြောတာလဲ”
“ဒါ ငါ့အပိုင်းပါ၊ သူက ငါ့မာန စပြီး တူးဆွသွားတာပဲ၊ ငါတော်တော် စိတ်ဆိုးတယ်”

“အေးအဲဒါကို ရှင်းပြချင်လို့ လာတာပဲ၊ ရဲထွဋ် နင့်အိတ်ထဲက mp3 player လေးကို တွေ့ပြီး နားထောင်ဖြစ်သွားတယ်”
“ဟမ်၊ ဒါဆို..ဒါဆို”

(ဤနေရာတွင် အရင်က သီချင်းဟောင်းဖြစ်သော ဂရေဟမ် နှင့် ချောစုခင်တို့ရဲ့ သီချင်းဖြစ်သော “နှလုံးသား ရှိတဲ့ အရပ်” သီချင်းမှ “ပြန်လည် တောင်းပန်ချင်ခဲ့မိ နာကျင်စေခဲ့ မင်းအသည်းမှာ” စာသားနောက်ခံဖြင့် ပြာပြာ တစ်ယောက် ကြေကွဲနေဟန်ကို မြင်ယောင်ကြည့်ကြရန်။ စစ်ကိုင်းတံတား ကြီးပေါ်တွင် ဝမ်းနည်းစွာဖြင့် လျှောက်နေသော ပြာပြာ၊ တောင်သမန်အင်းဘေးတွင် လှေပေါ်မှာ ငူငူကြီး ထိုင်နေသော ရဲထွဋ် စသဖြင့် စသဖြင့် .. မြင်ယောင်ကြရန်။

မှတ်ချက်။ ။ ကဗျာဆန်စေရန် အတွက်သာ ထည့်ထားခြင်းဖြစ်သည်။ တကယ်ကတော့ ဝက်သားတုတ်ထိုးများ အားပါးတရ စားနေသော ပြာပြာ၊ လက်ဖက်သုပ်များ ပက်ပက်စက်စက် စားနေသော ရဲထွဋ်တို့ကို သူငယ်ချင်းများ တွေ့နိုင်သည်။)

နောက်နေ့ ဘိုဘိုနဲ့ ရဲထွဋ်တို့ ၂ ယောက်သား ကန်တင်းဘက်မှ ပြန်လာခိုက် ပြာပြာနဲ့ ဆုံသည်။ ပြာပြာက ရဲထွဋ်ကို လှမ်းခေါ်သည်။
“ကို..ကို.. ပြာရှင်းပြပါရစေ”
“ဟေ့ကောင် ဘိုဘို၊ မင်းကို ကြိုက်နေတဲ့ ကောင်မလေး မင်းရှေ့ရောက်နေပြီ လေကွာ၊ မင်း ချစ်တယ် ပြောလိုက်လေကွာ”

“မဟုတ်ပါဘူး ကိုရယ်၊ ပြာရှင်းပြပါရစေ၊ အဲဒါအရင်က ပြာလျှောက်ပြီး စိတ်ကစားခဲ့မိတာပါ၊ ကိုနဲ့ စချစ်ကတည်းက ပြာ့ကိုယ်ပြာ သိပါပြီ၊ ပြာချစ်တာ ကိုတစ်ယောက်တည်းကိုပါ”
“ငါမင်းကို မယုံတော့ဘူး ပြာပြာ၊ ငါ့ကို တကယ်ချစ်တာ ဆိုရင် မင်းရဲ့ mp3 player လေးမှာ ငါ့နာမည်ကို ရေရွတ်ထားတာ ဘယ်နှစ်ခါပါလဲ ပြန်ဖွင့်ပြစမ်းပါ”

“အဲဒါက ပြာစိတ်ညစ်မှ အသံသွင်းဖြစ်တာပါ၊ ပြာ ကိုနဲ့ ချစ်သူဖြစ်ကတည်းက ပျော်နေတယ်လေ”
“သွားစမ်းပါပြာ၊ ငါကတော့ ငါ့ကိုမို့လို့ ချစ်တယ်လို့ ပြောခဲ့တယ် မထင်ဘူး၊ ငါက ဘိုရဲ့အချစ်ဆုံး သူငယ်ချင်း ဖြစ်နေတာကိုး၊ ငါ့နေရာမှာ ဘယ်သူဖြစ်ဖြစ် မင်းချစ်တယ် ပြောမှာမို့လား”

ပြာတစ်ယောက် သူ့အချစ်ကို အစော်ကားခံရသလို ဖြစ်သွားသဖြင့် စိတ်မထိန်းနိုင်တော့ပဲ ရဲထွဋ်ကို ပါးရိုက်လိုက်မိတော့သည်။ ရဲထွဋ်တစ်ယောက် ပါးလေးကို ပွတ်ရင်း
“ကျေးဇူးပါပြာပြာ”
ဆိုပြီး ချာခနဲ လှည့်ထွက်သွားတော့သည်။

ရဲထွဋ် နှင့် ပြာပြာ တို့ ဇာတ်လမ်းကား ဒီဘဝ ဒီမျှသာ ဖြစ်တော့မည် ထင်ရလေသည်။ ရဲထွဋ်တစ်ယောက်ကား မန္တလေး ကွန်ပျူတာ တက္ကသိုလ်က ကျောင်းပြီးပြီးနောက် I.T Company တစ်ခုတွင် Programmer အဖြစ် ဝင်ရောက်လုပ်ကိုင်လေသည်။ အလုပ်ထဲရောက်လာ၍ စိတ်များတည်ငြိမ်သွားပြီ ဟု သူ့ကိုယ်သူ ထင်နေသော်လည်း သူ့ နှလုံးသား အနာမှာ အလွယ်တကူ မကျက်နိုင်ခဲ့ပေ။ ပြာပြာနဲ့ ရောက်ဖူးသော နေရာများသို့ ရောက်မိလျှင် ပြာ့ပြာ့ကို မြင်ယောင်၏။ မရောက်ဖူးသော နေရာများသို့ ရောက်လျှင် ပြာပြာနဲ့ တုန်းက မလာခဲ့ရဘူး ဟု တမ်းတမိပြန်သည်။ နောက်ဆုံးသို့ အတိတ်ထဲက ရုန်းထွက်နိုင်ရန် ပတ်ဝန်းကျင်သစ် သို့သွားတော့မည် ဆုံးဖြတ်ပြီး မိဘများထံ ခွင့်တောင်းကာ စင်္ကာပူထွက်တော့မည် လုပ်တော့၏။

သွားခါနီး အစ်မဝမ်းကွဲ ဖြစ်သူ မဝါဝါခိုင်မင်းတို့ မိသားစု ကို သွားနှုတ်ဆက်သေးသည်။ မမဝါက
“အေးကွယ်၊ မင်းက ဦးဥာဏ်လောက် အချစ်ရေးမှာ ကံမကောင်းဘူးကိုးကွဲ့၊ အစစ အရာရာ အဆင်ပြေ ချောမွေ့ပါစေကွယ်”
ဆိုပြီး နှုတ်ဆက်လိုက်၏။ အဒေါ်ဖြစ်သူ ဒေါ်အယ်ဇီကတော့
“လူပျိုကြီး လုပ်တာပဲ ကောင်းပါတယ် ရဲထွဋ်ရယ်”
ဟု အားပေးရှာ၏။

ပြာပြာတစ်ယောက်မှာတော့ရော..
ရဲထွဋ်နှင့် တူတူ နောက်ဆုံး စစ်ကိုင်းသွားလည်ကြစဉ်က အမျိုးဖြစ်သူ မခရေညို ကတွေ့သွားသောကြောင့် အဖေဦးစိုင်းစိုင်းဆီ နားပေါက်သွားသဖြင့် အိမ်တွင် အနေကျပ်နေလေသည်။ ပြာပြာ ကျောင်းပြီးသောအခါ ဦးစိုင်းစိုင်းက မိတ်ဆွေဖြစ်သူ စိန်ပွဲစား ဒေါ်ကြယ်ပြာ ၏ တူဖြစ်သော ပင်လယ်ထဲတွင် သူ့ဘာသာသူ ရွက်လွှင့်နေသော သင်္ဘောသား ကိုအန်ဒရူး နှင့်လက်ထပ်ပေးမည် စီစဉ်၏။

ကိုအန်ဒရူး အိမ်လာလည်သော အခါတွင်ကား ကိုယ့်ဘာသာကိုယ် လူပျိုကြီးမို့လို့ ရှက်ရသည့်အထဲ ပြာပြာ့ မောင်ဝမ်းကွဲဖြစ်သော ဖြိုးမော်က ကင်မရာတစ်ချိန်ချိန်ဖြင့် ဓါတ်ပုံလိုက်ရိုက်တော့ ပိုဆိုး၏။ ဒီကြားထဲ နောက်မောင်တစ်ယောက်ဖြစ်သော ဂျပန်ကောင်လေးက အီးဋီကာ လာဖွင့်ပြနေသဖြင့် စိတ်ညစ်ရသေးသည်။ ကိုယ့်အစ်မဆီ လာပိုးလို့ ပိုးမှန်းမသိ သဘောစွတ်ကောင်းတတ်သော ရီနိုမာန် နှင့်သာ အနည်းငယ် အဆင်ပြေလေသည်။ သို့သော်လည်း တွေ့တိုင်း ငိုပြ၍ မုန့်ဘိုးတောင်းတတ်သော ပြာပြာ့မောင်ငယ် ဖိုးစိန် နှင့် တွေ့သောအခါတွင်ကား ကိုအန်ဒရူးတစ်ယောက် “နှင်းဆီပြာရဲ့ အဝေးကငါ” ပဲလုပ်တော့မည် ဆုံးဖြတ်ကာ လက်လျှော့သွားလေသည်။

ပြာပြာ့အိမ်ရှေ့ ဂစ်တာ လာတီးသော အရပ်ထဲက လူငယ်လေးများလည်း ရှိ၏။ သူတို့ကား အာဇာနည် စတိုင်လ် အပြည့်ရှိသော ဗီလိန် နှင့် ဂစ်တာတီးကောင်းသော ခရောင်းတို့ ဖြစ်သည်။ သူတို့တွေကျ ပြာပြာ့ ညီမဝမ်းကွဲတွေနဲ့ တွေ့ရလေသည်။ ညီမ သဲသဲက သူတို့ဂစ်တာ လာတီးကြလျှင် ခွေးနှင့် ရှူးတိုက်လေ့ရှိသည်။ နောက်ညီမ တစ်ယာက်ဖြစ်သော ဖြူစင်ကြယ် ကတော့ လောက်လေးဂွနှင့် ထုလွှတ်တတ်လေသည်။ နောက်ဆုံးတော့ ဟိုနှစ်ယောက်လည်း “ကောင်းကင်ပြာကို ဘယ်သူများ ဆေးရောင်ခြယ်၊ ခြယ်ချင်တဲ့သူခြယ်” ဆိုပြီးလစ်သွားကြလေသည်။ နောက်ဆုံးတော့ ပြာလည်း သူ့သူငယ်ချင်း မငုံလို အပျိုကြီးပဲ လုပ်တော့မည် ဆိုပြီး ဆုံးဖြတ်လိုက်လေတော့သည်။

ဦးစိုင်းစိုင်းတစ်ယောက်ကတော့ ပြာပြာ့ကို
“ငါ့အလုပ်ကူမှာလား အိမ်ထောင်ချပေးဖို့ ထပ်စီစဉ်ရမလား”
“ဟမ် ဖေဖေကလဲ၊ သမီးအိမ်ထောင်မပြုချင်ပါဘူး”

“အဲဒါဆိုလဲ ငါ့စီးပွားရေး လုပ်ငန်းတွေမှာ ဝင်ကူလုပ်တော့”
“သမီးလဲ အဲဒါစဉ်းစားနေပါတယ်၊ အဲဒါလေ လုပ်ငန်းပိုတိုးတက်ဖို့ ကူညီနိုင်အောင် accounting သင်တန်းသွားတက်မလို့ ဖေဖေရဲ့”

“အဲဒါဘယ်မှာ တက်ရမလဲ”
“ရန်ကုန်မှာ သင်တန်းစတက်ရမယ်၊ ပြီးရင် စင်္ကာပူကို သွားတက်ရမှာ”

ဒီအတိုင်း အိမ်မှာ အခန့်သားထိုင်စားနေတာ သိပ်ကြည့်မရတော့သော ဦးစိုင်းစိုင်းလည်း ခွင့်ပြုလိုက်လေသည်။

ဆက်ရန်..
စင်္ကာပူမှာ ပြန်ဆုံကြတဲ့ အခါ ရဲထွဋ်နဲ့ ပြာပြာ ဘာတွေ ဆက်ဖြစ်ကြမလဲ....

ခင်မင်စွာဖြင့်
သီဟသစ်

Wednesday, October 17, 2012

Facebook Ethics (သို့) ကျွန်တော်တွေးမိသည့် Facebook ယဉ်ကျေးမှု

၁။ စိတ်ညစ်တယ် စိတ်ပျက်တယ် စသည့်အရာများကို ဘာကြောင့်ဖြစ်တယ် ဆိုတာ မဖော်ပြနိုင်ရင် လုံးဝကို Status အနေနဲ့ မရေးသင့်ပါ။ ကိုယ့်ကိုမုန်းသူများပျော်စေပြီး ကိုယ့်ကိုခင်မင်သူများ ဘာကြောင့်ဖြစ်ရတာပါလိမ့်၊ ငါကြောင့်များလား တွေးမိပြီး စိတ်ပူလောင်စေသောကြောင့်ဖြစ်ပါသည်။လူတိုင်းကို ပျော်အောင် သင်လုပ်မပေးနိုင်ပါ။ သို့သော် လူတိုင်း ကိုယ်ကြောင့် စိတ်အနှောင့်အယှက် မဖြစ်နိုင်အောင်တော့ အတတ်နိုင်ဆုံးကြိုးစားနိုင်ပါသည်။

၂။ ပေါက်တတ်ကရပုံ အများအမြင် မတင့်တော်သောပုံများကို သူငယ်ချင်းများအား Tag မလုပ်ပါနဲ့။ သူတို့ကို လေးစားမှုမရှိရာ ရောက်သောကြောင့် ဖြစ်ပါသည်။ကိုယ့်ကို Tag အလုပ်ခံရလျှင်လည်း သူငယ်ချင်း အရင်းဖြစ်လျှင် မကြိုက်ကြောင်း သတိပေးစကား လှမ်းပို့ပါ။ အရင်းမဟုတ်ပါက ကိုယ့်ကို သေချာလည်း မသိ၊ လေးလည်း မလေးစားသူကို Unfriend လုပ်ပါ။

၃။ တစ်ခုခုကို Statusတင်/Comment/ Share မလုပ်ခင် ကိုယ့်ရဲ့ ရယ်ရွယ်ချက်ကို သေချာ စဉ်းစားပါ။THINK!T - is it True?H - is it Helpful?I - is it Inspiring?N - is it Necessary?K - is it Kind?သူငယ်ချင်းတွေကို စချင်နောက်ချင်၊ ပျော်စေချင်တယ် ဆိုလျှင် ကိစ္စမရှိသော်လည်း အားလုံးကို စိတ်အနှောင့်အယှက် ဖြစ်စေရုံသက်သက်အတွက်တော့ မလုပ်သင့်ပါ။

၎။ သူငယ်ချင်းရဲ့ အတွင်းရေး ကိုယ်ရေးကိုယ်တာ ကိစ္စများကို မေးမည်ဆိုပါက သူ့wall/timeline ပေါ်သွားမေးခြင်းထက် FaceBook Message ပို့ပြီး မေးပါ။

၅။ ကိုယ့်Friend List ထဲကတစ်ယောက်ယောက်တို့ (သို့) တစ်ဖွဲ့ဖွဲကို ဘယ်လိုမှ သဘောမကျနိုင်လို့ မဖြစ်မနေ ဆဲချင်တယ် ဆိုရင်လည်း အဲဒီလူတွေကို FaceBook List ဖွဲ့ထားပြီး Status တင်တဲ့ အချိန်မှာ Show/Hide မှာ အဲဒီ List ရွေးလိုက်ပါ။ မဆိုင်တဲ့သူတွေ စိတ်အနှောင့်အယှက် ဖြစ်စရာ မရှိတော့သောကြောင့် ဖြစ်သည်။

၆။ ကိုယ့် wall/timeline ပေါ် ကြိုက်တာ တင်လို့ရတယ်ဆိုပြီး ရိုင်းစိုင်းတဲ့ စကားလုံးများ သုံးကာ မတင်သင့်ပါ။ အပြင်က ဥပမာအနေနဲ့ ပြောရရင် အိမ်ရှေ့ထွက်ဆဲနေသလို ဖြစ်နေသောကြောင့်ဖြစ်ပါသည်။

၇။ FaceBook Profile တွင် အလုပ်နဲ့ ပတ်သက်တဲ့ information ဖြစ်နိုင်ရင် မထည့်သင့်ပါ။ ထည့်ချင်တယ်ဆိုရင်လည်း FBတွင် ပေါက်တတ်ကရတွေ သိပ်မလုပ်သင့်ပါ။ ကိုယ့် အဖွဲ့အစည်းကို ကိုယ်က ကိုယ်စားပြုနေသလို ဖြစ်နေသောကြောင့် ဖြစ်ပါသည်။

၈။ ကိုယ်ရောက်နေတဲ့ နိုင်ငံ/လူမျိုး (အထူး သဖြင့် စလုံး) နဲ့ ပတ်သက်ပြီး သူတို့၏ Page များတွင် Negative ဆန်သော ကောမန့်များပေးခြင်း ဆင်ခြင်ပါ။ အလုပ်တွင် ထိခိုက်မှု ရှိနိုင်သောကြောင့်ဖြစ်ပါသည်။ e.g http://www.asiaone.com/News/Latest%2BNews/Singapore/Story/A1Story20121008-376209.html

၉။ ထို့အတူ ဘာသာရေး၊လူမျိုးရေးနဲ့ ပတ်သက်သော ကိစ္စများကို သူတို့၏ Page များတွင် Negative ဆန်သော ကောမန့်များ မပေးသင့်ပါ။ Facebook တွင် Racist comment ကြောင့် အဖမ်းခံရသည်ဆိုသော သတင်းများကြောင့်ဖြစ်ပါသည်။ e.g http://www.channelnewsasia.com/stories/singaporelocalnews/view/1211003/1/.html

၁၀။ ကိုယ့်သူငယ်ချင်းများထဲမှ နိုင်ငံခြားသား မိတ်ဆွေများကို list သတ်သတ်ဖွဲ့ပါ။ မြန်မာလို status တင်ချင်သောအခါ ထို list ကို hide လုပ်ထားခြင်းဖြင့် သူတို့ရော ကိုယ်ရော စိတ် အနှောင့်အယှက် ဖြစ်ခြင်းမှ ကင်းဝေးစေနိုင်ပါသည်။

FaceBook မှာ ကြုံရတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး ပြောထားတဲ့ podcast ကိုအောက်က link မှာ နားထောင်ကြည့်ပါ။
http://soundcloud.com/myanmarnetwork/facebook-issues-by-daw-haymar
FaceBook တွင်ရှိသင့်သည် ထင်သော ယဉ်ကျေးမှုများကို စိတ်ထဲ ရှိသလို ရေးထားတာပါ။ လိုအပ်တာတွေ တွေ့ရင် ဖြည့်စွက်ပြင်ဆင်ပေးကြပါ။

ခင်မင်စွာဖြင့်
သီဟသစ်

Thursday, March 3, 2011

သားလေး ချမ်းချမ်း ရဲ့ ဒိုင်ယာရီ (၁)

ကိုယ့်ဘလော့ကိုယ် သွားမလည်ဖြစ်တာလည်း တစ်နှစ်ပြည့်ပါတော့မယ်။ အဲဒီရက်ပိုင်းတွေ အတွင်း ကျွန်တော်ရေးတဲ့ စာအသစ်တွေနဲ့ ပတ်သက်ပြီး အကောင်းလည်း အပြောမခံ ရပါဘူး၊ အဆိုးလည်း အပြောလည်း မခံရပါဘူး၊ အသစ်လည်း တစ်ပုဒ်မှမရေးဖြစ်ပါဘူး။ (မော့စ် စကား ငှားပြောတာပါ။)

မနှစ်က နောက်ဆုံးပို့စ် ရေးပြီး ရက်ပိုင်းအတွင်း သားလေးနဲ့ နှင်းဆီဖြူ စင်္ကာပူရောက်လာပါပြီ။ အရင် သားလေးနဲ့ အတူမနေရခင်တုန်းက အဝေးကနေပဲ ချစ်နေတာဆိုတော့ ပင်လည်းမပင်ပန်းဘူး၊ တအားလည်း မလေးနက်သလိုပါဘဲ။ သားလေးနဲ့ အတူတူနေရမှ လူပင်ပန်း၊ စိတ်ပင်ပန်းတွေ ဖြစ်ရပေမယ့် ပိုလည်းပျော် သူ့ကိုလည်းပိုပြီး ချစ်လာပါတယ်။ ပြီးတော့ လူကြီးလည်း မဆန်လို့ မရတော့ဘူး။ ကလေးတစ်ခုခု နေမကောင်းဖြစ်ခဲ့ရင် နှင်းဆီဖြူနဲ့ပဲ နှစ်ယောက်သား တိုင်ပင်၊ လုပ်စရာ ရှိတာ တန်းလုပ်ရတာမျိုးမို့ပါ။ ကလေးကို ဂရုစိုက်နေရတာမို့ စာလည်းမရေးဖြစ်တော့ပါဘူး။

သားလေးကလည်း အံ့သြစရာပါ။ ဟိုမှာ ၁၀ ရက်လောက်ပဲ အတူတူနေခဲ့ရပေမယ့် ဒီကို သူတို့လာတဲ့အခါ လေဆိပ်မှာ သွားကြိုတော့ တန်းပြန်မှတ်မိပြီး လူကို ချက်ချင်းလက်ကိုတန်းပုတ် နှုတ်ဆက်တာပါ။ နောက်တော့ တဖြေးဖြေးနဲ့ တအားတတ်လာပါပြီ။ မွေ့ရာပေါ် လမ်းစလျှောက်တတ်၊ အခန်းထဲလျှောက်တတ်၊ ခုတော့ မနည်းပြေးလိုက်နေရပြီ။ စကားကလဲ ကျွန်တော်တို့ သင်ပေးတာက ပါပါး၊ မာမား.သူ့ဘာသာသူ စပြောတာက ဖေဖေ၊ မေမေ တဲ့။ ပြောခိုင်းတိုင်းလည်း ပြောတာ မဟုတ်ပါဘူး၊ သူစိတ်ပါမှ ပြောတာပါ။ ခုသားလေးက တစ်နှစ်နဲ့ ၁၁ လထဲရောက်ပါပြီ။ ခုထိတော့ သူ့ဘာသာသူပဲ နားလည်တဲ့ Baby Language နဲ့ ပဲ ပြောနေတာပါပဲ။ သူကလဲ ပြောချင်တာပြော၊ ကိုယ်ကလဲ ဘာသာပြန်ချင်သလိုပြန် ကိုက်တော့ ကိုက်နေတာပါပဲ။

သားလေးက ဒီကိုရောက်ခါစတုန်းက ညညဆို ထထငိုတတ်ပါတယ်။ အဲဒီအခါတိုင်း ဘေးက တိုက်ခန်းချင်းကပ်ရက်နေတဲ့ တရုတ်မက အိပ်မရလို့ ထင်ရဲ့၊ သူ့အိမ်တံခါးမကြီး ဒုန်းဒိုင်းဖွင့်ပြီး ကျွန်တော်တို့ အခန်းရှေ့ ချောင်းလာလာဆိုးတတ်ပါသေးတယ်။ ကျွန်တော်လည်း ပြတင်းပေါက်တံခါးတွေ ပိတ်ထားတာမို့ မကြားချင်ယောင်ဆောင်ပြီး ကိုယ့်ကလေးကိုယ်ပဲ အငိုတိတ်အောင် ချော့ရပါတယ်။

နောက်တစ်မျိုးကတော့ အောက်ထပ်ကလူပါ။ သားလေးက ယောက်ျားလေးပီပီ ပစ္စည်းတွေ ထုရိုက်အသံထွက်နေရတာ သဘောကျပါတယ်။ အဲဒီတော့ သူက ကြမ်းပြင်ကို တ၀ုန်းဝုန်းထု၊ ကိုယ်က မီသလောက်လိုက်ဆွဲပေမယ့် မမီ၊ အဲဒီအခါကျတော့ အောက်ထပ်က တ၀ုန်းဝုန်းနဲ့ သူတို့မျက်နှာကျက်ကို ပြန်ရိုက်ပါတယ်။ အဲဒါကို သားတော်မောင်က သူမရိုက်ဘဲ ဘယ်လိုအသံထွက်ပါလိမ့်ဆိုပြီး သွားစပ်စုနေပါသေးတယ်။ တစ်ရက်လားကျတော့ သားလေးက ခုံပုလေးပေါ်က လိမ့်ကျလို့ အသံမြည်သွားတာကို အောက်ထပ်ကလူ တက်လာပြီး ဟောက်စားလုပ်ပါတော့တယ်။ ကျွန်တော်က ပုဆိုးဝတ်ထားတာတွေ့တော့ ဒါစင်္ကာပူ၊ ရဲတိုင်လို့ ရတယ် ဆိုတာက ပါသေးတယ်။ ကျွန်တော်က အဲဒီမတိုင်ညက သားလေးငိုလို့ အိပ်ရေးပျက်ထားတာမို့ အာရုံမရပြီး ဘာမှ သိပ်ပြန်မပြောနိုင်ပါဘူး။ တမင်သက်သက်လုပ်တာ မဟုတ်ဘူး၊ ကလေးလုပ်တာဆိုပြီးတော့ပဲ ပြောနိုင်ပါတယ်။ နောက်တော့ ဗလကောင်းတဲ့ အခန်းဖော်သူငယ်ချင်း ကျွန်တော့်နား လာရပ်မှပဲ ကိုယ့်လူလဲ ပြန်ဆင်းသွားပါတော့တယ်။

သားလေးတတ်တာတွေ ပြောရရင်တော့ အများသားပါ။ ကျွန်တော်ဘုရားရှိခိုးရင် သူက ကူညီတဲ့ အနေနဲ့ အနောက်ကနေ တွန်းပေးတတ်ပါသေးတယ်။ ဘုရားပုံတော်တွေကို သူ့အမေက လက်အုပ်ချီခိုင်းပြီး သြကာလို့ သင်ထားပေးတော့ သူ့ကို ပြတဲ့ သီချင်းထဲမှာ စေတီပုံတော်၊ ဘုရားပုံတော်တွေပါရင် သူ့ဘာသာသူ သြကာ မပီမသလေးပြောပြီး လက်အုပ်ချီတတ်နေပါပြီ။ သားလေးက သူ့အမေရိုက်ရင်လည်း ကျွန်တော့်ဆီ ပြေးလာပြီး ချီခိုင်းတတ်ပါတယ်။ သူ့ကို ဂရုမစိုက်ရင်လည်း သူ့ခေါင်းကို နံရံနဲ့ သာသာလေးသွားဆောင့်ပြီး ကျွန်တော်တို့ လက်ကိုယူပြီး သူ့ကိုပွတ်ခိုင်းတတ်ပါတယ်။ သူ့ကို နမ်းခိုင်းရင်လည်း စိတ်ပါလက်ပါရှိရင် နမ်းပါတယ်။ သူစိတ်မပါရင်တော့ အလုပ်များချင်ယောင်ဆောင်နေတတ်တာမျိုးပါ။ တစ်ခါလားကျတော့ နှင်းဆီဖြူနဲ့ ကျွန်တော်က သူ့ကို အလယ်ကထားပြီး နမ်းခိုင်းတာပါ။ သူက မနမ်းချင်တာနဲ့ စိတ်မရှည်ဖြစ်လာပြီး ဒီလောက် အနမ်းခံချင်တဲ့ နှစ်ယောက် အချင်းချင်း နမ်းကြဆိုပြီး နှစ်ယောက်လုံးရဲ့ ခေါင်းတွေကို သူ့လက်နဲ့ဆွဲပြီး မျက်နှာချင်းတွေ ဆုံပေးလိုက်ပါတော့တယ်။

သားလေးက ကျွန်တော်နဲ့ တူတာက စကားများတတ်ပြီး သူ့အမေနဲ့ တူတာက စိတ်ကောက်တတ်ပါတယ်။ တစ်ခါတစ်လေတော့ နှင်းဆီဖြူနဲ့ ပြောဖြစ်ပါတယ်။ တို့ဆီက ကောင်းတာတွေ မရပါလား၊ တို့ဆီမှာပဲ ကောင်းတဲ့အချက်များ မရှိတာလား ကိုယ့်ဘာသာကိုယ် သံသယဖြစ်လာပြီ လို့ပါ။

ခုတော့သားလေးက ဟိုမှာ ခဏနေခဲ့လို့ လွမ်းနေတာပါ။ နှင်းဆီဖြူဆီ ဖုန်းဆက်တော့လည်း သူက စကားလုပြောပါသေးတယ်။ သူ့Baby Language နဲ့ပါပဲ။ အလွမ်းပြေပေါ့လေ။ သားလေးအကြောင်းတွေ ဆက်ရေးပါအုံးမယ်။ ခုပို့စ်က စာမရေးဖြစ်တာကြာလို့ စရေးဖြစ်အောင် စနွှေးလိုက်တဲ့ပို့စ်ပါ။

ညီအစ်ကို မောင်နှမအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

ခင်မင်စွာဖြင့်
သီဟသစ်

Bonus
၁) အလုပ် အင်တာဗျူး

အင်တာဗျူးတွင် အလုပ်လျှောက်သူက အလုပ်ရှင်ကို မေးသည်။
“မိသားစုအတွက် အချိန်ပေးဖို့ ဆိုတာ ကျွန်တော့်အတွက် အရေးကြီးဆုံးပဲ။ အဲဒီတော့ ကျွန်တော် အိုဗာတိုင် အတွက် အချိန်ဘယ်လောက်ဆင်းရမလဲ သိပါရစေ။”

အလုပ်ရှင်က သူ့ကို သက်သာရာ သက်သာကြောင်း ချက်ချင်းပြန်ဖြေသည်။

“ဒါပေါ့၊ မိသားစုဆိုတာ ပထမဆုံးထားရမှာပေါ”့

ပြီးတော့ အလုပ်ရှင်က ဆက်ပြောသည်။

“ဒီမှာ ၀န်ထမ်းအားလုံးက တို့အလုပ်ရှင်တွေကို မိသားစုလို့ သဘောထားခိုင်းထားတယ်”


၂) တရုတ်စာလေ့လာခြင်း

တရုတ်စားတော်ဆက်တွင် ထမင်းသွားစားသော ရောဘတ်၏ ဇနီး ရေချယ်တစ်ယောက် ဆိုင်မီနူးတွင် ရေးထားသော တရုတ်စာလုံး ပုံစံလေးကို သဘောကျနေသည်။ ထို့ကြောင့် မီနူးစာရွက်လေး အိမ်ယူခဲ့ပြီး ရှေ့ပိုင်းတွင် ထိုတရုတ်စာလုံးပါသော ဆွယ်တာလေး ထိုးသည်။ Cocktail ပါတီတစ်ခုတွင် ရေချယ် ထိုဆွယ်တာလေး ၀တ်သွားသည်။ တရုတ်စာလုံးကို သတိထားမိသော တရုတ်သမားတော်က မေးသည်။
အဲဒီစာလုံးဘယ်က ရတာလဲ

ရေချယ်: မီနူးထဲကပါ
သမားတော်: ဘာဆိုလိုတာလဲသိလား

ရေချယ်က: ကျွန်မ မမေးခဲ့မိဘူး။ ရှင်သိရင်ပြောပြပါလား
သမားတော်: အဲဒီစာသားဆိုလိုတာက “Cheap But Good” တဲ့ဗျ။

၃) ပြောင်းလဲလာသော မေးခွန်းများ

အသက်လေးဆယ်အရွယ် အပျိုကြီး မမ အဖို့ သူ့ အချစ်ရေးအခြေအနေကို သူငယ်ချင်းများ၊ အမျိုးများ၊ လုပ်ဖော်ကိုင်ဖက်များ မေးခွန်းထုတ်ကြသည်မှာ ရိုးလို့နေပြီ ဖြစ်သည်။ သို့သော် အသက်အရွယ်ပြောင်းလာသည်နှင့် အမျှ မေးခွန်းလည်း ပြောင်းလာတာ သတိထားမိသည်။

ဆယ်ကျော်သက်အရွယ်တုန်းကဆို သူငယ်ချင်းတွေက
ခုစနေ၊ တနင်္ဂနွေ ဘယ်သူနဲ့ အပြင်ထွက်လည်မလဲ မေးကြသည်။

နှစ်ဆယ်ပိုင်းအရွယ်ရောက်တော့ အမျိုးတွေက
ညည်းဘယ်သူနဲ့ ချစ်သူဖြစ်နေလဲ မေးကြသည်။

သုံးဆယ်ပိုင်းရောက်တော့ လုပ်ဖော်ကိုင်ဖက်တွေက
တစ်ယောက်ယောက်နဲ့များ အဆက်ဖြစ်နေသေးလား မေးကြသည်။

အခုတော့ လူတွေက
အဲဒီပိုက်ဆံအိတ်လှလှလေးကို ဘယ်က၀ယ်ခဲ့တာလဲဟင် လို့သာမေးကြတော့သည်။

(ဘလော့ဂါ အပျိုကြီးမမများ တိုက်ဆိုင်မှုရှိလျှင် ထိုသူများသို့သာ ရည်ညွှန်းပါသည်။ :P )

Monday, March 8, 2010

အမြဲစီးဆင်းနေသော မြစ်တစ်စင်း (သို့) ချစ်ခြင်းမေတ္တာ (၁)

တွေ့တွေ့ချင်းက မနက်စောစောမို့ ထင်သည်။ သူ့ကိုခေါ်လိုက်တော့ မလိုက်ဘဲ အော်ငိုသည်။ မြန်မာပြည် မနက်ခင်းဆိုတော့ ထုံးစံအတိုင်း သိပ်မလင်းဘူးပေါ့။ သူက မှောင်ရင် သူ့အမေနားဘဲ ကပ်နေတာ အကျင့် ဖြစ်နေတာဖြစ်မည်။ မနက်လင်းတော့ တဖြည်းဖြည်း ကျွန်တော့်ကို နည်းနည်းသိလာပြီး ပြုံးပြသည်။ နောက်ကျတော့ မျက်စိအောက်ကတောင် အပျောက်မခံဘဲ လိုက်ကြည့်သည်။ သူဆိုတာတော့ သိကြတဲ့ အတိုင်း သားလေး လင်းသန့်ပိုင် ဖြစ်ပါသည်။

IMG_2616
ကြီးလာရင် စာဖတ်ဝါသနာပါမည် မပါမည်တော့ မသိ၊ ခုတော့ ၀တ္ထုတို ပေါင်းချုပ်နဲ့ ဆော့နေတာ

သားလေးကို မြင်ရတော့ တကယ်ပဲ အမောတွေပြေသွားပါသည်။ သားလေးဆီကို ရောက်အောင်လာခဲ့ရတဲ့ ခရီးကို ပြန်လည်စဉ်းစားမိလိုက်သော အခါ..

မပြန်ခင် တစ်ရက်မှာ Client Site မှာ ဗိုက်ဆာနေမှာစိုးလို့လား၊ ရွှေနိုင်ငံ အပြန်ခရီးမှာ အလုပ်ကို မေ့သွားမှာ စိုးလို့လား မသိ့.. ဂျာကြီးက Client Site အထိ လိုက်လာပြီး မုန့်ဟင်းခါး လာကျွေး၏။ အို..ဘာဖြစ်ဖြစ် ချစ်တဲ့သူတွေနဲ့ တွေ့ရတော့မယ်.. နင်သွားငါမေ့..ဆိုပြီး စိတ်ထဲ ထားပစ်လိုက်သည်။ Flight တူတာက ဘလော့ ညီအစ်ကို မောင်နှမ ၅ ယောက်လောက်ရှိ၏။ သို့သော်လည်း ထုံးစံအတိုင်း မျိုးကျော့မြိုင်ကို ကြိုက်သော၊ သူ့လိုသာ မစွံတာ နောက်ကျတာ သွားတူသော သီဟသစ် တစ်ယောက် ဘယ်သူနဲ့မှ ထိုင်ခုံနေရာအတူတူမရ။ ကံဆိုးချင်တော့ သွားတိုက်ဆေးနှင့် ခေါင်းလိမ်းဆီဘူးကို Hand Carry အိတ်ထဲ ထည့်ထားမိသဖြင့် အမှိုက်ပုံးထဲ လွှင့်ပစ်ခံရလေသည်။ ကံကောင်းချင်တော့ Business Class ပြီးပြီးချင်း ပထမဆုံးအတန်းမှာ နေရာရလိုက်သည်။ ကံဆိုးချင်တော့ ပြတင်းပေါက်ခုံ မဟုတ်သဖြင့် အုန်းသီးကြီး မထုတ်လိုက်ရချေ။

ဟိုရောက်ရောက်ချင်း အားရပါးရ ပြေးဆင်းသွားလိုက်သည်။ အလှူဒါန ပြုကြသူငါ အစီအစဉ်မှာ စလုံး၁၀လှူလိုက်ခြင်းဖြင့် စကားလုံးများကို ချွေတာရေး လုပ်လိုက်လေသည်။ မန္တလေးသို့ အတူတူလိုက်ခဲ့ကြမယ့် အသိညီငယ်လေး၂ယောက် လာကြိုကြလို့ တော်သေးသည်။ နို့မို့ရင် လေဆိပ်ကလူတွေက ဇွတ်ဖော်ရွေကြသကိုး။ ဒါနဲ့ နိုင်ငံတကာ အဆင့်မီ လေယျာဉ်ကွင်းကြီးကနေ အဝေးပြေးကားကွင်းကြီးဆီ တိုက်ရိုက်ယွန်းပြီး သကာလ ည ၇ နာရီ ကားစထွက်လေသည်။ ခါတိုင်း မော်ဒယ်မိခင်ကြီးရဲ့ ကျွန်မတို့ ဟိုကစလို့ ဟိုကိုရောက်ပါပြီ ဘာညာ Video ကိုပြတတ်သော အဝေးပြေးကားလည်း ခုတစ်ခါတော့ အဲဒါကိုမပြတော့ချေ။ သီချင်းတွေကို ကိုးရီးယားကား မြန်မာကားထဲက ဖြတ်ညှပ်ကပ်ထားသော ရှူခင်းများဖြင့် တွဲလိုက်သောအခါ ဘာမှ မဆိုင်တော့သော Mood အောက်ချင်စရာ သီချင်းများကို သည်းခံနားထောင်ပြီး သကာလ မီးထိန်ထိန်လင်းနေသော နေရာတစ်ခုသို့ ရောက်လေသည်။ ကိုယ်တွေကလည်း မီးထိန်ထိန်လင်းရင် ဟိုနေရာပဲ ထင်တာ၊ ကားကမြန်လှချည်လား ဆိုတော့ တကယ်ကျ မဟုတ်သေးချေ ယာဉ်ရပ်နားစခန်း တည်နေခြင်း ဟူသတည်း။

လမ်းမှာထမင်းစားနားသော အခါ ရွှေရှမ်းလေးဟူသော ဆိုင်တွင်နားလေသည်။ ရွှေစက်တော်ကို သတိရချင်စရာ၊ တဲကြီးကြီးမိုးထားပြီး အိမ်သာတွေကလည်း ထရံကာလေးတွေနဲ့ ဖြစ်သည်။ ရှမ်းဆန်စီးစားရတာတော့ မဆိုးချေ။ ဂလိုနဲ့ ကားပေါ်မှာ ဟိုပြောဒီပြောလုပ်လိုက် အိပ်လိုက်နှင့် ဟိုနေရာကြီးကို ဖြတ်ရလေသည်။ ညအချိန်တွင်တော့ ရှူခင်းများ မဆိုးလှချေ။ နေ့ခင်းဘက်ဆိုရင်တော့ တစ်နေရာနဲ့ တစ်နေရာ ဒီလောက်ဝေးနေတာ သေအောင်ပူလိုက်မယ့် အမျိုးလို့ ထင်မိသည်။ စလုံးမှာ တစ်ခါမှ မသုံးရသည့် မှတ်ပုံတင်ကြီးကို ပြချင်သော်လည်း ကြည့်ချင်သူမရှိသဖြင့် မပြခဲ့ရ။

မနက် မန္တလေးရောက် ဟိုသွား ဒီသွား ပစ္စည်းတွေဝယ်တော့ မျက်စိထဲ ဆန်းတယ် ထင်တာတွေ့ရတယ်။ ကြွပ်ကြွပ်အိတ်တွေ နေရာတွင် ပလတ်စတစ်အိတ်အကြည်တွေ တွေ့ရခြင်းကြောင့် ဖြစ်သည်။ ကြွပ်ကြွပ်အိတ် ကင်းစင်ရေး နယ်မြေ ဆိုတာတွေ ဘာတွေ လုပ်နေကြတယ်ဆိုတဲ့ သတင်းသွား သတိရတယ်။ နှင်းဆီဖြူနဲ့ တွေ့တဲ့အခါ မေးကြည့်တော့ ကြွပ်ကြွပ်အိတ်ကို အကြည်ရောင် ဖြစ်အောင်လုပ်ထားကြတာဟု သိရလေသည်။ ကိုယ်ဘာပစ္စည်းတွေ ၀ယ်လာတယ် ဆိုတာ သူများတွေ မြင်နေရတော့သကိုး။ အရင်တုန်းကလို Orange သွား၊ ဖရဲသီးကြီးဝယ် ပြန်လာ၊ အိတ်အကြီးကြီးဆိုတော့ သူများတွေများ နည်းနည်းရှိန်မလားလို့ပေါ့၊ ခုတော့ ဒါမျိုးလုပ်လို့မရတော့ချေ။

ခေတ္တနား ပြီးနောက် မန္တလေး-မြစ်ကြီးနား ရထားရှိရာ ဘူတာကြီးကို သွားရပြန်၏။ နှင်းဆီဖြူလေးဆီ ရထားက အချိန်မှန်ထွက်တော့မည် ဖြစ်ကြောင်း လှမ်းအကြောင်းကြားပြီးသကာလ စာအုပ်ဆိုင်တွေမှာ ပြေးဝယ်ခဲ့သော စာအုပ်တွေနှင့် စတင်ဇိမ်ကျလေပြီ။ သို့သော်လည်း မပြောင်းလဲသော အကြောင်းတရားများ ဆိုသည့် အတိုင်း ရွှေကြက်ယက်ဘုရားနား အရောက် ရထားကြီး တွဲချော်လေတော့သည်။ ဒီအခါကျမှ သီဟလည်း အုန်းသီးကြီးကို စတင်အသုံးချခွင့် ရလေပြီ။ ဟိုရိုက်ဒီရိုက် လုပ်ပြီးသွားပြီး ၃ နာရီလောက်ကြာသွားသောအခါ ရထားကြီး စတင်ပြန်ထွက်လေသည်။ ရောက်ချင်ဇောတွေ အားကြီးနေလို့ထင့်၊ ပင်ပန်းနေသော်လည်း ရထားပေါ်ကောင်းကောင်း အိပ်မပျော်။ မိုးညှင်းမြို့ကိုရောက်တော့ မနက် ၅ နာရီလောက်ရှိပြီ။ အပါး(နှင်းဆီဖြူလေးရဲ့ အဖေ)က လာကြိုသည်။ ဘေဘီလေး လင်းသန့်ပိုင်လည်း နိုးနေပြီ။

IMG_2311

မိုးလင်းတော့မှ သားလေးကို ကောင်းကောင်းချီရလေသည်။ ဟိုတစ်ခါ မွေးခါစမှာ တွေ့ရတုန်းက အူယားသဖြင့် မချီခဲ့ရ။ ချစ်ခြင်းမေတ္တာဆိုတာ အတူတူနေရမှ ပိုပြီးခံစားသိရှိရလေသည်။ သားလေးကို စလုံးကနေ ချစ်နေတယ် ဆိုသော်လည်း မတွေ့ရသဖြင့် စိတ်ကူးထဲ တအားပုံဖော်မရ၊ ဖုန်းထဲက နှင်းဆီဖြူလေး ပြောသမျှနဲ့သာ ခန့်မှန်းကြည့်ခဲ့ရသောကြောင့်ပင်။ သားလေးကလည်း တစ်ခါတစ်လေ တရေးနိုးလာရင် ကိုယ့်ကို မမှတ်မိပြန်။ ပါပါးလေ၊ ပါပါးလေ ဆိုပြီး သူ့အမေက ပြန်ပြန်မိတ်ဆက်ပေးရသည်။ ကလေးက စကားသာ မပြောတတ်သေးသာ ဖခင်ဆိုတာကို ခံစားသိရှိနိုင်သည် ထင်သည်။ အရင် သူ့အမေတစ်ယောက်တည်း ထိန်းရစဉ်က လူတွေကိုကြောက်၊ နေရာစိမ်းရင် ကြောက်သလောက် ကျွန်တော်နှင့်တွေ့တော့ အဲဒါမျိုးတွေ မရှိတော့။ ပိုလည်းလိမ်မာလာသည်။ သားလေးရဲ့ အဒေါ်တွေကတောင် အံ့သြယူရသည်။ သားလေးကို သိပ်ဖို့ နောက်ကျောဘက်မှာ အသိုင်းနဲ့ချည်ပြီး လမ်းလျှောက်ရသေး၏။ သူ့အမေလို ကျွန်တော်က သီချင်းမဆိုပြတော့ ကိုယ့်လူက အော်သေးသည်။

IMG_2578

IMG_2579

နောက်တစ်နေ့မှာ တရုတ်နှစ်ကူးဆိုတော့ အပါးနှင့် အမားကို ကန်တော့ ပြီးတော့ ဟုန်ပေါင်းတွေ ယူကြသည်။ (ဘယ်လောက်ရလဲ မမေးပါနဲ့တော့၊ ဟိုမှာ သုံးခဲ့တာ ကုန်သွားပြီ)ဘုန်းကြီးကျောင်းကို မိသားစုလိုက်သွား အလှူတွေလုပ်ကြသည်။ သားလေးကတော့ တစ်နေရာသွား ကားစီးလိုက်ရလျှင် မျက်လုံးလေးစင်းပြီး အိပ်ပျော်သွားပြီ။ တရုတ်နှစ်ကူးပြီး နောက်တစ်ရက်ပြန်ကြတော့မှာမို့ ပစ္စည်းတွေထည့်ရသည်။ သားလေးအတွက် ကစားစရာပစ္စည်းတွေကိုက Luggage တစ်အိတ်၊ စားစရာတွေက တစ်အိတ်ဖြစ်သည်။ လင်မယားနှစ်ယောက်သား အိတ်တွေကို စီစဉ်နေသလို ဘာလိုလို ယောင်တောင်ပေါင်တောင် လုပ်နေကြချိန် သားလေးက ကုတင်ပေါ်မှာ ဆော့နေသည်။ သူ့အမေက ဖက်တုန်းနှင့်ကာထားပေးကာမှ ဖက်တုန်းပေါ်မှ အရှိန်လွန်ပြီး ကြမ်းပြင်ပေါ် ခေါင်းနှင့် ပြုတ်ကျတော့သည်။ ကလေး နတ်စောင့်တယ် ဆိုတဲ့စကား တယ်မှန်သည်။ ကံကောင်းလို့ သူဘာမှတော့ မဖြစ်၊ တော်တော်တော့ လန့်သွားပုံရသည်။ ငိုနေတာ တော်တော်ကြာပြီး သူ့အမေကရင်ခွင်ထဲပွေ့ထား ချော့လိုက်၊ နို့တိုက်လိုက်မှ နည်းနည်းချင်း ရပ်သွား၏။ ကျွန်တော်လည်း တော်တော်ရင်ထိတ်သွားသည်။ သို့သော်လည်း နှင်းဆီဖြူလေးက လူကြီးကို ချော့နေဖို့ရာ မအားသဖြင့် သူ့အလိုလိုပဲ လန့်တာပျောက်လိုက်ရလေသည်။

ညနေအရောက် ရထားဆင်းကြသောအခါ သားလေးမှာ လူတွေအများကြီးနဲ့ တွေ့ရပေမယ့် မကြောက်မရွံ့ဘဲ ပျော်နေလေသည်။ အသံကြားရာလိုက်ကြည့်၏။ ဈေးသည် ဖြတ်သွားတဲ့ အသံ၊ စားသောက်တွဲက စားပွဲထိုးတွေရဲ့ အသံတွေကို အကုန်နားစွင့်ပြီး သူ့မြင်ကွင်းက မပျောက်မချင်း လိုက်ကြည့်တတ်လေသည်။ ဒါတင်မကသေး ကိုယ်ရဲ့ခုံကို ကျော်ပြီး တခြားခုံတွေကိုပါ လှမ်းကြည့်ပြုံးပြလုပ်နေသေးသည်။ ခဏနေတော့ သူလည်းပင်ပန်းသွားပြီး အိပ်တော့သည်။ ရထားပေါ်မှာ မွေ့ရာလေးခင်းသိပ်ရသည်။ အိပ်စင်တွဲကလည်း ကြားမြို့လည်းဖြစ်ပြန်၊ ကိုယ်တွေကလူတွေလည်း ဖြစ်ပြန်ဆိုတော့ ၀ယ်လို့မရသောကြောင့် ဖြစ်ပါည်။ ကလေးအိပ်နေတုန်း စားသောက်တွဲက စားပွဲထိုးလေးက ရေသန့်ဘူးကို မြောက်ဆော့ပြီး ယူလာတာ ကလေးနားသွားကျသေးသည်။ ကံကောင်းလို့ ကလေးပေါ်မကျတာဖြစ်သည်။ သားလေးကလည်း ရထားရပ်ထားရင် အိပ်နေရာက နိုးနိုးလာတတ်သည်။ ထို့ကြောင့် မြန်မြန်နှေးနှေး ရထားကြီး သွားနေပါစေလို့သာ ဆုတောင်းနေရတော့သည်။

ဆက်ပါဦးမည်..

ညီအစ်ကို မောင်နှမများ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

ခင်မင်စွာဖြင့်
သီဟသစ်

Wednesday, February 10, 2010

လမ်းတိုင်းသည် မန္တလေးသို့ ဦးတည်နေကြသည်

မန္တလေး အကြောင်း ရေးပြန်အုံးတော့ မလား ပိုပိုနိုင်လွန်း ဆိုရင်လည်း ခံရတော့မှာပဲ။ မန္တလေးကို ချစ်တယ် ဆိုတဲ့ စိတ်ကို မန္တလေးမှာ ကြာကြာမနေဖူးတဲ့သူတွေက နားလည်နိုင်မယ် မထင်ဘူး။ ခြင်ကိုက်တယ်၊ ဖုန်ထူတယ် ဆိုတာလည်း မှန်၏။ အဲဒါတွေက မန္တလေးကို ချစ်တဲ့စိတ်ကို လျော့မသွားစေနိုင်ပါဘူး။ ဒါတွေ ဘာကြောင့် ရေးနေတာလဲ ဆိုတော့ ချစ်သောမိသားစုနဲ့ တွေ့ဖို့ရာ ချစ်သော မန္တလေးကို အလည်သွားတော့မှာ မို့လို့ပါ။ ပြောသာပြောရတာ မန္တလေးလည်း သိပ်ကြာကြာ နေချိန်ရမယ် မထင်။

ရှေးလူကြီးတွေရဲ့ စကား "ပုဝါပါး ကြက်သားထုတ်တော့ စွန်းတတ်တယ်၊ တစ်ရွာသား ရည်းစား လုပ်တော့ လွမ်းတတ်တယ်" ဆိုတဲ့ စကားကို ရွဲ့ပြီးတွေးမိတာ ရှေးလူကြီးတွေများ နောင်ခေတ်တွေထိ မြန်မာနိုင်ငံ လမ်းပန်းဆက်သွယ်ရေး မလွယ်လောက်ဖူး ဆိုတာ ကြိုပြီးသိများနေသလား တွေးမိတယ်။ ဟိုတစ်ခါပြန်တုန်းက မိုးညှင်း၊ မန္တလေး၊မကွေး ကူးနေရတာနဲ့ ကားပေါ်၊ ရထားပေါ်မှာ ၇ ည အိပ်လိုက်ရတယ်။ ခုတစ်ခေါက်လည်း သိပ်ထူးမယ် မထင်ဘူး။ ကျောင်းမှာတုန်းက သူငယ်ချင်းပြောတာ သတိရတယ်။ သူက မိုးညှင်းနဲ့ မကွေးကို တိုက်ရိုက်သွားလို့ရတယ် ထင်နေတာ။ အဲဒါနဲ့ မင်း အထက်တန်းကျောင်းတုန်းက ပထ၀ီတော့ သင်ဖူးပါတယ်နော် လို့ မေးပလိုက်တယ်(၉ဘာသာ သင်ရတုန်းက ၁၀တန်းပါ)။ မိုးညှင်းသွား နှင်းဆီဖြူနှင့် ချန်းချင်လေးကို ခေါ်၊ မန္တလေး ဆင်း၊ အဖေ၊အမေ၊ အစ်မတွေနဲ့ တွေ့ဖို့ရာ က မကွေးကို သွား...ရဟူး..။ အင်းလေ ဒီဒုက္ခတွေက လိုချင်တိုင်းရတာမှ မဟုတ်တာ။ လူပျိုကြီးတွေဆို အဲလိုမျိုး လုပ်လို့မှမရတာ၊ :P

ခုတစ်ခေါက်ပြန်တာ အုန်းသီးလည်း ၀ယ်ထားစ ဆိုတော့ ကွက်တိပဲ။ ရှူခင်းတွေ လျှောက်ရိုက်မယ် စဉ်းစားထားတယ်။ ကလေးထိန်းလိုက်၊ ဓါတ်ပုံတွေ ရိုက်လိုက် လုပ်ရမှာပဲ။ သားလေးက ခုတစ်ခေါက် ဒုတိယအကြိမ် ပြန်တွေ့ရမှာပဲ။ သူမွေးမွေးချင်းတုန်းကတွေ့တာက သူဘယ်မှတ်မိမှာလဲ။ ခုတစ်ခေါက်တွေ့ရင်တော့ သူသိနေပြီလေ။ ကိုယ်နဲ့တွေ့ရင် သားလေး ဘယ်လိုနေမလဲ ဆိုတာ စဉ်းစားမိတာ ရင်တော့ခုန်စရာပဲ။

ခုတစ်ခေါက်တော့ အလွတ်ကျက်သွားတဲ့ သီချင်းလေးက

မောင်ရင် စိုင်းစိုင်းဆိုတာကို ကြိုက်လို့တော့ မဟုတ်ဘူး။ စာသားတွေက ကွက်တိပဲ။

နှင်းဆီဖြူလေးနဲ့ ချန်းချင်လေးကို ခေါ်ပြီး စင်္ကာပူပြန်လာတဲ့ အခါ မြင်ရမယ့် မြင်ကွင်းတွေ နည်းနည်းမှန်းကြည့်တယ်။ နှင်းဆီဖြူလေးအကြောင်းကို ညီအစ်ကို မောင်နှမတွေ မသိကြသေးလို့။ ကျားပေါက်ရဲ့ "သူ့အကြောင်း သီချင်းမရေးလို့ စိတ်တွေ ကောက်ပါ၏၊ ကြာကြာ မကောက်နိုင်ဘူး၊ သူဟာ ကလေးလေးချီ၊ သူဟာ ကလေးဆိုးကြီး" ဆိုတဲ့ "ကျွန်တော်၏ အခြားတစ်ဝက်" ဆိုတဲ့ သီချင်းလေးလိုပါပဲ။ စိတ်သိသိသာသာကောက်တတ်တယ်။ နှင်းဆီဖြူလေး ပြန်အလာကို မျှော်နေတဲ့ အဖွဲ့ ၂ ဖွဲ့ရှိ၏။ အဖွဲ့ ၁ က ကျောင်းတုန်းက သူငယ်ချင်းများ အဖွဲ့၊ နောက်တစ်ဖွဲ့က ဘလော့က ညီအစ်ကိုမောင်နှမ များအဖွဲ့ ဖြစ်သည်။ အဖွဲ့ချင်းမတူပေမယ့် ရည်ရွယ်ချက်ချင်းတော့ တူကြလေသည်။ သီဟသစ် အကြောင်းကို တိုင်ကြရန် ဖြစ်သည်။ ကျောင်းအဖွဲ့က သီဟသစ်တစ်ယောက် ဘလော့အဖွဲ့တွေနှင့် လျှောက်လျှောက်လည်နေသည် ဟု လည်းကောင်း၊ ဘလော့အဖွဲ့က သီဟသစ် ကျောင်းက သူငယ်ချင်းတွေဆီ သွားပြီး ၀က်တုပ်ကွေး ကာကွယ်ဆေးတွေ သောက်တတ်သည် ဟု လည်းကောင်း အထင်တွေ လွဲနေကြသောကြောင့် ဖြစ်နေကြသည်။

မြင်ကွင်း (၁)
သီဟသစ်တို့ စင်္ကာပူကို ပြန်အလာ လေဆိပ်ရောက်သောအခါ ဘလော့မှ ညီအစ်ကို မောင်နှမ များကို စုံညီစွာတွေ့ရလေသည်။ တစ်ချို့ညီအစ်ကိုတွေက သီဟသစ် ဟု Print ထုတ်ထားသော စာရွက်ကို၎င်း၊ ညီအစ်မ တစ်ချို့က သီဟသစ် အလှူတွင် နင်းကန်ဝါးတီးပေးနေသောပုံ၊ အားရပါးရ ရယ်နေသောပုံများကို ၄င်း ကိုင်ကာ ကြိုနေကြလေသည်။ လေဆိပ်အထဲမှ ထွက်လာသော ကိုရင်သီဟကတော့ တစ်သက်လုံးခပ်တည်တည် နေလာသည့် ထုံးစံအတိုင်း ထိုနေ့တွင်လည်း ခပ်တည်တည်ပဲ ဖြစ်သည်။ နှင်းဆီဖြူလေးက နာမည်ကို သတိမထားသော်လည်း ဓါတ်ပုံကို သတိထားမိသဖြင့် သီဟသစ်ကို "ဟိုလူကြည့်ရတာ ကို နဲ့ တူလိုက်တာ" ဟု သီဟသစ်ကို ပြော၏။ သီဟသစ်ကလည်း "အေးကွာ အဲဒါ ငါနဲ့တူတဲ့ ဆယ်လီဗြစ်တီ(Celebrity) တစ်ယောက်ရဲ့ ပုံနေမှာပါ၊ ကြည့်မနေနဲ့တော့၊ ချန်းချင်လေးကို သေချာဂရုစိုက်ပါကွဲ့"။ နှင်းဆီဖြူကလည်း သေချာကြည့်မနေတော့ပဲ "အင်း၊ အဲဒါဆိုရင်တော့ အဲဒီလူက ရုပ်နည်းနည်းဆိုးမယ် ထင်တယ်နော်" ဟု ပြောလိုက်လေသည်။

မြင်ကွင်း (၂)
လေဆိပ်တွင် ဘလော့ ညီအစ်ကိုမောင်နှမများ ကြိုနေကြသော်လည်း ရုပ်တည်ကြီးတွေနှင့် ရပ်နေကြသည်။ သီဟသစ်ကို မြင်သော်လည်း မမြင်ယောင်ပြုနေကြ၏။ အနားရောက်မှ ရုတ်တရက် ကိုကိုသစ် ဟု ၀ိုင်းအော်ကြလေသည်။ ထိုအခါ သီလ၀၏ အနွယ်တော် သီဟသစ်က ပြုံးယောင်ပြုရင်း "အဆွေတော်တို့ လူမှားနေပြီ ထင်တယ်" ဟု ပြောလိုက်လေသည်။ နှင်းဆီဖြူလေးက ကလေးကို ကြည့်နေသဖြင့် သေချာ သတိမထားလိုက်မိချေ။ "ပြောခဲ့တဲ့ စကားများ နားကြားများ လွဲသလား လေသံ က တစိမ်းဆန်နေပြီ" ဟု သီချင်းဆိုရင်း ကျန်ခဲ့ကြလေသည်။

မြင်ကွင်း (၃)
ကျောင်းအဖွဲ့ရော၊ ဘလော့က အဖွဲ့ပါ လေဆိပ်ကို စုံညီစွာ ရောက်နေကြလေသည်။ နဂို ရည်ရွယ်ချက်ကတော့ တိုင်ရန်ဖြစ်သော်လည်း နှင်းဆီဖြူလေး၊ သားလေးချန်းချင် တို့နှင့် အတူ ပြုံးရွှင်စွာ ပြန်လာသော သီဟသစ်ကို တွေ့သောကြောင့် လည်းကောင်း၊ ချစ်စရာကောင်းသော သားလေးချန်းချင်ကို မြင်ရသောကြောင့် လည်းကောင်း ရည်ရွယ်ချက်ကို မေ့ပြီး ကလေးကို ၀ိုင်းလုချီသူချီ၊ အထုပ်ကူဆွဲသူဆွဲ လုပ်ပေးကြလေတော့သည်။ နှင်းဆီဖြူလေးက ကျောင်းကအဖွဲ့ကို သိသော်လည်း ဘလော့အဖွဲ့ကို မသိသဖြင့် "အဲဒါဘယ်သူတွေလဲဟင်" ဟု မေးလေသည်။ ထိုအခါ သီဟသစ်က ၀ါသနာတူ အဖေမတူ အမေကွဲ ညီအစ်ကို မောင်နှမ များ ဖြစ်ကြောင်း ရှင်းပြလိုက်လေသည်။

ပြန်ဆုံကြမယ်လေ၊ ပျော်ပျော်ပါးပါးပေါ့။

ညီအစ်ကို မောင်နှမများ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

ခင်မင်စွာဖြင့်
သီဟသစ်

P.S
၁) ကလူသစ်စကားကို ငှားသုံးရရင် ပြန်လာတဲ့ အခါကျရင်လည်း ရံဖန်ရံခါ တာ့တာ ဖြစ်ပါမည်။
၂) မြင်ကွင်းတွေက အပျော်သက်သက် ရေးထားခြင်းသာ ဖြစ်ပါသည်။ ကိုရင်သီဟကို တိုင်မယ့်သူများရော၊ လာကြိုမယ့်သူများပါ ရှိမယ် မထင်ပါ။
၃) နောက်လထဲ ရောက်မှ ပြန်တွေ့ကြမယ်။ မုန့်ဝယ်ခဲ့ပါမယ် :)

မှတ်ချက်။ ။
ပို့စ် ခေါင်းစဉ်က စာရေးဆရာ တစ်ယောက်၏ ၀တ္ထုနာမည် ကို ကြိုက်လို့ ယူသုံးထားတာဖြစ်ပါသည်။

Tuesday, January 19, 2010

Bonuses (2)

၁) တရားခံ ဘယ်သူလဲဟေ့ ပြော

စိတ်ညစ်လက်ညစ်ပုံ ပေါက်နေသော အားပန်ကို ဂျော်နီက မေးသည်။
ဟေ့ကောင်ကြီး၊ ဘာတွေ စိတ်ညစ်နေတာလဲ
အားပန် : ငါ့ရည်းစား အားလျန်လေ ငါ့ကို စိတ်တအားဆိုးနေတယ်

ဂျော်နီ : ဘာလို့တုန်းဟ
အားပန် : သူ့မှာ ကလေးရှိသွားလို့လေ

ဂျော်နီ :  မင်းတို့ကလည်း အကာအကွယ်လေး ဘာလေး မသုံးဘူးလား
အားပန် : သုံးတာပေါ့ကွ

ဂျော်နီ : အဲဒါဆို ဘယ်လိုဖြစ်ရတာလဲ၊ အပေါက်အပြဲများ ပါလို့လား
အားပန် : အဲဒါ ထားပါကွ၊ ကိစ္စက ကလေးက ငါ့ကလေးဆို ကိစ္စမရှိဘူး၊ သူများကလေးဆိုမှ ဂွ

ဂျော်နီ : မဖြစ်နိုင်တာကွာ၊ အားလျန်က မင်းအပေါ် သစ္စာမရှိဘူး လို့မင်းထင်တာလား
အားပန် : မဟုတ်ဘူးကွ၊ ဒီလို ငါရှင်းပြမယ်၊ ဟိုနေ့က MacRitchie ရေကန်ဘက်တို့ သွားကြတယ်ကွာ၊ အဲဒီမှာ ငါက စိတ်မထိန်းနိုင်တော့ အားလျန်က Condom သုံးဖို့ပြောတယ်၊ ဒါပေမယ့် ငါ့မှာ ပါမလာဘူး

ဂျော်နီ : အဲဒါဆိုရင်တော့ သေချာပါပြီ အဲဒါ မင်းကလေးပါ
အားပန် : နိုးလား(No Lah)၊  အားလျန်က မဖြစ်မနေ သုံးရမယ် ပြောတယ်၊ ငါဘေးနား လိုက်ရှာတယ်၊ အဟောင်းတစ်ခုတွေ့တယ်၊ အဲဒါနဲ့ အခွံကို ပြောင်းပြန်လှန်သုံးပြီး Recycle လုပ်လိုက်တယ်

ဂျော်နီ: အလားမား
http://forums.sgclub.com/singapore/new_ah_bengs_1795.html


၂) Change to Future Tense

Teacher: 'I killed a person' convert this sentence into future tense
Ah Beng : The future tense is 'u will go to jail'


၃) ရေဆာသလို ဆာလောင်တယ်

လူငယ်တစ်ယောက် အိမ်ထောင်ပြုရ ကောင်းမလား မကောင်းဘူးလား စဉ်းစားရခက်နေသည်။ သူ့သူငယ်ချင်းက အိမ်ထောင်ပြုရန် အကြံပေးသည်။

အနည်းဆုံးတော့ကွာ မင်းအသက်ကြီးတဲ့အခါ ရေပူရေချမ်း ကမ်းမယ့်သူ ရှိတာပေါ့

ထိုလူငယ် သဘောကျသွားပြီး အိမ်ထောင်ပြုလိုက်သည်။ နောင်အနှစ် ၅၀ ကြာသောအခါ သူငယ်ချင်း ၂ ယောက် ပြန်ဆုံကြသည်။
သူငယ်ချင်းက

ငါမင်းကို အိမ်ထောင်ပြုဖို့ ပြောခဲ့ဖူးတာ မှတ်မိလား၊ ခုမင်းကို ရေပူရေချမ်းကမ်းမယ့်သူ ရှိတယ် မို့လား
အေး ဟုတ်တယ်ကွ၊ မင်းမှန်တယ်၊ ပြဿနာက ငါက ရေဆာနေတာ မဟုတ်ဘူးဟ


၎) အဖမ်းခံရတဲ့ မူတူး

ချီတက်ပွဲ တစ်ခုတွင် မူတူး အဖမ်းခံရသည်။ အဘယ်ကြောင့်ဆိုသော်....

စာနယ်ဇင်း သတင်းထောင် အမျိုးသမီးက သူ့ရင်ဘတ်တွင် PRESS ဟုသော ရင်ထိုးကို ထိုးထားသည်။ မူတူး စာအတိုင်း လိုက်လုပ်မိသောကြောင့် ဖြစ်သည်။


၅) ကမ္ဘာ့စီးပွားရေး

A: ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် ငါတော့ မအိပ်နိုင်ဘူးကွာ
B: ဟုတ်လား၊ ငါတော့ ကလေးလေးတွေလိုပဲ အိပ်တယ်ကွ

A: တကယ်လား
B: အေးဟုတ်တယ်၊ တစ်နာရီခြား တစ်ခါ ထထပြီး အော်ငိုတယ်


၆) ကားကက်ဆတ်လေး ငါယူသွားပြီ

လူတစ်ယောက်ကားမောင်းလာရင်း တစ်နေရာတွင် ကားဘီးပေါက်တယ်။ ကားဘီးဖာရန် ကားဘီးကို ဖြုတ်နေစဉ် လမ်းသွားလမ်းလားတစ်ယောက် ရောက်လာပြီး မေးသည်။

ဟေ့မင်းဘာလုပ်နေတာလဲ
ကားဘီးဖြုတ်နေတာလေ

အဖြစကားကြားရသောအခါ ထိုလမ်းသွားလမ်းလာက ခဲကြီးကြီးတစ်ခုကောက် ကားမှန်ပြတင်းပေါက်ကို ခွဲပြီးနောက်
အေး၊ အဲဒါဆို ကားကက်ဆတ် ငါယူသွားမယ်


၇) စက်က အလုပ်လုပ်ပါတယ်

မော်တော်ပီကယ်က ကားသမားကို တားလိုက်ပြီးနောက်

မင်းခု အရက်သောက်လာသလား
မသောက်ပါဘူး

အေး၊ အရက်မူးတိုင်း ကိရိယာထဲမှာ အသက်ရှူသွင်းထုတ် လုပ်ကြည့်စမ်း၊ အမယ် အယ်လ်ကိုဟော သင်္ကေတ မပြပါလား၊ စက်များ ပျက်နေသလား..

(မော်တော်ပီကယ်က သူကိုယ်တိုင် အရက်မူးတိုင်း ကီရိယာထဲ အသက်ရှူထွင်းထုတ် ပြုလုပ်ပြီးနောက်)
မဟုတ်သေးပါဘူး၊ စက်က အလုပ်လုပ်နေသားပဲ


၈) နှင်းတော ထဲမှာ ကားမောင်းခြင်း

နှင်းတအားထူနေသဖြင့် ကားမောင်းရခက်နေသော အမျိုးသမီးက ရှေ့ကား၏ နောက်မီးကို ကြည့်ပြီး မောင်းနေရသည်
ရှေ့ကား ရုတ်တရက် ရပ်လိုက်သောအခါ အမျိုးသမီး၏ကားက ရှေ့ကားကို ၀င်တိုက်မိတော့သည်။

အမျိုးသမီးက စိတ်ဆိုးမာန်ဆိုးဖြင့် ထွက်လာပြီး ရှေ့ကား ဒရိုက်ဘာကို သွားအော်သည်

ရှင်ရူးနေသလား၊ ကားကို ဘာလို့ ရုတ်တရက် ရပ်ရတာလဲ၊
ဆောရီးပါဗျာ၊ ဒါပေမယ့် ကျွန်တော်မောင်းတာ ကျွန်တော့်ကားဂိုဒေါင်ထဲ ရောက်နေပြီဗျ


၉) ကာလာတီဗွီ
လူ၂ ယောက်ရောက်လာပြီး ဂျူးတရားဟောဆရာကို မေးသည်။

အဖြူရောင်က အရောင် မဟုတ်လား ဆရာ
အေးငါ ကျမ်းစာထဲမှာ ရှာကြည့်ရမှာပဲ

နာရီဝက်ခန့်ရှာပြီးနောက် တရားဟော ဆရာက ပြောသည်
အေးဟုတ်တယ်

ဒါဖြင့် အမည်းရောင် ကရော ဆရာ
အေးငါ ကျမ်းစာထဲ ရှာကြည့်အုံးမယ်

နာရီဝက်ခန့်ရှာပြီးနောက်
အေး ဟုတ်တယ်

ထိုစကားကြားရသောအခါ ပထမလူက ဒုတိယလူဘက်လှည့်ပြီး

ကဲမင်းကြားပြီးလား၊ ငါမင်းကို ရောင်းလိုက်တာ ကာလာတီဗွီမဟုတ်ဘူးလို့ ဘာလို့ငြင်းချင်ရတာတုန်း..

............................................................

ဟာသတွေကို ဖတ်ပြီးသားတွေ ဖြစ်နေရင်လည်း ထပ်ဖတ်ပြီး ရီကြပါဗျို့။ မရီရရင် ပျောက်နေတဲ့ mood ကိုပြန်ရှာပါ။
:)

ညီအကို မောင်နှမ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

ခင်မင်စွာဖြင့်
သီဟသစ်

Thursday, January 14, 2010

အုန်းသီး

အစ်မသက်ဝေရဲ့ ခုတစ်လောနာမည်ကြီးနေတဲ့  နှစ်ကျပ်ခွဲပို့စ် ရယ်၊ အင်တာနက်မှာ လိုက်ရှာတော့ ကိုစနေရဲ့ Coconut and Monkey ပို့စ်ရယ် ကို ဖတ်ပြီး ဒီစာလေးရေးဖို့ စိတ်ကူးရပါတယ်။


Credits to http://www.vectorjunky.com/gallery/m/Monkey-Attacking-Coconut.jpg

အားလပ်ရက် ညပိုင်းတွေမှာ Marina Bay ဘက်ကို သွားထိုင်ရင် ကင်မရာကြီးတွေ တလွယ်လွယ် နဲ့ လူတွေ အတော်များများ တွေ့ရပါတယ်။ အတူထိုင်တဲ့ သူငယ်ချင်းကိုလည်း တွေ့လား လူတွေများ အုန်းသီးကြီး တလွယ်လွယ်နဲ့ ရိုက်စရာမရှိ လျှောက်လိုက်ရိုက်နေတယ် လို့တောင် ပြောဖြစ်သေးတယ်။ ကိုယ်ကိုယ်တိုင် ၀ယ်ဖို့လည်း စိတ်ကူးမပေါ်ခဲ့ပါဘူး။

DSLR ၀ယ်ထားတဲ့ ကျောင်းတုန်းက သူငယ်ချင်း လူပျိုကြီးက ရိုက်ထားတဲ့ပုံတွေကို Facebook, Flickr မှာတွေ့တော့ မဆိုးဘူး၊ ကောင်းသားဟ ဆိုပြီး သဘောတော့ကျမိတယ်။ သူဓါတ်ပုံရိုက်တဲ့ Marina Barrage ကိုလိုက်သွားတော့လည်း ရှုခင်းပုံတွေ ရိုက်တာဆိုတော့ ခဏကြာတော့ ပျင်းသွားရော။ ကင်မရာရော၊ Tripod ရော သယ်လာရတဲ့ သူငယ်ချင်းကို သနားတောင် သနားမိတာပ။




 သူငယ်ချင်းနဲ့အတူ သွားတုန်းက သူငယ်ချင်း ရိုက်ထားတဲ့ ပုံပါ http://www.flickr.com/photos/thenorthernstar/3298128770/

အဲ.. ကင်မရာအကြီး လိုချင်တဲ့ ဟာက လူပေါင်းမှားတာက စပါတယ်။ ဘလော့စရေးဖြစ်တဲ့ နောက်ပိုင်း သူငယ်ချင်း အသစ်တွေ ထပ်ရတော့ မောင်ရင် Villager နဲ့ စတွေ့ပါတယ်။ တစ်ရက်လားဟာ ကိုယ့်ဘာသာ အိမ်မှာ နှပ်နေတုန်း သူက ဖုန်းဆက်ပြီး Chinese Garden မှာ ဓါတ်ပုံရိုက်နေတယ် ကြည့်ချင်လာခဲ့ ဆိုတာနဲ့ သွားလိုက်ပါရော။ ဟိုရောက်တော့ Villager အပါအ၀င် ကင်မရာမင်း ၄ ယောက်လောက်က တရုက် စပျစ်သီးတွေကို ဓါတ်ပုံရိုက်နေကြတာကိုး။ ကိုယ်က သူတို့လို အုန်းသီးလည်း မရှိတော့ ဘာလုပ်ပေးရတုန်းဆိုတော့ မီးထိုးမှန်ထိုးလုပ်ခဲ့ရတယ်။ အဲဒီမှာ သင်ခန်းစာနည်းနည်းရတယ်။ အုန်းသီးမရှိရင် တယ်ငုပ်သကိုး ဆိုတဲ့ဟာ။

ဒါပေမယ့် အုန်းသီးဈေးတွေကြည့် ငါနဲ့ မဆိုင်ပါဘူးလေ ဆိုပြီး ခဏချဉ်ထားလိုက်ပါရော။ နောက်ပိုင်း လန်ကာဝီလည်းသွားဖြစ်ရော ကိုရင်Villager ရယ်၊ နောက်သူ့သူငယ်ချင်း အကိုကြီး တစ်ယောက်ရယ်က DSLR တွေနဲ့ဆိုတော့ သူတို့ဆီက ယူရိုက်ရင်း၊ သူတို့ကို ရိုက်ပေးရင်းနဲ့ ကင်မရာ View Finder ထဲက ကြည့်ရတဲ့ မြင်ကွင်းတွေကို သဘောကျလာပါတယ်။ အပြင်မှာ မြင်ရတဲ့ အတိုင်း ကြည်ကြည်လင်လင် ရှင်းရှင်းလင်းလင်းလေးမြင်ရတာကိုး။

အဲဒီမှာ အုန်းသီးရောဂါ စထပါတယ်။ သတင်းစာတွေထဲမှာ အုန်းသီးကြော်ညာတွေ တွေ့ရင်ဖတ်၊ ဈေးတွေကြည့် လုပ်ပါတော့တယ်။ တွေ့သမျှ ကင်မရာရှိတဲ့ သူငယ်ချင်းတိုင်းကိုလည်း လျှောက်မေးပါတယ်။ Canon ကောင်းတာလား၊ Nikon ကောင်းတာလား ဘာညာပေါ့၊ ကိုယ်သိတာ တံဆိပ်လောက်ပဲ သိတာကိုး။ ရုံးက လုပ်ဖော်ကိုင်ဖက် အစ်မတစ်ယောက်ကလည်း မြှောက်ပေးပါတယ်။ ကိုယ်က သူများတွေပဲ ပေးနေရတာ၊ ကိုယ့်ကိုပေးမယ့်သူ မရှိဘူး၊ ကိုယ့်ဘာသာကိုယ် ၀ယ်ပေးလိုက် ဆိုပြီးတော့ပေါ့။ ဒါပေမယ့်လည်း ထုံးစံအတိုင်း ၀ယ်မလိုလို မ၀ယ်မလိုလိုနဲ့ အီလည်လည် လုပ်နေပါသေးတယ်။ နောက်ဆုံးတော့ နားကြားပျင်းကပ်လာတဲ့ မောင်ရင် Villager က By Force နဲ့ဝယ်ခိုင်းပါတော့တယ်။

ဝယ်တဲ့နေ့မှာ သူ့သူငယ်ချင်းကို လှမ်းခေါ်တော့ ဟိုလူက ကိုယ့်ထက်တောင် စိတ်အားထက်သန်ပါသေးတယ်။ တစ်ခါတည်းရောက်လာပြီး ကိုယ်က ပုံမှန် ဟာ(Canon 500D) လောက်ဝယ်မလို့ဟာကို သူက အဲဒီModel ကို အပြောကို မခံဘူးဗျ၊ သူစိတ်တိုင်းမကျဘူး ဆိုပဲ။ သူက Canon 50D ကို ၀ယ်လိုက်လို့ ဇွတ်ပြောနေတာနဲ့ ၀ယ်ဖြစ်သွားပါတယ်။ အဲဒါတောင် ကိုယ့်လူက 1000 ကျော်တန် lens တွေ တစ်ခါတည်း ၀ယ်ခိုင်းပါသေးတယ်။ သည်းခံလော့ ဒကာ ပြောလိုက်ရသေးတယ်။ ၀ယ်တာက Harvey Norman က၀ယ်ဖြစ်တာပါ။ Boss မဟုတ်တော့ Installment နဲ့ပဲ ၀ယ်ရတာပ။ ၀ယ်ပြီးမှ မောင်ရင် PM က အဲဒီက ဈေးများတဲ့ အကြောင်း ပြောနေသေးတယ်။ ၀ယ်ပြီးမှတော့ ဘာမှ မစဉ်းစားတော့ဘူး။ ဒါပေမယ့် Cash Down ပေးဝယ်မယ်ဆိုရင်တော့ တစ်ချို့ဆိုင်တွေမှာ 200 လောက်သက်သာတယ်လို့ ဆိုပါတယ်။ ၀ယ်တာက 18-55 lens နဲ့ ၀ယ်ဖြစ်တာပါ။ အပြင်မှာ ရှုခင်းပုံတွေ လိုက်ရိုက်တော့အဝေးကို လှမ်း Zoom ဆွဲလို့ မရတော့မှ Lens အရှည်ကို လိုချင်သွားပါတယ်။ အဲဒါကြောင့် နောက်ထပ်ဝယ်မဲ့သူတွေများရှိသေးရင် 18-200 lens ကို တစ်ခါတည်း ၀ယ်ဖို့ ပြောချင်ပါတယ်။ မိုက်မှမိုက်ရင်တော့ အဆုံးစွန်လောက်နီးနီး မိုက်တာပဲ ကောင်းပါတယ်။

ကင်မရာလည်း ၀ယ်ပြီးရော သူများကို ပြောထားတဲ့ ၀ဋ်စပြီး လည်ပါတော့တယ်။ တကယ့်ကို မျောက်အုန်းသီးရပါပဲ။ ဘယ်နေရာက ဘယ်လိုစရမှန်းကို မသိပါဘူး။ အမှန်အတိုင်း ၀န်ခံရရင် အရင်ဒီကင်မရာ မရှိခင်တုန်းက သူများတွေDSLR နဲ့ ရိုက်ထားတဲ့ ပုံကိုကြည့်ပြီး ကင်မရာ ကောင်းလို့ ပုံကောင်းထွက်တယ် လို့ ထင်ခဲ့တာပါ။ ကိုယ့်ဘာသာကိုယ် ရိုက်ကြည့်မှ အဲဒါ မဟုတ်မှန်းသိတော့တယ်။ ဒီကြားထဲ ဘလော့ဂါ အစ်မတစ်ယောက်က သီဟ ငါ့ကိုဓါတ်ပုံရိုက်ပေးစမ်းလို့ ဆိုတော့ အမရယ်၊ ကျွန်တော် ကိုယ့်ကိုယ်ကို သံသယဖြစ်အောင် မလုပ်ပါနဲ့ဗျာ လို့ ပြောလိုက်ရတယ်။ ကင်မရာ မကောင်းတာလား၊ ငါရိုက်တာ ညံ့တာလား၊ သူ့ပုံက နဂိုကတည်းက မလှတာလား ဆိုပြီး စိတ္တဇညတွေ ဖြတ်နေရမှာ စိုးလို့ ဆိုပြီး  ပြောလိုက်ရသေးတယ်။ သူ့မို့လို့လည်း နောက်ရဲတာပါ။ ကျန်တဲ့သူဆို မိတ်ပျက်ပြီ။

ကင်မရာ ၀ယ်ပြီး ဘာမှ မလုပ်တတ်တဲ့ ကိုယ့်ကို သူငယ်ချင်းတွေကလည်း အားပေးပါတယ်။ ပိုက်ဆံ အများကြီး ပေးထားရမှတော့ ခလုပ်တစ်ခုထဲနှိပ်ပြီး တန်းရိုက်လို့ ရအောင် Auto နဲ့ရိုက်ပါလား ဆိုပဲ။ နောက်သူငယ်ချင်း လင်မယားကို ဓါတ်ပုံရိုက်ပေးတော့လည်း ညပိုင်းက မရိုက်တတ်သေးတာနဲ့ ပုံက ထွက်မလာပါဘူး။ သူငယ်ချင်းကတော့ ပြောပါတယ်။ မင်းပိုက်ဆံ သိပ်မရှိတုန်း အဲဒါဝယ်ထားပေါ့ကွာတဲ့ ၊ ပိုက်ဆံရှိမှ ငါတို့လို ကင်မရာ အသေးဝယ် တဲ့။ နောက်တော့ သူငယ်ချင်း လူပျိုကြီးနဲ့ တစ်ရက် ဓါတ်ပုံရိုက်လိုက်ထွက်ပြီး သင်တန်း ပြန်တက်ရပါတယ်။ တစ်ရက်တည်းနဲ့ ဆိုတော့လည်း သိတဲ့ အတိုင်းပဲ ခုထိယောင်ယောင်လည်လည်ပဲ။


သီဟသစ်ရဲ့ တစ်လလုံးရိုက်မှ ထွက်လာသော ဓါတ်ပုံတစ်ပုံ http://www.flickr.com/photos/thihathit_endeavour/4233340661/sizes/l/

တစ်ရက်လားဟာ ဘလော့ဂါ ညီအစ်ကို မောင်နှမတွေကို ဓါတ်ပုံလိုက်ရိုက်ပေးရင်း တွေ့တဲ့ပန်းအိုးလေးကို ရိုက်ဖြစ်တော့ အထက်ပါ ပုံလေးရလာပါတယ်။ အဲဒီပုံလေးကို ၀မ်းသာအားရ Facebook ပေါ်လည်း တင်လိုက်ရော ကျောင်းက သူငယ်ချင်းတွေက ပြောကြတယ်။ မင်းရိုက်တာမှ ဟုတ်ရဲ့ လားလို့၊ google images မှာ ဘယ်လိုရိုက်ပြီး ရှာသလဲ လို့ etc... etc ပေါ့လေ။

ဒီပို့စ်လေးကို ကင်မရာလေး ၀ယ်ဖြစ်တာ တစ်လပြည့်တဲ့ အမှတ်တရ အနေနဲ့ ရေးလိုက်တာပါ။ မကြာခင် ရွှေနိုင်ငံ ပြန်လည်ရင် မော်ဒယ်လ် ၂ ယောက်နဲ့ ဓါတ်ပုံရိုက်မှာဖြစ်ကြောင်း ကြိုတင်အသိပေးလိုပါ၏။ (ဘယ်သူတွေရှိရမလဲ နှင်းဆီဖြူလေးနှင့် သားလေး ချန်းချန်တို့ ပေါ့)

English နှစ်ကူးတုန်းက Happy New Year လို့ လိုက်မပြောဖြစ်ခဲ့တဲ့ အတွက် ညီအစ်ကို မောင်နှမ အားလုံးကို တရုတ်နှစ်သစ်ကူးရယ်၊ မြန်မာနှစ်သစ်ကူးရယ် အတွက် ကြိုပြီး Happy New Year လုပ်လိုက်ပါကြောင်း..

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

ခင်မင်စွာဖြင့်
သီဟသစ်

Tuesday, December 29, 2009

ဒီအချိန် ကျောင်းတော်ကြီး ရဲ့ အလယ်မှာ (၆)

ဒီအချိန် ကျောင်းတော်ကြီးရဲ့ အလယ်မှာ (၁)
လွမ်းရယ်မပြေ : ဒီအချိန် ကျောင်းတော်ကြီး ရဲ့ အလယ်မှာ (၂)
ဒီအချိန် ကျောင်းတော်ကြီးရဲ့ အလယ်မှာ (၃)
နှစ်ကိုယ်တူညီ ချစ်ဖူးတဲ့ တက္ကသိုလ်ဆီ : ဒီအချိန် ကျောင်းတော်ကြီး ရဲ့ အလယ်မှာ (၄)
 ဆိုခဲစေ မြဲစေ၊ ချစ်တယ် : ဒီအချိန် ကျောင်းတော်ကြီး ရဲ့ အလယ်မှာ (၅)

Christmas နေ့က University of Computer Studies, Mandalay တုန်းက သူငယ်ချင်းတွေနဲ့  Gathering မှာ ပြန်ဆုံဖြစ်တော့ ကျောင်းကိုပြန်လွမ်းသွားပါတယ်။ Singapore မှာ ကျောင်းက ရှိနေတဲ့သူတွေထဲက တစ်ဝက်လောက်ပဲ လာတာဖြစ်ပေမယ့် စည်စည်ကားကား ပျော်ပျော်ရွှင်ရွှင်ပါပဲ။ Game ဆော့ကြတော့ သီဟသစ်တို့ အဖွဲ့က တစ်ခါရှုံးတာနဲ့ တစ်ဖွဲ့လုံး  ကကြရတဲ့ အထဲမှာ သီဟသစ်ပုံက ထိပ်ဆုံးက ပါတော့ FaceBook ထဲမှာ ပုံလည်းတင်ရော ၀ိုင်းကျွေးခံရတာပေါ့လေ။ မိန်းမနဲ့ကလေးကို သတိမရဘဲ ပျော်နေတယ်ဆိုပြီး။ လူတွေကလည်း ခက်တယ်။ မိန်းမနဲ့ ကလေးကို စိတ်ထဲမှာ ချစ်နေ၊ သတိရနေဖို့ လိုတာ၊ သူတို့သိအောင် ပြနေရမှာလားမသိ၊ Mind Your Own Business လို့သာ ပြောချင်တော့တယ်။ ထားပါတော့လေ ကျောင်းတုန်းက အကြောင်းလေး ပြန်ဆက်ပါရစေ။ ဒီအကြောင်းက ၀တ္ထုပုံစံ ရေးခဲ့တာ မဟုတ်လို့ နှင်းဆီဖြူလေးနဲ့ ရည်းစားဖြစ်ခဲ့တဲ့ အခန်းနဲ့တင် မရပ်ပါရစေနဲ့။

၁၉၉၉ ခုနှစ် နိုဝင်ဘာမှာ သီဟသစ်တို့ ဒုတိယနှစ် ပြန်တက်ရပါတယ်။ သူငယ်ချင်းအိမ်က ကိုယ်တွေကို ငှားထားတဲ့ တိုက်ခန်းမှာ တစ်ဖွဲ့လုံး ပျော်ပျော်ရွှင်ရွှင်ပေါ့။ တိုက်ခန်းက ဈေးချိုဘက်မှာပေမယ့် သီဟသစ်နဲ့ နောက်သူငယ်ချင်းတစ်ယောက်ကတော့ ညနေတိုင်း မိန်းဘက်ရောက်ပါတယ်။ ၁၉၉၉ ကနေ ၂၀၀၀ ကိုကူးမယ့် New Year ချိန်မှာတော့ တိုက်ခန်းမှာ New Year Party လုပ်တာမှာ သူငယ်ချင်း ၀ကြီးက ဒံပေါက် Sponsor ပေးပါတယ်။ မန္တလေးမှာ နာမည်ကြီးတဲ့ အော်ဒါမှာရတဲ့ ကေမီမွန် ဒံပေါက်က တစ်လမ်းကျော်မှာ ရှိတာမို့ပါ။ ဒံပေါက်စားပြီး သကာလ ၁၂ ထိုးခါနီးတော့ မိန်းဘက်သွား၊ ကျုံးဘေးသွားပြီး Happy New Year အော်ကြပါတယ်။ ရန်ရှာတတ်တဲ့သူတွေ မရှိရင်တော့ New Year ကပျော်စရာကြီးပါ။ တိုက်ခန်းပြန်ရောက်တော့ သူငယ်ချင်းတွေချည်း ဖဲရိုက်နေတဲ့ဝိုင်းထဲကို ရပ်ကွက်ထဲကလူက လာပြီး မူးပြီးလာရစ်နေတာနဲ့ ပျော်စရာနည်းနည်းလျော့သွားပါတယ်။ သီဟသစ်တို့အဖွဲ့လည်း အလကားနေရင်း ရပ်ကွက်ထဲမှာ နာမည်ဆိုးထွက်တာပေါ့။ (သူငယ်ချင်းတို့အိမ်က ရောင်းမစွံတဲ့ တိုက်ခန်းကြီး ရောင်းစွံသွားတာမှာ အဲဒါတွေလည်းပါပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အိမ်နီးနားချင်းတွေက အခမဲ့ပွဲစားလုပ်ပေးလိုက်လို့ပါ။)

သီဟသစ်တို့ ဒုတိယနှစ် ၂၀၀၀ ခုနှစ် နွေရာသီ ကျောင်းပိတ်တော့ သူငယ်ချင်းတွေက မကွေးကို လိုက်လည်ကြပါတယ်။ မန်းရွှေစက်တော် ဘုရားဖူးလိုက်ကြတာပါ။ မကွေးရောက်တော့ သူငယ်ချင်းယောက်ျားလေးတွေက သီဟသစ်ရဲ့ အဖေ့ရုံးက ပုံမှန် ဘန်ဂလိုမှာတည်းပါတယ်။ မိန်းကလေးတွေက သူငယ်ချင်းကောင်မလေးတို့ အဖေရုံးက အရာရှိ ဘန်ဂလိုမှာတည်းပါတယ်၊ သူတို့အဖေက အရာရှိအကြီး မို့ပါ။ သူငယ်ချင်းတွေက ညော်ကြပါသေးတယ်၊ ကောင်မလေးတွေကျ ဘန်ဂလို အကောင်းမှာ တည်းရတယ် ဘာညာပေါ့လေ။ သီဟသစ်ကလည်း ပြန်ပြောရပါတယ်။ သူတို့အဖေက King လောက်ရှိတာကွ၊ ငါတို့အဖေက 10 တို့၊ Jack တို့လောက်ပဲရှိတာဆိုပြီးတော့ ပေါ့။ သူငယ်ချင်းအားလုံးကို အိမ်မှာ ထမင်းကျွေးကြတော့ အဖွဲ့ထဲမှာ စလို့ကောင်းတဲ့ ခင်စရာကောင်းတဲ့ သူငယ်ချင်း  ကောင်မလေးကို အမေ့ပြပြီး ဟောဒီမှာ အမေ့ချွေးမ ခေါ်လာပြီဗျ လို့ စလိုက်တာ သူက ထငိုနေလို့ အိမ်က လူကြီးတွေကပါ ချော့လိုက်ရသေးတယ်။


နောက်တစ်နေ့မနက်စောစောမှာတော့ မင်းဘူးဘက်ကမ်းကို ကူးဖို့ရာ ဇက်ဆိပ်ကိုဆင်းရပါတယ်။ အဲဒီအခါတုန်းက မကွေးတံတားတို့ ဘာတို့ဆိုတာ စီမံကိန်းတောင် မရှိသေးပါဘူး။ ဇက်နဲ့ သွားရတာလဲ တစ်မျိုး ပျော်စရာကောင်းပါတယ်။ သူငယ်ချင်းတို့အိမ်က ကားနှစ်စင်းနဲ့ လိုက်ပို့တာပါ။ ရွှေစက်တော်လမ်းမှာတော့ ထုံးစံအတိုင်း ဖုံထူထူတွေကို ဖြတ်ကျော်၊ ကားကို လှုပ်လှုပ်ခုန်ခုန်လေး စီးပြီးရင်တော့ အမောပြေစရာ မန်းချောင်းကို စတင်တွေ့ရပြီး အထက်စက်တော်ရာ၊ အောက်စက်တော်ရာ တို့ကို ဖူးမြင်နိုင်ပါပြီ။ ရောက်တာနဲ့ အထုတ်တွေ တည်းကျောင်းထဲမှာချ မန်းချောင်းထဲ ပြေးဆင်းကြတော့တာပါပဲ။ ရေထဲမှာ သူငယ်ချင်းတစ်သိုက် ဘောကွင်းတွေ စီးလိုက်၊ ဆော့လိုက် လုပ်ရတာ အင်မတန် ပျော်စရာကောင်းပါတယ်။ ပြီးတာနဲ့ ကြည်ညိုဖွယ်ရာ အောက်စက်တော်ရာ နှင့် အထက် စက်တော်ရာ တို့ကို သွားရောက် ဖူးမြော်ကြပါတယ်။


ပုံများကို မနိုင်းနိုင်း၏ ရွှေစက်တော် ပို့စ်ထဲမှ ယူထားပါသည်။ ကျေးဇူးပါ မနိုင်းနိုင်း

အဲဒီညမှာတော့ တဲကျောင်းမှာ လူတွေများနေလို့ ယောက်ျားလေးတစ်ခန်း၊ မိန်းခလေး တစ်ခန်းပဲ နေရာရပါတယ်။ သူငယ်ချင်းတွေက ခရီးပန်းပန်းနဲ့ အလျှိုအလျှိုဝင်အိပ်ကြတာ အခန်းထဲမှာ နေရာလွတ်ဆိုလို့  ဘောကွင်းပဲ ကျန်တာနဲ့ အဲဒီအပေါ်မှာပဲ သီဟသစ် တစ်ည အိပ်လိုက်ရပါတယ်။ နောက်နေ့ညရောက်တော့ ယောက်ျားလေးတွေ အတွက် အခန်း ၂ ခန်း၊ မိန်းကလေးတွေ အတွက် အခန်း ၂ ခန်း စီလည်းရရော ဘယ်သူမှမအိပ်ကြတော့ပါဘူး၊ အားလုံးစုပြီး တစ်ခန်းထဲမှာ PC ကစား(ဖဲရိုက်ကြ) တော့တာပဲ။ ဖဲရိုက်တော့လည်း သူငယ်ချင်းကောင်မလေးရဲ့ မောင်လေးနဲ့ ညီမလေး အနားလာနေလို့ ကလေးတွေ သွားဆော့ချေပြောခါမှ ဦး ဟို Spades 4 ကိုပစ်ချလိုက်၊ ဘာမှ မဆိုင်ဘဲ ကိုင်မထားနဲ့ လို့တောင် ကိုယ့်ကို ပြန်သင်သွားသေးတယ်။

ညပိုင်းရုပ်ရှင်ဖွက်တမ်းကစားလိုက်၊ PC ကစားလိုက်နဲ့ အချိန်တောင် ဘယ်လိုကုန်သွားမှန်း မသိဘူး။ ဒီကြားထဲ သူငယ်ချင်းကောင်မလေးက သူ့အဖေနဲ့ စိတ်ဆိုးပြီး ပျောက်သွားပါလေရော။ သူ့ကောင်လေးနဲ့ ကျန်တဲ့သူငယ်ချင်းတစ်ယောက်က လိုက်ရှာကြ၊ သီဟသစ်တို့ကတော့ ဟိုနားယောင်ယောင် ဒီနားယောင်ယောင် လိုက်ရှာပြီး ဆက်ကစားကြပါတယ်။ ပြီးတော့လည်း သူ့ဘာသာ ပြန်လာတာပဲကိုး။

ဒီလိုနဲ့ ရွှေစက်တော်ကပြန် မင်းဘူးကိုဝင် စက္ကိန်းတဲ ဘုရားဖူး၊ နဂါးပွက်တောင်ကိုလည်း သွားလည်ကြပါတယ်။ သူ့ဘာသာသူ ပွက်နေတဲ့ နဂါးပွက်တောင်ကို သူငယ်ချင်းတစ်ယောက်က သီဟသစ် လူပျိုကြီးဖြစ်ရင်ပွက် ဆိုပြီး ပြောတော့ သူ့အချိန်တန်ပွက်တဲ့ အခါ ၀ိုင်းစကြတာပေါ့။ တော်သေးတယ် တကယ်မဖြစ်လို့ :)   (အဲဒီအကြောင်းကို လူပျိုကြီး မဖြစ်ရခြင်း အကြောင်းရင်း ထဲမှာ တစ်ခါရေးဖူးပါတယ်)။ ဒီလိုနဲ့ သူတို့လည်း ပြန်သွား၊ နွေရာသီ ကျောင်းပိတ်ရက်များလည်း ချန်ထားချင်စရာ ကောင်းလောက်အောင် ပျင်းစရာကြီးပါ။ အိမ်မှာ စားကောင်းသောက်ကောင်းအောင် Teach Yourself C++ in 21 days စာအုပ်ထူထူကို ဖတ်သလိုလို လုပ်လိုက်၊ အပြင်ထွက်လည် လိုက် လုပ်ခြင်းများနဲ့ အချိန်ကုန်သွားပါတယ်။

အိမ်မှာပျင်းနေတုန်း ၁၀ တန်းတက္ကသိုလ်ဝင်ခွင့်နဲ့တုန်းက လျှောက်ထားတဲ့ MIT က ခေါ်စာရောက်လာပါလေရော။ ပထမနှစ်၊ ဒုတိယနှစ်ကတော့ မကွေးမှာပဲ စတက်ရမယ် ဆိုပါတယ်။ ကိုယ့်မြို့မှာကိုယ် ပြန်မတက်ချင်တာရယ်၊ အိမ်ကလည်း ကျောင်းတစ်ကျောင်းပဲရွေးလို့ ဆိုတာရယ်၊ နှင်းဆီဖြူလေးရယ် (အဲလေ ယောင်လို့) အဲဒါနဲ့ဘာမှဆက်မလုပ်တော့ဘဲ ကွန်ပျူတာ ကျောင်းပဲ ဆက်တက်ဖြစ်ပါတယ်။ အဲဒီတော့ အီလက်ထရောနစ် (သို့) ဆောက်လုပ်ရေး အန်ချင်စရာကြီး ဖြစ်မလာတော့ပဲ ဆော့ဝဲလ် အန်ချင်စရာကြီး ဖြစ်လာတာပေါ့လေ။

ကျောင်းပြန်တက်တော့ နှင်းဆီဖြူလေးကို ဇာတ်လမ်းနည်းနည်းစနေပြီမို့ ကျောင်းမှာ ရုပ်တည်ချင်ယောင်ဆောင်နေရတဲ့ နေ့ရက်တွေပေါ့။ သီဟသစ်တို့တုန်းက တတိယနှစ်မှာမှ Computer Science Major (or) Computer Technology Major အလွယ်ပြောရရင် Software, Hardware ခွဲတာမို့ ကိုယ်ဘယ်မေဂျာယူမလဲ ဆိုတာစဉ်းစားရမယ့်အချိန်ရောက်လာပါတယ်။ ကိုယ့်ကိုယ်ကို အီလက်ထရောနစ်ကို စိတ်ဝင်စားတယ်လို့ ထင်ခဲ့မိတာ ဒုတိယနှစ်မှာ Digital ဆိုတဲ့ ဘာသာသင်ရတော့ ကိုယ့်ကိုယ်ကို သိသွားပါတယ်။ ကိုယ်တကယ် စိတ်ဝင်စားတာ Programming ပဲဆိုတာကို။ သူငယ်ချင်းတွေကတော့ ဟိုဘက်လိုလို ဒီဘက်လိုလို ယောင်နေကြတုန်းပါ။

နောက်တစ်ပိုင်း ဆက်ရေးဖြစ်ရင် နှင်းဆီဖြူလေးနဲ့ ချစ်သူဖြစ်ပြီးနောက်ပိုင်း ကျောင်းတက်တဲ့ အချိန်တွေနဲ့ ပြန်ဆက်စပ်ပြီး ရေးသွားမှာပါ။ မှတ်သားစရာမပါ ၊ ရသမပါ တဲ့ စာစုလေးကို ပြီးတဲ့ အထိ ဖတ်ပေးလို့ ကျေးဇူးပါ။

ညီအစ်ကို မောင်နှမ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

ခင်မင်စွာဖြင့်
သီဟသစ်

P.S
၁) ခုရက်ပိုင်း အပျင်းထူပြီး ဘလော့တွေလိုက်မလည်ဖြစ်၊ Cbox ကို မပြန်ဖြစ်တာ ခွင့်လွှတ်ကြပါရန်
၂) အချိန်ရတာနဲ့ ပြန်လိုက်လည်ပါတော့မည်

Wednesday, December 9, 2009

Bonuses (1)

၁) တကယ်ကြည့်ကောင်းတာပါ

ကိုရေတမာ၏ အမျိုးသမီးက သားဦးလေး မီးဖွား၏။ ကလေးကို ကြည့်ပြီး ပျော်မြူးနေသော ကိုရေတမာကို ဆရာဝန်က ပြောသည်။
`တကယ်ချစ်စရာ ကောင်းတဲ့ ကလေးလေးဗျာ´

ကိုရေတမာက
`ကျွန်တော်ထင်တာကတော့ ဆရာ ကလေးအဖေတိုင်းကို ဒီစကားပြောတယ် ထင်တာပဲ´

`မဟုတ်ပါဘူးဗျ၊ ကလေးက တကယ်ချစ်စရာကောင်းမှ ကျွန်တော် ပြောတာပါ´
`ဒါဖြင့် တခြားကလေးတွေရဲ့ အဖေတွေကို ဘယ်လိုပြောသလဲ´

`ခင်ဗျားနဲ့ ကလေး ရုပ်တူတယ် လို့ပဲ ပြောလိုက်တယ်´


၂)ဘယ်ပန်းသာလို့ ယှဉ်ပါ့မယ်

မိုးခါး၊ မကောင်းကင်ပြာနှင့် မေလေးတို့ ထိုင်နေရာသို့ တောင်ပေါ်သား ရောက်လာပြီး မေးသည်။

ဟေ့ မိုးခါး၊ နင့်အကြိုက်ဆုံးပန်းက ဘာပန်းလဲ
သစ်ခွလေ

ဟုတ်လား၊ ဟာဟ၊ ငါဖြင့် အဲ့ပန်းတွေနဲ့ အီးကုန်းတယ်။
မိုးခါးတင်းသွား၏။ မျက်စောင်း ၁၀ ခါ ထိုးပလိုက်သည်။ တောင်ပေါ်သားက

ဒါနဲ့ မမပြာကရော
ငါလား၊ ငါ့လို နူးနူးညံ့ညံ့ ယုဇနပန်းလေးတွေ ပေါ့ဟယ်

ဟုတ်လား၊ ဟေဟေ့၊ ကျွန်တော်ဖြင့် အဲဒါ အိမ်သာထဲမှာသုံးတာပဲ
မမပြာ အကြီးမို့ ရယ်ချင်ယောင်ဆောင်လိုက်ပြီး တောင်ပေါ့်ကို အတည် ခေါင်းခေါက်ပစ်လိုက်သည်။

ဒါနဲ့ မေလေး၊ နင်ကရော
အေးငါကြိုက်တာ Cactus လေ၊ နင်အိမ်သာသုံးချင်ရင် သုံးပေါ့

Credits to http://static.howstuffworks.com/gif/prickly-pear-cactus-1.jpg

၃)သေချာပြီ
အမဲလိုက် မုဆိုးကျော် ၂ ယောက်ဖြစ်သော စည်သူနှင့် ဆောင်းချမ်းမိုးတို့ ၂ ယောက် သေနတ်ကိုယ်စီကိုင်ပြီး တောနက်ထဲသွားကြသည်။

တစ်နာရီခန့်လမ်းလျှောက်မိသောအခါ ဆောင်းချမ်းမိုးက
ဟေ့ကောင်စည်သူ၊ ငါကောင်းကောင်း နေမကောင်းချင်ဘူးကွာ

စည်သူက
အေး၊ အဲဒါဆိုလဲ ပြန်နားကြတာပေါ့ကွာ

သူတို့ အပြန်လမ်းတွင် ၁၅ မိနစ်ခန့်လျှောက်မိသောအခါ ဆောင်းချမ်းမိုးတစ်ယောက် မူးလဲသွားတော့သည်။ စည်သူတစ်ယောက် စိတ်ပူပြီး 911 ကိုလှမ်းခေါ်သည်။

အော်ပရေတာက ဖုန်းဖြေသည်။
911 ကပါ၊ ဘာကိစ္စများ ရှိလို့ပါလဲ

ဒီမှာဗျာ ကျွန်တော့်သူငယ်ချင်း တစ်ယောက် Heart Attack ရပြီး မူးလဲသွားတယ်၊ ကျွန်တော်တော့ သူသေပြီ ထင်တာပဲ

အော်ပရေတာက ပြန်ဖြေသည်။
ဟုတ်၊ ပထမဆုံးအနေနဲ့ သူသေသွားပြီဆိုတာ သေချာဖို့လိုပါတယ်

စည်သူက
ဟုတ်ပြီဗျာ၊ ခဏစောင့်

အော်ပရေတာ သေနတ်ပစ်သံ တစ်သံကို ဖုန်းထဲက တဆင့်ကြားလိုက်ရသည်။ ထို့နောက် စည်သူ့အသံပေါ်လာသည်။

ကဲ သူသေတာ သေချာပြီဗျ၊ ဘာဆက်လုပ်ရမလဲ ပြောပါ


၎)ဥ ဇာတ်လမ်း

ဦးရှင်ကြီးနှင့် တောင်ပေါ်သားတို့က အိမ်နီးနားချင်းများ ဖြစ်ကြသည်။ ဦးရှင်ကြီးက ဥစားကြက်မလေး တစ်ကောင်မွေးထားသည်။ တစ်နေ့သောအခါ ဦးရှင်ကြီး ကြက်ဥကောက်ရန် အသွား ကြက်မလေးက တောင်ပေါ်သားတို့ အိမ်ဘက်တွင်ဥထားသည်ကို တွေ့ရသည်။

ဦးရှင်ကြီးက ကြက်ဥကို ပေးရန်ပြောသောအခါ တောင်ပေါ်သားက သူ့အိမ်ထဲမှာ အုသောဥဖြစ်၍ မပေးနိုင်ဟု ဆိုသည်။ သူုတို့အတန်ကြာ ငြင်းခုန်ကြပြီးနောက် ဦးရှင်ကြီးက ပြောသည်။

ငါတို့ မျိုးရိုးမှာက အကျင့်တစ်ခုရှိတယ်ကွ၊ အငြင်းအခုန်ဖြစ်လာပြီ တစ်ယောက်နဲ့ တစ်ယောက် တစ်လှည့်စီ ကန်တယ်၊ အမြန်ဆုံး ပြန်ထနိုင်တဲ့ အကောင်နိုင်တာပဲ

တောင်ပေါ်သား သဘောတူလိုက်သည်။ ဦးရှင်ကြီးက အရင်စကန်ရမည် ဖြစ်သည်။ ဦးရှင်ကြီးက Boot ကြီးကို စီးပြီးနောက် တောင်ပေါ်သားကို ပြေးကန်ပစ်လိုက်သည်။ တောင်ပေါ်သား အရှိုက်ကို ထိသွားသဖြင့် နာရီဝက်လောက် မှောက်နေရသည်။ ပြီးမှထလာပြီး

အေးခုတစ်ခါ၊ ကျုပ်ကန်ရမည့် အလှည့်

ထိုအခါ ဦးရှင်ကြီးက

အေး၊ အဲ့ကြက်ဥကို မင်းပဲ ယူထားလိုက်၊ ကန်မနေနဲ့တော့၊ မင်းနိုင်တယ်


ဒီအောက်က ဟာသကတော့ ဘာသာပြန်ရင် ပျက်သွားမှာစိုးလို့ သူ့အတိုင်းပဲကူး လိုက်ပါတယ်။

Mississippi

A bus stops and two Asian men get on. They seat themselves, and engage in animated conversation. The lady sitting behind them ignores their conversation at first, but she listens in horror as one of the men says the following:

“Emma come first. Den I come. Two asses, dey come together. I come again. Two asses, dey come together again. I come again and pee twice. Then I come once-a more.”

“You foul-mouthed swine,” retorted the lady indignantly.
“In this country we don’t talk about our sex lives in public!”
“Hey, cool down lady,” said the man. “I’m just telling my friend how to spell Mississippi.”

ညီအစ်ကို မောင်နှမအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ..

ခင်မင်စွာဖြင့်
သီဟသစ်

Tuesday, November 24, 2009

ချစ်သူသိလား ရှေးရေစက်တွေ ဘယ်သူဖျက်ဖျက် မပျက်နိုင်ပေ - ဇာတ်သိမ်း

ရဲထွဋ် နှင့် ပြာပြာ တို့ အခြေအနေ အီလည်လည်ကြီး ဖြစ်နေသည်ကို သူငယ်ချင်းများ စိတ်မရှည်တော့။ သူတို့ အချင်းချင်း အရွဲ့တိုက်ကုန်ကြရင် ပိုဆိုးကုန်တော့မည် ကို သိကြသည်။ သီဟသစ် ဦးဆောင်၍ စင်္ကာပူ သူငယ်ချင်းတစ်ခု Red Blue Operation ကြီးကို စတင်မည် ဟုစဉ်းစားကြလေသည်။ သီဟသစ်၏ သူငယ်ချင်း ဟင်းချက်ကောင်းသော မိုးကောင်းသူတို့ အိမ်မှာ စု၍ မုန့်လုပ်စားမည် စီစဉ်ကြသည်။ ရဲထွဋ်နှင့် ပြာပြာတို့ကတော့ တစ်ယောက်စီ သီးသန့်လာကြပြီး ပုံမှန်ပဲ နေနေကြသည်။ စားပြီးသောက်ပြီး အေးအေးဆေးဆေး မြန်မာပြည်က ၀ယ်လာသော Korea ကား ဇာတ်လမ်းတွဲ DVD ကြည့်မိသော အခါ ပြဿနာ စလေသည်။ ကိုရီးယားကား ထုံးစံ သရုပ်ဆောင်ကောင်းသော ဗီလိန် အမျိုးသမီးကို ကြည့်ရင်း ရဲထွဋ်က ဘာမဆိုင် ညာမဆိုင် ထပြော၏။
“ကောင်မလေးတွေက မာယာများတယ်နော်”

ပြာပြာတစ်ယောက် သူ့ကို စောင်းပြောသည် ထင်ပြီး တင်းသွားသည်။
“မာယာများတယ်၊ ရိုးသားတယ်၊ မကောင်းဘူး၊ ကောင်းတယ် ဆိုတာက ကျား၊မ၊ လူမျိုး၊ ဘာသာတရားတွေ အပေါ်မှာ မမူတည်ပါဘူး ရဲထွဋ်ရဲ့၊ လူတစ်ယောက်ချင်းစီနဲ့ ဆိုင်တာပါ”

ရဲထွဋ်တစ်ယောက် ပခုံးတွန့်ပြရင်း
“ဟုတ်လို့လား၊ ငါတော့ တစ်ခါခံခဲ့ရဖူး ကတည်းကတိုင် အဲလိုထင်တာပဲ”

ပြာပြာစိတ်အတော်ဆိုးသွားသည်။ မျက်ရည်ပိုးပိုး ပေါက်ပေါက်ကျလာပြီး
“ရဲထွဋ်၊ နင်တော်တော် အသည်းမာတယ်နော်၊ ငါရှင်းပြတာကို ဘယ်တုန်းကမှ နားမထောင်ခဲ့ဘူး။ ငါ့ကို အမြဲမှားတယ် ထင်နေတာပဲ”

သူငယ်ချင်းများ ၀ိုင်းဖြန်ဖြေကြသဖြင့် စကားစပြတ်သွားသည်။ ပြာပြာလည်း ချက်ချင်း ပြန်သွားသည်။ ညပိုင်း ယောက်ျားလေး သူငယ်ချင်းများ စု၍ ၀က်တုပ်ကွေး ကာကွယ်ဆေး သောက်ကြသောဝိုင်းတွင် ရဲထွဋ်ကို ၀ိုင်းကျပ်ကြတော့သည်။
“ဟေ့ကောင် ရဲထွဋ်၊ ပြာပြာ့ကို ချစ်သလား၊ မချစ်ဘူးလား”
“ချစ်တယ် ဆိုရင်ကော၊ မချစ်ဘူး ဆိုရင်ကော”

“ဟေ့ကောင်၊ဝေ့လည်လည် လုပ်မနေနဲ့ကွာ စိတ်မရှည်ဘူး၊ ဒီနေ့ မင်းပြာပြာ့ကို ပြောလိုက်တာလဲ နည်းနည်းလွန်တယ်နော်”
“အမှန်အတိုင်း ပြောရရင် အတိတ်တုန်းက ငါခံခဲ့ရတာကို အကြောက်မပြေသေးဘူးကွ”

“မင်းဟာ မဟုတ်သေးပါဘူးကွာ၊ အဲဒါပြောရရင် ကျောင်းတက်တုန်းက အရွယ် ငယ်သေးတာပဲကွ၊ မှားတတ်တဲ့ အရွယ်တွေပဲကို၊ ခုက မင်းတို့ ၂ ယောက်လုံး တည်ငြိမ်ရင့်ကျက်တဲ့ အရွယ် ရောက်နေပြီပဲကွ”
“အေးလေ၊ စောင့်ကြည့်သေးတာပေါ့”

“စောင့်ကြည့်တာလဲ မြန်မြန်ကြည့်တော့၊ တော်ကြာ ဟိုက စိတ်မရှည်ဘဲ အရွဲ့တိုက်ပြီး စည်သူ့နောက်ပါသွားအုံးမယ်၊ ဒါနဲ့စကားမစပ် ဟိုကောင်မလေး မြနဲ့ မင်းနဲ့က ဘယ်လိုတွေလဲ”

“ရိုးရိုးသားသားပါကွာ၊ သူက သူ့အိမ်မှာ အငယ်ဆုံးမို့ တွေ့တဲ့သူကို နွဲ့ဆိုးဆိုးတတ်တာပါ”
“အေးပေါ့လေ၊ မင်းစကားမှန်ပါစေ”

ရဲထွဋ်တစ်ယောက်လည်း မျက်ရည်များနှင့် ပြာပြာ့မျက်နှာကို ပြန်မြင်ယောင်ရင်း စိတ်မကောင်း ဖြစ်နေသည်။ ထိုည ပြာပြာ့ကို Gtalk မှာလည်း မတွေ့၊ Phone ဆက်တော့လည်း မကိုင်ပေ။ နောက်တစ်ပတ်ကျော်လောက်မှ Facebook ၏ Chat List ထဲမှာ ပြာပြာ ခဏပေါ်လာတာကို ဇွတ်စကား သွားပြောရ၏။ ပြာပြာတစ်ယောက် ဘာမှ ပြန်မပြောသော်လည်း Chatting ကို offline တော့ လုပ်မသွားပေ။ (သူ့ဘာသာသူ ကောက်စိုက်နေလို့ အလုပ်များနေသလားတော့ မပြောတတ်။)နောက်နှစ်ပတ်ကျော်၊ သုံးပတ်လောက်မှ နည်းနည်းချင်း ပြန်ပြောသည်။ ခုတစ်ခါတော့ ရဲထွဋ်တို့ အသည်းအသန် ချော့ရတဲ့ အလှည့်ဖြစ်သည်။

Red Blue Operation ၏ ပထမ အဆင့်က ဘယ်လိုမှ မထိရောက်သဖြင့် သီဟသစ်တို့ အဖွဲ့ နောက်တစ်ဆင့်ကို ထပ်စီစဉ်ကြသည်။ အားလပ်ရက်တစ်ရက် East Coast ကမ်းခြေတွင် Bungalow တစ်ခုငှား၍ B.B.Q လုပ်စားရန် စီစဉ်ကြသည်။ အစီအစဉ်က ဘာဘီကျူးစားပြီး ဂစ်တာတီး သီချင်းဆိုကြပြီး မိန်းခလေး တစ်ခန်း သတ်သတ်၊ ယောက်ျားလေး တစ်ခန်းသတ်သတ်စီ အိပ်ကြရန် ဖြစ်သည်။

သီချင်းများ ဆိုကြပြီးနောက် ကမ်းခြေတစ်လျှောက် လမ်းလျှောက်ကြချိန် သူငယ်ချင်းများက မသိမသာ ပြာပြာနဲ့ ရဲထွဋ် တို့ ၂ ယောက်တည်း ကျန်ခဲ့အောင် ထားခဲ့ကြသည်။ ရဲထွဋ်က ပြာပြာ့ကို

“ပြာပြာ၊ ဟိုနေ့က အပြောမှားခဲ့ မိတဲ့ အတွက်ရော၊ ဟိုးအရင်က ပြာ့ကို အထင်မှားမိတဲ့ အတွက်ရော ခွင့်လွှတ်ပါနော်၊ ကိုယ် ပြာ့ကို အရမ်းချစ်တယ်”
“ရဲထွဋ် ပြောတာ နောက်ကျသွားပြီကွယ်”

ရဲထွဋ်တစ်ယောက် မျက်နှာငိုင်ကျသွားသည်။ ထိန်းထားသော အသံတုန်တုန်ဖြင့်
“ရှိပါစေတော့ ပြာရယ်၊ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲပေါ့”

ပြာပြာက ပြုံးစစဖြင့်
“အင်း၊ ရဲထွဋ်တစ်ယောက် ဒီ.စကားကို ဘယ်တော့မှ ဆုံးအောင် နားမထောင်တဲ့ အကျင့်က ဘယ်တော့မှ ပျောက်မလဲ မသိ၊ နောက်ကျသွားပြီ ဆိုတာက ရဲထွဋ် မပြောခင် ကတည်းက ပြာက ခွင့်လွှတ်ပြီးသား လို့ ပြောတာ..”

ရဲထွဋ်တစ်ယောက် ထခုန်မတတ် ၀မ်းသာသွားပြီး
“ဟင်ပြာ.. ပြာ၊ ကို့ကို ချစ်သေးတယ် ပေါ့နော်၊ အဲဒါနဲ့များ နောက်လိုက်တာ၊ လူဆိုးမကြီး”

သူငယ်ချင်းများလည်း သူတို့ကို ကြည့်၍ ပျော်နေကြသည်။ ချစ်ရဲ့သားနှင့် ပဲများနေကြသော နှစ်ယောက် အဲလိုမှ ပြန်အဆင်မပြေကြရင်လည်း Red Blue Operation ၏ နောက်ဆုံးအဆင့်အရ ကြိုးတုပ်ပေးစားဖို့ပဲ ကျန်တော့သည်။ ကိုယ်စီအိမ်သို့ ပြန်ကြပြီးနောက် ရဲထွဋ်နှင့် ပြာပြာတို့က သူတို့အချစ်များ ခိုင်မြဲစေရန် တိုးပါးရိုး ဘုန်းကြီးကျောင်းတွင် ဆုတောင်းကြဖို့ ညနေပိုင်းတွင် တွေ့ရန် ချိန်းထားကြသည်။ ညနေပိုင်းရောက်သောအခါ ရဲထွဋ်တစ်ယောက် Toa Payoh MRT တွင် စောင့်နေသော်လည်း ပြာပြာကား ပေါ်မလာတော့။ ရဲထွဋ်ဖုန်းလှမ်းဆက်သော်လည်း ဖုန်းကမ၀င်ပေ။ ရဲထွဋ်တစ်ယောက်တော့ ပြာ့ကို ချစ်တဲ့စိတ်တွေနဲ့ ပြာယာခတ်နေလေသည်။

တကယ်တော့ ဦးစိုင်းစိုင်းက အရေးတကြီး ဖုန်းဆက်လှမ်းခေါ်သဖြင့် ပြာပြာ တစ်ယောက် ကောက်ကာငင်ကာ ပြန်သွားရခြင်းဖြစ်သည်။ နေ့လည် Silk Air Flight မှာ ဂိုးရှိုးဖြင့် ချက်ချင်းလိုက်သွားရသဖြင့် ရဲထွဋ်ကို ဆက်သွယ်ဖို့ အချိန်မရခြင်း ဖြစ်သည်။

ရန်ကုန်ပြန်ရောက်၍ ဦးစိုင်းစိုင်းနှင့် သမီးပြာပြာတို့ တွေ့ကြသောအခါ ဦးစိုင်းစိုင်းက
“ငါ့သမီး ပိန်သွားပါလား၊ အချိန်မှန်မှန်ရော စားရဲ့လား”
“စားပါတယ် ဖေဖေ၊ မိုးရွာရွာ နေပူပူ အချိန်မှန်မှန် စားပါတယ်” (ကွမ်းတွေ)

“အေးအေး၊ အချိန်မှန်ရော အိပ်ရဲ့လားဟ”
“ဟုတ်ကဲ့ ဖေဖေ ပုံမှန်အိပ်ပါတယ်” (မနက် ၄နာရီ၊ ၅ နာရီ)

“ဖေဖေလဲ ဝလာလိုက်တာ၊ ဝက်တုပ်ကွေးပျောက်ဆေးတွေ သောက်တာများတယ် ထင်ပါ့”
“ကောင်မလေးနှယ်၊ ပေါက်ပေါက်ရှာရှာ၊ ငါ ရေနွေးကြမ်းအအေးကို ရေခဲထည့်သောက်တာ များလို့ပါဟ”

ရဲထွဋ်တစ်ယောက်မှာတော့ ပြာပြာတစ်ယောက် ဖုန်းမဆက်ပဲ ပျောက်သွားသဖြင့် ခေါင်းမီးတောက်နေလေသည်။ ပြာပြာ့ဆီ ဖုန်းခေါ်ကြည့်တော့လည်း မရပေ။ တစ်ညလုံး ကောင်းကောင်း အိပ်မပျော်ပဲ မနက်ပိုင်းမှ မှေးခနဲ အိပ်ပျော်သွားသော ရဲထွဋ် ဖုန်းမြည်သံကြောင့် အိပ်ရာမှ နိုးလာလေသည်။

“ကိုလားဟင်”
“ဟင်ပြာ..ပြာ၊ ဘယ်ကိုရောက်သွားတာလဲ၊ ကို့မှာ စိတ်ပူလိုက်ရတာ”

“ပြာဘာမှ မဖြစ်ပါဘူး ကိုရယ်၊ ဖေဖေက ပြာ နဲ့ တွေ့ချင်တယ် ဆိုလို့ အရေးတကြီး ဖုန်းဆက်ခေါ်လို့ ရန်ကုန်ပြန်ခဲ့တာပါ၊ ကို့ဆီ ဖုန်းဆက်ဖို့ကို အဆင်မပြေဘူး၊ လောလော..လောလောနဲ့ သွားရတာဆိုတော့”
“ပြာဘယ်တော့ ပြန်လာမလဲ ဟင်”

“မပြောတတ်သေးဘူးကို၊ ဖေဖေ ပြန်လွှတ်မှ ပြန်လာခဲ့မှာ”
“အား...၊ ကိုတော့လွမ်းနေရတော့မှာပဲ”

နောက်ဆုံးမတော့ ရဲထွဋ်တစ်ယောက် သူ့ဘဝမှာ ပြာမရှိရင် မဖြစ်တော့ဘူး ဆိုတာ သိသွားပြီ။ ရန်ကုန်လိုက်မည် လုပ်တော့သည်။ လေယျာဉ်ပေါ်မှာ “ကိုယ်လာပြီ ပြာ့ဆီကို” ဆိုပြီး သီချင်းလေးများတောင် ဆိုလိုက်သေး၏။ ရန်ကုန်မြို့ စိန်တောင်ကြားရှိ လှပခမ်းနားသော ပြာပြာတို့ အိမ်ကြီးသို့ရောက်သောအခါ .. အိမ်ဖော်အမျိုးသမီးက ခေါ်ပေးသဖြင့် ပြာပြာနှင့် ဦးစိုင်းစိုင်းတို့ ဧည့်ခန်းထဲသို့ ရောက်လာကြလေသည်။

ပြာတစ်ယောက် ရဲထွဋ်ကို မမျှော်လင့်ပဲ တွေ့လိုက်ရသဖြင့် ၀မ်းသာသွားပြီး “ကို” ဟု လှမ်းခေါ်လိုက်သေးသည်။ နောက်မှ ဦးစိုင်းစိုင်းကို သတိရပြီး အရှိန်သတ်လိုက်သည်။ ဦးစိုင်းစိုင်းက ရဲထွဋ်ကို

“မောင်ရင်က ဘယ်သူလဲကွဲ့”
“ကျွန်တော် ရဲထွဋ်ပါ”

“မောင်ရင်က ဘာအလုပ်များ လုပ်သလဲကွဲ့”
“ကျွန်တော် စင်္ကာပူမှာ Software Engineer လုပ်ပါတယ်”

“အော၊ ဦးက နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ လူငယ်တွေကို မယုံဘူး၊ အထင်လည်း မကြီးဘူးကွဲ့”
“ဟုတ်ကဲ့၊ ကျွန်တော်လည်း မြန်မာနိုင်ငံမှာ ကြီးပွားချမ်းသာနေတဲ့ လူကြီးတွေကို ယုံလည်းမယုံဘူး၊ အထင်လည်း မကြီးဘူး ခင်ဗျ”

“ဟုတ်ပြီ၊ စိတ်ထဲရှိတာ ပွင့်ပွင့်လင်းလင်း ပြောရဲတာကို သဘောကျတယ်၊ မောင်ရင် လာတာ ဘာကိစ္စများလဲကွဲ့”
“ဟုတ်၊ အရေးအကြီးဆုံး ကိစ္စကတော့ ဦးရဲ့ သမီး ပြာပြာ့ကို လက်ထပ်ခွင့်ပြုပါ”

“ကဲမောင်ရင် ဦးရဲ့သမီးကို ဘာကြောင့် မင်းနဲ့ လက်ထပ်ခွင့်ပေးသင့်တယ် ဆိုတာ ပြောစမ်းကွာ”
“ဘာကြောင့်လဲ ဆိုတော့ ဦးရဲ့သမီးကို ကျွန်တော် တစ်သက်လုံး တန်ဖိုးထားပြီး ချစ်ခင်သွားမှာမို့ပါ၊ ကျွန်တော့်ရဲ့ ဘတစ်ခုလုံးကို သူ့ရဲ့လက်မှာ နှင်းအပ်ချင်လို့ပါခင်ဗျာ၊ ကျွန်တော်သူ့ကို သိပ်ချစ်လို့ပါ”

ပြာပြာတစ်ယောက် ပျော်ရွှင်မျှော်လင့်စွာဖြင့် သူ့အဖေ ဦးစိုင်းစိုင်းကို ကြည့်လိုက်သည်။ ဦးစိုင်းစိုင်းက
“အေးကွာ၊ အဲဒီအကြောင်းပြချက်ကို ငါသဘောကျတယ်၊ ငါသဘောတူသကွာ၊ မင်းလူကြီးစုံရာနဲ့သာ လာတောင်းရမ်းလှည့်ပေတော့၊ အေးတစ်ခုတော့ ရှိတယ်၊ မင်းကို ငါစကားတည်မတည် တစ်သက်လုံး စောင့်ကြည့်နေမယ်”
“ဟုတ်၊ရပါတယ် ခင်ဗျာ”

နောက်တစ်လတွင်တော့ ညီအစ်ကို မောင်နှမ များထံသို့ အောက်ပါဖိတ်စာလေး ရောက်ရှိလာတော့သည်။ စာလာဖတ်ဖြစ်သော ညီအစ်ကို မောင်နှမ အားလုံးကိုလည်း ဖိတ်ကြားအပ်ပါသည်။ (ဆောင်းချမ်းမိုးက “အချစ်ရှုံးသမား ဒဿဆောင်းဆောင်း”သီချင်းဖြင့် လည်းကောင်း၊ စည်သူက “သားလေးမွေးရင် ကိုယ့်နာမည် ပေးပါ” သီချင်းဖြင့် လည်းကောင်း၊ ကိုအင်ဒရူးက “ကျော်တော့ လှေသူကြီး၊ ညားတော့ လှေထိုးသား” သီချင်းဖြင့် လည်းကောင်း၊ မြက “အသည်းနှလုံးလေး လက်ဖွဲ့လိုက်တယ်” သီချင်းဖြင့် ကိုယ်စီ ဖျော်ဖြေကြမည် လို့ ကြားသိရပါသည်။)








စာများကို လာဖတ်ပေးကြသော ညီအစ်ကို မောင်နှမအားလုံး နှင့် ဇာတ်လမ်းတွင် နာမည် အသုံးပြုခွင့်ပေးသော ညီအစ်ကို မောင်နှမ အားလုံးကို အထူးကျေးဇူးတင်ပါသည်။

ဖိတ်စာဒီဇိုင်းကို စိတ်ရှည်လက်ရှည်လုပ်ပေးသော ညီလေး ဆောင်းချမ်းမိုး အား အထူးကျေးဇူးတင်ပါသည်။

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

ခင်မင်စွာဖြင့်
သီဟသစ်

P.S
ခက်ဆစ်။ ။
၁) ၀က်တုပ်ကွေး ကာကွယ်ဆေး = ၀က်ကို နိုင်သော ကျား (သို့) Tiger
၂) ရေနွေးကြမ်းအအေး = ရေနွေးကြမ်း အရောင် ရှိသော အရည်တစ်မျိုး၊ ယမကာ ဟုလည်း ခေါ်ကြသည်။

Saturday, November 21, 2009

ချစ်သူသိလား ရှေးရေစက်တွေ ဘယ်သူဖျက်ဖျက် မပျက်နိုင်ပေ - အပိုင်း (၅)

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎

ရဲထွဋ်တစ်ယောက်ကတော့ စင်္ကာပူကို ရောက်တာ နည်းနည်းကြာလာပြီ ဖြစ်၍ နေသားကျ နေပြီဖြစ်သည်။ ကောင်းကင်ကြီးကို မော့ကြည့်မိတိုင်း ပြာပြာ့ကို သတိရသော်လည်း စိတ်နာနာနဲ့ ချစ်နေမိတယ် ဆိုတဲ့ သီချင်းလေး အတိုင်း ဖြစ်နေသည်။ “တစ်ခါ အခွန်ဆောင်ဖူး သံရုံးအကြောင်း နားလည်”၊ “ကောမန့်(သို့)စီဘောက်စ် မှန်ဖူးတဲ့ ဘလော့ဂါ” စတဲ့ စကားပုံ များလိုပဲ အချစ်ကို ကြောက်နေလေပြီ။ အလုပ်ကိစ္စဖြင့် ခရီးသွားရင်း Seattle မှာ ရောက်နေပြီ ဖြစ်သော ဘိုဘို့ ဆီ ဝင်လည်ဖြစ်တော့ ဘိုဘိုက ဒဏ်ရာဟောင်းတွေ တူးဖော်လိုက်သေးသည်။

ပြာပြာတစ်ယောက် စင်္ကာပူ သွားသောအခါ တစ်ယောက်တည်း ဖြစ်နေမှာ စိုးသဖြင့် ဦစိုင်းစိုင်း၏ တူဖြစ်သူ စင်္ကာပူကနေ ခဏပြန်လာသော  ဏီကင်း နှင့် တူတူ သွားခိုင်းလိုက်သည်။ လေယျာဉ်ပေါ်တွင် လေယျာဉ်မယ်လေးများ ဖြစ်သော ကောင်းကင်ရဲ့ သမီးပျို ဒဏ္ဍာရီနှင်းနှင့်မာယာ တို့ကို မြင်ရသော အခါ ဏီကင်းရဲ့ စိတ်တို့ လေဟုန်ကိုဆန် အဝေးဆုံးကို ပျံသွားပြီမို့ သူ့အစ်မ ပြာပြာကို ဂရုစိုက်ဖို့ သတိမရပြီ။ပြာပြာ စင်္ကာပူ စရောက်ရောက်ချင်း အိမ်ကို လွမ်းနေသော ဂျူနီယာလွင်ဦး၊ ပျော်ပျော်နေချင်တဲ့ မေခရမ်း ၊ မှားတတ်ပါတယ်လေ ဆိုတဲ့ မမီး တို့နှင့် အတူတူ နေဖြစ်သည်။

ကျောင်းမှာတုန်းက အငယ်တန်းက ကောင်မလေးဖြစ်သော နွေးနွေးသဲမွန်၏ မင်္ဂလာဆောင်တွင်ကား ကျောင်းက သူငယ်ချင်းဟောင်းတွေ တော်တော်များများ ပြန်ဆုံကြခါ Gathering ပုံစံမျိုးဖြစ်သွားလေသည်။ အငယ်တန်းက သူတွေထဲမှာ ရဲထွဋ်နှင့် တစ်ရုံးတည်းမှာ အတူတူလုပ်နေသော မြ (ခေါ်) မြရေလျဉ်၊ နောက်တီးနောက်တောက် စည်သူ၊  မွန်လေး တလနွန်၊ ကျောက်ပန်းတောင်းသားလေး ညီညီ တို့လည်း ပါလေသည်။ သူငယ်ချင်းများက ရဲထွဋ် နှင့် ပြာပြာတို့ကို စနောက်ချင် သော်လည်း သူတို့ ၂ ယောက်က ရုပ်တည်တွေ နေနေကြသဖြင့် အချင်းချင်းပဲ ကြိတ်ပြော နေကြရလေသည်။ အဲဒီမှာ သူငယ်ချင်းတွေ အားလုံး ဖုန်းနံပါတ်တွေ၊ mail address တွေ တစ်နေရာမှာ စုရေးဖြစ်သဖြင့် အားလုံးမှာ contact တွေတော့ ရသွားကြလေပြီ။

ပြာပြာက  အနည်းငယ် သွက်သည် ထင်သော မြကို သိပ်ကြည့်မရပေ။ သူ့ဘာသာသူ သွက်တာ ဆိုရင် ပြာပြာနဲ့ မဆိုင်သော်လည်း ရဲထွဋ်ဘေးမှာ သွက်နေသောကြောင့် မျက်စိထောင့်နေခြင်းဖြစ်၏။ “ပို့စ်ကမလှုပ် ကောမန့်ကလှုပ် ” ဟုထင်သည်။ မြကလည်း ရိပ်မိသည်။ တစ်နေ့ MRT ပေါ်တွင် ပြာပြာနှင့် မြ ဆုံကြသော  အခါ မြက

“ဒီမယ်၊ မမပြာ၊ နောက်ဆုတ်လိုက်ပါ”
“ဟေ့၊ နောက်မဆုတ်နိုင်ဘူး၊ ရဲထွဋ်က ငါ့အချစ်ဦး”

ပြာပြာက အနိုင်မခံချင်သော ညာဉ်ဖြင့် ပြန်ပြောလိုက်ခြင်း ဖြစ်၏။

“သမီးပြောတာ အဲဒါမဟုတ်ဘူး။ ဒီမယ် လူတွေကျပ်နေလို့ ရှေ့တို့းမရရင် တံခါးညပ်တော့မယ်။ နောက်ကို နည်းနည်းဆုတ်ခိုင်းတာ”

ပြာပြာ နည်းနည်းရှက်သွား၏။ နောက်တစ်ဘူတာအရောက် မြကို မျက်စောင်းထိုးပြီး ဆင်းသွားသည်။

မြက ရဲထွဋ်ဆီကို ဖုန်းဆက်၍ အလုပ်ကိစ္စ အကြောင်း၊ သွားစရာ နေရာတွေ အကြောင်းမေးလေ့ရှိသည်။ တစ်နေ့သောအခါ မြက ရဲထွဋ်ဆီ ဖုန်းဆက်ပြီး

“ကိုရဲ၊ သမီး တိုပါးရိုး ဘုန်းကြီးကျောင်းကို မသွားတတ်လို့ အဲဒါလိုက်ပို့ပေးအုံး”
“ဟေ၊ ထူးထူးဆန်းဆန်း၊ ဘုန်းကြီးကျောင်း ဘာသွားလုပ်မှာလဲ”

“အဲဒီမှာ ကပ္ပိယ လုပ်နေတဲ့ သမီးဘကြီး ဦးလစ်ဘရာထွန်း နဲ့ သွားတွေ့မလို့”
“အေးအေး ဒါနဲ့ Sentosa တို့၊ Palau Ubin တို့ ကိုယ့်ဘာသာကိုယ် သွားတတ်တယ်မို့လား”

“ဟုတ်၊ အဲဒါက သွားရတာ လွယ်တယ်လေ၊ လူတွေအများကြီးနောက် လိုက်သွားရုံပဲ”
“အေး အဲအတိုင်းပဲ သွားလိုက်၊ တိုးပါးရိုး ဘူတာကို သွား၊ မြန်မာစကားသံတွေ အများကြီး ကြားရတဲ့နောက်လိုက်၊ တွေ့လိမ့်မယ်၊ ငါမအားလို့ လိုက်မပို့တော့ဘူး”
“ဟွန့်”

စည်သူကလည်း ပြာပြာ့ဆီကို ဖုန်းတွေဆက်လေ့ရှိသည်။ တကယ်က စည်သူဆိုတာကလည်း ကျောင်းတုန်းက ပြာပြာကို အခါခါ ငေးခဲ့ဖူးသော သူများထဲတွင် ပါဝင်သူ တစ်ယောက် ဖြစ်သည်။ ဟေ့ ဆိုကတည်းက ရဲထွဋ်နှင့် ရည်းစားဖြစ်သွားသဖြင့် လက်လျှော့ခဲ့ခြင်း ဖြစ်သည်။

တစ်ရက်တွင်တော့ စည်သူက မွေးနေ့ အကြောင်းပြပြီး ထမင်းကျွေးဖိတ်သဖြင့် ပြာပြာနှင့် စည်သူတို့ ပင်နစူလာပလာဇာရှိ ရနံ့သစ် ထမင်းဆိုင်သို့ သွားကြသည်။ ဆိုင်ထဲ အရောက် တိုက်တိုက်ဆိုင်ဆိုင် တွေ့ရတာက ရဲထွဋ်နှင့် မြတို့ ဖြစ်နေသည်။ မြ နှင့် ပြာပြာတို့ ဟင်းသွားမှာနေခိုက် ရဲထွဋ် တစ်ယောက် စည်သူ့နားသွားပြီး

“ဟေ့ကောင် စည်သူ၊ ပြာပြာ့ကို မင်းတွဲခဲ့ဖူးတဲ့ ကောင်မလေးတွေလို သွားမလှည့်စားပါနဲ့၊ သူက အဲလိုမဟုတ်ဘူး”
“ဗျာ အဲဒါ ခင်ဗျားကိစ္စ လားဗျ”

“ပြာပြာနဲ့ ငါရဲ့ ကျောင်းတုန်းက ဇာတ်လမ်းရှိတာ မင်းမသိဘူးလား”
“တစ်ကျောင်းလုံး သိသားပဲ၊ အတိတ်က အတိတ်မှာ ကျန်ခဲ့ပြီပဲဗျ၊ စိတ်လျှော့လိုက်တော့”

ဟင်းမှာရာက ပြန်လာသော ပြာပြာ နှင့် ရဲထွဋ်တို့ မျက်လုံးချင်း ဆုံကြသော အခါ နာကြည်း ကြေကွဲသော အကြည့်များဖြင့် အပြန်အလှန်ကြည့်ကြပြီး မကြည်ပြုံးများ ပြုံးပြကြသည်။ (ဒီနေရာတွင် သူတို့မည်သို့ သရုပ်ဆောင်မည်ကို သီဟသစ် မသိချေ :P )

အိမ်ပြန်ရောက်တော့ Gtalk ပေါ်မှာ တွေ့ကြသောအခါတွင်ကား အခါတွင်ကား ပြာပြာနဲ့ ရဲထွဋ်တို့ ပေါက်ကွဲကြလေပြီ။
“ဟွန်း အလုပ်သွားတယ် ဆိုပြီး ကောင်မလေးတွေနဲ့ လျှောက်သွားနေတာ နေမှာ”
“ဟ၊ ငါတို့က Client Site ကို ကိစ္စ ရှိလို့ သွားတာ၊ အပြန် ညစာစားချိန်မို့ City Hall မှာ ထမင်းဝင်စားတာ၊ မင်းကရော ဘာကိစ္စ စည်သူနဲ့ အတူရှိနေရတာလဲ”

“သူ့မွေးနေ့ မို့လို့ ကျွေးချင်တယ် ဆိုလို့ လိုက်ကျွေးတာ၊ နေပါအုံး ကျွန်မကို ရှင်းပြနေရအောင် ရှင့်ကို ဘယ်သူမေးနေလို့လဲ”

“မင်းက ငါ့ကို မေးတာကိုး၊ မင်းကရော ဘာလို့ ရှင်းပြနေတာတုန်း”
“ရှင်ကရော ဘာလို့မေးတုန်း၊ ရှင်နဲ့ ကျွန်မ က ဘာတွေလဲ”

“ဘာမှ မဟုတ်ဘူးကွာ”
“ဟွန်း၊ ပြီးတာပဲ”

နှစ်ယောက်သား အပြိုင်အဆိုင် Invisible Mode သို့ ပြောင်းပြီး နေနေကြသည်။ တစ်ယောက်နဲ့ တစ်ယောက် ကြည့်လည်းကြည့်မရ သို့သော် တွေ့လည်းတွေ့ချင် သောကြောင့် Block လုပ်မပစ်ကြချေ။ ဒီကြားထဲ သူငယ်ချင်း သီဟသစ် ရဲ့ Gtalk Status က စာသား “The more you hate, the more you love” ကိုတွေ့ကြရသောကြောင့် မဲ့ပြုံးပြကြရသေးသည်။

နှစ်ယောက်သား ချစ်ခဲ့ဖူးကြသော်လည်း စိတ်နာနာဖြင့် ခွဲခဲ့ကြသော ချစ်သူ ၂ ယောက်အဖို့ ပြန်ပေါင်းထုပ်ရန် ကိစ္စမှာ ထင်သလောက် မလွယ်ချေ။ ရဲထွဋ်တစ်ယောက် မြရဲ့ နှောင်ဖွဲ့မှုက ရုန်းထွက် နိုင်မှာလား၊ ပြာပြာတစ်ယောက်ကရော စည်သူရဲ့ ဗျူဟာတွေထဲနေ လွတ်မြောက်နိုင်မှာလား ဆိုတာတော့ သူတို့ကိုယ်တိုင်ပဲ သိကြပါလိမ့်မည်။


ခင်မင်စွာဖြင့်
သီဟသစ်

P.S နောက်တစ်ပိုင်းဆိုရင် ဇာတ်သိမ်းမည် စိတ်ကူးထားပါသည်။ ညီအစ်ကို မောင်နှမ အားလုံးကို နာမည်တွေ သုံးခွင့်ပေးလို့ ကျေးဇူးတင်ပါသည်။

Saturday, November 14, 2009

ချစ်သူသိလား ရှေးရေစက်တွေ ဘယ်သူဖျက်ဖျက် မပျက်နိုင်ပေ အပိုင်း (၃)



ကျောင်းမှာ ရဲထွဋ်တို့ အဖွဲ့ ထိုင်လေ့ရှိသော လှေခါးအဆင်းလေးနားမှာ ပြာနှင့်ရဲထွဋ်တို့ နှစ်ယောက်သား စကားတွတ်ထိုးနေကြလေသည်။ ခပ်လှမ်းလှမ်းမှာတော့ သီဟသစ်၊ ဖိုးသင်္ကြန်၊ ရေတမာ၊ တောင်ပေါ်သား တို့လေးယောက်သား ဟောင်ကောင်ရှိုး ဆော့နေကြသည်။ ရေတမာနှင့် တောင်ပေါ်သားက ခုနှစ်မှ မန္တလေး ကွန်ပြူတာ တက္ကသိုလ်ကို စတက်တာ ဖြစ်သော်လည်း ဖဲရိုက်တဲ့နေရာမှာတော့ တစ်ဖက်ကမ်းခတ်လေသည်။ ဟိုဘက်က တစ်အုပ်ကတော့ မျက်မှန်လေးနွေးနေခြည် နှင့် မေကဆုန် တို့က ပညာရပ်အကြောင်း ဆွေးနွေးနေကြသည်။ မျက်မှန်လေးက online မှာ ချစ်သူရှာနိုင်တဲ့ အကြောင်းဆောင်းပါး မဂ္ဂဇင်းမှာ ပါလာတာကို ပြောပြနေသည်။ နွေးနေခြည်က ဖဲဝိုင်းဘက် အာရုံရောက်နေသဖြင့် သိပ်မကြားလိုက်ပေ။ မေကဆုန်ကတော့ မျက်မှန်လေး စကားကို စိတ်ဝင်စားချင်ယောင်ဆောင်ပြီး  အချဉ်ပေါင်းကို ဆက်စားနေသည်။

ပြာပြာက ရဲထွဋ်ကို..
“ကိုရယ် ပြာအရမ်းစိတ်ညစ်တာပဲ။”
“ဘာဖြစ်လို့လဲ ပြာရဲ့”

“ပြာ့ဖေဖေပေါ့၊ ပြာ roll no. တွေ တအားကျလို့တဲ့ ပြောနေတာ၊ သူ့ပုံစံအတိုင်း ပညာတတ် ထက်မြက်တဲ့ စီးပွားရေးသမား ဖြစ်စေချင်တာ။ ဟိုနေ့ကတောင် မေးသေးတယ်။ ကျောင်းပြီးရင် ဘာလုပ်မှာလဲတဲ့။ ပြာလဲ မသိဘူးလို့ပဲ ဖြေလိုက်တယ်”
“ကျောင်းစာနဲ့ ပတ်သက်ရင်တော့ စိတ်မပူပါနဲ့၊ ကိုရှင်းပြပေးမှာပေါ့၊ project တွေ assignment တွေရော ကူလုပ်ပေးမယ်”

“ကျေးဇူးပါ ကိုရယ်”

စကားပြောနေရင်း ရဲထွဋ်ကို ငေးစိုက်ကြည့်နေသော ပြာတစ်ယောက် ရဲထွဋ် နှုတ်ခမ်းပေါ်က အမာရွတ်သေးသေးလေးကို မြင်သွားသည်။ ရဲထွဋ်က ရှက်ရှက်ဖြင့်

“အဲဒါ ကိုငယ်ငယ်က စက်ဘီးလဲရင် ခိုက်မိတာ”
“အဲဒါလေးက တစ်မျိုးလေး ဆွဲဆောင်မှုရှိသလိုပဲ၊ အသည်းယားစရာ”

ထိုစဉ်ဘိုဘိုတစ်ယောက် ဖဲဝိုင်းနား အရင်ရောက်ပြီး
“ဟေ့ကောင် သီဟ၊ မင်းကို နှင်းဆီဖြူလိုက်ရှာနေတယ်”
“ဟာ အဲဒါမှ ဂွပဲ။ သူဒီနေ့ ကျောင်းမလာတော့ဘူး ဆိုလို့ ငါဖဲလာရိုက်နေတာ။ စိတ်ကောက်လိမ့်အုံးမယ်”
ဆိုပြီး ဝရုန်းသုန်းကား ပြေးထွက်သွားသည်။

ရဲထွဋ်က ပြာ့ကို
“ဟိုမှာဘိုလာနေပြီ၊ သူ့ကောင်မလေးနဲ့ ဒီနေ့ပြတ်ထားတာ၊ သူ့ကို အားပေးစကား သွားပြောလိုက်အုံးမယ်”

ပြာပြာရဲ့ အတွေးများကရော..

ဒါငါစောင့်နေတဲ့ အခွင့်အရေးပဲ၊ ခုဘိုဘို့မှာ ရည်းစားမရှိတော့ဘူး၊ ဒါပေမယ့် ရဲထွဋ်တစ်ယောက် စိတ်ဆင်းရဲမှာလည်း ငါမလိုချင်ဘူး၊ သူ့ကို ဖြတ်လိုက်ရင် ကောင်းပါ့မလား

ရဲထွဋ်က ဘိုဘို့ကို
“ဟေ့ဘိုဘို၊ မင်းတအား စိတ်ညစ်နေလား”
“ဟမ်၊ ငါက ဘာကို စိတ်ညစ်ရမှာလဲ။ ငါဖြင့် စိတ်လွတ်လပ်မှုရသွားလို့ ပျော်နေတာ၊ ငါ့စိတ်ကူးယဉ် “နတ်သမီးလေးကို ငါတွေ့ပြီကွ”

“ဟေ ဘယ်သူလဲ”
“Dream လေ ”


ကန်တင်းထဲမှာ မေလေး၊ မိုးခါး တို့နဲ့ ထိုင်နေသော ပြာပြာတစ်ယောက်ကို ဟိုနှစ်ယောက်က ဗျူးနေကြသည်။
“ကဲပြာပြာ၊ ဘယ်လိုလဲ၊ နင်လိုချင်တဲ့ အခြေအနေ ဖြစ်လာပြီလေ၊ ဘိုတစ်ယောက် ရည်းစားနဲ့ ပြတ်သွားပြီ၊ နင် ဘိုဘို့ကို နင့်ဘက်ပါလာအောင်လုပ်တော့မှာလား”
“ဟေ့၊ ငါ့မှာ ရဲထွဋ်ရှိနေတာ သတိလဲရကြအုံး”

“အဲဒါဆို နင်က ဘိုဘို့ကို ဘယ်လိုဆက်ကြိုးစားမှာလဲ”
“ကဲကဲ၊ နင်တို့ အတန်းတွေရှိတယ်မို့လား၊ သွားကြတော့”

“အေးပါ၊ အတန်းပြီးရင် နင်ပြောပြရမယ်နော်၊ ငါထင်တာ ပြာပြာတစ်ယောက် ရဲထွဋ်ကို တကယ်ချစ်သွားပြီ ထင်တာပဲ”

ကန်တင်းထဲမှာတော့ ပြာပြာ တစ်ယောက်စဉ်းစားခန်းဝင်ရင်း ကျန်ခဲ့သည်။
ငါ့မှာ ဘိုဘို့ကို လှုပ်ရှားဖို့ရာ ဘာလို့ စိတ်သိပ်မပါသလို ဖြစ်နေတာလဲ၊ မေလေးနဲ့ မိုးခါး ပြောသွားတာ မှန်နေပြီလား၊ ငါရဲထွဋ်ကို ချစ်နေပြီလား

ပြာပြာတို့ အိမ်မှာ..
“shopping ထွက်မလို့ဟာ ဖေဖေက ပိုက်ဆံထားမသွားဘူးလား မအေးရဲ့”
“ကျွန်မလဲ သေချာမသိဘူး မမလေးရဲ့”

ထိုစဉ် ပြာပြာ့ရဲ့ အဖေ ဦးရှင်ကြီး (ခ) ဦးစိုင်းစိုင်းလားရှိုး ထွက်လာပြီး ပြောလိုက်သည်။
“ဟေ့ ပြာပြာ၊ ငါတမင်သက်သက် မထားထားတာ၊ သမီးကို သင်ခန်းစာပေးချင်လို့ပဲ”
“အဲဒါသင်ခန်းစာ မဟုတ်ဘူး အဖေ၊ သမီးကို ထိန်းချုပ်ချင်လွန်းလို့ အဖေ လုပ်နေတာ”

“ငါလုပ်သင့်လို့လုပ်တာ၊ တစ်တန်းနဲ့ တစ်တန်း သမီးရဲ့ Roll No တွေကျလာတယ်၊ အတန်းလဲ မှန်မှန် မတက်ဘူး ကြားတယ်၊ ညည်းမရှက်ဘူးလား ပြာပြာ၊ ငါလို နာမည်ကြီး စီးပွားရေးသမားရဲ့ သမီးက ဒီလောက်ညံ့ရတာ”
“အဲဒါပဲ၊ အဲဒါပဲ၊ ဖေဖေ ပြောနေတာ၊ ဖေဖေ့အတွက်၊ ဖေဖေ့ ဂုဏ်သိက္ခာ မထိခိုက်ဖို့အတွက်ပဲ၊ အဲဒါကြောင့် သမီးက ဖေဖေ့လို မဖြစ်ချင်တာ၊ တခြားလူတွေက သမီးတို့မိသားစုကို ဘယ်လိုတွေးထင်ကြမယ် ဆိုတာပဲ သိတယ်၊ သမီးတို့ ဘယ်လိုစဉ်းစားလဲဆိုတာ မသိဘူး”

“ဖေဖေက သမီးရဲ့ ကောင်းကျိုးအတွက် ပြောနေတာ သမီးသိရဲ့လား”
“မဟုတ်ဘူး ဖေဖေ၊ ဖေဖေက ဇွတ်ပုံသွင်းနေတာ၊ မေမေ ဆုံးခဲ့ရတာလည်း ဖေဖေ ခုလို ဖိနှိပ်ချုပ်ချယ်လို့ နေမှာပဲ”

ဦးစိုင်းစိုင်း တစ်ယောက် ဒေါသမထိန်းနိုင် ဖြစ်မိသွားပြီး
“သွားပြာပြာသွား..”
ဆိုပြီး တွန်းလွှတ်လိုက်မိတော့သည်။

တွေ့နေကျ နေရာလေးတွင် ပြာပြာတစ်ယောက် ငိုရှိုက်နေသဖြင့် ရဲထွဋ်တစ်ယောက်လည်း စိတ်တွေပူပြီး ချော့နေရသည်။
“ဖေဖေ မတရားဘူး ကိုရယ်၊ တအားရက်စက်တယ်”
“အဆင်ပြေသွားမှာပါ ပြာရယ်၊”

“ပြာအိမ်မပြန်ချင်တော့ဘူး ကိုရယ်၊ ဖေဖေ့ မျက်နှာကို တွေ့ရမှာ ကြောက်တယ်၊ အဟင့်၊ အဟင့်”
“တိတ်ပါ ပြာရယ်၊ ပြာခုဘာလုပ်ချင်လဲ၊ ဘယ်သွားချင်လဲပြော..”

“ကို.. ပြာတို့ ခိုးပြေးကြရအောင်လေ”
“စိတ်အေးအေးထားပါ ပြာရယ်၊ ပြာ့အဖေကို ပြန်ရှင်းပြလို့ ရတာပဲ”

“ဟင့်အင်း၊ ပြာ မလုပ်ချင်တော့ဘူး”
“ပြာရယ်၊ တို့တွေ ကျောင်းသားပဲ ရှိသေးတယ်လေ၊ ပြာ့ကို ကို့ရဲ့ အိမ်ထောင်ဖက် ဖြစ်စေချင်ပါတယ်၊ ဒါပေမယ့် ကိုအဆင်သင့် မဖြစ်သေးဘူးလေ။”

“ပြာ့ကို ပစ်မသွားနဲ့နော်ကို”
“စိတ်ချ၊ ပြာရဲ့ဘေးနားမှာ ကိုအမြဲရှိနေမယ်၊ ဒီလိုလုပ်မယ်လေ၊ စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် တို့စစ်ကိုင်းဘက်ကို သွားလည်မယ်လေ”


Credits to http://www.flickr.com/photos/mgmoeswe/277100027/sizes/o/

စစ်ကိုင်းဘက်မှာ ဘုရားတွေ ဖူးရင်း၊ နေရာအနှံ့ ဆိုင်ကယ်နှင့် လျှောက်လည်ကြရင်း ချစ်သူနှစ်ယောက် စိတ်ကြည်နူးနေကြသည်။ ပြာ့ရင်ထဲမှာလည်း သူချစ်နေတာ ရဲထွဋ်ပဲ ဆိုတာ သေချာသလောက်ရှိနေပြီ ဖြစ်သည်။

သို့သော် မြှားနတ်မောင်ကား Facebook ထဲတွင် ကစားတာများလို့ အိပ်ရေးပျက်ကာ အိပ်ချင်မူးတူး ဖြစ်လေသလားမသိ။ ချစ်သူနှစ်ဦး ညနေပိုင်း မန္တလေးဘက် ပြန်အလာ ညနေစာစားနေကျ ရှမ်းထမင်းဆိုင်လေးတွင် ဖြစ်၏။ ပြာပြာတစ်ယောက် Rest Room သို့ သွားနေစဉ်အချိန် ရဲထွဋ်တစ်ယောက် ပြာပြာ့အိတ်ထဲမှ mp3 player လေးကို တွေ့သွားသည်။ ပြာပြာဘာသီချင်းတွေထည့်ထားလဲ နားထောင်မယ်ဆိုပြီး Play ခလုပ်ကို နှိပ်မိသောသကာလ..
“ဘို့ကို ဘယ်လိုရအောင် လုပ်ရမလဲ ဆိုတာငါသိပြီ၊ သူ့အချစ်ဆုံး သူငယ်ချင်းကို အသုံးချရမယ်”


ပြာတစ်ယောက်ပြန်ရောက်လာသောအခါ ရဲထွဋ်ကို မတွေ့ရတော့။ အခြေအနေကို ရုတ်တရက် နားမလည်သော ပြာတစ်ယောက် သူ့ကို ထားခဲ့ပြီး ပြန်သွားသော ရဲထွဋ်ကို စိတ်တိုသွားသည်။ နောက်နေ့ ကျောင်းအရောက် ရဲထွဋ်တို့ ထိုင်နေကျ နေရာ သွားရှာတော့လည်း သီဟသစ်တို့ အဖွဲ့ကိုပဲတွေ့သည်။ သူတို့ကလည်း ပြာပြာ ရဲထွဋ်ကို မေးတာ ဘာမှပြန်မပြောပဲ ရူးချင်ယောင်ဆောင်ပြီး ထွက်သွားကြသည်။

ကန်တင်းမှာ တစ်ယောက်တည်း ပေါက်ကွဲနေသော ပြာတစ်ယောက်အနားသို့ မေလေး၊ မိုးခါးတို့ ရောက်လာကြသည်။
“ဟေ့ပြာ၊ ဘာတွေ စိတ်တိုနေတာလဲ”
“ဟိုကောင် ရဲထွဋ်ပေါ့၊ ကျောင်းလဲမလာဘူး၊ အဆောင်ဖုန်းဆက်တော့လည်း လာမကိုင်ဘူး”

“ငါတို့ ထင်မထားတာ တကယ်ဖြစ်လာပြီလား၊ ငါတို့ နာမည်ကြီး အလှဘုရင်မလေးကို ရဲထွဋ်က ထားသွားပြီလား”
“လုံးဝ မဟုတ်ဘူး၊ ငါသူ့ကို ဖြတ်ထားခဲ့တာဟ ”

ပြာပြာတွေးမိတဲ့ အတွေးများကတော့..
ငါ့ကို ဘယ်သူမှ လွှမ်းမိုးတာ မခံနိုင်ဘူး၊ အခြေအနေကို ငါကပဲ ထိန်းချုပ်နိုင်စေရမယ်..

ဆက်ရန်..

ပြာတစ်ယောက် ရဲထွဋ်ကို ဘယ်လိုလက်စားချေမလဲ
ရဲထွဋ်နဲ့ ဘို တို့ကရော ..

ခင်မင်စွာဖြင့်
သီဟသစ်

P.S ပန်းပွင့်တွေများတဲ့ ဘိုဘို့အတွက် ကောင်မလေးနဲ့ ပြတ်တာ သိပ်မဆန်းသမို့ အကျယ်ချဲ့မရေးတော့ပါ။